Breaking News

ဗေဒါညို - လူချွန်လူကောင်း

Photo- Crd

လူချွန်လူကောင်း
ဗေဒါညို
(မိုးမခ) ဇွန် ၂၊ ၂၀၂၁

မိုးရေစက်တွေနဲ့ဇွန်လရဲ့ပထမဆုံးနံနက်ခင်းဟာ ‌စွတ်စိုအေးမြပြီးသာသာယာယာရှိနေတယ်။ ပတ်ဝန်းကျင်မြင်ကွင်းကိုငေးမောရင်းကျွန်တော်ရဲ့ဖေးဘရိတ်ဖြစ်တဲ့ဆရာမြို့မငြိမ်းရဲ့လူချွန်လူကောင်းသီချင်းကိုအမှတ်မထင်သတိရလိုက်မိတယ်။
ရှုမဆုံးတော့သည်၊ စိမ်းလဲ့လဲ့နှစ်စဉ်။ လယ်ကွင်းတွေက တမျှော်တခေါ်စိုပြေလွင်၊ ရိပ်သိမ်းချိန်ဆိုပြန်လျှင် ဝင်းမှည့်ရွှေစင်အိလို့ပင် စပါးအနှံတွေနဲ့အသီးတွေသန်မြန်အောင်မြင်- -။ မနက်ခင်းစိတ်ရွှင်၊ လန်းကြစေဆွဲငင်ဥဩသံတွဲ့  နာပျော်ဖွယ်ကြည်ကြည်လင်လင်၊ လုပ်ငန်းကိုယ်စီဝင် စက်ရုံကြီးငယ်အရပ်တွင်၊ ကြည်းရေတခွင်ရောင်း ဝယ်စုန်ဆန်သာစည်ပင်။

မကြာခင်မိုးရာသီစိုက်ပျိုးချိန်ရောက်လာတာနဲ့ တစ်နွေလုံးခြောက်သွေ့နေတဲ့မြင်ကွင်းဟာပြောင်းလွဲသွားပြီး ယာခင်းတွေနဲ့လယ်ကွင်းတွေဆီက စိမ်းလန်းတဲ့ရှုခင်းတွေကို မြင်ယောင်သွားမိခဲ့တယ်။ အဲလိုနဲ့‌နေ့ရက်တွေကိုဖြတ်သန်းရင်းရိပ်သိမ်းချိန်ရောက်လာရင် ဝင်းမှည့်ရွှေစင်စပါးခင်းကြီးက ရှုမျှော်၍မဆုံးပေါ့။ ဘယ်‌လောက်ကျေနပ်စရာကောင်းလိုက်မလဲ။ ဒါပေသိ အကောင်းဘက်ကိုမှန်းမျှော်လိုက်ရပေမယ့် ဒီနှစ်တော့ သီချင်းထဲကလို မြင်ရပါ့မလားလို့‌တောင်တွေးမိပါတယ်။ တောင်သူလယ်သမား‌တွေကို အရင်အကြွေးတွေဆပ်မှစိုက်ပျိုးစရိတ်ချေးငွေပေးမှာတဲ့။ ပြီး‌တော့ စက်ရုံအလုပ်ရုံတွေဆီကဥဩသံတွေကိုလည်းသိပ်မကြားရ၊ မီးရထားကြီးကလည်း ဘော်ပူ ဘော်ပူဥဩဆွဲပြီး အစုန်အဆန်ခုတ်မောင်းသွားလာနေတာလည်း မတွေ့ရ။ ဒါက ဘာပြုလို့တုန်းဆိုပြီး ကွက်ရှင်လာမထုတ်ကြပါနဲ့။ ကိုယ့်ဘာသာပဲစဉ်းစားကြဦးပေါ့လို့ပဲ ပြောလိုက်ပါ့မယ်။ မေးခွန်းနဲ့အဖြေကိုတွဲပြီး တခါတည်းအလွတ်ကျက်ထားတဲ့ခေတ်ကို နောက်ချန်ထားခဲ့ကြဖို့ကောင်းပါပြီ။

ကျွန်တော်က သီချင်းတစ်ပုဒ်ကိုဟန်ကျပန်ကျမဆိုတတ်ပေမယ့် လူချွန်လူကောင်းသီချင်းကိုသီဆိုတိုင်း ရင်ထဲမှာကိုယ့်နိုင်ငံရဲ့အနာဂတ်အတွက် မျှော်လင့်ချက်တွေအားကောင်းလာလေ့ရှိတယ်ဗျ။ ဆရာမြို့မငြိမ်းကလူချွန်လူကောင်းသီချင်းကို ၁၉၅၂ ခုနှစ်ကရေးစပ်သွားခဲ့ပါတယ်။ တိုင်းပြည်ရဲ့ကောင်းမွန်တဲ့အနာဂတ်ကိုမှန်းမျှော်ပြီး စေတနာမေတ္တာစိတ်နဲ့ရေးခဲ့တဲ့ဒီသီချင်းဟာ ကမ္ဘာမှာမြန်မာတည်သရွေ့တည်ရှိနေမှာပါပဲ။ တစ်ခု‌တော့ရှိသပေါ့ဗျာ။ သီချင်းထဲအတိုင်းဆရာမြို့မငြိမ်းမျှော်မှန်းသလို အခုထိဖြစ်မလာသေးလို့ ဆရာ့ကိုတော့မျက်နှာပူပြီးအားနာနေမိပါတယ်။

ဒါထက်စကားမစပ် ဆရာနေဝင်းမြင့်နဲ့ဆရာသိုက်ထွန်းသက်တို့က ၁၉၅၂ ခုနှစ်မှာမွေးဖွားခဲ့ကြတာတဲ့။ အဲတော့လူချွန်လူကောင်းသီချင်းပေါ်ထွက်လာတဲ့အချိန်နဲ့ကွက်တိဝင်နေတာမို့ ဟန်ကျလိုက်တာလို့တွေးမိရင်း ဆရာနှစ်ပါးရဲ့ငယ်ဘဝကို အထင်ကြီးကြီးနဲ့ပုံဖော်ပြီး မြင်ယောင်ကြည့်မိလိုက်တယ်။ လူချွန်လူကောင်းကလေးတွေမဟုတ်လား။ အထင်မကြီးဘဲ ဘယ်နေရဲပါ့မလဲ။ ဆရာတို့ရဲ့ငယ်ငယ်တုန်းက ရုပ်ရည်ကအတော်ဆိုးသတဲ့။ အသားမည်းမည်း မျက်လုံးပြူးပြူး မျက်နှာမှာနှပ်ချေးတွေပေလူးနေကြမှာပ။ နို့ပေမယ့် သူရို့မိဘများရဲ့မျက် လုံးထဲမှာဖြင့် ကြည့်မဝရှုမဝတဲ့သားရွှေဥကလေးတွေပေါ့ခင်ဗျာ။ မိဘတွေခမျာသားအတွက် ရှေ့အရေးကိုလှမ်းမျှော်ကြည့်ရင်း သေချာပေါက်အတိဇာတသားတွေဖြစ်လာကြမှာမို့ ကြည်နူးပီတိဖြာ‌ဝေနေကြရှာပါလိမ့်မယ်။ တကယ်တော့ မိဘတိုင်းကိုယ့်ရဲသားသမီး‌တွေအပေါ် ဒီလိုပဲမျှော်လင့်ချက်တွေထားကြစမြဲဗျ။ ကျွန်တော့်မိဘနှစ်ပါးကလည်း ကျွန်တော့်အတွက်တော်တော်လေးမျှော်လင့်ချက်ကြီးမားခဲ့ဘူးပါတယ်။‌ နှစ်ပေါင်းတော် တော်ကြာမှ မစွံမှန်းသိပြီး လက်လျော့သွားကြရှာတယ်။

တိုင်းပြည်ရဲ့အနာဂတ်ဟာ ကလေးတွေရဲ့လက်ထဲမှာရှိတယ်လို့ပြောကြတာပါပဲ။ ကျွန်တော်ဖြင့်အဲသလိုပြောတဲ့အတွက်သိပ်ပြီးအားတက်သရောမရှိလှပါဘူး။ အာဘောင်အာရင်းသန်သန်နဲ့ပြောကြတာတွေကိုအေးအေးဆေးဆေးနားထောင်ပြီး မသိချင်ယောင်ဆောင်လိုက်ပါတယ်။ ဟုတ်မှမဟုတ်ဘဲဗျာ။ ကျွန်တော်ပြောတာကိုမယုံရင် အတိတ် ကာလကို နောက်ကြောင်းပြန်ပြီး ကိုယ့်ကလေးဘဝကိုပြန်တွေးကြည့်ရင်း ကိုယ့်လက် ဝါးကလေးကိုဖြန့်ကြည့်ပေါ့။ ငယ်ငယ်တုန်းက လက်ဝါးဖြန့်လိုက်ရင် လျက်ဆားတော့ရခဲ့ဖူးပေမယ့် တိုင်းပြည်ရဲ့အနာဂတ်ကတော့ ကိုယ့်လက်ထဲမှာမရှိဘဲ ဘယ်သူလုယူသွားမှန်းတောင်မသိပါ။‌ ပြောရတာခက်ပါဘိတယ်။ မျိုးဆက်တိုင်းမျိုးဆက်တိုင်း ဒီလိုချည်းကြုံတွေ့ရင်းနဲ့အသက်တွေကြီးရင့်လာခဲ့ကြတယ်။ အခုဆိုရင် လူချွန်လူကောင်းပထမဆုံးမျိုးဆက်ခမျာလည်း အသက် ၇၀ အရွယ်နဲ့ အိုချင်ပြိုချင်နေကြရှာပါပြီ။ တိုင်းပြည်အခြအနေကတော့ သိတော်မူကြတဲ့အတိုင်းပေါ့။

ဘယ်လိုပဲဖြစ်ဖြစ်ပေါ့လေ ကြည်နူးစရာကောင်းတဲ့နံနက်ခင်းရဲ့မြင်ကွင်းနဲ့ လူချွန်လူကောင်းသီချင်းဟာ အင် မတန်မှလိုက်ဖက်နေတယ်။ ကျောင်းဖွင့်ချိန်နဲ့လည်း တိုက်ဆိုင်နေလို့ သီချင်းဆိုချင်စိတ်က တားမရဆီးမရဖြစ်နေပါတယ်။ ဘယ်နိုင်ငံမဆိုပညာရေးနဲ့ကျန်းမာရေးကဏ္ဍမှာဖွံ့ဖြိုးတိုးတက်ရင် ကမ္ဘာမှာထိပ်တန်းနေရာမှာတည်ရှိနိုင်ပါတယ်။ အဲတော့ဆရာမြို့မငြိမ်းကိုလက်အုပ်ချီရင်း လူချွန်လူကောင်းသီချင်းကို အခုလိုလေးသီဆိုလိုက်မိတယ်။
ဆရာဝန်ပညာအတတ်တွေသင် ခေတ်ရောရှေးမီသမား‌ကျော်အများပင် ပြည်သူလူထုကို ကိုယ်နဲ့ထပ်တူချစ်ခင် ရင်ဝယ်သားညွှန်ကြား သန်ထွားကျန်းမာခံ့ခိုင်အားအင်။ ကလေးလေးတွေပညာရရှိဖို့တော့ အဖနဲ့အမိပုံအသွင် အာစရိတွေပင် လူချွန်-လူချွန်လူကောင်းကလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာပင့်တင် - - -

တကယ်တော့ သီချင်းကိုစိတ်နှစ်ပြီးဆိုလိုက်ရပေမယ့် အရင်ကလိုမျှော်လင့်ချက်နဲ့အင်အားတွေတိုးမလာတော့ပါဘူး။ လက်တွေ့ကြုံတွေ့နေရတာတွေကို မသိချင်ယောင်ဆောင်နေရတာကလည်းအင်မတန်မှပင်ပန်းပါတယ်။ သေချာတာကတော့ ကလေးလေးတွေကို လူချွန်လူကောင်းကလေးတွေဖြစ်အောင်မြေတောင်မြှောက်ကာပင့်တင်မပေးနိုင်ရင်တော့ သူတို့လေးတွေရဲ့လက်ထဲမှာရှိနေတဲ့တိုင်းပြည်ရဲ့အနာဂတ်ပျောက်ဆုံးသွားမှာကိုစိုးရိမ်သွားမိပါတယ်။ တစ်ဆက်တည်းမှာပဲ CDM လုပ်ထားကြတဲ့ ဆရာဝန်နဲ့ကျန်းမာရေးဝန်ထမ်းတွေ။တစ်ခြားဌာနဆိုင်ရာကဝန်ထမ်းတွေနဲ့ဆရာ ဆရာမတွေအတွက်လည်း စိတ်ပူနေမိပါတယ်။ CDM လုပ်မိတာနဲ့  လက်ထိပ်ခတ်ခေါ်သွားတာကတော့ တော်တော်ဆိုးပါတယ်။ လူမြင်လို့တောင်မသင့်တော်ပါဘူး။ လူ့ဘဝဆိုတာတိုတိုလေးပါ။ ဒီနိုင်ငံမှာမွေးဖွားလာခဲ့ကြ သေဆုံးသွားခဲ့ကြပေမယ့် နိုင်ငံကတော့တည်ရှိနေမှာပါ။ အဲတော့ နောင်တစ်ချိန်မှာ ကျွန်တော်တို့နိုင်ငံလည်း ဆရာမြို့မငြိမ်းရဲ့လူချွန်လူကောင်းသီချင်းထဲကလို  ဖြစ်ကောင်းပါရဲ့လို့ မျှော်လင့်နေမိပါသေးတယ်။ ဒီအတွက် နောက်မျိုးဆက်သစ် လူချွန်လူကောင်းလေးတွေလည်း အန္တရာယ် ကင်းဘေးရှင်းပြီး သူတို့တစ်တွေရဲ့လက်ထဲမှာတိုင်းပြည်ရဲ့အနာဂတ်ရှိနေဖို့လည်း လိုသေးသဗျ။

အားလုံးဘေးဘယာဝေးကွာပြီး ချမ်းသာ
ကိုယ်စိတ်မြဲကြပါစေ။

ဗေဒါညို
× စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှ ယူပါသည်။