Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၈ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၈ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၂၈၊ ၂၀၂၁

ဒီနေ့ သတင်းတွေထဲမှာတော့ အပတ်စဥ် တနင်္လာနေ့တိုင်း တရားရုံးချိန်း စစ်ဆေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ရုံးချိန်းနေ့ ရှေ့နေတွေ ပြန်ပြောပြတဲ့ သတင်း၊ ပဋိပက္ခတွေ နဲ့ပတ်သက်လို့ စောင့်ကြည့်မှတ်တမ်းတင် အစီရင်ခံစာ ထုတ်ပြန်လေ့ရှိတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတခုဖြစ်တဲ့ iCG အဖွဲ့က မြန်မာနိုင်ငံမှာ လက်နက်ကိုင် ဆန့်ကျင်မှု အရှိန်မြင့်လာတာကြောင့် ၊ ဆန့်ကျင်မှုတွေကိုလည်း စစ်တပ်က အကြမ်းဖက်ဖြိုခွင်းနေတာကြောင့် အရပ်သားတွေ ထိခိုက်မှုအန္တရာယ်များလာနေတယ်လို့ သတိပေးတဲ့ သတင်း၊ ရခိုင်ပြည်နယ် ကျောက်တော်မြို့အနီးက မဟာမုနိဘုရားဝင်းထဲ တပ်စွဲထားတဲ့ ရဲတွေဆီက လက်နက်တွေကို မကြာခင်ရက်ပိုင်းမှာ AA ကသိမ်းယူခဲ့တာကြောင့် နှစ်ဝက်ကျော် အပစ်အခတ် ရပ်ဆိုင်းနေရာက ပြန်ဖြစ်လာမလားဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြတဲ့ သတင်း၊ ကိုဗစ်တွေ့ရှိမှု ကိန်းဂဏန်းက တရက်ကို ရာနဲ့ချီရာကဒီနေ့မှာတော့ တထောင်ကျော်သွားတဲ့ သတင်းတွေက ဒီနေ့အတွက် ထူးခြားတဲ့ သတင်းတွေ ဖြစ်ပါတယ်။

အပတ်စဥ် တနင်္လာနေ့ဟာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့ အမှုရုံးချိန်းနေ့ဖြစ်ပြီး အဲဒီနေ့မှာတော့ အမှုအခြေအနေ နဲ့ပတ်သက်လို့ကတော့ ခုလိုစွဲဆိုတဲ့အမှုဟာ တမင်ဆင်တဲ့အမှု၊ ဖမ်းဆီးထားတာကို ဆင်ခြေပေးဖို့ အမှုစစ်တာဖြစ်တဲ့အတွက် စိတ်ဝင်စားဖွယ်ရာ မရှိပေမယ့် မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတာနဲ့ပတ်သက်လို့ မှတ်ချက်သတင်းစကားပေးတာမျိုးကို ကြားသိရမလားဆိုတဲ့ အချက်ကြောင့် စိတ်ဝင်စားကြလည်း ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် မှတ်ချက်ကတော့ ပြည်သူရှိရင် ပါတီရှိနေမယ်ဆိုတဲ့ မှတ်ချက် ဖြစ်ပါတယ်၊ အဲဒီနောက်မှာတော့ သူနဲ့အတူထိန်းသိမ်းခံနေရသူတွေ အတွက် အသုံးစရိတ်လိုအပ်တဲ့အကြောင်း ဖြစ်ပြီး ခုရုံးချိန်းမတိုင်ခင်မှာတော့ သူ့မွေးနေ့ကို ပန်းသပိတ် ကမ်ပိန်းလုပ်ကြတဲ့အကြောင်းကို သိရှိကြောင်း ပြောခဲ့ပါတယ်။ ခုတကြိမ်မှာတော့ ကိုဗစ်ကူးစက်မှုအတွက် ကျန်းမာရေး စည်းကမ်းတွေ လိုက်နာကြဖို့ နှိုးဆော်တဲ့ သတင်းစကားကို ပါးခဲ့တယ်လို့ သိရပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ခေါင်းဆောင် လူအများစုရဲ့ ထောက်ခံမှုရရှိထားတဲ့ လူထုခေါင်းဆောင် ကို ရုံးထုတ်တာ၊ ရှေ့နေနဲ့တွေ့ခွင့်ပေးတာတွေဟာ စစ်အုပ်စုအနေနဲ့ တရားဥပဒေနဲ့အညီ လုပ်ဆောင်နေကြောင်း ပြသချင်တာ၊ သူတို့ဖမ်းဆီးထားတာ ဥပဒေနဲ့ညီကြောင်း ပြချင်တာကြောင့်လို့တော့ မယူဆမိပါဘူး။ စွပ်စွဲထားတဲ့အမှုတွေက အကြောင်းရှာ စွပ်စွဲတာမျိုးတွေ ဖြစ်တာ နဂိုက အာဏာသိမ်းရာမှာ ပြတဲ့အကြောင်းဖြစ်တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲရဲ့ မသမာမှုလိုမျိုးနဲ့ပါတ်သက်လို့ ခိုင်လုံတဲ့အထောက်အထားတခုခု နဲ့ အမှုတင်နိုင်ခြင်းမရှိပဲ ပါတီတွင်း ရန်ပုံငွေပေးတာမျိုး၊ စကားပြောစက်ဝယ်ယူတာမျိုးနဲ့ အမှုဆင်ထားတာကြောင့် တရားစွဲဆိုတဲ့အကြောင်းအရာကိုယ်၌က ကျိုးကြောင်း မဆီလျော်တာ အားလုံးသိပြီး ဖြစ်ပါတယ်။

ဒီနေရာမှာ လူထုခေါင်းဆောင် နိုင်ငံရေးအရလည်း ခေါင်းဆောင်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လတ်တလော ဖြစ်နေတဲ့ မြို့ပြပျောက်ကြား ခုခံတိုက်ခိုက်မှုတွေ၊ ကျေးရွာတွေမှာ ရရာလက်နက်နဲ့ ခုခံတိုက်ခိုက်မှုတွေ၊ အမျိုးသားညီညွတ်ရေး အစိုးရနဲ့ပတ်သက်လို့ လူထုကို ပါးချင်တဲ့ သတင်းစကားတွေ တခုခုကို ပြောမလားဆို ဆိုတဲ့ မျှော်လင့်ချက်က လူတချို့က မျှော်လင့်နေကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ခုချိန်ထိ နိုင်ငံရေး ခေါင်းဆောင် ဖြစ်နေဆဲမို့ ဒီလိုသတင်းစကားကို မျှော်လင့်တာ ဖြစ်ပါတယ်။ စစ်ကောင်စီက ဆင်ထားတဲ့ အမှုသွား အမှုလာ အကြောင်းအရာက အမှတ်တကယ်ဆို စိတ်ဝင်စားစရာ ဘာမျှမရှိဘူးလို့ပဲ ဆိုရမှာပါ။ ဒီလို အပတ်စဥ် အမှုရုံးချိန်းမှာ ရှေ့နေတွေက တဆင့် လူထုကို သတင်းစကားပါးမယ်ဆို ပါးနိင်တဲ့ အခြေအနေကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အသုံးချပြီး လက်ရှိဖြစ်နေတဲ့ အခြေအနေတွေဟာ သူမျှော်လင့်သလို အခြေအနေမျိုးလား သူရဲ့ ဦးဆောင်မှုက ဘယ်လို လမ်းစဥ်မျိုးလဲ ဆိုတာကို ကျစ်လစ်တဲ့ ဝါကျတကြောင်း နှစ်ကြောင်းနဲ့ သတင်းစကားပါးနိုင်တယ်လို့ ထင်ပါတယ်။

မြန်မာနိုင်ငံမှာ ခုဖြစ်နေတဲ့အခြေအနေတွေနဲ့ပတ်သက်လို့ နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေး အဖွဲ့အစည်းက လက်နက်ကိုင် တော်လှန် တိုက်ခိုက်မှုတွေက မြို့ပြတွေဆီထိရောက်လာနေပြီး မြန်မာစစ်တပ်ဘက်ကလည်း အင်အားအပြည့်အဝသုံး ပြီး ချေမှုန်းနေတာကြောင့် ဥပဒေမဲ့လုပ်ရပ်တွေနဲ့ ကစဥ့်ကလျား အခြေအနေတွေ ပိုဆိုးလာနိုင်တယ်လို့ သုံးသပ်ချက် ခုရက်ပိုင်း ထွက်ပေါ်ခဲ့တာပါ။ ဒီလို အခြေအနေတွေကို လူထုခေါင်းဆောင်အနေနဲ့ အသေးစိတ် အဖြစ်အပျက်တွေနေ့စွဲတွေ နဲ့ မသိတောင်မှ အကြမ်းဖျဥ်း သိရှိပြီးဖြစ်မယ်လို့ မျှော်လင့်ပါတယ်။ ဒီအခြေအနေ အလားအလာတွေက မြန်မာနိုင်ငံရဲ့ အနာဂတ် အလားအလာကို အဆုံးအဖြတ်ပေးနိုင်တဲ့ ကာလတွေ လမ်းဆုံလမ်းခွ အခြေအနေ ဖြစ်နေလို့ဖြစ်ပါတယ်။

စစ်ကောင်စီ၏ အကြမ်းဖက် ပစ်ခတ်မှု သတ်ဖြတ်မှု ဖမ်းဆီးမှုတွေဟာ နိုင်ငံအနှံ့အပြားမှာ ဆက်ဖြစ်ပွားနေပါတယ်။ ဇွန် ၂၈ ရက်၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ စစ်တပ်၏ ပစ်ခတ်မှုကြောင့် လမ်းသွားလမ်းလာ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားတစ်ဦး ကျည်ဆန်ထိမှန်ခဲ့တယ်။ အမျိုးသမီး ဒဏ်ရာနဲ့ သေဆုံးသွားတယ်။ ပစ်ခတ်ခံရသူတွေကို စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားတယ် လို့ သတင်းများက ဆိုပါတယ်။

စစ်ကောင်စီရဲ့ သတင်းပေးတွေ ဒလန်တွေလို့ စွပ်စွဲခံရသူတွေလည်း လူလည်ကောင်မှာ လုပ်ကြံသတ်ဖြတ်ခံနေရဆဲ ဖြစ်ပါတယ်။ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဝါယာကျေးရွာအုပ်စု၊ အောင်ပန်းကျေးရွာ သစ်လုပ်ငန်းလုပ်ကိုင်သူ၊ စစ်ကောင်စီသတင်းပေးဟု အများက သတ်မှတ်ခံထားရကာ၊ ပျူစောထီး အဖွဲ့ဝင်ဟု ကိုယ်တိုင် ထုတ်ဖော်ကြေညာထားသူ ဦးညွန့်တင်ကို ယမန်နေ့ ဇွန်လ ၂၇ ရက်​နေ့ ည ၈ နာရီဝန်းကျင်တွင် အမည်မသိလူတစ်စုက သေနတ်ဖြင့် ပစ်သတ်သွားကြောင်း ခေတ်သစ်သတင်းဌာနက တင်ဆက်ထားပါတယ်။

ဒီကောက်နှုတ်ချက်တွေက နေ့စဉ် သတ်ဖြတ်သေဆုံးသူအများအပြားရှိနိုင်ကြောင်း ခန့်မှန်းလို့ရအောင် သတင်းတခု ၂ခုကို တင်ပြလိုက်တာပါ။

တကျော့ပြန် ကိုဗစ်ပိုးကြောင့် မြန်မာပြည်တွင်းမှာ တရက်အတွင်း ပိုးတွေ့လူနာအသစ် ၁,၂၂၅ဦး၊ သေဆုံးလူနာ ၁၂ဦး ရှိပြီလို့ စစ်ကောင်စီ ကျန်းမာရေးဌာနက ထုတ်ပြန်ပါတယ်။ ကိုဗစ်ပိုးအန္တာရယ်ကို စိုးရိမ်လို့ ကျောင်းတွေ (ပုဂ္ဂလိကကျောင်းအများစု) ကို အွန်လိုင်းပြန်သင်ကြားနိုင်ဖို့ တောင်းဆိုတာတွေ ရှိနေပြီး စစ်ကောင်စီကတော့ ခွင့်မပြုဘူးလို့ ဆိုပါတယ်။ နွေဦးတော်လှန်ရေးဆင်နွှဲနေချိန်အတွင်း စဉ်ဆက်မပြတ် ပညာရေးဆက်နိုင်ဖို့အတွက် NUG ၏ ပညာရေးဝန်ကြိးဌာနက အွန်လိုင်းသင်ကြားမှုအစီအစဉ်တွေ ကို ထုတ်ပြန်ထားပါတယ်။ ကြားကာလပညာရေးအစီအစဉ်ကို ပြည်တွင်း ပြည်ပက ဆရာဆရာမတွေ လုပ်အားပေး ပညာရှင်တွေ အများအပြား ဝိုင်းဝန်းကြတယ်လို့ ကြားသိရပါတယ်။ ဆွေးနွေးချက်တခုကတော့ တော်လှန်ရေးဆင်နွှဲနေတဲ့ ရဲဘော်ကျောင်းသားတွေကို စာနာပြီး ကျောင်းပညာရေးကို ဆက်သင်သင့်မသင်သင့် ဆွေးနွေးကြသော်လည်း ရှေ့တန်းတာဝန်မဟုတ်ဘဲ နောက်တန်းနဲ့ အခြားနယ်ပယ်တွေမှာရှိတဲ့ လူငယ်ကျောင်းသားတွေ ပညာသင်ကြားပြီး အထောက်အကူပိုမိုပေးနိုင်အောင် ကြားကာလပညာရေးနဲ့ လုပ်ငန်းခွင်အသုံးဝင်တဲ့ပညာတွေကို သင်ကြားနိုင်အောင် စီစဉ်ကြတယ်လို့ ဆိုပါတယ်။

တိုက်ပွဲသတင်းတွေထဲမှာ ဒေသခံ PDF တွေ၏ ခုခံစစ်တွေက ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ သတင်းတခုမှာ ဂန့်ဂေါဘက်ကနေ ကလေးမြို့ဘက် မောင်းနှင်လာပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ လောက် လိုက်ပါလာတဲ့ စစ်ကား ၃ စီးကို ခွေကြိမ်ရွာနဲ့ သံဖိုရွာအကြားမှာ PDF (Kalay) တပ်ဖွဲ့ဝင်တွေက ချုံခိုတိုက်ခိုက်ခဲ့ရာ အနည်းဆုံး ၉ ဦး ကျဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ DVB သတင်းအရသိရပါတယ်။ အဲသည်လိုပဲ စစ်ကိုင်းတိုင်း မုံရွာတဝိုက်က ကျေးရွာတွေက ပြည်သူတွေ၏ ခုခံစစ်ကလည်း ဆက်လက်ဖြစ်ပွားနေဆဲလို့ ဆိုပါတယ်။

ပြောက်ကျားစစ်ရဲ့ ရိုက်ခတ်မှုကြောင့် တိုက်ပွဲဖြစ်နေတဲ့ ဒေသတွေမှာ မြေလှန်ခံရ ဖြတ်လေးဖြတ် ခံစားရတာတွေ ရှိတယ် ဆိုပေမယ့် ဒေသခံတွေအချို့အဆိုကတော့ စိတ်ဓာတ်ပိုင်းမှာ စစ်ကောင်စီစစ်သားတွေဟာ ပျက်ပြားနေပြီး သူတို့စစ်သားတွေအတွက် နောက်ဆုတ်ဖို့နဲ့ လက်နက်ချ ထွက်ပြေးဖို့လမ်းပဲ စစ်သားတွေမှာ ရှိတော့တယ်လို့ ဆိုပါတယ်။ ယခင်က စစ်သားတွေ လက်နက်ချပူးပေါင်းရင် လက်ခံချင်ပေမယ့် ပြည်သူတွေကတော့ ခုချိန်မှာ အဲသည်စစ်သားတွေအတွက် နောင်တရဖို့အချိန်တောင် လွန်သွားပြီလို့ မှတ်ချက်ပေးပါတယ်။ ခုခံစစ်ဖြစ်နေတဲ့ ဒေသတွေမှာ ပြည်သူတွေ ထိခိုက်မှု ရှိပေမယ့် အဲသည် ပြည်သူတွေက စစ်ကောင်စီကို ခုခံနေတဲ့ သတင်းဂယက်ကြောင့် အခြားဒေသတွေက စစ်သားတွေအတွက်ကိုပါ စိတ်ဓာတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကို ဖြစ်စေတဲ့ ရိုက်ခတ်မှု ရှိတာကြောင့် သည်ပြောက်ကျားစစ်တွေဟာ လိုအပ်ချက်အရ ဆက်ကို ဖြစ်နေရမယ်လို့ သုံးသပ်ကြသူတွေ ရှိပါတယ်။

ပြောက်ကျားစစ်ဟာ တော်လှန်ရေးလိုအပ်ချက်တခုအဖြစ် ပြည်သူတွေကြားက ပေါက်ဖွားလာတယ်၊ သပိတ်တိုက်ပွဲတွေဟာလည်း ပြည်သူတွေကြားမှာ ဆက်လက်တည်ရှိနေတယ်။ စစ်ကောင်စီ၏ အကြမ်းဖက်သတ်ဖြတ် နှိပ်စက်ရမ်းကားမှုတွေဟာ မြန်မာပြည်သူတွေတွေ တိုင်းရင်းသားတွေကို ဘယ်လိုနည်းနဲ့မှ စိတ်ဓာတ်ကျဆင်း ရှုံးနိမ့်သွားအောင် လုပ်ဆောင်နိုင်စွမ်း မရှိဘူးဆိုတာကတော့ ခုချိန်ထိ မှန်ကန်နေပါတယ်။ ပြည်သူလူထုကို ဦးဆောင်မှုပေးနေတဲ့ နိုင်ငံရေးခေါင်းဆောင်တွေ၊ နိုင်ငံရေးအင်အားစုတွေက မြင့်မားနေတဲ့ တော်လှန်ရေးလှိုင်းကို ဆက်ပြီး ထိန်းသိမ်းကာ အောင်ပွဲကို ချီနိုင်ကြမယ်လို့ မျော်လင့်ပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar