Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မြင့်အောင်သန့်၊ မောင်သော်တာ၊ ကျော်ဟုန်း


မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၄၊ ၂၀၂၁

-
တော်လှန်ရင်ချစ်တယ်

မတရားတာ(အဓမ္မ)ကိုမကြိုက်
တရားတာ(ဓမ္မ)ကိုကြိုက်တယ်
ဒါကို
တော်လှန်ရင်ချစ်တယ်။
ဆရာစံကိုချစ်တယ်
သခင်ဘိုးလှကြီးကိုချစ်တယ်
ဗိုလ်အောင်ဆန်းကိုချစ်တယ်
ဗိုလ်ဗထူး
ဗိုလ်ဘဟိန်း
သခင်ဘသောင်း
ဗိုလ်ဆွန်ပက်(ကျွန့်ဘိခ်)
သခင်သန်းထွန်း
သခင်စိုး
သခင်ဗသိန်းတင်
ရဲဘော်ထွန်း
ဗိုလ်မှုးချစ်ကောင်း
ချစ်တယ်။
ကားမတ်(စ်)
လီနင်
ဂေါဘာချော့
ဟိုချီမင်း
အီဗရာဟင်လင်ကွန်း
ကက်စထရို
ချေဂွေဗားရား
ငုရင်ဗန်ထရွိုင်း
ဟိုစေးရီဇော်
မော်စီတုန်း
ဂျူးလိယက်ဖူးချစ်
ချောအိမန်
ချစ်တယ်။
စိတ်ကူးယဉ်ဝတ္ထုတွေထဲက
တော်လှန်ရေးသမားတွေကိုချစ်တယ်။
စစ်အာဏာရှင်ကို
တော်လှန်နေတဲ့
ငါ့ပြည်သူတွေကိုချစ်တယ်။

မြင့်အောင်သန့်
၂၊၆၊၂၀၂၁

...

ဘယ်သူ့သမိုင်းကိုခင်များဖတ်ချင်လဲ

ကဲ  ပြောပါဦး
ဒီနေ့ ခင်များရဲ့ဆုံးဖြတ်ချက်.....
ငါ့ရဲ့အမှောင်ဘက်တစ်ခြမ်းမှာ
ငါဟာလက်ပစ်ကူးနေတုန်း
ငါ့ရဲ့အလင်းဘက်တစ်ခြမ်းမှာ ငါဟာ
ချောက်ကမ်းပါးအစွန်းကိုခုန်ခုန်ကျော်နေတုန်း
ဘယ်ဘက်အခြမ်းကပဲကြည့်ကြည့်
ငါမလွတ်မြောက်နိုင်သေးဘူး
ဘယ်သူ့သမိုင်းကို ခင်များဖတ်ချင်သလဲ
ခေတ်ကြီးပျက်ရင်ပျက်သွားနိုင်ပါတယ်
စိတ်ချပါ
စိတ်ဓာတ်မပျက်စီးသေးတဲ့သူတွေရှိနေသ၍
ကမ္ဘာမပျက်ပါဘူး
ဘယ်သူ့သမိုင်းကို ခင်များဖတ်ချင်သလဲ
ဘယ်သူ သေရဲလဲဆိုတဲ့မေးခွန်းက
လက်ထဲကသေနတ်ကိုချပြီးမှမေးရမှာ
ဘယ်သူချစ်ရဲလဲဆိုတဲ့မေးခွန်းကတော့သစ္စာဆိုက်ပါတယ်
သေရဲတယ်ချစ်ရဲတယ်ဆိုတာလောကထဲရှားရှားပါးပါးလေ
ဘယ်သူ့သမိုင်းကို ခင်များဖတ်ချင်သလဲ
ခင်များရဲ့ဆုံးဖြတ်ချက်က ခင်များရဲ့သမိုင်းပဲ
ကဲ
ပြော ....

မောင်သော်တာ

...

သမထ


အုန်းရည်ချိုတကျိုက်
သောက်ချင်တာနဲ့ပဲ
ပင်လယ်ရေတွေ
ပိုငန်ပေးနေရတယ်။

ရေချိန်ကိုက်နေတဲ့
ပင်လယ်ထဲက ကျွန်းစုဟာ
မုန်တိုင်းလာမှာကို
မကြောက်တော့ပါဘူး။

အင်အားဟာ
အားအင်တွေက ရဖို့
ဇောတခုပဲ လိုပါလိမ့်မယ်။

ဘာလာပြောပြော
နားထောင်တတ်ဖို့နဲ့
ဘယ်သူပြောပြော
စိစစ် နားဝင်၊ နားပင်းတတ်ဖို့
ကိုယ်တိုင်သာ လေ့ကျင့်ယူပေတော့။

သုညမှတ်ကို
ရအောင်ရှာတတ်တဲ့ တနေ့
ရာသီဥတု ကောင်းမွန်ပါလိမ့်မယ်။

အဲ့ဒိနေ့ကျ
အရေးတော်ပုံ မုချ အောင်ရမည်။

ကျော်ဟုန်း
၂၀၂၀၀၅၂၆

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar