Breaking News

အန်ကယ်တူမီး - ပြည်သူ့ပြောက်ကျားနဲ့ အောင်ပွဲ



အန်ကယ်တူမီး - ပြည်သူ့ပြောက်ကျားနဲ့ အောင်ပွဲ

(မိုးမခ) ဇွန် ၂၈၊ ၂၀၂၁

ပြည်သူ့ပြောက်ကျားတွေဟာ အောင်ပွဲတွေအပေါ်မှာ သာယာမိန်းမော နေလေ့မရှိကြပါ။ မိမိပန်းတိုင်ကို ရောက်သည်အထိ စဉ်ဆက်မပြတ် ကြိုးပမ်းနေလေ့ရှိပါတယ်။ အောင်ပွဲပြီး အောင်ပွဲ ရအောင်ကြိုးပမ်းလေ့ရှိပါတယ်။ ပန်းတိုင်မရောက်ခင် တက်ထောင်လေ့မရှိကြပါ။ အောင်လံလွှင့်လေ့မရှိကြပါ။ အောင်ပွဲရပြီးနောက် တွေ့ကြုံရမည့် အခြေအနေတွေကို အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်ကြလေ့ရှိပါတယ်။ ထင်ရှားတဲ့ ဥပမာကတော့ ဗီယက်နမ် အမေရိကန်စစ်ပွဲမှာ ဗီယက်နမ်ပြောက်ကျားတွေက အနိုင်ရပြီးပြီးချင်း အမေရိကန်နဲ့ လက်ဆွဲနှုတ်ဆက်ဖို့ နဲ့ စီးပွားရေး လမ်းကြောင်းဖွင့်ဖို့ဖိတ်ခေါ်ခဲ့တာပါပဲ။ (အဲဒီလိုလုပ်လိုက်လို့ အမေရိကန်တွေ တအံ့တသြ ဖြစ်ခဲ့ရတယ်။ အမေရိကန်တွေဘက်က အဆင်သင့်မဖြစ်လိုက်ဘူး။) တပြိုင်ထဲမှာပဲ ဗီယက်နမ်တွေက မြောက်ပိုင်းက တရုတ်ရဲ့ ရန်ကို ကာကွယ်ဖို့ပြင်ခဲ့ပါတယ်။

နောက်ဥပမာတခုကတော့ ဗြိတိသျှလက်အောက်က လွတ်မြောက်ဖို့ တိုက်ပွဲဝင်ခဲ့တဲ့ အမေရိကန်ပြောက်ကျားတွေကလည်း ဗြိတိသျှကို တော်လှန်စဉ်ကတည်းက ကိုယ်ပိုင်ပြဋာန်းခွင့် အတွက်ကြိုတင်ပြင်ဆင်မှုတွေ ရည်မှန်းချက်တွေ ထားခဲ့ပြီး ဖက်ဒရယ် တပ်မတော်တခု တည်ထောင်ရေးအတွက် အုတ်မြစ်ချခဲ့တာတွေ့ရပါတယ်

ခြင်္သေ့မင်းတွေဟာ သူတို့ကို လာမှန်တဲ့ ခဲလုံးကို တိုက်ခိုက်တာထက် ခဲလုံးလာတဲ့ ဇစ်မြစ်နေရာကိုသာ ပစ်မှတ်ထား ပြီး ထိထိရောက်ရောက် တိုက်ခိုက်လေ့ရှိပါတယ်။ အဲဒီလိုပါပဲ ဒေသခံ ပြည်သူ့ပြောက်ကျားတွေဟာ မိမိဒေသကိုရောက်လာတဲ့ စစ်အာဏာရှင်တပ်တွေကို တိုက်ခိုက်တာထက် ပြသနာရဲ့ ဇစ်မြစ်ဖြစ်တဲ့ စစ်အာဏာရှင်ခေါင်းဆောင်တွေကို တိုက်ရိုက်ထိခိုက်မယ့် သံတမန်စစ်မျက်နှာတွေ၊ စီးပွားရေးစစ်မျက်နှာတွေ၊ ယဉ်ကျေးမှု စစ်မျက်နှာတွေ၊ မီဒီယာ စစ်မျက်နှာတွေ၊ စတဲ့ စစ်မျက်နှာတွေမှာ ပိုမိုထိရောက်အောင်တိုက်ဖို့ ဦးတည် ပြင်ဆင် ကြိုးပမ်းလေ့ရှိပါတယ်။ ဒါကြောင့်မို့ သူတို့ ဟာ လက်လုပ်သေနတ်တွေကို သာကိုင်ဆောင်ပြီး ခုခံစစ်ကို သာဆင်နွဲကြတာပါ။ ဒါကြောင့် လက်နက်ကြီးတွေ နဲ့ အင်အားအလွန်အကျွံသုံးစွဲမိတဲ့ အာဏာရှင်တပ်တွေဟာ စီးပွားရေးစစ်မျက်နှာ၊ စည်းရုံးရေးစစ်မျက်နှာ၊ သံတမန် စစ်မျက်နှာနဲ့ ဥပဒေစစ်မျက်နှာတွေမှာ မတိုက်ခင်ကတည်းက ရှုံးပြီးသားဖြစ်နေပါတယ်။ ဒါဟာ အာဏာရှင်တွေရဲ့ ငယ်ထိပ်ကို တူမီးသေနတ်ဒင်နဲ့ အဆောင့် ခံလိုက်ရတာပါ။

ပြည်သူ့ပြောက်ကျားတွေဟာ ဆုံးရှုံးခဲ့ရတဲ့ တိုက်ပွဲတွေအတွက်လည်း ကြေကွဲ ဝမ်းနည်းနေလေ့မရှိပါဘူး။ အဲဒီဆုံးရှုံးမှုတွေထဲက အင်အားသစ်တွေ၊ စွမ်းရည်တွေ ရအောင်ကြံဆောင်ပြီး ပြည်သူတွေအတွက် နောက်ထပ် တိုက်ပွဲသစ်နဲ့ အောင်ပွဲသစ် တွေကို ဆက်လက် ဖန်တီးလေ့ရှိကြပါတယ်။ အာဏာရှင်တပ်က အင်အားအလွန်အကျွံသုံးပြီး ရက်ရက်စက်စက် ယှတ်ယှတ်မာမာ တိုက်ခိုက် အနိုင်ယူခံလိုက်ရတဲ့အခါ ပြည်သူ့ပြောက်ကျားတွေနဲ့ ဘက်မလိုက်မီဒီယာတွေက အဖြစ်မှန်တွေကို ဖေါ်ပြလိုက်ကြပါတယ်။ အာဏာရှင်ရဲ့ တရားမဲ့ တိုက်ခိုက်မှုတွေကြောင့် ကမ္ဘာက ပြည်သူ့ပြောက်ကျားတွေနဲ့ ပြည်သူတွေကို ဂရုဏာ သက်ပြီး စစ်အာဏာရှင်ကို ဖက်ပေါင်းစုံက ထိုးနှက်တိုက်ခိုက်လာပါတော့တယ်။ ပြည်သူ့ပြောက်ကျားတွေဟာ ပြည်သူချစ်တဲ့ သူရဲကောင်းတွေအဖြစ် ကမ္ဘာမှာ လူသိများသွားပါတယ်။ အာဏာရှင်ပစ်လိုက်တဲ့ ကျဉ်ဆံတွေဟာ ပြည်သူ့ပြောက်ကျားတွေကို ကမ္ဘာ့ဇာတ်ခုံပေါ်အရောက်လမ်းခင်းပေးတဲ့ ပန်းပွင့်ကလေးတွေဖြစ်သွားပါတော့တယ်။ အဲဒီအချိန်ဟာ အာဏာရှင်အတွက်တော့ သူ့ရဲ့ မကောင်းမှုတွေ အကျိုးပေးတဲ့ အချိန်ပါပဲ။

ပြည်သူ့ပြောက်ကျားတွေဟာ ပြည်သူ့အတွက် မဟာဗျူဟာကိုထိခိုက် ကျဆုံးစေမယ့် နည်းဗျူဟာ အောင်ပွဲ (Pyrrhic victory) မျိုးကို လက်မခံကြပါ။

ဒါကြောင့် သူတို့ဟာ လူသားဒိုင်းကို အသုံးပြုတဲ့နည်းသုံးပြီး ရန်သူစခန်းများတွေကို တိုက်ခိုက် အောင်ပွဲခံလေ့မရှိပါ။

သူတို့ဟာ ပေးထား တဲ့ ဂတိတွေကို ဖျက်ပြီး တိုက်ခိုက်၊ အောင်ပွဲခံတဲ့ နည်းကို မသုံးပါ။

သူတို့ဟာ ငြိမ်းချမ်းရေးအလံကိုလွှင့်ပြီး တိုက်ပွဲကို အရှိန်မြှင့်ဖို့မကြိုးစားပါ။

သူတို့ဟာ တွေ့ဆုံ ဆွေးနွေးမယ့် ဧည့်ခံပွဲမှာ အဆိပ်ခတ် တိုက်ခိုက်လေ့မရှိပါ။

ဆိုလိုတာက ပြည်သူ့ပြောက်ကျားတွေဟာ နည်းမှန် လမ်းမှန်နဲ့သာ တိုက်ပွဲဝင် အောင်ပွဲခံကာ မြင့်မြတ်တဲ့ ပန်းတိုင်ကို အရောက်သွားသူများဖြစ်ကြပါတယ်။ စစ်အာရှင် တပ်တွေရဲ့ လုပ်ရပ်ကတော့ ပြည်သူ့ပြောက်ကျားတွေရဲ့လုပ်ရပ်နဲ့ အမြဲဆန့်ကျင် နေလေ့ရှိပါတယ်။ ညစ်ပတ်မှု၊ ယုတ်မာမှု၊ လိမ်ညာမှု၊ မတရားလုပ်မှု၊ ဆိုးသွမ်းမှု၊ တွေနဲ့ သာ သူတို့ စီမံချက်တွေကို ရေးဆွဲထားလေ့ရှိပါတယ်။ ဒါကြောင့် သူတို့ အချင်းချင်းလည်း တယောက်ကို တစ်ယောက် နောက်ကျောဓါးနဲ့ထိုးဖို့၊ ချနင်းဖို့ ၊ အပြစ်တွေပုံချဖို့ လည်း အမြဲအသင့်ပြင် ထားလေ့ ရှိကြပါတယ်။ ဒီလိုနဲ့သူတို့ရဲ့ ထိပ်ပိုင်းမှာ သံသယတွေတိုးပွား၊ အတွင်းပဋိပက္ခ တွေ တစ တစ ကြီးမားလာပြီး နောက်ဆုံး အရှုမလှ ကျဆုံးသွားလေ့ရှိပါတယ်။

အနှစ်ချုပ်ပြောရရင် ပြည်သူ့ပြောက်ကျားတွေဟာ

၁။ မှန်ကန်တဲ့ နည်းလမ်းကိုသုံးပြီး မှန်ကန်တဲ့ ပန်းတိုင်ကို အရောက်သွားမယ့် သူတွေဖြစ်တယ်။

၂။ ခြင်္သေ့မင်းတွေလိုပဲ မိမိကိုလာမှန်တဲ့ ခဲလုံးကို တိုက်ခိုက်တာထက် ခဲလုံးလာရာ နေရာ ကို ထိထိမိမိတိုက်ခိုက်လေ့ရှိတယ်။

၃။ ပြည်သူ့အတွက်ရည်ရွယ်ထားတဲ့ မဟာဗျူဟာကို ထိခိုက်မယ့် နည်းဗျူးဟာအောင်ပွဲ(Pyrrhic victory) တွေကို ရယူလေ့မရှိပါဘူး။

၄။ အောင်ပွဲတွေမှာ သာယာမိန်းမောလေ့မရှိပါဘူး။

၅။အောင်ပွဲရပြီးတဲ့နောက်ပိုင်း အခြေအနေတွေကို အကောင်းဆုံးဖြစ်အောင် ကြိုတင်ပြင်ဆင်လေ့ရှိပါတယ်။

ဒါကတော့ ကျွန်တော် ဒီနေ့ဖတ်မိတဲ့ ပြည်သူ့ပြောက်ကျားတွေ အကြောင်း တစေ့တစောင်းပါ။

အန်ကယ် တူမီး

၂၇/၆/၂၀၂၁

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar