Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၄ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၂၄၊ ၂၀၂၁

ဇွန် ၂၂ မန္တလေးမြို့ စစ်ကောင်စီတပ်များက အရပ်သားနေအိမ်များကို ကျုးကျော် ဝင်ရောက် ပစ်ခတ်တဲ့ဖြစ်စဉ်မှာ စစ်ကောင်စီကို ခုခံ တော်လှန်နေတဲ့ လူငယ်တွေကို အသေသို့မဟုတ် ဒဏ်ရာနဲ့ ပစ်ခတ်ဖမ်းဆီးတဲ့ ကျူးလွန်မှုကို စစ်တပ်က ပြုလုပ်ခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတင်ဆက်နေတာတွေကော အစိုးရသတင်းတွေကော ပြည်ပသတင်းဌာနတွေအဆိုအရ နောက်ဆုံးတော့ ဘယ်ဟာက အတည်ယူရမှန်း မသိတော့ပါဘူး။ သည်တော့ အတည်ယူရတဲ့ အချက်ကတော့ စစ်ကောင်စီလက်နက်ကိုင်တပ်များက အရပ်သားတွေရဲ့နေအိမ်ကို အင်အားသုံး ကျုးကျော်တိုက်ခိုက်တယ်။ ပြည်သူတွေက ရရာလက်နက်စွဲကိုင်ပြီး ခုခံကြတယ်။ အပြစ်မဲ့ပြည်သူတွေအချို့သေဆုံးတယ်၊ ဒဏ်ရာရကြတယ်။ စစ်ကောင်စီက သူတို့စစ်ရာဇဝတ်မှုကို ဖုံးကွယ်လိမ်ညာပြီး သတင်းထုတ်ပြန်တယ်။ သည်လိုပဲအတည်ယူရ၊ ကောက်ချက်ဆွဲရမှာ ဖြစ်ပါတယ်။

စိတ်ဝင်စားစရာကတော့ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ မိုးမခမြင်ကွင်းမှာ ရေးခဲ့ကြသလိုပဲ သတင်းများ ဖြစ်ရပ်မှန်များကို ပုံဖျက်ခြင်း၊ လုပ်ကြံဖန်တီးခြင်းနဲ့ ဝါဒဖြန့်ချိ မှိုင်းတိုက်ခြင်းကို စစ်ကောင်စီက သည်တပွဲမှာ လက်သံပြောင်ပြောင် လုပ်သွားတယ်လို့ ဆိုရပါမယ်။ ကြည်လင်နေတဲ့ ရေကို နှောက်လိုက်လို့ အနယ်တွေထပြီး အမှိုက်တွေရောကုန်တော့ ဘယ်ဟာကလ အစစ်အမှန်လည်း ပြည်သူတွေက မခွဲခြားနိုင်ဘဲ ရောထွေးကုန်ပါတယ်။ ပျောက်ကြားတွေ မိသွားပြီ။ လက်နက်တွေ ပါသွားပြီ။ မီးခိုးကြွက်််််လျောက်လိုက်ဖမ်းကုန်ပြီ။ လမ်းကြောင်းတွေ ပိတ်ကုန်ပြီ စသည်ဖြင့် ထင်ရာမြင်ရာတွေနဲ့ ရှုပ်ထွေးကုန်ပါတယ်။ အဲသည်မှာ အမြတ်ကတော့ ကိုယ်နဲ့ ဆက်သွယ်အလုပ်လုပ်နေသူတွေ တော်လှန်ရေးသမားတွေ သပိတ်အဖွဲ့တွေက ဘယ်လိုတုန့်ပြန်သလဲ။ ဘယ်လို လုပ်ကိုင်ပြောဆိုကြသလဲဆိုတာကို အကဲဖြတ်ခွင့် တန်ဖိုးဖြတ်ခွင့် ရလိုက်တယ် ဆိုရပါမယ်။

သည်နေရာမှာ မန္တလေးကို ကြည့်လိုက်တဲ့အခါမှာ ပြောက်ကျားသပိတ်ဆင်နွှဲနေသူတွေ သူတို့လမ်းပေါ်ထွက် စစ်ကြောင်းတွေက ပြိုသွား ပျက်သွားတယ် မရှိပါဘူး။ သူတို့က သူတို့အလုပ်ဖြစ်တဲ့ လူထုကို သွေးအေးမသွားဖို့ သပိတ်အလံလွှင့် ချီတက်လှုံ့ဆော်မှုတွေကို မပျက်မကွက် ဆက်တိုက်လုပ်နေဆဲ ဖြစ်ပါတယ်။ သတိကပ်ပြီး ပိုပြီး ဂရုတစိုက်နဲ့ လှုပ်ရှားလာကြတာကို တွေ့ရပါတယ်။ မြို့ပြပျောက်ကြားအဖွဲ့တွေထဲမှာလည်း အချို့ကတော့ ကိုယ်ယောင်ဖျောက် နောက်ကို အလျင်အမြန်ဆုတ် ထိပ်တိုက်ရင်ဆိုင်မှုကို ရှောင်ရှားကြပါတယ်။ ဘာမှ မလိုအပ်တဲ့ တုန့်ပြန်မှုတွေ ခြေပမှုတွေ ဆင်ခြေတွေ ထုတ်ပြန်ခြင်း မရှိပါဘူး။ နောက်တခု စိတ်ဝင်စားစရာတခုကတော့ PDF တွေဟာ သူတို့ဖာသာ စုဖွဲ့မှု စည်းရုံးမှု ချိတ်ဆက်မှုတွေ ရှိနေတယ် မလိုအပ်ဘဲ အသံမထွက်ဘူး ဆိုတာပဲ ဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာကို လက်ကမချဘဲ တော်လှန်ရေးလုပ်နေသူတွေနဲ့ အဲသည်နောက်ကို တကောက်ကောက်လိုက်ပြီး ကိုရီယားအခန်းဆက် ဒရာမာကြည့်သလို လိုက်ခံစားနေတဲ့ ပရိသတ်တွေအတွက်ကတော့ သည်မန္တလေးပွဲဟာ အရမ်းကြည့်ကောင်းတဲ့ ဇာတ်ပွဲလိုမျိုး သူတို့က တွေးပါလိမ့်မယ်။ စစ်ကောင်စီနဲ့ သူတို့အသိုင်းအဝိုင်း ပြီးတော့ တန်ပြန်တော်လှန်ရေး အင်အားတွေ အစုအဖွဲ့တွေအတွက်ကလည်း သူတို့ဝါဒဖြန့် သတင်းအဖျက်အမှောင့်အစွမ်း ဘယ်လောက်ရှိသလဲ တာသွားသလဲဆိုတာ အားစမ်းကြတဲ့သဘောကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။

အဲသည်အဖြစ်အပျက်တွေနဲ့ တပြိုက်နက်တည်းမှာ ဆိုရှယ်မီဒီယာဂယက်တခုကတော့ NUG ဝန်ကြီးတပါးက ဖေ့စ်ဘွတ်မှာ စာတိုလေး တင်လိုက်တာဖြစ်ပါတယ်။ သူက “လိုချင်မှုတွေနဲ့ လုနေရတဲ့ နိုင်ငံဆိုတာထက် ပေးပြီးတည်ဆောက်ရင် ကိုယ်စီရတဲ့ နိုင်ငံဖြစ်မယ်” လို့ (အောင်ဆန်းစုကြည်စကာား ၂၀၁၆) ရေးတာပါ။ ပြီးတော့ သူက ဖြေရှင်းချက်မှာ တိုင်းရင်းသားတွေကို ပြောတာမဟုတ်ဘူး၊ မင်းအောင်လှိုင်တို့ကို ရည်ရွယ်တယ်လို့ ဖြေထားပါတယ်။ သို့သော် တိုင်းရင်းသားတက်ကြွသူတွေ မျိုးဆက်သစ်တိုက်ပွဲဝင်တွေကြားထဲမှာ ပြင်းထန်တဲ့တုန့်ပြန်ချက်တွေ ထွက်လာတာ စိတ်ဝင်စားစရာပါ။ ဗမာလူမျိုးကြီး အနိုင်ရပါတီကြီး ဆိုတဲ့ အစွဲတွေ သဘောထားမျိုးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး ဆောက်ဖို့ သည်နွေဦးတော်လှန်ရေးကို အဆုံးထိဦးဆောင်ဖို့ ဘယ်လိုလုပ်ကြမှာလဲလို့ သူတို့တွေက တုန့်ပြန်မေးခွန်းထုတ်ထားကြတာ ဖြစ်ပါတယ်။ ဗမာလူမျိုးကြီးတွေက … ဆိုပြီး တုန့်ပြန်ခံရတာရယ်။ အင်န်အယ်ဒီပါတီကြီးကတော့ … ဆိုပြီး မျက်မှောင်ကြုံ့အကြည့်ခံရတာရယ်။ ဒါတွေက အမြဲတမ်း တကွေ့မဟုတ် တကွေ့ သည်တော်လှန်ရေးဖြစ်စဉ်ထဲမှာ ရင်ဆိုင်နေတဲ့ သဘာ၀တခုလို ဖြစ်နေပါပြီ။ ဦးဆောင်သူများ ခေါင်းဆောင်များ သတိချပ်ဖို့ ဖြစ်ပါတယ်။ ဒါကို လစ်လျူမရှုထားသင့်ဘူးလို့ မှတ်ချက်ပြုလိုက်ပါတယ်။

အဲသည်နဲ့ တွဲရက် နောက်အချက်တွေကတော့ နယ်တွေ မြို့ပြကြီးအချို့မှာ လက်ရှိ အားလုံးခေါ်ဝေါ်ကြတဲ့ PDF အင်အားစုတွေထဲမှာ မိမိဘာသာသီးခြားရပ်တည်နေတဲ့ အင်အားတွေ ရှိသလို NUG နဲ့ ချိတ်ဆက်ပြီး တွဲရပ်တည်တဲ့ အင်အားတွေလည်း ရှိနေတာဖြစ်ပါတယ်။ မိမိဘာသာသီးခြားရပ်တည်ကြတဲ့ PDF တွေက ငယ်ရွယ်သောမျိုးဆက်သစ် အင်အားတွေ ဖြစ်သလို၊ သူတို့နဲ့ တော်လှန်သောအစိုးရတို့ ချိတ်ဆက်မှုမရှိသည့်အတွက် မိမိဘာသာ ရပ်တည်ရင်းကပဲ သီးခြားရပ်တည်နေရတဲ့ အခြေအနေကို ရောက်သွားတာ ဖြစ်ပါတယ်။ တချို့ကတော့ သဘောထားပြင်းထန်ကြပြီး NLD တို့ NUG တို့ ဆိုတာထက် သူတို့နဲ့ နီးတဲ့ ဆက်သွယ်ချိတ်ဆက် ဆွေးနွေးရတာ လျင်မြန်ဖြတ်လတ်တဲ့ အချို့သော တိုင်းရင်းသားလက်နက်ကိုင်များနဲ့ ပိုပြီး နီးစပ်တဲ့ ဆက်ဆံရေး တည်ဆောက်နီုင်ထားကြတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း NUG CRPH ကိုယ်တိုင်က EAO အဖွဲ့များ NCA လက်မှတ်ထိုးအဖွဲ့များနဲ့ ဆက်ဆံရေး နားလည်မှု ထူထောင်နေဆဲဖြစ်တာမို့ ပျောက်ကြားအဖွဲ့တွေကိုယ်တိုင်ကလည်း သူတို့နက်ဝပ်သူတို့ ရှာပြီး ရပ်တည်နေကြတာကို အပြစ်ဆိုစရာ မလိုပါ။

အဲသည်အတွက် မြေပြင်မှာ လှုပ်ရှားနေသူအချို့ကတော့ အမြင် ၂မျိုး ပြောပါတယ်။ အချိန်တိုတိုအတွင်း တော်လှန်ရေးအောင်မြင်သွားမယ်ဆိုရင် … အားလုံး အဆုံးကျတော့ ပျော်ရွှင်စွာ ဇာတ်ပေါင်းကြလေသတည်းလို့ ဖြစ်ဖို့ အခွင့်အရေး များပါသတဲ့။ သို့သော် တော်လှန်ရေးကာလကြာလာသည်နဲ့အမျှ ရပ်တည်မှု ဖြတ်သန်းမှု ရှင်သန်မှု အခြေခံများ သဘောထားများ ခွဲဖြာထွက်သွားဖို့ ပိုဖြစ်နိုင်တာမို့ ပြည်တွင်းစစ်ဆိုတာ တောရော မြို့ပါ သည်ထက်ပိုပြီး ပြင်ဆင်ထားနီုင်ကြဖို့ လိုတယ်လို့ မှတ်ချက်ပေးပါတယ်။

မည်သို့ပင်ဖြစ်စေကာမူ စစ်ကောင်စီကတော့ အစွမ်းကုန် ပြင်ဆင်ထားပြီး တိုက်ခိုက် ထိုးနှက်စရာရှိတိုင်းလည်း ဘယ်သူကိုမှ သက်ညှာနေတာမဟုတ်ဘဲ ရက်ရက်စက်စက် နှိမ်နင်းသတ်ဖြတ်နေတာ ဖြစ်ပါတယ်။ အများပြည်သူတွေအမြင်မှာက ပျူစောထီး၊ ဒလန်၊ သတင်းပေး၊ ထွေအုပ်ဝန်ထမ်းတွေ၊ လက်နက်ကိုင်ထားတဲ့ အရပ်သားအကြမ်းဖက်အုပ်စုတွေကို ရန်သူလို့ သတ်မှတ်ထားကြပါတယ်။ သည်ထက်ပိုပြီး ဂရုစိုက် စောင့်ကြည့် ပြင်ဆင်ထားရမှာက စစ်တပ်၏ အသိုင်းအဝိုင်း အချိတ်အဆက် မိသားစုများ ဆွေမျိုးများ နဲ့ စစ်မှုထမ်းဟောင်းများ အကျိုးစီးပွားလက်ဝေခံများ အားလုံးကို ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ စစ်တပ်က အနားယူပြီး ဖြစ်စေ၊ စစ်တပ်က ရွေ့ပြောင်းပေးလိုက်လို့ဖြစ်စေ အရပ်သားအဖြစ် ခံယူလိုက်တဲ့ စစ်တပ်ဝန်ထမ်းဟောင်းတွေ အားလုံး၏ သစ္စာခံမှုက လက်ရှိစစ်ကောင်စီ ဦးဆောင်မှုနောက်ကိုသာ ဖြစ်တယ်ဆိုတာ သတိချပ်ကြစေလိုပါတယ်။ သူတို့တွေကိုလည်း ပြည်သူတွေက သတိထားပြီး စောင့်ကြည့်ကြစေလိုတယ်လို့ မြေပြင်မှာ လှုပ်ရှားနေသူအချို့က သတိပေးစကားပါးလိုက်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မင်းအောင်လှိုင် ဘာဝတ်ရုံကြီး ဝတ်ဝတ်၊ ထမိန်ပဲ ခြုံလာလာ။ စစ်သားတွေ စစ်သားဟောင်းတွေအတွက်ကတော့ သူတို့အဘဟာ သူတို့ အဘပဲ ဖြစ်တယ်။ တပ်မတော်သာ အမိ တပ်မတော်သာ အဖ ဆိုတဲ့ လူတွေအများကြီးပဲ။ ပါတီစွဲ လူမျိုးစွဲတွေလိုပဲ သူတို့လည်း တပ်ကို စွဲနေကြတာ မဆန်းဘူး မဟုတ်ပါလား။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar