Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၇ ရက် မြောက်နေ့ မြင်ကွင်း



ဇွန်လ ၈ ရက်နေ့ ဖားကန့်မြို့နယ် တာမခန်မြို့သစ်က ပြည်သူများရဲ့ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး သပိတ်စစ်ကြောင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၇ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၇၊ ၂၀၂၁

ဒီနေ့ သတင်းတွေထဲ ဂရုပြုမိတဲ့ သတင်းတွေကတော့ စစ်ကောင်စီရဲ့ တပ်တွေကို ရရာလက်နက်နဲ့ ခုခံစစ်ဆင်နွှဲခဲ့တဲ့ ချင်းပြည်နယ် မင်းတပ်ကာကွယ်ရေး တပ်ဖွဲ့တွေဘက်က ကျဆုံးသူ ၂၂ ဦးရှိပြီ ဆိုတဲ့ သတင်း၊ ဒေါ်အောင်ဆန်းစုကြည် ဦးဝင်းမြင့် နဲ့ ဒေါက်တာမျိုးအောင်တို့ ရုံးချိန်းနေ့ အသုံးစရိတ်လိုအပ်တဲ့အကြောင်း ရှေ့ေနတွေကို စီစဥ်ပေးဖို့ပြောတယ်ဆိုတဲ့ သတင်းတွေဖြစ်ပါတယ်။

ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့က ပြီးခဲ့တဲ့ ၁ လကျော်ကတည်းကစလို့ ခုခံမှု အရှိန်မြင့်လာပြီး ချင်းတောင်မြေကာကွယ်ရေး CDF အမည်နဲ့ မြို့ကို ထိန်းချုပ်ခဲ့ရာက စစ်ေကာင်စီတပ်တွေ မြို့ကို အကူမပို့နိုင်အောင် CDF က တားဆီးတိုက်ခိုက်ခဲ့ပါတယ်။ အဲဒီနောက် ရဟတ်ယာဥ်နဲ့ တပ်ကူဖြည့်တာတွေ မြို့ကို ပြန်သိမ်းဖို့ ကြိုးစားတာတွေ အင်အားအများအပြားသုံး လက်နက်ကြီးစစ် လေယာဥ် အကူတွေနဲ့ နှိမ်နှင်းဖို့ကြိုးစားခဲ့ပြီး အရပ်သား ထောင်ပေါင်းများစွာလည်း မြို့ကို စွန့်ခွာကာ စစ်ဘေးရှောင်စခန်းတွေ ယာယီလုပ်ပြီး တိမ်းရှောင်နေကြရတာ ခုချိန်ထိဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေကတော့ မင်းတပ်မြို့ကို လက်ရှိမှာ ထိန်းချုပ်ထားပြီး စျေးဆိုင်တွေ၊ ပိုင်ရှင်စွန့်ခွာသွားတဲ့ အိမ်တွေ စျေးဆိုင်တွေထဲက ပစ္စည်းတွေ ယူချင်သလိုယူ ဖျက်ဆီးတာတွေ ဖျက်ဆီးလုပ်နေတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။

တနိုင်ငံနဲ့ တနိုင်ငံ စစ်ဖြစ်ကြတဲ့အခါ ရန်သူနယ်မြေသိမ်းတဲ့အခါ စစ်နိုင်တဲ့သူတွေက ရန်သူ့ပစ္စည်းယူ ဖျက်ဆီးကြသလိုမျိုး ပြည်ထောင်စု မပြိုကွဲရေး ဆိုတဲ့ ဆယ်စုနှစ်များစွာ အကြောင်းပြ တို့တာဝန်အရေးသုံးပါး လုပ်နေတဲ့ စစ်တပ်တွေက ကျင့်သုံးကြတာလည်း ဖြစ်ပါတယ်။

တိုင်းရင်းသားနယ်မြေဖြစ်စေ ပြည်မက ဗမာလူမျိုးတွေ နေထိုင်တဲ့ နေရာဖြစ်စေ နိုင်ငံရေးအရ သဘောထားကွဲ ခုခံကြပြီဆိုတာနဲ့ ဒေသတခုလုံးကို ၊ လက်နက်ကိုင်သူရော မကိုင်တဲ့ အရပ်သား အမျိုးသမီး နဲ့ ကလေးငယ်ပါမကျန် ရန်သူအဖြစ် သတ်မှတ် ဖမ်းဆီး ပစ်ခတ်သတ်ဖြတ်တာ စစ်ကောင်စီ တပ်တွေရဲ့ ထုံးစံလိုဖြစ်နေပါပြီ။

ကရင်ပြည်နယ်မှာလဲ လုပ်ခဲ့သလို ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်တို့မှာလည်း လုပ်ခဲ့တာပါ။ လတ်တလော လပိုင်းတွေမှာတင် ချင်းပြည်နယ် ၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ၊ စစ်ကိုင်းတိုင်း မကွေးတိုင်းတို့မှာ လက်နက်နဲ့ ခုခံကြတာ၊ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ တိုက်ပွဲတေွကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်ကြရသူတွေ သောင်းနဲ့ သိန်းနဲ့ချီရှိလာပါပြီ။ မုတ်သုန် မိုးရာသီရောက်လာချိန် အမိုးအကာကောင်းကောင်းမွန်မွန်မရှိ ၊ ရိက္ခာလုံလုံလောက်လောက် မရှိတဲ့ စစ်ဘေးရှောင်သူတွေရဲ့ ဒုက္ခအခက်အခဲတွေက တွေးကြည့်ရုံနဲ့တင် စိတ်မကောင်းဖြစ်စရာ ကြေကွဲစရာကောင်းပါတယ်။

အခုလို စစ်ဘေးရှောင်တွေရဲ့ ဒုက္ခတွေ ၊ ရတဲ့လက်နက်နဲ့ ခုခံမှုတိုက်ပွဲတွေ၊ ကျဆုံးမှုတွေ သတင်းတွေ နဲ့အတူ ဒီနေ့ ဇွန်လ ၇ ရက်နေ့ တနင်္လာနေ့မှာ အန်အယ်လ်ဒီပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဝင်းမြင့်တုိ့ရဲ့ ရုံးချိန်းနေ့လည်း ဖြစ်ပါတယ်။ တရားရုံးကိစ္စနဲ့ ရုံးထုတ်တဲ့နေ့မှာ ရှေ့နေတွေကို ဒေါ်အောင်ဆန်းစုကြည်က တောင်းဆိုတာတော့ သူနဲ့အတူ နေထိုင်သူ ၉ ဦးတို့အတွက် ဆေးဝါး အသုံးစရိတ် ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က စစ်ကောင်စီဘက်က ကုန်ကျခံပေးမယ့် ကမ်းလှမ်းချက်ကို လက်မခံလိုပဲ မိမိဘာသာ ကုန်ကျခံလိုတဲ့အတွက် ရှေ့နေတွေကို တတ်နိုင်ရင် စီစဥ်ပေးဖို့ ကျပ် သိန်း ငါးဆယ်လောက် တောင်းဆိုခဲ့တယ်လို့ သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။

အမှုကို စတင်စစ်ဆေးစဥ်ကနေ ရက်ပေါင်း ၁၈၀ (၆လ) အတွင်း ပြီးစီးအောင် စစ်ဆေးမယ်လို့လည်း သတင်းဖေါ်ပြချက်တွေအရ သိရပါတယ်။ လတ်တလော ဖြစ်ပျက်နေတဲ့ ဗုံးကွဲမှုတွေ၊ သတ်ဖြတ်မှုတွေ၊ ချင်းပြည်နယ် နဲ့ ကယားပြည်နယ်က ခုခံတိုက်ခိုက်မှု စစ်ဘေးရှောင် သူတွေ၊ NUG အစိုးရနဲ့ ပတ်သက်တာတွေတော့ တစုံတခုမှ ဒေါ်အောင်ဆန်းစုကြည်က ရှေ့နေတွေကို ပြောသွားတာမရှိခဲ့ပါဘူး။

အထက်က ဂရုပြုမိတဲ့ သတင်း၂ ပုဒ် အပြင် အခြားသော သတင်းတွေကတော့ စာသင်ကျောင်း အနီးဗုံးကွဲတာတွေ၊ စာသင်ကျောင်းမီးလောင်တဲ့ သတင်းတွေ၊ ဒေသအလိုက် ပီဒီအက်ဖ်တွေက စာသင်ကျောင်းတွေက ဗုံးကွဲတာတွေက သူတို့နဲ့ မသက်ဆိုင်ဘူးဆိုတဲ့ ထုတ်ပြန်ချက်မျိုးတွေ ထုတ်တာလည်း တွေ့ရပါတယ်။

အုပ်ချုပ်ရေးမှူးရုံးတွေကို မီးရှို့တာ ဗုံးခွဲတာတွေတော့ နားလည်နုိင်ပေမယ့် စာသင်ကျောင်းတွေမီးရှို့တာမျိုး စာသင်ကျောင်းတွေမှာ ဗုံးထောင်တာမျိုးက ဘယ်အဖွဲ့တွေ လုပ်လုပ် မလုပ်သင့်တဲ့ လုပ်ရပ်လို့မြင်ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်က ပဲခူးတိုင်းက စာသင်ကျောင်းမှာ ဗုံးကွဲမှုကြောင့် ဆရာ ၃ ဦးသေဆုံးခဲ့တဲ့ သတင်းဖတ်ရှုခဲ့ရပါတယ်။ စီဒီအမ်မလုပ်တဲ့ ကျောင်းဆရာမို့လို့ဆိုပြီး အသက်ဆုံးရှုံးတဲ့အထိ တော့ ပစ်မှတ်မထားသင့်ဘူးလို့လည်း မြင်ပါတယ်။ ဒီလို ဗုံးခွဲတဲ့ လုပ်ရပ်တွေကို ပျူစောထီးလို့ အမည်ပေးထားတဲ့ စစ်တပ်ထောက်ခံသူ လျှို့ဝှက်အဖွဲ့ကလုပ်တယ်လို့ လည်း ဆုိရှယ်မီဒီယာတွေမှာ ရေးသားတာတွေ ရှိပေမယ့် သီးခြား အတည်ပြုမှု သက်သေ အထောက်အထားနဲ့ ဖေါ်ထုတ်တာမျိုးတော့မတွေ့ရသေးပါဘူး။

တိုင်းပြည်က ကျရှုံးတဲ့နိုင်ငံတနိုင်ငံအဖြစ် သက်ဆင်းသွားနုိင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ စိုးရိမ်မှုတွေ ရှိစဥ်မှာပဲ တစတစနဲ့ ကျရှုံးနိုင်ငံအဖြစ်ကို လျောကျနေပြီလားလို့ ယူဆစရာ ရှိပါပြီ။ စစ်ဘေးရှောင်စခန်းတွေမှာ ဆေးကုသဖို့ လိုအပ်နေပေမယ့် ကုသမှုမခံယူနိုင်သူ၊ ရိက္ခာအခက်အခဲတွေရှိနေပေမယ့် ပိတ်ဆို့ ဖြတ်တောက်ခံထားရလို့ ရိက္ခာ မဝယ်နိုင်သူ၊ ကိုယ့်အိမ်မှာ ကိုယ့်ရွာမှာ ရိက္ခာရှိပေမယ့် မသယ်ယူနိုင် သို့မဟုတ် ဖျက်ဆီးခံလိုက်ရလို့ ဆုံးရှုံးသွားတဲ့ အဖြစ်တွေက နုိင်ငံအနှံ့အပြားမှာ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာနေတာဟာ ကျရှံုးနိုင်ငံအဖြစ် တစိတ်တပိုင်း ရောက်နေပြီလို့ပဲ ဆိုရပါတော့မယ်။

သည်ကျရှုံးနိုင်ငံတခု ဖြစ်လာခဲ့ရင် နိုင်ငံတကာကုလသမဂ္ဂနဲ့ အဖွဲ့အစည်းတွေက ထောက်ပံ့ကူညီရေးတွေ ပို့ပေးဖို့ ပြင်ဆင်နေကြတာ လွန်ခဲ့တဲ့ ၂လ ကတည်းက ကြိုပြင်ထားတာလို့ ဆိုပါတယ်။ ကမ္ဘာနိုင်ငံရေးသမားတွေ ခေါင်းဆောင်အတွက် တိုင်းပြည်တခုမှာ ဘယ်သူအုပ်ချုပ်အုပ်ချုပ် တရားသည် မတရားသည်ကို တိုက်ရိုက်ဝင်မစွက်ဖက်ကြတာ အစဉ်အလာဖြစ်ပါတယ်။ အုပ်ချုပ်မင်းလုပ်သူ ညံ့ဖျင်းလို့ တိုင်းပြည်တခု ကျရှုံးနိုင်ငံဖြစ်သွားချိန်ကျတော့မှသာ စားနပ်ရိက္ခာ လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့ လုပ်ရန် ဝန်မလေးကြပါဘူး။ ကျရှုံးနိုင်ငံမဖြစ်အောင် ကြိုတင်ကာကွယ်ပြီး အဖြေရှာဖို့ responsible to protect လုပ်ဖို့ သူတို့ မထက်သန်ကြတာက ထင်ရှားနေပါတယ်။

သည်အချိန်ကာလမှာ ပြည်သူတွေက မိမိတို့နိုင်ငံကျရှုံးနိုင်ငံမဖြစ်အောင် နည်းမျိုးစုံနဲ့ ကာကွယ်ပြီး မတရားအုပ်ချုပ်မင်းလုပ်တဲ့စနစ်ကို ကိုယ့်အားကိုယ်ကိုး ဖြုတ်ချဖို့သာ ရှိပါတယ်။ ပြည်တွင်း ပြည်ပက ပြည်သူတွေက သည်မေးခွန်းကို ရဲရဲမေးပြီး ရဲရဲဖြေကြရန်သာ လိုပါတယ်။ ဘယ်သူ့ကိုမှ အားကိုးလို့မရရင်တော့ မိမိတို့ မြန်မာပြည်သူအချင်းချင်း မိမိတို့ကို ထောက်ထားစာနာသူတွေအချင်းချင်းကြားမှာ ရိုးသားပွင့်လင်းတဲ့ ဆွေးနွေးပွဲတွေ သတင်းအချက်အလက် ဖလှယ်မှုတွေ အတွေးအမြင်သုံးသပ်ဝေဖန်မှုတွေ ပိုမိုကျယ်ပြန့်စွာ ပြုလုပ်ကြဖို့ လိုပါတယ်။ မိမိတို့အတွေးအမြင် အတွေ့အကြုံ သင်ခန်းစာ လေ့ကျင့်မှု ကျွမ်းကျင်မှုတွေ မြှင့်တင်တိုးတက်အောင် လုပ်ကြဖို့ လိုပါတယ်။ မိမိတို့ အမြင်ကို သည်ထက် ချဲ့ဖို့ ဘောင်ချဲ့ဖို့ လိုကြပါလိမ့်မယ်။ မိမိတို့ချင်း သဘောထားတူလို့ လုပ်ကြသူတွေအပြင် မတူညီသော်လည်း ပန်းတိုင်တူကြသူတွေနဲ့လည်း လက်တွဲလုပ်ကိုင်ကြဖို့ကို ပိုမိုကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။

ဥပမာတခုက - CDM လှုပ်ရှားမှု ဖြစ်ခါစမှာ ပြည်သူတွေက မိမိအစုအဖွဲ့တွေနဲ့ မိမိတို့ ပတ်ဝန်းကျင်က ဝန်ထမ်းတွေကို စောင့်ရှောက်ကြပါတယ်။ နောက်တော့ မိမိတို့အချင်းချင်းစောင့်ရှောက်မှုနဲ့ မလုံလောက်တော့ မနိုင်မနင်းဖြစ်လာတော့ CRPH ဦးဆောင်တဲ့ CDM Support ကိုပဲ အားကိုးရမယ်လို့ အမြင်ပြောင်းသွားကြပါတယ်။ သို့သော် CRPH CDM Support တွေကိုယ်တိုင်လည်း အကန့်အသတ်တွေ အခက်အခဲတွေဖြစ်လာတဲ့အခါ ပြည်သူတွေက မိမိတို့ဖာသာ ကူညီမှုကို ပြန်လည် စုဖွဲ့လုပ်ဆောင်ကြရပြန်ပါရော။ အဲသည်အခါ CDM ဝန်ထမ်းတွေခင်မျာ မလောက်မငှနဲ့ ခုချိန်ထိ အခက်အခဲပေါင်းစုံနဲ့ မနည်းအားတင်းရုန်းကန်နေကြရတာ တွေ့နိုင်ပါတယ်။ အလှူရှင်တွေကော အလှုခံတွေပါ ပြည်တွင်းပြည်ပ တနှံတလျား ဆန့်ထွက် ပြန့်ကားကုန်ကြရပါတယ်။ Non CDM ဝန်ထမ်းတွေအဖြစ် ကူးပြောင်းကုန်ကြတာကိုလည်း ရင်ဆိုင်ကြရပါတယ်။ CDM ဝန်ထမ်းတွေအတော်များများကလည်း စစ်ဘေးရှောင်တွေလိုပဲ နေရပ်စွန့်ခွာ တိမ်းရှောင်ရတဲ့အဖြစ်ကို ရောက်ရှိကုန်ပါတယ်။ သည်အခြေအနေကို ပကတိအတိုင်း ဝန်ခံသုံးသပ်ပြီးတော့ ခေါင်းဆောင်တွေ ပြည်သူတွေ အလှူရှင်တွေ အလှူခံတွေ ကူညီစောင့်ရှောက်သူတွေ သတင်းအချက်အလက် အခြေအနေတွေကို မျှဝေတိုင်ပင်ပြီး အကောင်းဆုံးအဆင်ပြေဆုံးနည်းလမ်းတွေ ရှာဖွေကြရမှာ ဖြစ်ပါတယ်။ ငါတို့နိုင်သလောက်ပဲ လုပ်မယ်။ မနိုင်တာ သူများတွေ မနေနိုင်လို့ ဝင်လုပ်ကြလိမ့်မယ်ဆိုတာမျိုးနဲ့တော့ ရေရှည် တိုက်ပွဲကို အနိုင်တိုက်လို့ ရမှာ မဟုတ်ပါဘူး။

သည်လိုပဲ ပြောက်ကျားနဲ့ ပီဒီအက်ဖ် ကို ဝိုင်းဝန်းကူညီ လက်တွဲတိုက်ပွဲဝင်ကြဖို့ ထောက်ပံ့ကြဖို့ အရေးတွေမှာလည်း မိမိတို့နီးစပ်ရာအချင်းချင်း လုပ်ကိုင်နေတာကနေ ချိတ်ဆက် မြှင့်တင် ကျယ်ပြန့်စေဖို့ ဆွေးနွေးလုပ်ကိုင် တိုင်ပင်ကြရမှာ ဖြစ်ပါတယ်။ CRPH NUG တွေ တိုင်းရင်းသားလက်နက်ကိုင် နီးစပ်ရာတွေချည်းဆိုတာထက် ပြည်သူတွေကိုယ်တိုင် တိုက်ရိုက် ပွင့်လင်းမြင်သာသော စည်းကမ်း နည်းလမ်း လုပ်ငန်းစဉ်များနဲ့ တိုက်ပွဲကို ဝန်းရံကြဖို့ ဝင်ထမ်းကြဖို့ လိုနေပါတယ်။ သတင်းမှားတွေ လုပ်ကြံသတင်းတွေ လူလိမ်လူညာတွေ အလွဲသုံစားလုပ်တာတွေ ဒလန်တွေ သူလျိုတွေရဲ့ ထိုးဖောက်တန်ပြန် အဖျက်အမှောက်တွေကို တွန်းလှန်နိုင်ဖို့က ပြည်သူတွေအချင်းချင်းကြားက ချိတ်ဆက်မှု သတင်းစိးဆင်းမှု သဘောထားတွေ မျှဝေတိုင်ပင် ဆွေးနွေးမှုတွေ အလွန်ကို လိုအပ်နေပါတယ်။

မိမိရဲဘော်တွေ ကြုံခဲ့တဲ့ ဥပမာကို ပြောပြချင်ပါတယ်။ အိန္ဒိယနယ်စပ် မီဇီုရမ်မှာ ကျောင်းသားလက်နက်ကိုင်တပ်ထောင်ကြမယ်ဆိုလို့ ၈၈ အရေးတော်ပုံတုန်းက မဟာမြိုင်တောကြိးကို ဖြတ်ပြီး ကျောင်းသားတွေ အရောက်သွားကြပါတယ်။ အဲသည်အုပ်စုတခုထဲက မိမိ၏ ရဲဘော်တဦး မဟာမြိုင်တောနက်ကြီးထဲ လမ်းပျောက်ပြီး ကျန်ရစ်ခဲ့ပါတယ်။ ရန်သူစစ်တပ်ကြားသိမှာစိုးလို့ သူ့ဖာသာသူ ကြိတ်ပြီး လမ်းစပြန်ရှာသော်လည်း မျက်စိလည်ပြီး လမ်းမတွေ့တော့ပါဘူး။ နောက်ဆုံး တပတ်လောက်ကြာတော့ ကြံရာမရဖြစ်ပြီး တောကြီးမျက်မည်းထဲမှာ အသံကုန် “ကယ်တော်မူကြပါဗျို့” လို့ အော်ဟစ်အကူတောင်းမိပါတော့သတဲ့။ အော်လည်း အော်လိုက်ရော ချက်ခြင်းဆိုသလို တောထဲ လှည့်လည်နေတဲ့ ဌာနေတိုင်းရင်းသားမုဆိုးတွေ ရောက်လာပြီး သူ့ကို ကယ်ဆယ်လိုက်ပါသတဲ့။ မုဆိုးတွေကလည်း ပြောပါတယ်။ ‘မင်းကို ငါတို့ တွေ့တာ ကြာပြီကွ။ ဘာလုပ်နေမှန်းမသိလို့ အသာစောင့်ကြည့်နေတာ။ အခုလို ကယ်ကြပါဗျိုး အော်လိုက်တော့ … အော် မင်းလမ်းပျောက်နေတာမှန်းသိပြီး ကယ်ရတာပေါ့ကွာ’ တဲ့။ ကျနော်တို့လည်း မိမိတို့ဘာသာ ကြိတ်ပြီး အဖြေရှာတဲ့အချိန်ရှိသလို မိမိတို့ နဲ့ အခြားကွန်ယက်တွေ ယုံကြည်မှုတွေ တည်ဆောက်၊ ရိုးသားပွင့်လင်းစွာ ဆွေးနွေး ချိတ်ဆက်တိုင်ပင်ကြ၊ အဖြေရှာကြဖို့ လိုအပ်ရင် လိုအပ်တာကို ဝန်ခံပြီး ဆောင်ရွက်ကြစေလိုကြောင်း ခေါင်းဆောင်များ ပြည်သူများ ရဲဘော်များ အားလုံးကို တိုက်တွန်းလိုက်ရပါကြောင်း။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar