Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- သန်းဝင်းထွဋ်၊ လူချော(မုံရွာ)၊ လင်းညီဇင်

Art- Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၈၊ ၂၀၂၁
-

သေတနေ့ မွေးတနေ့ 


လောက်ကောင်တွေ ရွစိတက်နေတဲ့ခေတ်
သွေးနဲ့သာရေးရတဲ့ ခွေးသား‌ရေပုရပိုဒ်
အမှောင်ထုထည် ခေတ်ရိုင်းရိုင်းက
နေ့တိုင်းမွေးထုတ်‌ပေးနေတာ 
နွေဦးသူရဲကောင်းများလို့ အမည်တွင်ရစ်မယ့်
နွေဦးဥက္ကာပျံတွေပဲ။

ဒီခေတ်မယ်
ကြယ်တွေကြွေ‌နေတာ 
ကင်ဆာကြောင့်မဟုတ်ဘူးရဲဘော်။

ဒီတိုက်ပွဲရဲ့ ရှေ့တန်းမျက်နှာစာ
နေရာတိုင်းဟာ အာဇာနည်ကုန်း
ဥဩဆွဲသံ တံပိုးခရာသံတွေ
ဖက်ဆစ်ဆန့်ကျင်ကြွေးကြော်သံတွေ
မိခင်တွေရဲ့ ဂုဏ်ယူငိုကြွေးသံတွေ
နေရာအနှံ့မှာကြားရမယ်
ဒီနွေဦးတိုက်ပွဲ ကာလမှာ
နေ့တိုင်းဟာ အာဇာနည်နေ့
သူရဲကောင်းများမွေးနေ့ဖြစ်တယ်။

ကောင်းပေ့ညွန့်ပေ့ကိုမှလိုချင်တဲ့
မာန်နတ်ရဲ့ဈေးဝယ်စာရင်းမှာ
အမည်မသိရဲ‌ဘော်အလောင်းတွေတိုးလာ
သရဏဂုံတင်‌ပေးဖို့ 
ဘုန်းကြီးတွေ မအားကြ‌‌ဘူး
တချို့လည်း နွေဦးအလံတော်‌အောက်မှာ
တချို့လည်း ဒေဝဒတ်နဲ့ ငြိမ်ဝပ်ပိပြားစွာ။

ကိုယ်ကိုယ်ကို
ကြွေလို့ကြွေမှန်းမသိလိုက်တဲ့ကြယ်ပွင့်တွေ
သေလို့သေမှန်းမသိကြ‌သေးတဲ့
တစ်တောလုံး အစိမ်းခြွေ
နွေဦးပန်းပွင့် နီနီစွေးစွေးတွေ
ငါတို့အနာဂတ်ပြန်ပေး အနာဂတ်ပြန်ပေးပါ
အသံပြာ အသံနက်တွေ အော်ဟစ်ရင်း
ရဲရဲတောက် ဝေ့ဝဲနေကြတုန်းပဲ။

သူတို့နေထိုင်ရ‌မယ့် ခေတ်စနစ်ကို
သူတို့ပဲ တိုက်ချွတ်ဆေးကြောနေရ
တိုက်ပွဲဟာ အောင်ပွဲမှာဂိတ်မဆုံးခင်
နေ့တိုင်းဟာ သေတနေ့ဖြစ်ချင်ဖြစ်မယ်
နေ့တိုင်းဟာ မွေးတနေ့ဖြစ်ချင်ဖြစ်မယ်။

ဘယ်သူဘာ‌ပြောမလဲ
သေတနေ့ မွေးတနေ့။


သန်းဝင်းထွဋ် 
(၆-၆-၂၀၂၁)

-

ကြောင်လိမ်လှေခါး

တက်လမ်းဟာ
တ‌ဖြောင့်တည်းတော့မဟုတ်ဘူး ။

တော်လှန်ရေးဆိုတာလည်း
ကွေ့ပတ်‌တက်ရသလိုပဲ ။

ဆက်တက်‌နေ
မြဲမြံသောခြေလှမ်းများသာ 
အမြင့်ဆုံး ။

လူချော(မုံရွာ)

-

မောင်းပြန်ချီမယ့် ဒေါင်းအလံနီ

ပစ်ပေါ့
မင်းတို့ မောင်းပြန်သေနတ်နဲ့ ဝံ့ တဲ့အခါ
ငါတို့လက်မှာ
ဒေါင်းအလံ တဖျပ်ဖျပ် လွင့်နေမယ် ။

ဘယ်သမိုင်းကို ခြေနဲ့ဖျက်မလဲ
ပြည်သူ မသေပဲ
သွေးနဲ့မရေးခဲ့ရဖူးတဲ့ သက္ကရာဇ်ရှိရင်
လည်စင်းပေးခဲ့မယ် ။

ပေးစရာ သွေးကလွဲလို့
ဆေးစရာ မျက်ရည်ကလွဲလို့ 
ငါတို့မှာ ဘာကျန်သေးလဲ
နာစရာ မယှဉ်နဲ့
ဒါဏ်ရာလို့ ပြောလိုက်ရင် ငါတို့ကသာတယ် ။

ငါတို့မှာ မာကြောတဲ့လက်နက်ဆိုလို့
ဒီနှလုံးသားပဲရှိတာ 
ထိအောင်ပစ် မှန်အောင်ပစ်
ကြောက်နေတဲ့ မျက်နှာလားသိချင်ရင်
ပေါက်ထွက်အောင်ပစ် 
ငါတို့အနာဂတ် ဘယ်တော့မှ 
‌‌‌ေ-ာက်သေနတ်အောက်မှာ
မှောက်လျက် ကျမသွားစေရဘူး ။

လင်းညီဇင်
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar