Breaking News

အောင်ဝေး - သေခြင်းတရားကို တရားစွဲခြင်း

Photo by RFA
သေခြင်းတရားကို  တရားစွဲခြင်း
အောင်ဝေး
မိုးမခ ဇွန် ၂၅၊ ၂၀၂၁

သေခြင်းတရားအကြောင်းကို ငါစဉ်းစားနေတယ်။

+++

ဒီကနေ့မှာ သေခြင်းတရားဆိုတဲ့အကြောင်းကို ငါစဉ်းစားနေမိတယ်။ သေခြင်းဆိုတာ မကောင်းဘူးလို့ ငါ့စိတ်က တွေးနေမိ။ သေတယ်ဆိုတာ ကောင်းလို့လားဗျာ။ လူဟာ သေတတ်တဲ့အမျိုး၊ သေရမဲ့အမျိုးဆိုတာ ငါသိပါတယ်။
လူဟာ မသေဘူးဆိုတာ မရှိဘူး။ တစ်ချိန်ချိန်မှာ သေရတာပဲ။ ငါသိပါရဲ့။
ကမ္ဘာကြီးပေါ်မှာ လူတွေ မွေးဖွားလာကြတယ်။ လူတွေ သေဆုံးသွားကြတယ်။ တချို့လူတော်လူကောင်း လူမွန်တွေ။ တချို့ကျတော့ လူညံ့ လူဆိုးနဲ့လူယုတ်မာတွေပေါ့။ တချို့က မိတ်ဆွေ၊ တချို့က ရန်သူပေါ့။ ကျနော်တို့ဟာ ကမ္ဘာကြီးပေါ်ကို ခဏတစ်ဖြုတ်အလည်လာတဲ့ ဧည့်သည်တွေလား။
၁၉၃၉။ အင်္ဂလန်မှာ ကဗျာဆရာ ဝီလျှံ ဘတ်တလာ ယိတ်စ် ကွယ်လွန်တော့ အော်ဒင်က အခုလို ကဗျာဖွဲ့တယ်။

"Earth, receive an honorable guest,"
မြေဝသုန်ရေ
ဂုဏ်ပြုအပ်တဲ့ ဧည့်သည်တစ်ယောက်ကို
ဆီးကြိုပါတော့- တဲ့။

သေခြင်းမှာ ပန်းပွင့်သလား။ သေခြင်းတရားဆိုတာ အလှတရားလား။
သေခြင်းမှာ အလှရှိလား။ သေခြင်းတရားဆိုတာ မြတ်နိုးထိုက်တဲ့ လှပသောပန်းကလေးတစ်ပွင့်လား။ ၁၉၇၈။ ဆရာဗန်းမော်တင်အောင် ကွယ်လွန်တော့၊ကြံတောသုသာန်က ဆရာ့စျာပနမှာ၊ လွမ်းသူ့ပန်းခွေတွေက နှင်းဆီပန်းတွေဟာ၊ အသုဘပို့သူတိုင်းရဲ့ နှလုံးအုံ ရင်ဘတ်ပေါ်မှာ နီနီရဲရဲ ပွင့်ကုန်ကြတာပေါ့။ တစ်ခါတုန်းက စာရေး ဆရာမလေးတစ်ယောက်က ငါ့ကို အင်တာဗျူးတယ်။

"သေခြင်းတရားကို 
ဘယ်လို အဓိပ္ပာယ်နဲ့
နားလည္ထားပါသလဲ" တဲ့။

ညည်း မေးခွန်းကလည်း ခက်လိုက်တာဟယ်။ ငါ့တရားက ငါ့အဓိပ္ပာယ်ပါပဲ။
ငါ့ အဓိပ္ပာယ်က ငါ့တရားပါပဲဟဲ့။
"The way you know how to die, 
the way you know how to live."

ဒါ ငါ့တရားပဲ။ ငါ့အဓိပ္ပာယ်လည်း ဒါပဲပေါ့။ ဘဝမှာ ဘယ်လိုသေမလဲဆိုတာ နားလည်ရင်၊ ဘဝမှာ ဘယ်လိုနေထိုင်ရှင်သန်ရနယ်ဆိုတာ သဘောပေါက်လိမ့်မယ်။ ဗန်းမော်တင်အောင်လို သေချင်ရင်၊ ဗန်းမော်တင်အောင်လိုနေရမယ်။ ဒဂုန်တာရာလို သေချင်ရင်၊ ဒဂုန်တာရာလို နေမှရမယ်။
ဘယ်သူမှတော့ ဟစ်တလာတို့၊ မူဆိုလီနီတို့လို သေချင်ကြမှာ မဟုတ်ပါဘူး။
ဟစ်တလာလို မသေချင်ရင်၊ ဟစ်တလာလို မနေနဲ့ပေါ့။ မူဆိုလီနီလို မသေချင်ရင်လည်း၊ မူဆိုလီနီလို မနေကြနဲ့ပေါ့နော။ ငါ သေခြင်းတရားအကြောင်းစဉ်းစားပုံကလည်းဟယ်၊ မလွယ်လိုက်တာ။

+++

ကျနော်ကတော့ ဘဝမှာ အတတ်နိုင်ဆုံး လူပီသအောင်၊ လူသားဆန်အောင်ကြိုးစားနေထိုင်ခဲ့ပါတယ်။ အတတ်နိုင်ဆုံး လူပီသဖို့ဆိုတာ၊ အတော်မလွယ်တဲ့ကိစ္စမှန်း ခင်ဗျားတို့လည်း အတန်အသင့်တော့ သီကြမှာပါ။ လူပီသအောင်ကျနော် နေနေတာပါ။ လူမဆန်အောင် နေနေတာ မဟုတ်ပါဘူး။
ဥပမာ- အများအကျိုးအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံခြင်းဟာ၊ မြတ်သောအကျင့်၊ မြင့်သောတရားပဲလို့ ခံယူတာဟာ လူပီသတာပါပဲ။ ဆိုပါဦးတော့၊
သွေးစွန်းနေတဲ့ လူသတ် ဓားပြ မုဒိန်းကောင်တွေရဲ့ လက်တွေကို၊ ပြေးပြေးလျက်ရတာကို အရသာလို့ထင်နေရင်၊ အဲဒါကို ဂုဏ်ယူနေရင်၊ ဒါဟာ လူမဆန်တာပဲပေါ့။ လူဟာ သေဆုံးဖို့ တစ်ခုတည်းအတွက် မွေးဖွားလာတာမှမဟုတ်ပဲ။ လူဟာ မသေဆုံးခင် ရာဇဝင်ကို ရေးရတယ်။ ကိုယ့်ရာဇဝင် ကိုယ်ရေးတဲ့အခါ၊ ကောင်းတာရေးမလား၊ ဆိုးတာရေးမလား။ ခင်ဗျားစဉ်းစား။

အကောင်းများများ၊ အဆိုးနည်းနည်းလား။ ဒါမှမဟုတ်၊ အဆိုးများများ၊ အကောင်းနည်းနည်းလား။ မော်စီတုန်းက ပြောဖူးတယ်။ လူတစ်ယောက်ဟာပုထုဇဉ်သဘောအရ၊ ၁၀၀ ရာခိုင်နှုန်းပြည့် ကောင်းချင်မှ ကောင်းနေနိုင်မယ်။
လူတစ်ယောက်မှာ အကောင်းက ၇၀ ရာခိုင်နှုန်း၊ မဆိုးက ၃၀ ရာခိုင်နှုန်းလောက်ဆိုရင် လက်ခံလို့ရပါရဲ့တဲ့။ ကျနော်က လူတွေကို မော်စီတုန်းရဲ့၇၀/၃၀ ပေတံကြီးနဲ့ မသိမသာ တိုင်းတိုင်းကြည့်ခဲ့ဖူးတယ်။ (ဒေါ်အောင်ဆန်းစုကြည်ကတော့ ဂုဏ်ထူးတွေတောင် လျှံထွက်နေတယ်။   ။ဤကား စကားချပ်) ကျနော့်ကိုယ် ကျနော်လည်း ဒီပေတံနဲ့ ခဏခဏတိုင်းကြည့်ခဲ့ဖူးပါရဲ့။ ဖှစ်ဖှတီး- ဖှစ်ဖှတီးလောက်ဆိုရင် တော်လှပါပြီဗျာ။ လူပီသမှု။ လူသားဆန်မှု။ အမှန်တရားမြတ်နိုးတဲ့စိတ်၊ မတရားမှုကို ခုခံဆန့်ကျင်တဲ့စိတ်၊ ရိုးသားရဲရင့်တဲ့စိတ်တွေ ရှိနေရင် လူပီသတာပဲ မဟုတ်လား။

ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးလိုလားတဲ့စိတ်၊ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်တဲ့စိတ်၊ ဖက်ဒရယ်ပြည်ထောင်စုကိုချစ်တဲ့စိတ်တွေ ပြည့်နေရင် လူသားဆန်တာပဲ မဟုတ်ဘူးလား။ သေခြင်းတရားက လူမပီသပါဘူး၊ လူသားမဆန်ပါလားနော်။

+++

စာရေးဆရာမကြီး (ဒေါ်)ခင်နှင်းယုက သူ့ရဲ့ဂန္ထဝင်ဖြစ်တဲ့ "မွှေး" ၀တ္ထုထဲမှာ ...
"လူဆိုတာ
ကိုယ်ကျိုးစွန့်လွှတ်တဲ့စိတ်နဲ့
အများအတွက် အနစ်နာခံတဲ့
စိတ်ကလေးမှ မရှိရင်
တိရစ္ဆန်တွေနဲ့ ဘာများကွာခြားဦးတော့မှာလဲ" လို့ ရေးထားခဲ့တယ်။

ဆရာမသန်းမြင့်အောင်တို့၊ ဆရာကိုရဲလွင်(လွတ်လပ်ငြိမ်းချမ်း၊ ပန်းရဲ့လမ်း)တို့ဟာ မွှေးရဲ့လောကအမြင် စွဲဝင်တဲ့ ပရဟိတသမားကြီးတွေပေါ့။ (ဤသည်လည်း စကားချပ်) ကျနော် ဥ ာဏ်မီသလောက်၊ ဘဝမှာ ဘယ်လိုနေမလဲဆိုတဲ့အဖြေဟာ၊ ဘဝမှာ ဘယ်လိုသေမလဲဆိုတဲ့ မေးခွန်းက ပြဋ္ဌာန်းတာပဲ။
နေခြင်းနဲ့ သေခြင်းမှာ၊ ဘယ်အရာက ကံ လဲ၊ ဘယ်ဟာက ကတ္တားလဲ။
ဆော့ခရတ္တိကတော့ အဆိပ်ခွက်ကို မသောက်သေးခင်မီ၊ အေသင်မြို့ပြနိုင်ငံသားတွေကို ပြောခဲ့တယ်။

"အို- အချင်းတို့
သင်တို့က နေလမ်း
ကျွန်ုပ်က သေလမ်း
ဘယ်လမ်းက သာတယ်
အဂ္ဂဘုံကမှပဲ သိတော့မယ်" တဲ့။

သေခြင်းတရားဟာ ကျနော်တို့လူသားတွေဆီကို ဘယ်လို လှမ်းလာနေသလဲ။

အမေရိကန် ကောင်းဘွိုင်ရုပ်ရှင်တွေထဲမှာတော့ ...
"Death rides a horse."
သေမင်းက မြင်းစီးလာတယ် တဲ့။
အင်္ဂလိပ်ကဗျာဆရာ ဘိုင်ရွန်က မြင်းခြောက်ကောင်ကတဲ့ ရထားနဲ့ သုသာန်ကို လာတယ်။

 "အသုဘကလည်း 
လူနည်းလိုက်တာ" 
နှင်းတွေကြား လှမ်းမြင်လိုက်တဲ့ ဘိုင်ရွန့်ချစ်သူက(ဘိုင်ရွန်ံအသုဘမှန်းမသိ)မချိတင်ကဲ ညည်းရှာတယ်။ လူနည်းတာ၊ များတာက အရေးမကြီးပါဘူး။
သေတဲ့လူက ဘိုင်ရွန်ဖြစ်နေဖို့ပဲ အရေးကြီးတာ မဟုတ်လား။ 
၁၉၈၅။ တောင်သမန်၊ တောင်လေးလုံးကျောင်းမှာ အမေလူထုဒေါ်အမာရဲ့အသက်(၇၀)ပြည့် မွေးနေ့ပွဲ တပည့်တပန်းတွေက လုပ်ကြတော့၊ ရန်ကုန်က ဆရာမောင်သာရက  "အသုဘ  အစမ်းချကြည့်တာ" လို့ ဆိုခဲ့ဖူးတယ်။

အမေရိကမှာ၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗေးဂတ်စ်မြို့က သချင်္ ိုင်းတစ်ခုမှာ၊ ဆရာမောင်သာရရဲ့ အုတ်ဂူရှိတယ်။ (၂၀၁၆ မှာ ဆရာ ပြည်ပြေးဘဝနဲ့ပဲကွယ်လွန်ခဲ့တယ်) ၂၀၀၇ တုန်းက အမေရိကမှာပဲ၊ ကယ်လီဖိုးနီးယားမှာ ကွယ်လွန်ခဲ့တဲ့ ဆရာဦးတင်မိုးကတော့၊ ရန်ကုန်က ရေဝေးသုသာန်မှာ၊ နှင်းဆီပွင့်ပေါ် အိပ်ပျော်နေပါပြီ။ 

+++

သေခြင်းသည် မဆန်း။ မဆန်းသောသေခြင်းမှာ တချို့သေပုံတွေက လွမ်းစရာ မကောင်းဘူး။ တချို့သေပုံတွေကျ လွမ်းဖို့ကောင်းလှတယ်။ သေတာကိုလွမ်းဖို့ကောင်းတယ်ဆိုတဲ့အခါ၊ သေသူတွေရဲ့ အခေါင်းတွေမှာလည်း၊ ထမ်းဖို့ကောင်းတဲ့ ခေါင်းတွေရှိသလို၊ ထမ်းဖို့ မကောင်းတဲ့ခေါင်းတွေလည်း ရှိပါရဲ့။
ရန်ကုန်မှာ ကျနော်ကိုယ်တိုင်လည်း လွမ်းဖို့ကောင်းတဲ့ခေါင်းတွေ ထမ်းခဲ့ဖူးသလို၊ တခြားသူတွေကိုလည်း ထမ်းဖို့ ကျနော် အမိန့်ပေးခဲ့ဖူးပါရဲ့။
ကိုကိုးကျွန်းပြန်ကြီး အဘလေထီးဦးအုန်းမောင် ကွယ်လွန်တော့၊ ရေဝေးကအဘစျာပနမှာ၊ ခေါင်းကို ခန်းမကနေ မီးသင်္ဂြ ိုဟ်စက်ဆီ သယ်ဖို့၊ အသက်အရွယ်ရ အိုမင်းနေပြီဖြစ်ကြတဲ့ အဘရဲ့ကိုကိုးကျွန်းပြန်ရဲဘော်ကြီးတွေက၊ ခေါင်းတင်ထားတဲ့ သံမဏိလှည်းကိုပဲ ဝိုင်းတွန်းမယ်အလုပ်၊ အောင်ဝေးက သူတို့ကို အမိန့်ပေးလိုက်တယ်။

"ရဲဘော်တို့
အားလုံး
အဘကို
ရဲဘော်တို့ ပခုံးနဲ့ထမ်းပြီး
ခ်မယ္"
အဘလေထီးဦးအုန်းမောင်စျာပနက ပြန်လာတဲ့လမ်းမှာတော့၊ ကိုကိုးကျွန်းပြန်ကြီးတစ်ဦးဖြစ်တဲ့ စာရေးဆရာ ဆရာထက်မြက်က
 "အောင်ဝေးရာ 
မင်း
တော်တော်နှိပ်စက်ပါလားကွာ" တဲ့။

ခြေလှမ်းပေါင်း တစ်ရာ၊ တစ်ရာမက ခေါင်းထမ်းလိုက်ရလို့ ကျွန်းပြန်အဘိုးကြီးတွေ အတော်မောဟိုက်ပင်ပန်းခဲ့ကြမှာပါလား။ ဒါတွေဟာ သေခြင်းတရားမှာ အမှတ်ရစရာ သေရွာပါတဲ့ အလွမ်းတွေပါပဲ။ သေခြင်းတရားကို ကျနော် မသိစိတ်က ချစ်မိနေသလား။ သေခြင်းတရားကို ကျနော် ကဗျာဆရာဘဝကိုစွဲလမ်းသလို စွဲလမ်းနေမိတာပဲလား။ ဘုရား၊ ဘုရား။ တစ်ခါတုန်းကလည်း၊ ကယ်လီဖိုးနီးယား၊ ဆန်ဖရန်စစ္စကို စာပေဟောပြောပွဲမှာ၊ ရန်ကုန်က ခဏလာတဲ့ စာရေး ဆရာဒေါက်တာခင်မောင်ညို(ဒေါက်ညိုပါ၊ ဘောညိုမဟုတ်) သူက သူဟောတဲ့အလှည့်မှာ-

"မြန်မာပြည်မှာ
ကိုအောင်ဝေး
မရှိတော့ကတည်းက
အသုဘမွာ
မိန့်ခွန်းပြောမဲ့သူ
မရှိတော့ဘူး
ဖြစ်သွားတယ်" တဲ့။

သူ ဒီလိုပြောလိုက်တော့ ပရိသတ်တချို့က ရယ်ကြတယ်။ အသုဘမိန့်ခွန်းပြောသူကြီး ကျနော် မရယ်နိုင်ဘူး။ လွမ်းသွားတယ်။ အဘလေထီ းဦးအုန်းမောင်စျာပနမှာ ကျနော် မိန့်ခွန်းပြောခဲ့တယ်။ အဘ သခင်ခင်ညွန့် (စာပေလောက)စျာပနမှာ ကျနော် မိန့်ခွန်းပြောခဲ့တယ်။ ထောက်လှမ်းရေးတွေ၊ ပေါက်ပန်းစျေးတွေကြားမှာ ကျနော်ပြောခဲ့တာလေ။ ဘယ်လောက်လွမ်းဖို့ကောင်းလိုက်ပါသလဲ။

+++

ကျနော် ဘာ့ကြောင့် သေခြင်းတရားအကြောင်းကို(တိတိကျကျပြောရရင်၊ သေခြင်းတရား မကောင်းကြောင်းကို)စဉ်းစားတွေးတောနေမိပါလိမ့်။

သေခြင်းတရားအကြောင်းကိုစဉ်းစားတော့၊ နေဝင်းသူတောင်းစားအကြောင်းကလည်း ပါလာတယ်။ နေဝင်းက သေခြင်းတရားကို ကစားခဲ့တယ်။
ကျနော်တို့ ရဟန်းရှင်လူ ကျောင်းသားပြည်သူတွေရဲ့ အသက်ဇီဝိန် အိုးအိမ်စည်းစိမ်တွေကို နေဝင်းချွေဖျက်ခဲ့တယ်။ နေဝင်းလိုပဲ၊ သန်းရွှေ၊ ခင်ညွန့်တို့ ကလည်း သေခြင်းတရားကို ကစားခဲ့ကြပြန်တယ်။ ဟော- အခု မ၊ အ၊ လ လို့ခေါ်တဲ့ မိစ္ဆာကောင်က သေခြင်းတရားကို လှည့်ဖျားပေါင်းသင်း ကစားနေပြန်ပြီ။ စစ်အာဏာရှင်အဆက် ဆက်၊ စစ်အစိုးရအဆက်ဆက်ဟာ၊ နိုင်ငံတော်နဲ့ ပြည်သူတွေကို အခါခါသတ်ခဲ့ကြ။ သူတို့သတ်လို့မရတာ၊ ဒေါ်အောင်ဆန်းစုကြည် တစ်ယောက်ပဲရှိ။ လူထုကချစ်တဲ့၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို စစ်အာ ဏာရှင်တွေ သတ်လို့မရ။ ၂၀၀၃၊ ဒီပဲယင်းမှာ အသေလုပ်ကြံတယ်။ ဒါပေမဲ့ ဘုန်းကံကြီးတော့ ဒေါ်အောင်ဆန်းစုကြည်မသေ။ သူ့ကိုသတ်ဖို့င်္ကြတဲ့အထဲက အောင်သောင်းသေတော့၊ ဒေါ်အောင်ဆန်းစုကြည်၊ အောင်သောင်းအိမ် အသုဘမေး သွားခဲ့တယ်။ လောကကြီးမတရားပါဘူး။ အာဏာရူး၊ သမ္မတရူး၊ ဥစ္စာရူး၊ စစ်ခွေးတစ်ကောင်ကြောင့် တစ်တိုင်းပြည်လုံး သွေးချောင်းစီးရတယ်။ အဲဒီ စစ်ခွေးမိစ္ဆာ၊ ပြိတ္တာကောင်က မသေသေးဘဲ၊ အပြစ်မဲ့တဲ့ ကလေးသူငယ်တွေ သေနေရတယ်။ အဲဒီ မ၊ အ၊ လ သာဒင့်ယောက်ဖ သာဝက မသေသေးဘဲ၊ အပြစ်မဲ့တဲ့ တို့ပြည်သူတွေ၊ တို့တိုင်းရင်းသားညီအစ်ကို မောင်နှမတွေ သေနေရတယ်။ သေခြင်းတရားကြီးရယ်၊ အမေရိကန်ကောင်းဘွိုင်တွေလို မြင်းစီးပြီးပဲ လာလာ၊ ကဗျာဆရာ ဘိုင်ရွန်လို မြင်းခြောက်ကောင်ကတဲ့ရထားနဲ့ပဲ လာလာ၊ နေပြည်တော်က သမ္မတအိမ်ပေါ် အရှက်မရှိ မတရားတက်နေတဲ့ ခပ်ပုပု အစိမ်းရောင်မိစ္ဆာတစ်ကောင်ဆီကိုသာ အမြန်လာလှည့်ပါတော့။

+++

သြော်- ငါ ဘာကြောင့်များ၊ ဒီအကြောင်းတွေကို တနင့်တနဲ တွေးတောစဉ်းစားနေမိပါလိမ့်။ မကြာသေးခင်က ရန်ကုန်မှာ ငါ့သူငယ်ချင်းမြမြင့်မိုရ် ကွယ်လွန်သွားတယ်။ ချစ်လှစွာသောပြည်ပြေးတစ်ယောက်ဟာ၊ ပြန်မဆုံနိုင်တော့တဲ့ သူငယ်ချင်းကဗျာဆရာကို တပြီး ငိုကြွေးမိတယ်။

တစ်လောလေးက၊ အမေရိကမှာ၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့မှာနေတဲ့ (ကရင့်အာဇာနည်စောဘဦးကြီးသမီး) နော်ထီးမူကြီး (Htimu Belloc) ကွယ်လွန်ခဲ့တယ်။ သူ့ကို ငါ အမေရိကရောက်စမှာ သိကျွမ်းခဲ့ရတာ၊ ခု သူဆုံးပြီဆိုတော့ ငါ ကြေကွဲဝမ်းနည်းရတယ်။
သေခြင်းတရားဆိုတာ ဒီလိုပါပဲ။ သူက လာမခေါ်ခင်အထိသာ ကျနော်တို့က နေကြရတာ။ လွန်ခဲ့တဲ့(၁၀)နှစ်လောက်က။ လော့စ်အိန်ဂျယ်လိစ် စာပေဟောပြောပွဲ၊ မိုးချိုသင်းတို့အိမ်မှာတည်းတော့၊ နော်လွီဇာဘင်ဆင် ကျနော်တို့ စာရေးဆရာတွေကို လာနှုတ်ဆက်တယ်။ သူရယ်၊ ဆရာမောင်စွမ်းရည်ရယ်၊ ကျနော်ရယ်၊ ဆရာဦးတင်မိုးပုံပန်းချီကားနောက်ခံနဲ့ အမှတ်တရဓာတ်ပုံရိုက်ကြတယ်။ ရော်- မကြာပါဘူး၊ နော်လွီဇာဘင်ဆင်တစ်ယောက် ဦးနှောက်အကျိတ်ကင်ဆာနဲ့ ဆုံးရှာပြီတဲ့။ ကျနော်တို့ ငယ်ဘဝတွေရဲ့ အလှမယ်သူပုန်မကို ကျနော်တို့ ဆုံးရှုံးလိုက်ရပေါ့။ ကျနော်တို့လေးယောက်(နော်လွီဇာဘင် ဆင်၊ မောင်စွမ်းရည်၊ တင်မိုး၊ အောင်ဝေး)ဓာတ်ပုံထဲမှာတော့ သူမက အေးအေးမြမြ ပြံုးနေဆဲပဲလေ။ 

+++

သြော်- သေခြင်းသည် မဆန်း။ မဆန်းပေမဲ့၊ သေတာဟာ မကောင်းပါဘူးနော်။ မနေ့တစ်နေ့က ငါ့မိတ်ဆွေ ခူဆဲနဲ့ မခင်မြတ်မွန်တို့ရဲ့သား လူငယ်ကလေး ရေမွန်(တွတ်ပီ) လွတ်မြောက်နယ်မြေမှာ၊ နာမကျန်းသည် အို-နှင်းဆီဖြစ်၊ ဆုံးပါးသွားရပြန်ပြီ။ အမေ့ရဲ့ဂီတသူရဲကောင်းလူငယ်လေးဟာ၊ နွေဦးတော်လှန်ရေးမှာ ပြည်သူရဲ့သူရဲ ကောင်းတစ်ဦးအဖြစ် ကျဆုံးခဲ့တာပါ။

သေတာ မကောင်းပါဘူးကွာ။ မင်း မသေပါနဲ့ဦးလား ရေမွန်ရယ်။
မင်းကို လူအနေနဲ့ ငါမသိပေမဲ့၊ မင်းရဲ့ အနုပညာကို ငါသိတယ်။ မင်းရဲ့တော်လှန်ရေးနှလုံးသားကို ငါသိတယ်။ မင်းရဲ့ဝိညာဉ် ဘယ်နေရာဘုံမှာ ခိုလှုံဝင်စားမယ်ဆိုတာ ငါသိတယ်။ မင်း မရှိတော့ပေမဲ့၊ ငါတို့ရင်ထဲမှာ မင်း အမြဲရှိနေပါတယ်။ မင်း မရှိတော့ပေမဲ့၊ နွေဦးတော်လှန်ရေးတပ်ဦးမှာ မင်း အမြဲရှိနေပါတယ်။ မင်း မရှိတော့ပေမဲ့၊ မင်းရဲ့နာမည်နဲ့ကြယ်တွေ၊ ငါတို့ ညကောင်းကင်ယံမှာ အတောက်ပဆုံး လင်းလက်နေကြမှာပါ။ မင်း မရှိတော့ပေမဲ့၊ မင်းရဲ့ဂီတနဲ့ စမ်းချောင်းကလေးတွေ တသွင်သွင်၊ ငါတို့ နှလုံးသားမြေကြီးပေါ်မှာ လွမ်းစရာကောင်းအောင် စီးဆင်းနေကြဦးမှာပါရေမွန်လူငယ်ကလေးရေ။ သေခြင်းတရားဟာ မတရားဘူးကွာ။ ငါ မကျေနပ်ဘူး။ မင်းကို မတရား ခေါ်သွားတဲ့ သေခြင်းတရားကို ငါ တရားစွဲမယ်။
အောင်ဝေး တရားစွဲမယ်။ အဲဒီ သေခြင်းတရားကို ငါ တရားစွဲတဲ့အခါ၊ ကမ္ဘာပေါ်မှာ တရားမျှတခြင်းသည် ရှိပါစေသတည်း။     ။

အောင်ဝေး
(ဇွန် ၂၄၊ ၂၀၂၁)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar