မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၉ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၉ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇွန် ၂၉၊ ၂၀၂၁ဒီနေ့ အဖြစ်အပျက်တွေထဲမှာတော့ ရန်ကုန်မြို့မှာ စီးပွားရေးဘဏ်လုံခြုံရေးစောင့်တဲ့ ရဲတပ်ဖွဲ့ဝင်ကို မြို့ပေါ် ပီဒီအက်ဖ်လို့ ယူဆရတဲ့ လက်နက်ကိုင်က ပစ်ခတ်ပြီးထွက်ပြေး တဲ့အဖြစ်အပျက်၊ နေ့စဥ် လိုဖြစ်ပျက်နေတဲ့ စစ်ကောင်စီသတင်းပေးလို့ ဆိုသူတွေကို လုပ်ကြံမှုတွေနဲ့ အလားတူတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးစာရေးမကို သေနတ်နဲ့ ပစ်သတ်သွားတဲ့ သတင်း၊ နောက်သတင်းတပုဒ်ကတော့ NUG အစိုးရအဖွဲ့ရဲ့ ကျန်းမာရေး နဲ့ ပညာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုးက D-Day အတွက် ပြင်ဆင်ထားဖို့ တဖန်နှိုးဆော်လိုက်တဲ့သတင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တဖွဲ့ဖြစ်တဲ့ SSPP က ရှမ်းကျေးရွာခေါင်းဆောင် တဦးကို တလနီးပါး ဖမ်းဆီးပြီးနောက် သေဆုံးသွားပြီလို့ တနေ့က မိသားစုဝင်တွေကို အကြောင်းကြားပြီးနောက်တရက်မှာ နမ့်ခမ်းမြို့မှာ အဆိုပါ သတ်ဖြတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြကြရာမှာ ဗုံးကွဲမှုဖြစ်ပြီး ၂ ဦးသေကာ တဦးဒဏ်ရာရတဲ့ သတင်း၊ ပုဒ်မ ၅၀၅-က နဲ့ ဝရန်းထုတ်ခံထားရတဲ့ အနုပညာရှင် ၂၄ ဦးကို စစ်ကောင်စီက ရုပ်သိမ်းပေးလိုက်တယ်ဆိုတဲ့ သတင်းနဲ့ ကိုဗစ် နေ့စဥ်တွေ့ရှိမှု ကိန်းဂဏန်းတွေက နေ့စဥ် အတက်ဘက်ကို ပြနေရာမှာ ဒီနေ့လည်း ယခင်နေ့ကို ကျော်လွန်ပြီး ၁၃၀၀ ကျော် တွေ့ရှိတယ်ဆိုတဲ့ သတင်းတွေ ဖြစ်ပါတယ်။
NUG အစိုးရရဲ့ တိုက်ပွဲခေါ်သံလို့ ခေါ်ဆိုရမယ့် နေ့ကို လူထုက မျှော်လင့်နေတာ သီတင်းပတ်နဲ့ကြာမြင့်နေပြီဖြစ်ပါတယ်။ မြို့ပြမှာ ပစ်ခတ်မှုတွေ တိုက်ခုိက်မှုတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေက NUG အစိုးရရဲ့ PDFတွေ နဲ့ တိုက်ရိုက်သက်ဆိုင်သလား မသက်ဆိုင်သလား မသိရှိရသော်လည်း အခြေအနေက မြို့ပြပေါ်ရော ကျေးလက်တောနယ်တေွမှာပါ သူတို့ရဲ့ အခြေအနေနဲ့ သူတို့ရဲ့ခံစားရမှု အနေအထား ပေါ်မူတည်ကာ ဘယ်သူ့ဦးဆောင်မှု၊ တိုက်ပွဲခေါ်သံကိုမှ စောင့်ဆိုင်းခြင်း မပြုနိုင်တော့ပဲ ကျေးရွာအလိုက် မြို့နယ်အလိုက် တိုက်ပွဲခေါ်သံ စတင်ခဲ့ကြပြီး ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းထဲမှာ မင်းကင်း၊ ကနီနယ်၊ ယင်းမာပင်နယ်၊ မန္တလေးတိုင်းမှာ မြင်းခြံမြို့နယ် တဝိုက်က လတ်တလော တိုက်ပွဲတွေ ဖြစ်နေတဲ့ ဒေသတွေဖြစ်ပါတယ်။ ပြီးခဲ့တဲ့ လတွေမှာ တိုက်ပွဲခေါ်သံပေး တိုက်ခိုက်ခဲ့ကြတဲ့ အခြားဒေသတွေက ကယားပြည်နယ် မိုးဗြဲ၊ ဒီးမော့ဆို၊ ဖယ်ခုံ၊ ချင်းပြည်နယ် မင်းတပ်၊ ဟားခါး၊ ထန်တလန်၊ စစ်ကိုင်းတိုင်းမှာ တန့်ဆည်၊ ခင်ဦး၊ ဒီပဲယင်း တို့ဖြစ်ပါတယ်။
ခု NUG ဝန်ကြီးဒေါက်တာဇော်ဝေစိုး ရေးသားထားချက်အရဆို လက်ရှိ အဆင့်ဟာ အဆင့် ၄ ဖြစ်တဲ့ ခုခံစစ်၊ ပျောက်ကြားစစ် ၊ ချွေစစ်ကို ဆင်နွှဲနေချိန်လို့ ဆိုထားပြီး ယူဂျီ၊ တိုင်းရင်းသားလက်နက်ကိုင်နဲ့ ပီဒီအက်ဖ်တွေ အားကောင်းလာပြီး စစ်ကောင်စီတပ်တွေ အင်အားချိနဲ့လာချိန်လို့ ဆိုထားပါတယ်။ မကြာခင် D-Day လို့ခေါ်ဆိုတဲ့ တိုင်မင်နဲ့ စတင်လုပ်ကြမယ့် နေ့ရောက်လာမယ်လို့လည်း ဆိုပါတယ်။ သို့သော် ဘယ်လောက်အတွင်းရောက်လာမှာလဲ သီတင်းပတ် အလိုလား ၊ လနဲ့ချီကြာမှာလားဆိုတာတေွတော့ တိတိပပ ရေးသားထားခြင်းမရှိပါဘူး။
လတ်တလောမှာတော့ D-Day မခေါ်သေးပေမယ့် မြို့ပေါ်မှာ ရော နယ်တွေမှာပါ ပစ်ခတ်မှု လုပ်ကြံမှု ၊ ချေမှုန်းခံရမှုတွေကတော့ နေ့စဥ်လိုလို တနေရာမဟုတ် တနေရာ ရှိနေတာဖြစ်ပါတယ်။
ဒီနေ့ ရန်ကုန်မှာ ဖြစ်ပျက်တဲ့အဖြစ်အပျက်မှာေတာ့ တာမွေစီးပွားရေးဘဏ် လုံခြုံရေးစောင့်တဲ့ ရဲတဦး ကိုပီဒီအက်ဖ်လို့ ယူဆရတဲ့ လက်နက်ကိုင်ဆောင်သူက ပစ်ခတ်မှုကြောင့် ရဲသေဆုံးသွားပြီး စစ်ကောင်စီလက်နက်ကိုင်တွေ က ရပ်ကွက်ထဲက လမ်းတွေကို ရမ်းသမ်းပစ်ခတ်ရာမှာ တက္ကစီတစီးထိမှန်ပြီး တက္ကစီမောင်းသူနဲ့ ခရီးသည်အနက် တဦးသေ တဦးသေနတ်ဒဏ်ရ ရခဲ့ပါတယ်။ အခုလိုပစ်ခတ်မှုမျိုးဟာ ကျေးရွာတွေမှာသာ ဖြစ်ပွားခဲ့တယ်ဆိုရင် တရွာလုံး ဝိုင်းကြီးချုပ် အဖြစ်အနဲ့ ပစ်ဒဏ်ခတ်ခံရမှာဖြစ်ပြီး ကျေးရွာသူ ကျေးရွာသားတွေ အနေနဲ့ တရွာလုံး ရှောင်ပြေးရ၊ စစ်ကောင်စီတပ်တွေက ရွာကို မြေလှန် မီးရှို့၊ ဖျက်ဆီးတာတွေ လုပ်ခဲ့တဲ့ အဖြစ်အပျက်တွေ ဒါဇင်နဲ့ချီရှိနေပါပြီ။ ခုအဖြစ်အပျက်က မြို့ကြီးလိုမျိုးမှာ ဖြစ်ပျက်တာကြောင့် တရပ်ကွက်လုံး တမြို့နယ်လုံးကို မြေလှန်ဖို့ ခက်ခဲတဲ့ အခြေအနေမို့လို့သာ စစ်ကောင်စီတပ်တွေက လမ်းပိတ်ပြီး ရှာတာ ခြိမ်းခြောက်တာ စော်ကားဆဲဆိုတာ လောက်နဲ့ရပ်တန့်လိုက်တာမျုိး ဖြစ်ပါတယ်။
အခုလို မြို့အသီးသီး ကျေးရွာအသီးသီး မှာ စစ်ကောင်စီ ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေ ၊ ပျောက်ကြား တိုက်ခိုက်မှုတွေ ဖြစ်ပွားနေချိန်မှာ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြား ပဋိပက္ခ သို့မဟုတ် အားပြိုင်မှုတွေကြားမှာ ကျေးရွာလူထုအရပ်သားတချို့ အသတ်ခံရ၊ အသတ်ခံရတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြကြရာမှာ ဗုံးပေါက်ကွဲပြီး ထပ်မံ သေဆုံးကြရတဲ့ အဖြစ်အပျက်တွေလည်း ခုရက်ပိုင်းအတွင်း ဖြစ်ပျက်ခဲ့ပါတယ်။
ရှမ်းလက်နက်ကိုင် ၂ ဖွဲ့အကြား ပဋိပက္ခ ၊ လက်နက်ကိုင်တိုက်ပွဲတွေလည်း မကြာမကြာ ဖြစ်ပျက်လေ့ရှိသလို အဲလိုပဋိပက္ခတွေ တိုက်ပွဲတွေဟာ နယ်မြေစိုးမိုးရေးနဲ့ သက်ဆိုင်သလို အိမ်နီးချင်းနိုင်ငံရဲ့ မဟာဗျူဟာအရ အားပေးအားမြေှာက်ပြုမှုတွေကြောင့်လို့လည်း တချို့က ကောက်ချက်ချ ကြပါတယ်။
ခုတလော ဖြစ်ပျက်တဲ့ အဖြစ်အပျက်တွေ မှာ အိမ်နီးချင်း တရုတ်နိုင်ငံက SSPP အပေါ် သြဇာလွှမ်းမိုးမှု ထောက်ခံမှုရှိနေပြီး တရုတ်နိုင်ငံက RCSS အဖွဲ့ကို အမေရိကန်နဲ့နီးစပ်တဲ့အဖွဲ့ အဖြစ်ယူဆမှုတွေကြောင့် ပဋိပက္ခက ပိုပြီးအရှိန်မြင့်လာတာ လို့ ကောက်ချက်ချမှုတွေရှိနေတာလည်း ဖြစ်ပါတယ်။
စစ်မှန်တဲ့ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီစနစ်ဆီသို့ မြန်မာနိုင်ငံက ဗမာလူမျိုးရော တိုင်းရင်းသားတွေပါ မကျန် ပူးပေါင်းချီတက်ကြဖို့ ဦးတည်နေကြချိန်မှာ ခုလို စွက်ဖက်မှု သက်ရောက်မှု သဘောထားကွဲလွဲမှုတွေက စိမ်ခေါ်မှု အဖြစ်ရှိနေကြတာလည်း ဖြစ်ပါတယ်။
နောက်သတင်းတပုဒ်ကတော့ ပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရတဲ့ အဆိုတော် ရုပ်ရှင်သရုပ်ဆောင် ၊ မိုဒယ် ၂၄ ဦးကို အမှုမှရုပ်သိမ်းပေးလိုက်တဲ့အကြောင်းနဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့မှ ဇွန် ၂၀ အတွင်း အမှုစစ်ဆေးဆဲ အခြားသော ၅၀၅-က နဲ့ စွဲဆို စစ်ဆေးခံနေရသူတွေထဲက ဦးစားပေး ရုပ်သိမ်းပေးသင့်သူတွေကိုလည်း စိစစ်နေတယ်လို့ သတင်းထဲပါရှိတာတွေ့ရပါတယ်။
ဆိုရှယ်မီဒီယာ စာမျက်နှာ အများစုနဲ့ အချို့သောသတင်းမီဒီယာတွေမှာ အထက်က လူသိများတဲ့ အနုပညာရှင်တွေက စစ်အာဏာသိမ်းမှုဆန့်ကျင်ကြောင်း နွေဦးတော်လှန်ရေး လှုပ်ရှားမှုကို ထောက်ခံကြောင်း ပေါ်ပေါ်ထင်ထင် ထုတ်ဖေါ်ပြောဆိုခဲ့ကြ၊ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြလို့ မတ်လ ၊ ဧပြီလတလျောက်လုံး နေ့စဥ်ဆိုသလို အနုပညာရှင်၊ ဆရာဝန်၊ ကျန်းမာရေးဝန်ထမ်း၊ ပညာရေးဝန်ထမ်း၊ သတင်းသမားတွေကို စစ်ဆင်ရေးသဖွယ် နေ့စဥ် ဒါဇင်နဲ့ချီ ၅၀၅-က ဝရန်းထုတ်ပြီး လူသိရှင်ကြား ကြေညာခဲ့တာဖြစ်ပါတယ်။ ခုအခါမှာ အချို့ကို ပြန်ရုပ်သိမ်းပေးသော်လည်း ၅၀၅-က နဲ့ စွဲဆိုထားတာ ထောင်နဲ့ချီရှိနေသေးသလို ပြစ်ဒဏ်ချမှတ်သူလည်း ဆယ်/ရာဂဏန်းထိတောင် ရှိနိုင်ပါတယ်။
ဒီလိုလုပ်ဆောင်မှုဟာ စစ်ကောင်စီအနေနဲ့ လူသိများ ထင်ရှားသူတွေ ဆိုရှယ်မီဒီယာ ပလက်ဖောင်း ပေါ်မှာ စစ်ကောင်စီဆန့်ကျင်ရေးရေးသား ဖေါ်ပြမှု ကျဆင်း လျော့ပါးသွားအောင် လုပ်နိုင်ပြီလို့ ယူဆလို့ အခုလို စည်းရုံးရေးနည်းလမ်းနဲ့ ပြန်ရုပ်သိမ်းပေးတာလားလို့ ယူဆစရာ ရှိပါတယ်။
NUG အစိုးရရဲ့ Central Information Team က ထုတ်လုပ်ဖြန့်ချိနေတဲ့ Public Voice TV ကနေ ဒေါက်တာဇော်ဝေစိုးရဲ့ သတင်းစကား D Day အကြို ပြောကြားချက်လွှင့်ထုတ်သွားတာမို့ သည်တခေါက်ကို လူတွေအများအပြား စိတ်ဝင်စားကြတယ်လို့ ဆိုပါတယ်။ NUG ၏ သတင်းပြန်ကြားရေး မျက်နှာစာလို့ ခေါ်ဆိုနိုင်တဲ့ PV TV ကနေ သတင်းကဏ္ဍအပြင် သီချင်း ကဗျာ အက်ဆေးများ အင်တာဗျုူးများ ဆွေးနွေးခန်းများ ထုတ်လွှင့်လေ့ရှိပါတယ်။ အခုနောက်ပိုင်းမှာ ပညာရေးကဏ္ဍ ကျန်းမာရေးကဏ္ဍ ပတ်ဝန်းကျင်ထိန်းသိမ်းရေး စတဲ့ အစိုးရဝန်ကြီးဌာနအလိုက် လှုပ်ရှားမှုဆိုင်ရာပြန်ကြားချက်တွေလည်း ထုတ်လွှင့်လာပါတယ်။ အခု ဆိုရှယ်မီဒီယာအကောင့်ကနေ ထုတ်ပြန်တဲ့ NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးရဲ့ စစ်ဖက်ဆိုင်ရာ စိန်ခေါ်သံ၊ အသိပေးသံကို PV TV က ထပ်ဆင့်ထုတ်လွှင့်တာမို့ ထူးခြားတယ် ဆိုနိုင်ပါတယ်။ PV TV က သက်ဆိုင်ရာ ကာကွယ်ရေးဝန်ကြီး ပြည်ထဲရေးဝန်ကြီးတို့ကို ဆက်သွယ်ပြီး အတည်ပြုချက် ရယူတာကို မတွေ့ရပါ။ မင်းကိုနိုင် ပြောသလို ရထားတွဲတိုင်းမှာ စက်ခေါင်းပါတယ်ဆိုတဲ့အတိုင်း စုပေါင်းခေါင်းဆောင်နေကြတာမို့ ဘယ်စက်ခေါင်းက ထုတ်ပြောထုတ်ပြော တသဘောတည်းဖြစ်တယ်လို့ ပြည်သူတွေ ယူဆကြလိမ့်မလား မသိပါ။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar