Breaking News

လင်းလက်နွေဦး - ဘုရားသတ် သတ်ခံရမယ်

Image- Crd ( Google)
ဘုရားသတ် သတ်ခံရမယ်
လင်းလက်နွေဦး
(မိုးမခ) ဇွန် ၂၄၊ ၂၀၂၁


မနေ့ညက သားတော်မောင်ကို ချော့သိပ်တာပေါ့လေ၊ ပုံပြင်တစ်ပုဒ် ပြောပြပါတယ်။ ပုံပြင်ဆိုတာ စိတ်ကူးယဉ်ပုံပြင်တွေလည်း ရှိသလို နိပါတ်တော်လာ၊ နီတိပုံပြင်တွေလည်း ရှိတယ်နော်။ သားလေးက ဆိုးနွဲ့ ချင်တယ်၊ တခါတလေ သွေးတိုးစမ်းတဲ့အနေနဲ့ ထင်ပါတယ် ကလန်ကဆန် လုပ်တတ်တယ်။ ဒီတော့ ဘာ ပြောရမလဲလို့ စဉ်းစားမိပါတယ်။ စိတ်တွေကလည်း သတင်းတွေနောက် လိုက်နေတာမို့ မနည်းစုစည်းနေရပါ တယ်။ မဟာဂန္ဓာရုံ ဆရာတော်ကြီးကိုတောင် အပြစ်တင်မိပါတယ်။ ဆရာတော်က နောက်ဘဝဆိုတာကိုများ ရွေးချယ်ခွင့်ရှိရင်၊ မြန်မာပြည်မှာပဲ လူလာဖြစ်ချင်တယ်တဲ့လေ။ တပည့်တော်တော့ မြန်မာပြည်မှာ လူမဖြစ် ချင်ဘူး။ လူလာဖြစ်ရင်လည်း လက်နက်ကိုင်သူပုန်ပဲ ဖြစ်ချင်ပါတယ်ဘုရား။ ကိုဗစ်ကာလတုန်းက တုံးအအလူတွေကို ပစ်သတ်ချင်ခဲ့တယ်။ အခုလို နိုင်ငံတော်လုပ်ကြံမှုဖြစ်ပွားနေချိန်မှာတော့ ‘မအလ’တွေကို ပစ်သတ်ချင်နေတယ်။ လက်နက်မဲ့တွေကို လက်နက်ကြီးတွေ ပြပြပြီး ခြိမ်းခြောက်နေတာ၊ လူစုလူဝေးထဲကို သူရဲကောင်း ထင်တစ်လုံးနဲ့ ပစ်ရဲနေတာ ရွံစရာရှက်စရာကြီးပါပဲ။

‘ထင်’ဆိုလို့ အဘိဓမ္မာမှာ ‘ထင်’သုံးလုံး ရှိတယ်လို့ သိမှတ်ခဲ့ရပါတယ်။ လူတစ်ကိုယ် ထင်တစ်လုံး မဟုတ်ဘူး၊ ထင်သုံးလုံးလို့ ပြောပါတယ်။ မှတ်မိသလောက်ပြောရရင် လူတယောက်ဟာ ကိုယ့်ကိုကိုယ် ‘လူ’လို့ ထင်နေရမယ်လို့တဲ့။ ‘စာ’ထဲက ဥပမာက လူဟာ ကိုယ့်ကိုကိုယ် လူလို့ မထင်ဘဲ၊ တိရစ္ဆာန်လို့ ထင်မြင် နေရင်၊ တိရစ္ဆာန်ကျင့် တိရစ္ဆာန်ကြံ ကျင့်ကြံနေမှာပါပဲ။ လူ့အဆင့် မမီဘူးပေါ့၊ ပြောနေကြအတိုင်း ပြောရရင် ‘ခွေးကျင့်ခွေးကြံ’ ကျင့်ကြံမှာပေါ့။ ဒါကြောင့် လူလို့ထင်မြင်တဲ့ ထင်တစ်လုံး ရှိရပါမယ်။ ကြီးနိုင်ငယ်ညှဉ်း တောတွင်းဥပဒေလို့ ဆိုတဲ့အတွက် ဒီလိုမျိုး ကြီးနိုင်ငယ်ညှဉ်း လုပ်နေရင်တော့ လူမပီသတော့ဘူးပေါ့။ ဒီနေရာမှာလည်း ‘လူ’ဆိုတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက်ကိုတော့ သိရမှာပေါ့။

လူဆိုတာမျိုးက ဆရာ့ဆရာကြီးများလေသံနဲ့ ပြောရရင် ‘အညွန့်တလူလူ’ရှိနေတာပေါ့လေ။ အထက်ကို တက်လှမ်းနေတဲ့သူတွေ။ ဒီလိုဆိုတော့ လူမဟုတ်တဲ့ တိရစ္ဆာန်တွေမှာရော၊ အထက်တက်လှမ်းတာ မရှိဘူးလားဆိုတော့ ရှိတော့ ရှိတယ်၊ ရှားတယ်နော်။ ဗုဒ္ဓဘုရားလက်ထက်တုန်းက အဖြစ်အပျက်လေးတွေ ရှိခဲ့ ဖူးတယ်။ တောရဆောက်တည်တဲ့ ရဟန်းမ (ဘိက္ခူနီမ)တစ်စုက လေပြင်းမုန်တိုင်းမိလာတဲ့ ကြက်တူရွေးလေးတစ်ကောင်ကို ကောက်ယူမွေးစားထားသတဲ့။ ကြက်တူရွေးလေးက ဉာဏ်ကောင်းတယ် ထင်ပါ့။ တစ်နေ့ တော့ စွန်တစ်ကောင်က သုတ်ချီသွားတော့ ရဟန်းမတွေက ခြောက်လှန့်လိုက်တာ ပြန်လွှတ်လာတယ်။ ဒီတော့ အဲဒီငှက်ကလေးကိုဘယ်လိုခံစားမိလဲလို့ ဝိုင်းမေးကြတာပေါ့။ ကြက်တူရွေးလေးက ‘အရိုးစုကြီးတခုက အရိုးစုလေးတခုကို ချီနေပါ့လား’ လို့ နှလုံးသွင်းမိသတဲ့။ တစ်ခါကလည်း မြတ်စွာဘုရား တရားဟောနေတာကို နွားကျောင်းသားလေးတစ်ယောက်က လာကြည့်တယ်။ အဲဒီကောင်လေးရဲ့ နဂံ (နွားနှင်တံ)က ဗုဒ္ဓ အသံတော်မှာ သာယာနေတဲ့ ဖားလေးပေါ် ထောက်မိလျက်သား ဖြစ်သွားတယ်။ အဲဒီဖားလေး နေရာမှာ ပွဲချင်းပြီးသွားပေမယ့် နတ်သားအဖြစ်နဲ့ တရားပွဲကို ပြန်ရောက်လာတယ်လို့ မှတ်ခဲ့ရပါတယ်။

တချို့ကတော့ လူပုံပန်းသာရှိပေမယ့် ‘အထက်’မတက်နိုင်ဘူး။ ဒါဆိုရင် လူဖြစ်ရှုံးတယ်ပေါ့။ လူဆိုတာ အရေးကြီးဆုံးကတော့ ‘မှန်၏ မှား၏’လောက်က တော့ အသိဉာဏ်ရှိသင့်ပါတယ်။ ကိုယ်ပိုင်ဉာဏ်နဲ့ မသိနိုင်ရင်လည်း သိရှိလိမ္မာသူတွေထံ ဆည်းကပ်ရမယ်ပေါ့။ လောကနီတိအရပြောရရင် ကိုယ်က ဖက်ရွက် ဖြစ်နေအုံးတော့ ပန်းစံပယ်တွေကို ထုပ်ထားရမှာပေါ့။ နောက်တခုက ကိုယ့်ထက်အားနည်းသူကို သနား ငဲ့ညှာခြင်းပဲ ဖြစ်ပါတယ်။ တချို့ကတော့ တွေးကြမှာပေါ့၊ အားနာစရာမလိုဘူး၊ ကိုယ်တိုးတက်ဖို့အတွက် ဘယ်သူ့ဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် ချနင်းရမှာပဲလို့။ ဒါဆို၊ တောတွင်းဥပဒေသမားလို့ ပြောလို့ရပါတယ်။ လူ မဟုတ်တော့ဘူး။

အဲဒါကြောင့် အတ္တသမားလူနည်းစုက မတရားပြု အုပ်ချုပ်ချင်နေတဲ့ မြန်မာပြည်မှာ မနေချင်ပါဘူး။ ဆရာတော်ကတော့ အင်္ဂလိပ်တွေ၊ ဂျပန်တွေလောက်နဲ့ပဲ တွေ့ကြုံခဲ့ရလို့ သည်းခံနိုင်ခဲ့တယ် ထင်ပါရဲ့။ အရှင်ဘုရားသာ ခုခေတ် မွေးလာရင် စာဝါကောင်းကောင်းမချနိုင်၊ ကျမ်းလည်း မပြုနိုင် ဖြစ်ပါမယ်ဘုရား။ မြန်မာပြည်ခမျာ ရောင်နီပေါ်လိုက်၊ တိမ်ဖုံးလိုက်နဲ့။ ‘မိုးပေါ်မှာ ကြယ်တစ်လုံး၊ တိမ်ဖုံးပါလို့ လ’မသာ၊ သာတဲ့အခါ သာပါလိမ့်မယ်၊ နတ်ဒေဝါ သူဖန်းဆင်း၊ ဖိုးရွှေလမင်း’တဲ့။ ‘တိမ်’ကြာကြာ မဖုံးနိုင်ပါဘူး။

သားငယ်လေးက မော့ကြည့်လာတယ်။ ပြောတော့လေ ဆိုတော့…

ဗုဒ္ဓဘုရားရှင်ကို မြင်းထိန်းဆရာတစ်ယောက်က လာမေးတယ်။ အဲဒီခေတ်တုန်းက မြတ်စွာဘုရားက ဆယ်လီဆိုတော့ ဟိုက ဒီက မေးမြန်းလျှောက်ထားသူတွေ နေ့စဉ်နဲ့အမျှပေါ့။ ခု လာမေးသူက အဲဒီမြို့ရဲ့ ဆယ်လီတစ်ယောက်ပါပဲ။ အဲဒီအချိန်တုန်းက ‘မြင်း’ဆိုတာ အသုံးဝင်လှတယ်၊ စီးပွားကူးသန်းမှာလည်း မြင်းတွေရှိတယ်၊ ဘုရင့်စစ်တပ်မှာလည်း မြင်းတပ်ရှိတယ်။ ဟိုဟိုဒီဒီ ခရီးသွားရင်လည်း ‘မြင်း’နဲ့ပဲ မဟုတ်လား။ ဒီတော့ ဟိုသူဋ္ဌေး ဒီသူကြွယ်တွေမှာ မြင်းတွေ ဝယ်ထားကြသလို။ ဘုရင်ကိုယ်တိုင်ကလည်း မြင်းထိန်းတွေ အများကြီးနဲ့ မြင်းတွေ မွေးထားရတယ်။ မြင်းထိန်းတွေ အများကြီးကြားထဲမှာ အခု တစ်ယောက်က ဆရာကျတယ်။ ဘုရင့်လက်စွဲ၊ သူဋ္ဌေးအချစ်တော်ပေါ့လေ။

ဘုရားရှင်ထံ ဘာလာလျှောက်တင်သလဲဆိုရင် ‘အရှင်ဘုရားက ဆုံးမသွန်သင်တဲ့နေရာမှာ သုံးဘုံလူ တွေရဲ့ ဆရာလို့ ပြောနေကြပါတယ်၊ ဘယ်လိုသင်ရိုး ဘယ် လိုနည်းဗျူဟာတွေ သုံးသလဲ’တဲ့။ ဒီတော့ ဘုရားက ဒကာကြီးလည်း နာမည်ကျော်မြင်းဆရာပဲ၊ ဒီတော့ မြင်းတွေကို ဘယ်လိုထိန်းကျောင်းသလဲလို့ ပြန်မေးပါတယ်။ မြင်းထိန်းကြီးက ‘ပထမ- မြင်းရဲ့ အင်ကြန်လက္ခဏာကို စစ်ဆေးကြည့်ပါတယ်ဘုရား’တဲ့။ ဒီမြင်းက စစ်မြင်းဖြစ်နိုင်တယ်၊ ဒီမြင်းကတော့ ဝန်ဆွဲသင့်တယ်၊ ဒီမြင်းက လယ်ယာလုပ်ငန်းခွင်မှာ သုံးသင့်တယ်ပေါ့။ မြတ်စွာဘုရားကလည်း ‘ငါဘုရားလည်း သတ္တဝါတွေရဲ့ အင်္ဂရုပ်ကို ကြည့်တယ်’လို့ ပြန်ပြောပါတယ်။ ချွတ်ထိုက်၏ မထိုက်၏ဆိုတဲ့ ပါရမီအနုအရင့်ပေါ့။ ပါရမီမရင့်သေးရင် အဦးဆုံးတွေ့ရတဲ့ ဥပါလိကြီးကိုတောင် တရားတစ်ခွန်း မဟောခဲ့ဘူး မဟုတ်လား။

နောက်ထပ်၊ မြင်းတွေကို ဘယ်လိုသင်ပေးလဲ မေးပြန်တော့ ချော့သင့်ရင် ချော့၊ ခြောက်သင့်ရင် ခြောက်ရပါတယ်လို့ ပြန်ဖြေပါတယ်။ ဒီအခါ ဗုဒ္ဓကိုယ်တော်မြတ်ကလည်း ဒီနည်းအတိုင်း ခြွေချွတ်ပေးတယ် လို့ ရှင်းပြပါတယ်။ ဒါနခန်း၊ သီလခန်း၊ ဘာဝနာခန်းတွေနဲ့ ဉာဏ်အဆင့်ဆင့် ရင့်သန်လာအောင် ဆုံးမပြသ တယ်ပေါ့။ ညီတော်နန္ဒကို တရားပြတော့ သစ်ငုတ်တိုပေါ်က မျောက်အိုမကြီး၊ ဘဒ္ဒကလျာဏီမင်းသမီး၊ နတ်သမီးတွေနဲ့ နှိုင်းယှဉ်ပြသတယ်နော်။ ရွှေပန်းထိမ်လူငယ်လေးတစ်ယောက်ကို‘ကြာပန်း’တစ်ပွင့် ပေးပြီး ထိုင်ကြည့်နေခိုင်းတယ်။ ဒီလို အံ့ဖွယ်သရဲတွေ အများကြီးပေါ့။

မြင်းအားလုံးကို သင်ပေးနိုင်သလားဆိုတော့ ဘယ်အားလုံးတော့ သင်မပေးနိုင်ဘူးပေါ့။ တချို့ကောင် တွေက ကတ်တတ်တတ် ကန့်လန့်ကောင်တွေပါတယ်လို့ ပြန်လျှောက်တင်တယ်။ ဒီလိုကောင်တွေကို ဘယ်လိုဆုံးမလဲ မေးကြည့်တော့၊ မြင်းဆရာဆိုတဲ့ နာမည်တော့ အပျက်မခံနိုင်ဘူး၊ ဒါကြောင့် သတ်ပစ်လိုက် ရတယ်လို့ ဖြေပါတယ်။ ‘ငါဘုရားလည်း ဒီလိုပါပဲ၊ နည်းအမျိုးမျိုးနဲ့ ဆုံးမသွန်သင်လို့ မရတဲ့သူတွေကို သတ်ပစ်တယ်’ဆိုတော့ ‘အရှင်ဘုရားက သူ့အသတ် မသတ်ဘူးဆို’လို့ ပြန်မေးလာတယ်။

ဘယ်လိုမှဆုံးမသွန်သင်လို့ မရတဲ့ ပေကတ်ကတ်တွေကို နောက်ထပ် မဆုံးမတော့ဘူး။ ဆုံးမဖို့ မကြိုးစားတော့ဘူး။ ပစ်ပယ်ထားလိုက်တယ်။ ဒီလိုမျိုး ဘုရားကိုယ်တိုင်တောင် ခြွေချွတ်လို့မရတဲ့သူကို ဒီလို ပစ်ပယ်ထားလိုက်တာ၊ ဥပက္ခာပြုလိုက်တာဟာ ‘အသက်မသေပေမယ့် ဘဝသေတာပဲ’၊ ‘တစ်ဘဝစာမက တစ်သံသရာလုံး သေနေတော့တာပဲ’လို့ ပြန်ဖြေပါတယ်။

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ တွေ့တတ်တယ်၊ လူကြီးသူမတွေက ဆိုဆုံးမမရသူတွေ၊ မိဘဆရာတွေက သွန်သင်လို့ မရသူတွေ၊ မိတ်ကောင်းဆွေကောင်းတွေက ဘယ်လိုမှ လမ်းကြောင်း တည့်မရသူတွေ ရှိတယ်။ မိုက်တွင်းနက်သူတွေ၊ အကုသိုလ် ချေး(ကြေး)အထပ်ထပ် ဖုံးလွှမ်းနေသူတွေပေါ့။ ကျွန်တော်တို့ ကြိုးစားပြီး၊ အထပ်ထပ်အခါခါ ကြိုးစားပြီး တွဲခေါ်ကြည့်ပါမယ်။ သိကြားမင်း နကင်းကြီးနဲ့ ဆင်းလာလည်း ‘ဗူးဆို ဖရုံမသီးတဲ့သူတွေ’ကို ကျွန်တော်တို့ ဘာဆက်လုပ်ရမလဲ။ သူ့ထိုက်နဲ့သူ့ကံဆိုပြီး ပလေယျကန် ပြုလိုက်ရုံပါပဲ။ ဒါကို အခုခေတ်စားနေတဲ့ စကားနဲ့ ပြောရရင်  Social Punishment ‘လူထုက ဝိုင်းကျဉ်တယ်’ပေါ့။

လင်းလက်နွေဦး
၁၀.၂.၂၀၂၁ မနက် ၉နာရီ ၃၇မိနစ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar