Breaking News

ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၅

photo credit - Thanlwin Time


ကိုအောင်မှိုင်း - ကျွန်တော်ဖြတ်သန်းခဲ့သော ပြောက်ကျားစစ်ခရီး - ၅

(မိုးမခ) ဇွန် ၁၊ ၂၀၂၁

၄။ မြန်မာနိုင်ငံ၏ လက်ရှိထူးခြားမှုရှိသော အလားအလာကောင်းများကိုဆုတ်ကိုင်ခြင်း

ကနေ့မြန်မာနိုင်ငံရဲ့ထူးခြားချက်ဆိုတာ လက်တွေ့ရုပ်ဘဝက ပြဌာန်းပေးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံ လူ မျိူးပေါင်းစုံပြည်သူလူထုကြိးဟာ သွေးတွေ ချွေးတွေ အသက်တွေ ရုပ်ခန္ဓာတွေ စွန့်လွှတ်အနစ်နာခံပေး ဆပ် မှုတွေပေါ်က တူညီတဲ့ဘုံသဘောတူညီချက်ကို လူတိုင်းကိုယ်စီဆုံးဖြတ်ချက်ချလိုက်နိုင်တာဘဲဖြစ် ပါတယ်။ အဲဒီဆုံးဖြတ်ချက်ကတော့ “ငါတို့ ဒီအကြမ်းဖက် ဖက်ဆစ်စစ်တပ်ကို လက်နက်ကိုင်တော်လှန် မှ ငါတို့တွေဘ၀ ငါတို့မျိူးဆက်တွေဘဝကို ကာကွယ်စောင့်ရှောက်နိုင်မယ်”ဆိုတဲ့ တူညီတဲ့ယုံကြည်ချက် ဘဲဖြစ်ပါတယ်။ ဒီအတွက် “ငါတို့နိုင်ငံသစ်မွေးဖွားကြပါစို့” ဆိုတာမြန်မာနိုင်ငံသားအားလုံးရဲ့ တူညီတဲ့ သ ဘောထား တူညီတဲ့ ယုံကြည်ချက် တူညီတဲ့တောင်းဆိုမှုဖြစ်သွားခဲ့ရခြင်းဘဲဖြစ်တယ်လို့ ကျနော်အလေးအ နက်တင်ပြချင်ပါတယ်။

နွေဦးတော်လှန်ရေးကာလအစပိုင်းက ကျနော့်ဆောင်းပါးတချိူ့မှာ ရေးခဲ့သလိုပါဘဲ။နွေဥိးတော်လှန်ရေးမှာ စ လယ် ဆုံးဆိုတဲ့ တော်လှန်ရေးကာလကိုဖြတ်ကြရလိမ့်မယ်လို့ ကျနော်ယုံကြည်ကြောင်းပြောခဲ့ပါတယ်။ ဆိုလို ချင်တာက နွေဦးတော်လှန်ရေးကာလအစမှာ လူထုဟာမိမိတို့ရဲ့ လူ့အခွင့်အရေးဆုံးမှုတွေအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုကြရတာကတော့ မလွဲမသေရင်ဆိုင်ကြမှာဖြစ်ပါတယ်။ လူထုက ငြိမ်းချမ်းရေး ကိုသာလိုလားကြတယ်ဆိုတာ ဘယ်နိုင်ငံကလူထုမဆို အတူတူပါဘဲ။ဘယ်တော့မှ လူထုကစတင်အကြမ်း ဖက်လေ့မရှိပါဘူး။ လူထုကငြိမ်းချမ်းစွာဆန္ဒပြတောင်းဆိုချိန်မှာ တွေ့ဆုံဆွေးနွေးရေး စေ့စပ်ရေးစတဲ့ ဒီမို ကရေစီလုပ်ထုံးလုပ်နည်းများကို စစ်အုပ်စုအနေနဲ့ လုပ်နိုင်တဲ့အခွင့်အရေး တစုံတရာရှိခဲ့ပါတယ်။ ဒါကလဲ ယဉ်ကျေးတဲ့ လူ့အ ဖွဲ့အစည်းများမှာရှိတဲ့ ဒီမိုကရေစီယဉ်ကျေးမှုဘဲဖြစ်ပါတယ်။

ဗမာပြည်မှာတော့ အကြမ်းဖက်စစ်အုပ်စုဟာ ဒီမိုကရေစီယဉ်ကျေးမှုကို ပြောင်ပြောင်တင်းတင်းပစ်ပါယ်ပြီး အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုတွေကို ပက်ပက်စက်စက်လုပ်ခဲ့တော့တာပါဘဲ။ ကမ္ဘာမှာ အဆိုးဝါးဆုံး ရက်စက်မှုတွေကိုလုပ်ပြရင်း လူမျိူးပေါင်းစုံမြန်မာပြည်သူတွေနဲ့ ကမ္ဘာ့ပြည်သူတွေကို စိမ်ခေါ်လိုက်တာ ပါ။ လူကြိးကလေး မရွေးပစ်ခတ်သတ်ဖြတ်တယ်။လူမြင်ကွင်းမှာဘဲ ရိုက်နှက်ကန်ကျောက်တယ်။ မျက်နှာ တွေကို စစ်ဖိနပ်တွေနဲ့ကန်တယ်။ တုတ်တွေနဲ့ရိုက်တယ်။ အိမ်တွေထဲထိ ဝင်ရောက် ပစ်ခတ်သတ်ဖြတ် တယ်။ ဖမ်းဆီးနှိပ်စက်တယ်။ ကနေ့ဖမ်းဆီးပြီး နက်ဖန်အလောင်းလာယူခိုင်းလောက်အောင် လူသတ်တာ မှာ လက်ယဉ်တယ်။ လူတွေသတ်ပြီး အလောင်းတွေကို ပြန်ရောင်းစားတယ်။ လူနေရပ်ကွက်တွေကို ဝင် ပြီး သတ္တိရှိရင်ထွက်ခဲ့လို့စိမ်ခေါ်ကာ သေနတ်တွေနဲ့ ပစ်ချင်သလို ပစ်ချင်တဲ့နေရာတွေကို အရူးတွေ လူ စိတ်မရှိတော့တဲ့တရိစ္ဆာန်တွေလို ရက်ရက်စက် စက် ပစ်ခတ်မှုတွေလုပ်ခဲ့ကြပါတယ်။

ပါမောက္ခတွေ ဆရာဝန်ကြီးတွေ ဆရာဝန်မကြီးတွေ အင်္ဂျင်နီယာကြီးတွေ ကျောင်းအုပ်ကြိးတွေ ဆရာ ဆရာမတွေ အရိုက်ခံကြရတယ်။ တချိူ့ဆိုအသတ်ခံခဲ့ကြရတယ်။ ကဗျာဆရာတွေ ဆရာမတွေ အသတ်ခံ ရတယ်။ အသက်မပြည့်သေးတဲ့ကလေးတွေအသတ်ခံရတယ်။ အဖမ်းခံရပြီး သေသွားတဲ့လူတွေ လူစဉ် မမီဖြစ်သွားခဲ့ရသူတွေလဲ ဒုနဲ့ဒေးဆိုသလိုဖြစ်ခဲ့ရတယ်။ အိမ်တွေဆိုင်တွေထဲဝင်ပြီး လိုချင်တာတွေယူကြ တယ်။ ဓါးပြတိုက်ကြ တယ်။ လူဖမ်းပြီးငွေနဲ့ပြန်ရွေးခိုင်းတဲ့ ပြန်ပေးအလုပ်တွေ လုပ်ကြတယ်။ လူထုပိုင် မော် တော်ဆိုင်ကယ်တွေကို လုယက်ယူငင်ပြီး တချိူ့ကိုပြန်ရောင်းစားတယ်။ တချိူ့ကို ကိုယ်ပိုင်လုပ်ကြ တယ်။ ဒီလိုပက်ပက်စက်စက် သတ်ဖြတ်နေချိန်မှာ မင်းအောင်လှိုင်ဟာ ညစာစားပွဲတွေ သင်္ကြန်ပွဲတွေလုပ်ပြီး လူထုကိုမောက်မောက်မာမာ စော် ကားမှုတွေကို မျက်နှာပြောင်နဲ့လုပ်ပြခဲ့တယ်။ အဲဒီလို စစ်တပ်နဲ့ရဲဆိုတဲ့ လူထုကိုကာကွယ်ဘို့ လစာယူထားသူတွေ မနက်တိုင်းဂတိသစ္စာပြုနေသူတွေက မျက်နှာပြောင်ပြောင်နဲ့ ရက်ရက်စက်စက် ယုတ်ယုတ်မာမာလုပ် နေခဲ့ကြတာဖြစ်ပါတယ်။

ဆရာဝန်ကြီးတွေ ဆရာဝန်မကြီးတွေကစတင်ခဲ့တဲ့ CDM လှုပ်ရှားမှုဟာ မြန်မာနိုင်ငံပြည်သူတွေကို တန့် လှန့် နိုးလိုက်နိုင်ခဲ့ပါတယ်။ဝန်ထမ်း ၉၀% ကျော်ဟာ အကြမ်းဖက်စစ်အုပ်စုကို အာခံလိုက်ကြပါတော့ တယ်။ မြန်မာနိုင်ငံသမိုင်းမှာ ကိုလိုနီခေတ်ကအလုပ်သမားအာခံမှုထက်ကြီးမားတဲ့ ဝန်ထမ်း အလုပ်သမား တွေရဲ့ အာခံမှုကြီးအဖြစ် သမိုင်းတွင်သွားခဲ့ပါတယ်။ တပြိုင်နက်ထဲမှာဘဲ Gen Z လို့ လူသိများတဲ့ လူငယ်ထု ရဲ့ တော်လှန် အာခံလှုပ်ရှားမှုဟာလဲ မြန်မာ့သမိုင်းမှာ တခါမှမကြုံခဲ့ဘူးတဲ့ ကြိးကျယ်မှုကြီးတခုဖြစ်ခဲ့ပါတယ်။ Gen Z ဆိုတာ လူမျိူးပေါင်းစုံ ဘာသာပေါင်းစုံ လူမျိူးမရွေး ဘာသာမရွေး တူညီတဲ့ယုံကြည်ချက်ကနေစုစည်း ကြတာဖြစ်လို့ အားကောင်းမောင်းသန်ရှိသလို စွန့်လွှတ်အနစ်နာခံမှုဟာလဲ မှတ်တမ်းတင်နိုင်လောက် အောင်ကြီး မြတ်ကြတယ်။ သူတို့ဟာ ယုတ်မာရက်စက်မှုတွေကို မခံနိုင်တဲ့အဆုံး လေသေနတ်ကလေးတွေ နဲ့ ပြန်လှန်ခုခံခဲ့ကြသလို အသက်တွေအမြောက်အများ ပေးဆပ်ခဲ့ကြပါတယ်။ ပေးဆပ်မှုတွေထဲမှာတော့ ငွေကြေးချမ်းသာတာ ဆင်းရဲတာ၊စာတတ်တာ စာမတတ်တာ၊ဘာသာတူတာ မတူတာ လူမျိူးတူတာ မတူ တာဆိုတဲ့ စည်းကြောင်းတွေကို လူငယ်တွေပြတ်ပြတ်သားသား ရိုက်ချိူးပစ်လိုက်ကြပါတယ်။ လူမျိူးပေါင်းစုံ လူတန်းစားပေါင်းစုံ ဘာသာပေါင်းစုံ သွေးစည်းညီညွတ်ရေးကို အခိုင်အမာတည်ဆောက်နိုင်ခဲ့ကြပါတယ်။

၂၀၂၀ခုနှစ်မြန်မာနိုင်ငံရွေးကောက်ပွဲမှာ NLD ပါတီဟာ ၈၀%ကျော်နဲ့နိုင်ခဲ့ပါတယ်။ ရွေးကောက်ခံ ကိုယ် စားလှယ်တွေဟာ စစ်တပ်ကပုန်ကန်အာဏာသိမ်းပြီးတဲ့နောက် CRPH ကိုဖွဲ့ခဲ့တယ်။ ဒီနောက် NUG အစိုးရ ကို ဖွဲ့ခဲ့တယ်။ အခုဆိုရင် PDF တပ်ကို ဖွဲ့ခဲ့တဲ့ဖြစ်စဉ်ကို ကျနော်တို့မြန်မာနိုင်ငံတနိုင်လုံးဖြတ်သန်းနေချိန် ဖြစ်ပါတယ်။ ကျနော်ဒီဖြစ်စဉ်ကို ပြန်ရေးနေရတာက ကနေ့ကျနော်တို့ နွေဥိးတော်လှန်ရေးဟာ အလယ်ဖြစ် စဉ်ကို ရောက်နေပြီလို့ တင်ပြချင်လို့ဖြစ်ပါတယ်။ ကျနော် အကြိမ်ကြိမ်တင်ပြခဲ့သလိုဘဲ တော်လှန်ရေးဆိုတာ မရှိရာမှ ရှိရာသို့ ဆိုတဲ့ဖြစ်စဉ်ဘဲဖြစ်ပါတယ်။ နိုင်ငံအနှံ့ ပြောက်ကျားစစ်ပွဲတွေ ဆင်နွဲနေကြပါပြီ။ ဒီစစ်ပွဲဖြစ် စဉ်မှာ လူထုဟာ အချိန်တိုင်းအင်အားတွေ တိုးပွါးလာမှာဖြစ်သလို ရုပ်ဝတ္တုပစ္စည်းတွေလဲ ပြည့်စုံလာ မှာဖြစ်ပါတယ်။ တချိန် ထဲမှာ အကြမ်းဖက်စစ်အုပ်စုမှာ အင်အားတွေ ယုတ်လျော့ကျဆင်းလာပြီး ရုပ်ဝတ္တု ပစ္စည်းတွေ မပြည့်မစုံဖြစ်လာကာ သူတင်ကိုယ်တင်အခြေအနေကို ပြောင်းလာရမှာဖြစ်ပါတယ်။ အကြောင်းကတော့ စစ်တပ်တိုင်းရဲ့စစ်သားရေသောက်မြစ်ဟာ လူထုပေါ်မီခိုရတာကြောင့်ဖြစ်ပါတယ်။ ဒီလို ဘဲ စစ်တပ်ထဲမှာရှိတဲ့ အရာရှိ အရာခံ အကြပ် တပ်သားတွေဟာ လူထုတရပ်လုံးက ဆန့်ကျင်တိုက်ခိုက် ခံလာရတဲ့အခါ လောဘဇောတက်နေတဲ့ စစ်ဗိုလ်ချူပ်တွေဘက်က လူထုဘက်ကိုကူးပြောင်းလာလေ့ရှိတာ ကလဲ တော်လှန်ရေးတိုင်းရဲ့ဖြစ်စဉ်ကြိးတခုပါဘဲ။

လူထုဆန့်ကျင်ရေးလုပ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီဟာ အခက်အခဲတွေတိုးတိုးပြီးရင်ဆိုင်ရမှာ မြေကြီး လက်ခတ်မလွဲဖြစ်လာမှာဖြစ်သလို တိုင်းရင်းသားပြည်နယ်တချိူ့ကတော့ မကြာမတင်ကာလမှာ လွတ် မြောက်လာမှာ အသေအချာဘဲဖြစ်ပါတယ်။ ဒီအားသာချက်ကလဲ လူမျိူးပေါင်းစုံပြည်သူလူထုကြိးရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ကြောင့်ဘဲဖြစ်ပါတယ်။ ကျနော့်တဦးတည်းအမြင်အရ ကနေ့နွေဥိးတော်လှန်ရေးဟာ လူပုဂ္ဂိုလ်တဦး၊ ပါတီအဖွဲ့အစည်းတခု၊ လက်နက်ကိုင်အင်အားစုတခု၊ တိုင်းရင်းသားလူမျိူးစုတစု စတဲ့ အကန့် အသတ်တွေကို ရိုက်ချိူးလိုက်နိုင်သလို အသက်အရွယ်အရလည်း လူငယ် လူရွယ် လူကြီးစတဲ့ အသက် အပိုင်းအခြား အားလုံးကို လက်ချင်းချိတ်လိုက်နိုင်တဲ့အတွက် မထင်မှတ်လောက်အောင် ခုခံမှုအင်အား ကောင်းကြိး တခုဖြစ်သွားခဲ့တာပါ။ ကမ္ဘာကြိးတခုလုံးက အသိအမှတ်ပြုခဲ့ရတာဖြစ်ပါတယ်။ မြန်မာနိုင်ငံ သမိုင်းအတွက် စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေထဲမှာ အလားအလာအကောင်းဆုံးအခြေ အနေနဲ့ အချိန်အခါဖြစ်တာ ကြောင့် ကျနော်တို့ပြည်သူလူထုတရပ်လုံးက ဒီအားသာချက်တွေကို ညီညွတ် စွာဆုတ်ကိုင်ကြဘို့လိုမှာဖြစ်ပါတယ်။ ဒီအားသာချက်တွေက ကျနော်တို့ကို “မြန်မာတနိုင်ငံလုံး ပြောက်ကျား စစ်ပွဲဆင်နွဲပြီး အကြမ်းဖက်စစ်အုပ်စုကို အနိုင်တိုက်မယ်” ဆိုတဲ့အရှိတရားကို ပကတိရုပ်ဘဝကပြဌာန်း ပေးခဲ့တာဘဲဖြစ်ပါတယ်။

တချိန်က KNU ဟာ ကရင်ပြည်လွတ်မြောက်ရေးကို ရည်မှန်းချက်ထားတိုက်ပွဲဝင်ခဲ့တယ်။ ဒီအတွက် အ ကန့်အသတ်က ကရင်ပြည်ဆိုတာထက် အခြားပြည်နယ်ဒေသတွေကို တိုက်ပွဲဝင်ရာမှာ မကျော်ကြတော့ ပါဘူး။ ဒီလိုဘဲ KIA ဟာ ကချင်ပြည်လွတ်မြောက်ရေး SSA ဟာ ရှမ်းပြည်လွတ်မြောက်ရေးဆိုတဲ့ အကန့် အသတ် အောက်မှာ ဘောင်ခတ်ခံနေကြရတာဖြစ်ပါတယ် ။ ရုပ်ဘဝကလဲ ဒီအတိုင်းဆိုသလိုဖြစ်ခဲ့ရတာပါ။ ဖက်ဒရယ်ဆိုတာနဲ့ တီကိုဆားနဲ့ပက်သလို ဖြစ်နေတတ်တဲ့ ဗမာအများစုအတွက် စစ်အုပ်စုထည့်ထားတဲ့ အပင်း အဆိပ်ကို ကနေ့ နွေဥိးတော်လှန်ရေးက ရိုက်ချိူးလိုက်နိုင်တာဟာ ကျနော်တို့လူမျိူးပေါင်းစုံပြည်သူ တရပ်လုံး အောင်ပွဲအတွက် အသက်တွေ ချွေးတွေ စွန့်လွှတ်မှုတွေနဲ့ လဲလှယ်ရရှိခဲ့တဲ့ရလဒ်ဖြစ်ခဲ့ရတော့ တာပါ။ ကနေ့ ကရင် ၊ကချင်၊ ချင်း၊ ကရင်နီ၊ ရှမ်း၊ မွန်၊ ရခိုင်၊ ဗမာ၊ ပလောင်၊ ပအို့ စတဲ့ ဘယ်တိုင်းရင်းသား လူ မျိူးစုလက်နက်ကိုင်အင်အားစုမဆို နေပြည်တော်အပါအဝင် ရန်ကုန် မန္တလေး မိထ္ထီလာ မေမြို့ မြစ်ကြိး နား တောင်ကြိး လွိုင်ကော် စတဲ့ မြန်မာတနိုင်ငံလုံး ပြောက်ကျားစစ်ပွဲတွေ ဆင်နွဲနိုင်တဲ့အနေအထားကို ရောက်ခဲ့ပြီဖြစ်ပါတယ်။ အကြောင်းကတော့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့ဖက်ဒရယ်တပ်မတော် တရပ်ပေါ်ထွန်းရေးဆိုတဲ့ အခြေခံအတွေး အခေါ်တခုနဲ့ခိုင်မာတဲ့ဆုံးဖြတ်ချက်ကို ပြည်ထောင်စုတဝှမ်း ချမှတ်နိုင်ကြလို့ဖြစ်ပါတယ်။

ဒီအားသာချက်တွေကို ညီညီညွတ်ညွတ် ဆုတ်ကိုင်နိုင်ကြပြီဖြစ်လို့ နွေဥိးတော်လှန်ရေးအတွက် နိုင်ကိုနိုင် ရမဲ့ အလားအလာများဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။

အရေးတော်ပုံ အောင်ရမည်

ကိုအောင်မှိုင်း

မေလ ၃၀ ရက် ၂၀၂၁ခုနှစ်။




Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar