Breaking News

အောင်သစ် - ရဲရဲ ကွဲ ၊ ရဲရဲ ညီညွတ်



အောင်သစ် - ရဲရဲ ကွဲ ၊ ရဲရဲ ညီညွတ်

(မိုးမခ) ဇွန် ၅၊ ၂၀၂၁

ငယ်ငယ် အတန်းကျောင်းမှာကတည်းက စည်းလုံးခြင်းသည်အင်အား၊ တယောက်အားနဲ့ ယူသော်မရ၊ တသောင်းအားနဲ့ ယူသော် ရ၏ စသဖြင့် စည်းလုံးညီညွတ်ခြင်းအရေးကြီးကြောင်း သင်ခဲ့ရသည်။ ကြီးလာသည့်အခါ ညီညွတ်ခြင်း အရေးကြီးကြောင်း လက်တွေ့အတွေ့အကြုံများအရ ပို သိလာရသည်။ ညီညွတ်ခြင်း အရေးကြီးကြောင်းတင်မက ညီညွတ်ရေးလုပ်ရသည်မှာ မည်မျှခက်ခဲ ကြောင်းပါ လက်တွေ့သိလာရသည်။ မညီညွတ်ရင်လည်း နေပစေတော့ကွာ ... ဆိုတဲ့အထိလည်း ကြုံဖူးခဲ့သည်။ အတွေ့အကြုံတွေအရ ညီညွတ်ရေးနှင့်ပတ်သက်သည့် အမြင်အယူအဆတွေပါ စဉ်းစား တွေးတောမိလာသည်။

မြန်မာနိုင်ငံ၏လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကို ပြန်ကြည့်သည့်အခါ အကွဲပေါင်းစုံကွဲခဲ့ကြသည်သာဖြစ်သည်။ ၁၈၈၅ မှ ၁၉၄၈ လွတ်လပ်ရေးကြိုးပမ်းမှုကာလတလျှောက် အသင်းအပင်းအဖွဲ့အစည်းများအတွင်း၊ အဖွဲ့အစည်းတဖွဲ့တည်းအတွင်း နိုင်ငံရေးအမြင်အ ယူအဆအပေါ်မှာဖြစ်စေ၊ တခြားတခြားသော အကြောင်းအကြောင်းတွေအပေါ်မှာဖြစ်စေ အကြီးအကျယ် ကွဲပြဲခဲ့ကြသည်။ အကြီးဆုံး အကွဲအပြဲဟုပြောရလျှင် အာဇာနည်ခေါင်းဆောင်များကို လုပ်ကြံပစ်သည်အထိ ထိန်းမနိုင် သိမ်းမရ ကွဲပြဲခဲ့ကြသည်။ ထိုအကွဲအပြဲများ ကြားကပင် ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်နိုင်ခဲ့ကြသည်၊ အင်္ဂလိပ်လက်အောက်မှ လွတ်လပ်ရေးရအောင် ယူနိုင်ခဲ့ကြသည်။

အကွဲအပြဲများကြားတွင် ညီညွတ်ရေးရအောင် လုပ်သည့်အခါ ဘယ်အကြောင်းခံတွေအပေါ်မှာ ညီညွတ်ရေး လုပ်ကြမလဲဆို သည့်ကိစ္စသည် မပါမဖြစ် ပါလာသည်။ နိုင်ငံရေးအမြင်အယူအဆ၊ လှုပ်ရှားဆောင်ရွက်သည့်နည်းနာ၊ တခါတလေ ရာထူး နေရာကိစ္စ၊ ပုဂ္ဂိုလ်ရေးကိစ္စ စသဖြင့်အကြောင်းခံအမျိုးမျိုးအပေါ်တွင် ညီညွတ်ရေးစကားပြောကြရသည်။ အတွေ့အကြုံအရပြောရလျှင် ရှေ့တန်း တင် ထုတ်မပြောကြသော်လည်း နောက်ကွယ်ကအကြောင်းခံမှာ ရာထူးနေရာကိစ္စ၊ ပုဂ္ဂိုလ်ရေးကိစ္စရှိနေလျှင် ညီညွတ်ရေး ပြောကြ ဆိုကြ သည်မှာ အောင်မြင်လေ့မရှိပါ။ ကွဲပြီးရင်း ကွဲတတ်ကြသည်သာ များသည်။ အရေးကြီးသည်မှာ မဖြစ်မနေ ညီညွတ်မှ ဖြစ်မည်ဆိုပြီး ဇွတ်ညီညွတ်ရေး မလုပ်မိဖို့၊ မူမဲ့ညီညွတ်ရေး မလုပ်မိဖို့ လိုသည်။ ထိုသို့ လုပ်မိလျှင် မညီညွတ်ခင်က ကွဲခဲ့သည်ထက် ပိုကွဲသွားတတ်ကြ သည်။

မြန်မာ့သမိုင်းအစဉ်အလာအတိုင်း ယနေ့ နွေဦးတော်လှန်ရေးတွင်လည်း ညီညွတ်ရေးကိစ္စများ ပြောနေဆိုနေကြရပြီဖြစ်သည်။ ရှေ့တွင်လည်း ညီညွတ်ရေးကိစ္စများ ပြောရဆိုရသည်များ ကြုံကြရပေဦးမည်။ ထို့ကြောင့် ညီညွတ်ရေးကိစ္စနှင့်ပတ်သက်လျှင် သေချာ စဉ်းစားထားဖို့၊ သဘောထား မှန်မှန်ကန်ကန် ရှိထားဖို့လိုသည်။ သို့မှသာ သွားလိုသည့်ပန်းတိုင်ကို ရောက်ရှိနိုင်မည် ဖြစ်သည်။ ညီညွတ် ရေးနှင့်ပတ်သက်သည့်သဘောထားကို ပြင်ဆင်တည်ဆောက်ထားမှု မရှိလျှင် ညီညွတ်ရေး လုပ်ရင်းနှင့်ပင် တော်လှန်ရေးကို လက်ဆင့် ကမ်းပြေးပွဲလို မျိုးဆက် တဆက်ပြီးတဆက် လက်ဆင့်ကမ်းရင်း ညီညွတ်ရေးလုပ်ငန်းစဉ် ဝဲဂယက်ကြီးထဲတွင် နစ်နေလိမ့်မည်။

ယနေ့ နွေဦးတော်လှန်ရေးအခြေအနေနှင့်အညီ ညီညွတ်ရေးကိစ္စကို စဉ်းစားကြရလိမ့်မည်။ နွေဦးတော်လှန်ရေး၏ နိုင်ငံ ရေးရည်မှန်းချက်သည် စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးဆိုသည်မှာ အငြင်းပွား ဖွယ်၊ အသစ်ဆွေးနွေးဖွယ်မရှိတော့၊ အားလုံးလက်ခံပြီးဖြစ်ကြောင်း တိုက်ပွဲအသံများက ဖော်ပြနေသည်။ ထိုနိုင်ငံရေးရည်မှန်းချက်အ တွက် အသေအကြေတိုက်နေရသော စနစ်နှစ်ခုသည် စစ်အာဏာရှင်စနစ် နှင့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ဖြစ်ပြီး၊ ဘက်နှစ်ဘက်အနေဖြင့် ပြောလျှင် ဖက်ဆစ်စစ်အုပ်စုနှင့် ပြည်သူလူထုဖြစ်သည်၊ ရန်-ငါ ဖြစ်သည်။

စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးအတွက် လျှောက်လှမ်းကြမည့် နည်းလမ်းများအပေါ်တွင် အမျိုးစုံသဘောထား အမြင်အယူ ကွဲနိုင်ပါသည်။ ထိုသို့ ကွဲလွဲသည်ကို နားလည်ရမည်၊ ငါနဲ့မတူ ငါ့ရန်သူဟု သဘောထား၍ မရ၊ တချိန်ချိန်တွင် တွဲလုပ်ရသည့်အလုပ်ရှိနိုင်သည်။ ထိုသို့ နည်းနာကွဲနိုင်ကြသော်လည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်နှင့် ပြည်သူလူထုက တဘက်၊ စစ်အာဏာရှင်စနစ်နှင့် စစ်အုပ်စုကတဘက် ရှိနေသည့် အခြေအနေတွင် ဘက်တော့ ကွဲ၍မရပါ။

ထို့ကြောင့် ယနေ့ အကြောင်းကြောင်းကြောင့် ချက်ချင်း ပေါင်းစည်းလို့မရသေးသည့်အခြေအနေများကြားတွင် ညီညွတ်ရေး စကားပြောကြရမည်ဆိုလျှင် ဘက်တဘက်တည်း ရပ်တည်သူ၊ ဘက်တဘက်တည်း ရပ်တည်သည့်အဖွဲ့အစည်း ဟုတ် မဟုတ် အောက်ပါ အချက်များဖြင် ဆန်းစစ်ရပေမည်။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်မည့် နိုင်ငံရေးရည် မှန်းချက်ရှိလျှင် ယနေ့ နွေဦးတော်လှန်ရေးကာလ ပကတိဖော်ပြချက်များနှင့်အညီ -

၁) ယနေ့တိုက်ပွဲသည် စစ်အုပ်စု နှင့် ပြည်သူလူထုတိုက်ပွဲဖြစ်သည်ဟု သိမြင် လက်ခံရမည်။

- ၈၈ လူထုလှုပ်ရှားမှုကို စစ်အုပ်စုက စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး၊ ဒီမိုကရေစီရရှိရေး လှုပ်ရှားမှုအဖြစ် လက်မခံဘဲ လက်ဝဲ၊ လက်ယာအဖျက်သမားများ၏ နိုင်ငံတော်အာဏာ အဓမ္မရယူရန်ကြိုးစားခဲ့သည့် မင်းမဲ့စရိုက်လှုပ်ရှားမှုအဖြစ် ပုံဖော်ခဲ့သည်။

- ယနေ့ နွေဦးတော်လှန်ရေးကို စစ်အုပ်စုက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ နိုင်ငံတော်အာဏာကို မတရား ရယူလိုသည့် လှုပ်ရှားမှုအဖြစ် နိုင်ငံရေးအရ စတင်ပုံဖော်ထားသည်။

- အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီနာမည် ဦးတည်ပါနေခြင်းသည် လတ်တလော အခြေအနေအရရှိနေသည့် အပေါ်ယံ အကြောင်းရင်းတခုသာဖြစ်ပြီး၊ အနှစ်သာရအားဖြင့် နွေဦးတော်လှန်ရေးသည် ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့ စစ်အာ ဏာသိမ်းခဲ့စဉ်ကတည်းက ဆဲဗင်းဂျူလိုင် ကျောင်းသားလှုပ်ရှားမှုဖြင့် စတင်ခဲ့သည့် ၁၉၇၄-၇၅-၇၆ ကျောင်းသားလှုပ်ရှားမှုများ၊ ရှစ်လေးလုံးလူထုအရေးတော်ပုံ၊ သံဃာတော်များ ဦးဆောင်သည့် ၂၀ဝ၇ ရွှေဝါရောင်အရေးတော်ပုံ အပါအဝင် စစ်အာဏာ ရှင်စနစ်ဆန့်ကျင်ရေးတိုက်ပွဲအဆက်ဆက်၏ အမြင့်ဆုံးအဆင့် ဖြစ်သည်။ 
ထို့ကြောင့် ယနေ့တိုက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်မဟုတ်ကြသည့် ပြည်သူများ၊ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီးနောက် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏နိုင်ငံရေးအမှားများကို လုံးဝ လက်မခံနိုင်ကြသည့် နိုင်ငံရေးတက်ကြွ လှုပ်ရှားသူများ၊ နိုင်ငံရေးသမားများ အားလုံး နွေဦးတော်လှန်ရေးတွင် ပါဝင်နေကြခြင်းသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရေးမဟုတ်ဘဲ၊ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးလူထုတိုက်ပွဲအဖြစ် ပေါ်လွင်ထင်ရှား နေပြီးဖြစ်သည်။

၂) စစ်အာဏာရှင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြင်ဆင်ရေးဆွဲထားသည့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လုံး၀ လက်မခံ၊ ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင်ရှိသော နိုင်ငံရေးသဘောတူညီချက်၊ နိုင်ငံရေးအခင်းအကျင်း မှန်သမျှ ကို လုံးဝ လက်မခံ ဆန့်ကျင်ရမည်။

- ရှစ်လေးလုံး လူထုအရေးတော်ပုံကြီးသည် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းနိုင်ခဲ့သည်။

- ယနေ့ နွေဦးတော်လှန်ရေးသည်လည်း ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အသက်ပေါင်း၊ ဘဝပေါင်းများစွာရင်းနှီး၍ ဖျက်သိမ်း လိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင်ရှိသည့် နိုင်ငံရေးအခင်းအကျင်းတွင် ပါဝင်ခြင်း မပါဝင်ခြင်းသည် လူတဦးချင်းအတွက်ဖြစ်စေ၊ နိုင်ငံရေးပါတီ အဖွဲ့အစည်းတခုချင်းအတွက်ဖြစ်စေ ဤနွေဦး တော်လှန်ရေးတွင် ပြည်သူလူထုဘက်ကရပ်တည်မလား၊ မရပ်တည်ဘူးလားဆိုသည်ကို တိုင်းတာသည့် စံပေတံတခု ဖြစ်လာသည်။

- ထိုအချက်မှာ နွေဦးတော်လှန်ရေးနိုင်ငံရေးအခင်းအကျင်းသည် ရှစ်လေးလုံးအရေးတော်ပုံပြီးပြီးချင်း နိုင်ငံရေးအခင်းအကျင်း နှင့် မတူကွဲပြားကြောင်းဖော်ပြနေခြင်းဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံပြီးစ နိုင်ငံရေးအခင်းအကျင်းတွင် လက်နက်ကိုင် လှုပ်ရှားမှု၊ မြေအောက်နိ်ုင်ငံရေးလှုပ်ရှားမှု နှင့် တရားဝင်ပါတီထောင်၍ မြေပေါ်နိုင်ငံရေးလှုပ်ရှားမှုဟူ၍ လိုင်း(၃)လိုင်းခွဲ လှုပ်ရှား ခဲ့ကြသည်။ ယနေ့အချိန်တွင် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှလွှတ်တော်နိုင်ငံရေးကို(၁၀)နှစ်တာဖြတ်သန်းခဲ့ပြီး၊ စစ်အာဏာသိမ်းခံရကာ ရက်စက်ကြမ်း ကြုတ်လွန်းသည့် စစ်အာဏာရှင်စနစ်၏အခါးသည်းဆုံးအတွေ့အကြုံကို ဖြတ်သန်း လိုက်ရသောကြောင့် လက်နက်ကိုင်လှုပ်ရှားမှု နှင့် မြေအောက်နိုင်ငံရေးလှုပ်ရှားမှုသာ ကျန်တော့သည့် နိုင်ငံရေးအခင်းအကျင်း ဖြစ်သွားသည်။

၃) နွေဦးတော်လှန်ရေးတွင် နည်းလမ်းပေါင်းစုံဖြင့် ပါဝင်နေကြသော ပြည်သူလူထုနှင့်အတူ စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေး လုပ်ငန်းစဉ်တွင် တထောင့်တနေရာမှ ပါဝင်ရမည်။

- တထောင့်တနေရာမှ ပါဝင်ရမည်ဆိုသည်မှာ လက်နက်ကိုင်လှုပ်ရှားမှုတွင် ပါဝင်ရမည်၊ မြေအောက်နိုင်ငံရေးလှုပ်ရှားမှုတွင် တိုက်ရိုက်ပါဝင်ရမည်ဟု မဟုတ်ပါ။ လူတဦးချင်းဆိုလျှင် အနိမ့်ဆုံး စစ်တပ်ကျောထောက်နောက်ခံ စီးပွားရေးလုပ်ငန်းများတွင် ဝယ်ယူဆက်ဆံမှု မပြုလုပ်ခြင်းဖြင့် အန္တရာယ်ကင်းကင်းနှင့်ပါဝင်နိုင်သည်။ နိုင်ငံရေးပါတီတခု သို့မဟုတ် လူမှုရေးအဖွဲ့အစည်း တခုဖြစ်လျှင်မူ စစ်အုပ်စု၏ဖိနှိပ်မှုကြောင့် ခံစားနေကြရသော လူထု၏ဆင်းရဲဒုက္ခများကို တတ်နိုင်သည့်နေရာမှ အနိမ့်ဆုံး ကူညီ စောင့်ရှောက်မှုလုပ်ပေးရမည်။ သို့သော် နိုင်ငံရေးပါတီအဖွဲ့အစည်းဖြစ်လျှင်မူ ထိုထက်မက နွေဦးတော်လှန်ရေးလှုပ်ရှားမှုတွင် လူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်ရန်လိုအပ်သည်။

နိုင်ငံရေးသဘောသဘာဝအတိုင်းပင် နွေဦးတော်လှန်ရေးတွင် ရန်သူစစ်စစ်နှင့် မိတ်ဆွေစစ်စစ်၊ ရဲဘော်စစ်စစ်တို့ကို ခွဲခြား ရန်လိုအပ်လာသည်။ ထိုသို့ ခွဲခြားသတ်မှတ်ရန်အတွက် မတူသည့်နည်းလမ်းပေါင်းစုံဖြင့် ဆောင်ရွက်နေကြသည့်နောက်သို့ လိုက်ကြည့် လျှင် ရှုတ်ထွေးနေမည်။ ငါလုပ်တဲ့ အလုပ်အတိုင်း လိုက်မလုပ်သည့်သူကို ရန်သူလို ဆက်ဆံမိနိုင်သည်။ ထို့ပြင် မတူသည့်နည်းလမ်း ပေါင်းစုံဖြင့် လုပ်ကိုင်နေကြသည့်အခင်းအကျင်းတွင် စစ်အုပ်စုနှင့်တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကိုပဲ လျှောက်လှမ်းချင်သည့် အဖွဲ့ အစည်းများ၊ စစ်အစိုးရ လုပ်လာမည့် အမည်ခံပါတီစုံလွှတ်တော်ထဲ ဝင်ပြင်လုပ်မည်ဆိုသည့်နိုင်ငံရေးပါတီများ၊ ပူးသတ်အရူးဇာတ်ခင်း မည့်သူများနှင့်ပတ်သက်၍ သူတို့လည်း မတူတဲ့လမ်းကြောင်းတွေကနေ တနည်းတလမ်းနဲ့ လုပ်ကိုင်နေကြတာပဲဟုလည်း မြင်နိုင်သည်။

ထို့ကြောင့် ယနေ့ နွေဦးတော်လှန်ရေး နိုင်ငံရေးအခင်းအကျင်းတွင် ရန်သူလား၊ မိတ်ဆွေ ရဲဘော်လား၊ ညီညွတ်ရေး လုပ်ရမည့် သူလား၊ မလုပ်ရမည့်သူလား လက်တွဲလုပ်ရမည့် အဖွဲ့အစည်းလား၊ ကန့်သတ်ဆန့်ကျင်ရမည့်အဖွဲ့အစည်းလား ဆိုသည်ကို အထက်တွင် ဆွေးနွေးခဲ့သည့်အချက်များဖြင့် တိုင်းတာဆုံးဖြတ်ရန် လိုအပ်ပါသည်။ ထိုအချက်များကို အနှစ်ချုပ်ဖော်ပြရလျှင် -

၁) ယနေ့တိုက်ပွဲသည် စစ်အုပ်စု နှင့် ပြည်သူလူထုတိုက်ပွဲဖြစ်သည်ဟု သိမြင် လက်ခံရမည်။

၂) ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့် ၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်တွင်ရှိသော နိုင်ငံရေးသဘောတူညီချက်၊ နိုင်ငံရေးအခင်းအကျင်းမှန်သမျှကို လက်မခံ၊ ဆန့်ကျင်ရမည်။

၃) ပြည်သူလူထုနှင့်အတူ စစ်အာဏာရှင်စနစ်အမြတ်ပြတ်ချေမှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံထူထောင်ရေးလုပ်ငန်းစဉ်တွင်တထောင့်တနေရာမှ ပါဝင်ရမည်။


မည်သည့်လူပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက်အဖွဲ့အစည်း၊ လက်နက်ကိုင်အဖွဲ့အစည်းမဆို ထိုအချက်(၃)ချက်နှင့်တိုင်းတာ၍ ကိုက်ညီလျှင် မိတ်ဆွေများ၊ ရဲဘော်များဖြစ်ကြသည်။ ထိုအချက်(၃)ချက်နှင့် မကိုက်ညီလျှင် ယနေ့အချိန်တွင် ပြည်သူ့ရန်သူများသာ ဖြစ်သည်ဟု သတ်မှတ်ရမည်။ ချက်ချင်းလက်ငင်းဖြစ်စေ၊ တချိန်ချိန်တွင်ဖြစ်စေ ထိုသူတို့၏လုပ်ရပ်များသည် ပြည်သူလူထု၏ အကျိုးစီး ပွားကို ပျက်စီးစေပြီး စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေမည်သာ ဖြစ်သည်။

ညီညွတ်ရေးနှင့်ပတ်သက်လျှင် အမှား အမှန်ကို ဆုံးဖြတ်ရန် အကြောင်း ၂ ချက် ရှိသည်။ မိတ်ဆွေ၊ ရဲဘော် များကြားတွင်ညီညွတ်ရမည့်အခြေအနေ၌ မညီညွတ်နိုင်လျှင် အမှားကျူးလွန်ရာရောက်သည်။ မိတ်ဆွေ ရဲဘော်အဖြစ် ပြည်သူ လူထုဘက်က ရပ်တည်မှုမရှိသူများနှင့် ကွဲရမည့်အခြေအနေတွင် မကွဲရဲလျှင်လည်း အမှားကျူးလွန်ခြင်းပင် ဖြစ်သည်။ ထို့ကြောင့် နွေဦး တော်လှန်ရေးတွင် ရဲရဲ ကွဲ၊ ရဲရဲ ညီညွတ်ရန်အတွက် ဆုံးဖြတ်ရဲကြဖို့လိုသည်။ ညီညွတ်ရမည့်သူများနှင့် ရဲရဲညီညွတ်ပြီး ရှေ့ဆက်သွားလျှင် အောင်ပွဲက အသင့်စောင့်နေလိမ့်မည်။ ။

အောင်သစ်

(နွေဦးပစ်မှတ် စာစောင် အမှတ် ၇ မှ ကူးယူဖော်ပြပါသည်။)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar