Breaking News

ဦးနွေ- မြန်မာ့နွေဦးတော်လှန်ရေးထဲက နေ့တစ်နေ့

Art-  Than Htay Maung

မြန်မာ့နွေဦးတော်လှန်ရေးထဲက နေ့တစ်နေ့
ဦးနွေ
(မိုးမခ)ဇွန် ၈၊ ၂၀၂၁

ကျွန်တော်သည် နံနက်လေးနာရီအထိ ကင်းစောင့် ၍ပြီးသည့်နောက် အိမ်သို့ ပြန်လာခဲ့သည်။ အိမ် ရောက်သည့်အခါ ခြေလက်ဆေးပြီး အိမ်ပေါ်သို့ တက်ကာ ခြင်ထောင်ထဲတန်းဝင်လိုက်ပြီး အိပ်နေ လိုက်သည်။ အိပ်နေရင်း အိပ်မက်များမက်သည်။ တောရောက်လိုက် တောင်ရောက်လိုက် အိပ်မက်များဖြစ်သည်။ ထိုသို့ အိပ်မက်များ မက်နေသည့် အချိန်တွင် "ထ ထ ဆိုင်သွားသိမ်းပေးအုံး" ဟု အ သံတစ်သံ ကြားလိုက်ရသည်။ ထို့ကြောင့် ကျွန်တော်ကြည့်လိုက်သည့်အခါ အသံပိုင်ရှင်မှာ အ မေ ဖြစ်နေသည်။ ကျွန်တော်သည် အမေ့ကို မည်သည့်စကားမျှ ပြန်လည်မေးမြန်းခြင်းမပြုတော့ဘဲ ငေါက်ခနဲ ထလိုက်ပြီး အိမ်အောက်သို့ ဆင်းကာ အိမ်ရှေ့သို့ ထွက်လာခဲ့သည်။ (လက်ရှိအချိန်ကာလသည် စစ်အာဏာရှင်ကို တော်လှန်နေသည့် အချိန်ကာလ မဟုတ်လား။)

အိမ်ရှေ့တွင် ကျွန်တော်၏ အကိုတစ်ဝမ်းကွဲသည် ဆိုင်ကယ်ဖြင့် အသင့်စောင့်၍နေသည်။ အကို့ဆိုင်ကယ်ပေါ် သို့ တက်လိုက်သည်။ ထို့နောက် အကိုသည် ဆိုင်ရှိရာ နေရာသို့ မောင်းထွက်လာခဲ့သည်။ ကျွန်တော်သည် ဆိုင်ကယ်နောက်မှာထိုင်စီးနေရင်း မည်သည့်အတွက်ကြောင့် ဆိုင်သိမ်းရသနည်းဟု အကို့ကို မေးလိုက်သည်။ အကိုက စစ်ကားများလာနေ၍ဖြစ်ကြောင်း ပြန်ပြော သည်။ ကျွန်တော် ရင်ထိတ်သွားသည်။ အဘယ်ကြောင့်ဆိုသော်  အာဏာသိမ်းစစ်တပ်၏ လူ သားမဆန်စွာရမ်းကားမှုများကို လူမှုကွန်ယက်စာမျက်နှာပေါ်တွင် ​နေ့စဥ်လိုလို မြင်တွေ့နေရသောကြောင့် ဖြစ်သည်။

ဆိုင်ရောက်သည့်အခါ မကြီးသည် ပိုက်ဆံပုံးလေးကိုကိုင်ပြီး မတ်တပ်ကလေးရပ်ကာ လမ်းမ၏အထက်ဘက်ဆီသို့ စိုးရိမ်ပူပန်နေသည့် မျက်နှာအမူအယာဖြင့်ငေးနေသည်။ ထို့အတူပင် လမ်း မ၏အထက်ဘက်ဆီသို့ မကြီးလိုပင် ငေးနေကြသည့် လူများသည် အများအပြားပင်ဖြစ်သည်။ ကျွန်တော်သည် မကြီးကို စိုးရိမ်စရာမလိုကြောင်း နှင့် ဆိုင်မသိမ်းရန် အားပေးစကားပြောလိုက်သည်။  ကျွန်တော်တို့ မိသားစုသည် ယခုဆိုင်ကလေးမှရသည့် ဝင်ငွေတစ်ခုထဲပေါ်တွင် မှီခိုနေရသောကြောင့်လည်း ဖြစ်သည်။

ထို့နောက် ကျွန်တော်သည် ကွမ်းတစ်ယာယာစားလိုက်ပြီး မကြီးကြည့်နေသည့်လမ်းမ၏အထက်ဘက်ဆီသို့ ကြည့်နေလိုက်သည်။ ကျွန်တော်ကြည့်နေသည့်အချိန်တွင် ရဲများတင်ဆောင်လာသည့် စစ်ကားများဝင်လာသည်ကို တွေ့လိုက်ရသည်။ ထိုအခါ ကျွန်တော်သည် မကြီးလိုပင် စိုးရိမ်စပြုလာပြီ ဖြစ်သည်။ ထိုသို့ဖြစ်နေချိန်တွင် ကျွန်တော်တို့ဆိုင်ပတ်ဝန်းကျင်ရှိအခြားဆိုင်များသည် ဗြုန်းစားကြီးဆိုသလိုပင် ဆိုင်သိမ်းလိုက်ကြသည်။ ထို့ကြောင့် ကျွန်တော်တို့ဆိုင်သည်လည်း သိမ်းရတော့မည် ဖြစ်သည်။ ဆိုင်သိမ်းဖို့ မကြီးကို ကျွန်တော်ပြောလိုက်သည်။

ထိုအခါ မကြီးက ဆိုင်ကို ဒီအတိုင်းထားခဲ့ပြီး ပိုက်ဆံပုံးသာ သိမ်းသွားမည်ဟုပြောသည်။ ထို အချိန်တွင် ကျွန်တော်သည် တာမွေမြို့နယ်က တွန်းလှည်းဖြင့်ရောင်းသည့် ပလာတာသည်လေး ကို ပြေးမြင်မိသည်။ ပလာတာသည်လေးလို ကျွန် တော်တို့မိသားစုရဲ့ ဆိုင်ကလေးကို အဖြစ်မခံနိုင်ပေ။ ထို့ကြောင့်ဆိုင်ကို သိမ်းနိုင်သမျှအမြန်သိမ်းလိုက်ပြီး လမ်းကြားထဲသို့ တွန်းထားလိုက်သည်။ ထို့နောက်အခြေအနေကို အကဲခတ်နေလိုက်သည်။ အခြေအနေကောင်းလျှင် ဆိုင်ပြန်ဖွင့်မည်ဖြစ်သည်။
ကျွန်တော် အခြေအနေကို အကဲခတ်နေသည့်အ ချိန်တွင် ဆန္ဒထုတ်ဖော်နေသည့် လူငယ်နှစ်ယောက်သည် ကျွန်တော်တို့ ရပ်ကွက်ဘက်သို့ ပြေးထွက်လာသည်။ အခြေအနေကို သဘော ပေါက်လိုက်ပြီဖြစ်သည်။ စောစောက ကျွန်တော်မြင်လိုက်ရသည့် စစ်ကားများသည် ဆန္ဒထုတ် ဖော်သည့် လူငယ်များကို လိုက်ဖြိုခွင်းတာပင် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ လူငယ်နှစ်ယောက်ထဲက တစ်ယောက်ကို မေးကြည့်လိုက်သည်။ အ ကုန်လုံးပြေးကြရသည်။ တစ်ချို့တစ်ဝက် ပိတ်မိနေကြသေးသည်ဟု ပြောသည်။

ထိုအချိန်တွင် ဘယ်လိုကနေ ဘယ်လိုကြားသွားကြလဲ မသိ။ ကျွန်တော်တို့ ရပ်ကွက်သူ ရပ်ကွက်သားများသည် သံပုံးများတီးကာ ပြေးထွက်လာကြသည်။ ပိတ်မိနေသည့် ဆန္ဒထုတ်ဖော်သော လူငယ်များကို ကယ်ထုတ်ဖို့ဖြစ်သည်။ သံပုံးတီးပြီး တစ်လမ်းနှင့်တစ်လမ်း တစ်ရပ်ကွက်နှင့်တစ်ရပ်ကွက် အချက်ပေးခြင်းသည် ဂလိုဘယ်လိုက်ဇေးရှင်းခေတ်ထဲက စစ်အာဏာရှင်ကိုတော်လှန်နေကြသည့် ကျွန်တော်တို့ မြန်မာပြည်သူ များ၏ အချက်ပြစနစ်တစ်ခုလည်း ဖြစ်သည်။
ကျွန်တော်တို့ ရပ်ကွက်သူ ရပ်ကွက်သားများ လမ်းထဲမှ ထွက်လာသည့်အချိန်တွင် ရဲများသည် ဒိုင်းများကိုင်ကာ ကျွန်တော်တို့ရပ်ကွက်ဘက်သို့ မျက်နှာမူပြီး မတ်တပ်ရပ်နေကြသည်။ ရဲများ နောက်တွင် စစ်ကားတစ်စီး အချုပ်ကားတစ်စီး ရပ်ထားသည်။ အနေအထားသည် တစ်ဘက်ရပ်ကွက်က ရပ်ကွက်သူ ရပ်ကွက်သားများနှင့် ကျွန် တော်တို့ရပ်ကွက်က ရပ်ကွက်သူ ရပ်ကွက်သား များသည် နှစ်ဘက်ညှပ်ကာ ရဲများကို ပိတ်ထား လိုက်ပြီဖြစ်သည်။ ထိုအခါ ရဲများသည် လမ်းကျဥ်းလေးထဲတွင် ရှေ့တိုးရ မလိုလို နောက်ပြန်လှည့်ရမလိုလို ဇဝေဇဝါ ဖြစ်၍နေသည်။ သူတို့၏ လက်ထဲတွင်လည်း ရာဘာတုတ်များ၊ ဒိုင်းများနှင့် သေနတ်များကို ကိုင်ထားကြသည်။

ကျွန်တော်သည် ကြုံခဲ့ဖူးသည့် ဖြစ်ရပ်ကလေးတစ်ခုကို ပြေးမြင်မိသည်။ အဆိုပါ ဖြစ်ရပ်က လေးမှာ ဤသို့ဖြစ်သည်။ ကချင်ပြည်နယ် တောတွင်းတစ်နေရာတွင် နွားစာရိတ်ပြီး နွားလှည်းဖြင့် ကျွန်တော်တို့ ပြန်လာခဲ့သည်။ ရွာများကြားထဲဖြတ်ပြီး ပြန်လာခဲ့ခြင်း ဖြစ်သည်။ တစ်ရွာပြီး တစ်ရွာ ဖြတ်ကျော်ရင်း ရွာတစ်ရွာအရောက်တွင် နွားတစ်ကောင်သည် ကြိုးတန်းလန်း ဖြင့်ပြေးလာပြီး ကျွန်တော်တို့လှည်းရှိနွားကို လာခွေ့လေသည်။ ထိုအခါ ကျွန်တော်တို့လှည်းသည် အမြန်မောင်းရလေသည်။
အဆိုပါ လိုက်ခွေ့သည့်နွားသည် တားမည့်လူမရှိလျှင် ဆက်ပြီး လိုက်ခွေ့နေ မှာပင်ဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည် လှည်းပေါ်မှ ခုန်ဆင်းလိုက်ပြီး လက်ထဲတွင် ကိုင်ထားသောဓားဖြင့် လိုက်ခွေ့သည့် နွားကို ခြောက်လှန့်လိုက်သည်။ ထိုအခါ နွားသည် နောက်ပြန်လှည့်သွားသည်။ ကျွန်တော်သည် လှည်းပေါ်ပြန်တက်လိုက်ပြီး ထိုင်နေလိုက်သည်။ ပြီးသည့်အခါ လိုက်ခွေ့သည့်နွားသည် ကျွန်တော်တို့ လှည်းနောက်ကို ပြန်လိုက်လာပြန်သည်။ ထိုအချိန်တွင် ကျွန်တော်တို့ လှည်းသည် မောင်းနေရင်း လှည်းတစ်စီးသာသွားလို့ရသည့် လမ်းကျဥ်းလေးထဲသို့ ရောက်ရှိလာပြီ ဖြစ်သည်။

ကျွန်တော်သည် နောက်တစ်ခါ လှည်းပေါ်မှခုန်ဆင်းလိုက်ပြီး နောက်တစ်ခါ လိုက်ခွေ့သည့်နွားကို ဓားဖြင့်ထပ်ပြီး ခြောက်လှန့်ရပြန်သည်။ ယခုတစ်ခါတွင် ကျွန်တော်နောက်ပြန်လှည့်ပြေးရလေသည်။ အဘယ်ကြောင့်ဆိုသော် လိုက်ခွေ့သည့်နွားသည် ပထမတစ်ကြိမ်ကျွန်တော်ဓားဖြင့် ခြောက်လှန့်တုန်းက လမ်းကျယ်သဖြင့် နောက်ပြန်လှည့်ပြီး ပြန်ပြေးသော်လည်း ယခုလမ်းကျဥ်းလေးထဲတွင်မူ နောက်ပြန်မလှည့်တော့ဘဲ ကျွန်တော့်ကို တဟုန်ထိုးလိုက်‌ေ၀ှ့သောကြောင့်ပင် ဖြစ်သည်။
အသည်းတယားယား ရင်တထိတ်ထိတ်ဖြင့် လိုက်‌ေ၀ှ့နေသည့်နွားကို လှည်းပေါ်မှာထိုင်ရင်း ကျွန်တော် ကြည့်နေမိသည်။ ပါးစပ်ကလည်း ဂါထာပေါင်းစုံကို ရွတ်ဆိုနေမိသည်။ သို့သော် ကျွန် တော်၏ အကြည့်များသည် လိုက်ခွေ့သည့် နွားပေါ်တွင်သာ စုပြုံပြီး ကျရောက်နေပါသည်။ ထိုအချိန်တွင် အိမ်တစ်အိမ်မှ ရွာသားတစ်ယောက် ပြေးထွက်လာပြီး လိုက်‌ေ၀ှ့နေသည့်နွားမှာ ချည်ထားသောမြေကြီးပေါ်မှာ တန်းလန်းတန်းလန်းဖြစ်နေသည့်ကြိုးကို ကောက်ဆွဲလိုက်မှ ရပ်သွားတော့သည်။ ထိုအခါကျမှ ကျွန်တော်လည်း သက်ပြင်းအရှည်ကြီးကို မှုတ်ထုတ်လိုက်သည်။

"တို့ပြည်သူတွေ ညီရဲ့လား ဟေ့" "ညီတယ် ဟေ့။ ညီတယ် ဟေ့" ကြွေးကျော်သံများ အတိုင်အ ဖောက်ညီညီဖြင့် ရပ်ကွက်သူ ရပ်ကွက်သားများဟစ်ကြွေးနေကြသည်။ ကျွန်တော်၏ စိတ်ဓာတ် များသည် တက်ကြွ၍ သွားသည်။ ထို့ကြောင့် ကျွန်တော်ပါ လိုက်ပါ ဟစ်ကြွေးလိုက်သည်။ "ဒီမိုကရေစီ ရရှိရေး"  "တို့အရေး။ တို့အရေး" ဟစ် ကြွေးပြီး မကြာခင်အချိန်တွင် "ဒိန်း ဒိန်း ဒိန်း ဒိန်း" သေနတ်သံများဖြင့် ကျွန်တော်တို့ရပ်ကွက်ဘက်သို့ ရဲများတက်လာလေသည်။ ရပ်ကွက်သူ ရပ် ကွက် သားများအားလုံး မြေပြင်ပေါ်မှာ၊ သစ်ပင်နားမှာ၊ အုတ်ခုံးနားမှာ စသဖြင့် အသီးသီး ပုန်း ကွယ်နေလိုက်သည်။ ထိုသို့ ပုန်းနေကြသည့်အထဲတွင် ကျွန်တော်သည် နောက်ဆုံး အုပ်စုထဲမှာ ဖြစ် သည်။ ကျွန်တော့်ရှေ့မှာ ပုန်းနေသည့် တစ်ဖွဲ့ရှိသေးသည်။ "တစ်ယောက်ထိသွားပြီ။ တစ်ယောက်ထိသွားပြီ" ဟု အသံများကို ကျွန်တော်ကြားလိုက်ရသည်။ မည်သူ့ကို ထိသွားသလဲ။ ယောကျ်ားလေးလား။ မိန်းခလေးလား။ ကျွန် တော်မမြင်ရသဖြင့် မသိပါ။
ကျွန်တော်တို့ ရပ်ကွက်သူ ရပ်ကွက်သားများ သည် ရဲများ သေနတ်ဖြင့်ပစ်ပြီးတက်လာသောကြောင့် လမ်းထဲသို့ ဝင်ပြေးပြီး ပုန်းနေလိုက်သည်။ ရဲများတစ်ဖက်ရပ်ကွက်မှတက်လာပြီး လမ်းမပေါ်သို့ရောက်လာပြီ ဖြစ်သည်။ ကျွန်တော်ပုန်းနေသည့်နေရာသည် ရဲများရောက်နေသည့်နေရာနှင့် မလှမ်းမကမ်းတွင် ဖြစ် သည်။ ကျွန်တော်ပုန်းနေသည့်နေရာတွင် ကျွန်တော်အပါအဝင် ပုန်းနေသည့်လူ ငါးယောက်ရှိသည်။ အားလုံးအသံမထွက်ရဲကြပေ။ ငြိမ်သက်စွာနေ နေရသည်။ ထိုအချိန်ခဏသည် တစ်ကမ္ဘာလောက်ကြာသည် ထင်ရ၏။

ရဲများသည် ကျွန်တော်တို့ရပ်ကွက်ထိပ်တွင် ရပ်ထားသည့် ဆိုင်ကယ်များကို ကန်လှဲကြသည်။  ကံကောင်းသည်မှာ ရပ်ထားသည့် ဆိုင်ကယ်များ သည် အပြင်ပန်းအားဖြင့်ကြည့်လျှင် စုတ်ချာနေ သောကြောင့် ယူမသွားကြပေ။ ထို့နောက် ရဲတစ် ယောက်သည် ဂေါ်ပြားတစ်ချောင်းကို ကိုင်ကြည့် ပြီး ပြန်ပစ်ချလိုက်သည်။ သူတို့အတွက် အသုံး မဝင်နိုင်ဘူးဟု ယူဆသောကြောင့် ဖြစ်မည်ထင် သည်။ ကျွန်တော် ချောင်းကြည့်နေသည့်အချိန် တွင် အခြားရဲတစ်ယောက်သည် လမ်းထိပ်တွင် ကာရံထားသည့် ခြံစည်းရိုးတံခါးမှာချိတ်ထား
သော သံကြိုးဖြင့်ခတ်ရသည့်သော့ကို ဖြုတ်ယူ သွားသည်။ ထို့နောက် လမ်းမ၏အထက်ဘက်သို့ ချီတက်သွားကြသည်။

ပုန်းနေသည့် ကျွန်တော်တို့ ငါးယောက်သည် ကိုယ်စီအပြင်ထွက်ပြီး အကဲခတ်ကြည့်သည်။ ရဲ များသည် ကျွန်တော်တို့ပုန်းနေသည့် နှစ်လမ်း မြောက်လောက်တွင် ရပ်နေကြသည်။ ထိုအချိန် တွင် အခြားပုန်းနေသည့်လူများသည် နေရာအ သီးသီးကနေပြီး ထွက်လာကြသည်။ ထို့နောက် " ရဲနဲ့စစ်သား ဘယ်သူ့သားလဲ" "ခွေးသား ခွေးသား" ဟု ဟစ်ကြွေးကြပြန်သည်။ ထိုအခါ ရဲများသည် သေနတ်ဖြင့် ပစ်လေသည်။ ကျွန်တော်တို့ ပြန်ဝင်ပြေးကြရသည်။ သေနတ်သံများ ပြန်ငြိမ်သွားပြန်သည်။ ထို့ကြောင့် အပြင်ကိုထွက်မလို့ ပုန်းနေသည့်နေရာမှာ ခေါင်းလေးပဲထွက်ရသေးသည်။ လမ်းမ၏အောက်ဘက်မှအော်ဟစ်ဆဲဆိုကာ သေ နတ်ကိုင်ပြီး လမ်းလျှောက်ကြသည့် ရဲတစ်အုပ်ကြောင့် ပြန်ဝင်ပုန်းရပြန်သည်။ ထပ်ပြောသေးသည်။ မိုက်တဲ့အကောင်ထွက်ခဲ့၊ ပစ်သတ်ပစ်မယ် စသဖြင့် ...။

လက်ထဲမှာသေနတ်ကိုင်ထားပြီး မိုက်တဲ့အ ကောင်ထွက်ခဲ့ဟု ပြောနေသော်လည်း ထိုရဲများ၏အသံသည် တည်တည်ငြိမ်ငြိမ်မရှိဘဲ ကတုန်ကရီဖြစ်၍နေသည်။ အမှန်တကယ်တော့ ကျွန် တော်တို့ပြည်သူများကို သူတို့ကြောက်ရွံ့နေကြ သည်။ ထို့ကြောင့် ကြောက်ကန်ကန်ပြီး ပြောနေခြင်း ဖြစ်သည်။ ထို့အပြင် သူတို့၏ ခေါင်းဆောင်သည်လည်း ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရှိဘဲ မည်သည့်နေရာတွင် ပုန်းအောင်းနေသလဲမသိပေ။ သူတို့ကိုယ်တိုင် မသိသလို။ ကျွန်တော်တို့ ပြည်သူများလည်း မသိပေ။ ထိုအချိန်တွင် ကျွန်တော်သည် ဖတ်ခဲ့ဖူးသည့် ကဗျာလေးတစ်ပုဒ်ကို သတိရမိသည်။

ပန်းပု

အပေါ်ယံကို ခွာချလိုက်မှ
အတွင်းသားကို တွေ့ရမယ်
အပိုတွေ ဖဲ့ထုတ်လိုက်မှ
အနှစ်သာရကို မြင်ရမယ်
လူ့ဘဝ ဆိုတာ
ပန်းပုရုပ် တစ်ရုပ်လိုပါပဲ
အပိုဆာဒါးတွေနဲ့
အစ်ကို ဗျာများနေတာ
ဘယ်လောက် ကြာပြီလဲ ။       ။

လှသန်း

ရဲများ လမ်းမ၏အထက်ဘက်သို့ ထွက်ခွာသွားသည့်အချိန်တွင် လူများအားလုံးပုန်းနေရာမှ ထွက်လာကြသည်။ ခုနတုန်းက ထိသွားသည့်တစ်ယောက်သည် အသက် ၂၀ ဝန်းကျင်လူငယ်လေးတစ်ယောက်ဖြစ်သည်။ ထိုလူငယ်လေးသည် ကျဆုံးသွားသည်။ ဝမ်းနည်းဖွယ်ရာကောင်းလှသည်။ သို့သော် တစ်ဦးတစ်ယောက်ထဲအတွက် ကျဆုံးသွားခြင်းမဟုတ်ဘဲ ပြည်သူအားလုံးအတွက် ကျဆုံးသွားရခြင်း ဖြစ်သည်။

ယခုလိုမျိုး လူငယ်လေးများ ဘယ်နှစ်ယောက်ထိအောင် ​နောက်ထပ်ကြွေလွင့်ရအုံးမှာလဲ။ ယခုလိုမျိုး လူငယ်လေးများသည် တိုင်းပြည်၏ ရတနာများဖြစ်သည်။ ထို့အတူပင် ယခုလိုမျိုးလူငယ်လေးများသည် စစ်အာဏာရှင်ကို တော်လှန်နေကြသည့် ပြည်သူများထဲတွင် ထိပ်ဆုံးကနေပြီး ရဲရဲဝံ့ဝံ့ပါဝင်နေသည့် Generation Z များလည်း ဖြစ်နေပြန်ပါသည်။ မြန်မာ့နွေဦးတော်လှန်ရေးနေ့ရက်များထဲက နေ့တစ်နေ့တွင် ဖြစ်ပါ၏။ အရေး တော်ပုံ အောင်ရမည်။

ဦးနွေ

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar