Breaking News

နိုင်စွမ်း - ငြိမ်းချမ်းရေး သီအိုရီသစ်

NBC NEWS
 ငြိမ်းချမ်းရေး သီအိုရီသစ်
နိုင်စွမ်း
(မိုးမခ) ဇွန် ၂၈၊ ၂၀၂၁

(က) ကမ္ဘာမြေက ဧည့်သည်နှစ်ဦး

“ဘာ..သင် တို့ကမ္ဘာမြေမှာ Globalization အတွေး အမြင်အဆင့်ပဲ ရှိသေးတယ်။ ဟုတ်လား၊ နိမ့်လှချည့်လား အမြင်ကျဉ်း မြောင်းလွန်းလှသေးပါလား။ အခု ကျွန်ုပ်တို့ရဲ့ Ruth ဂြိုဟ်အပါအဝင် ဂြိုလ်ပေါင်း (၂၀ဝ၀)ကျော်ပါဝင်နေတဲ့ Vim စကြဝဠာထဲမှာ ဆိုရင် Universalization လို့ခေါ်တဲ့ စကြဝဠာ ရွာတောင်ဖြစ်နေပြီ။ သင်တို့ရဲ့ နေမိသားစု (Solar System) လေးလို ဂြိုဟ် (၉) လုံးပဲရှိတာ မဟုတ်ဘူး။ အဲ..အဲ..သင်တို့ ဂြိုဟ်တွေထဲမှာတောင် ဂြိုဟ်ပြာပြာကမ္ဘာလေးထဲမှာပဲ သက်ရှိနဲ့ လူသားတွေ ရှိကြတာနော်”

“မှန်ပါတယ် ခင်ဗျား၊ ဟုတ်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမြေမှာ လက်ရှိ လူဦးရေ ၁၆ ဘီလီယံရှိပြီး လာမယ့် ၂၀၉၉ ခုနှစ်မှာ လူဦးရေ ဘီလီယံ (၂၀) ထိ ရှိလာနိုင်တယ်လို့ ခန့်မှန်းတွက်ချက်ထားပါတယ်။ ကမ္ဘာ့ရပ်ကွက်ကြီးက (၁၃၅) ခု လူမျိုးစုတွေက အများကြီးပါဘဲ။ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို အယူဝါဒအမျိုးမျိုး၊ ကိုးကွယ် ယုံကြည်မှု အမျိုးမျိုး ရှိကြပါတယ်။ အဓိကထင်ရှားတဲ့ ဘာသာကြီးက (၄) ခု၊ အခြား ဘာသာဝင်တွေ၊ ဘာသာရေး ကိုးကွယ်ယုံကြည်မှု မရှိသူတွေလည်း ပါဝင်နေကြ ပါတယ် အဓိပတိကြီး”

“အင်း ဒီလိုဆိုတော့လည်း အသွေးစုံလှချည်းလား၊ ကောင်းပါတယ်၊ အလွန်ကောင်း ပါတယ်၊ အရောင်သွေးစုံ ပန်းခင်းကြီးထဲမှာ ကိုယ့်ဆန္ဒ၊ ကိုယ့်သဘောအတိုင်း လွတ်လွတ်လပ်လပ် ရှင်သန်နေထိုင်ကြရတာ ပျော်စရာပါဘဲ။ မင်္ဂလာပါဘဲ ဒေါက်တာ တို့ ရယ်။ ဒါနဲ့ ကမ္ဘာသားတွေ အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ရှိကြရဲ့ လား။ တစ်ဦးနဲ့ တစ်ဦး နားလည် ပေးနိုင်ကြရဲ့လား၊ တစ်ဦးတစ်ဖက်ရဲ့ ဘာသာရေး၊ လူမှုရေး၊ ယဉ်ကျေးမှုတွေကို အခြားတစ်ဖက်က လေးစားတန်ဖိုးထား ဆက်ဆံတတ် ကြရဲ့လား”

“အဓိပတိကြီးရယ် ပြောရမှာတောင် အားနာပါတယ်။ ကမ္ဘာသူ၊ ကမ္ဘာသားတွေဟာ အဓိပတိကြီး ပြောတာတွေ ဝေးလို့ အချင်းချင်းထဲ မှာတောင် အယူအဆအမျိုးမျိုး ကွဲပြား ခွဲခြားနေတတ်ကြတာ ခင်ဗျ။ စည်းလုံး ညီညွှတ်မှု မရှိ၊ ငြိမ်းချမ်းရေးလည်း နတ္ထိ ဖြစ်နေတာ သမိုင်းကြောင်း တစ်လျှောက်ပါပဲ “

“ဟေ ဟုတ်လား၊ ဘာဖြစ်လို့ ဒီလိုခွဲခြားနေ၊ ကွဲပြားနေကြရ တာလဲ။ ကမ္ဘာ လောကကြီးနဲ့ လူသားတွေရဲ့ အစဟာ တစ်ခုတည်း တစ်နေ ရာတည်းက စတင်ခဲ့ကြတယ် လို့ ဆိုထားတယ်မဟုတ်လား။ ဘာသာရေး အနေနဲ့ပဲ ကြည့်ကြည့်၊ သိပ္ပံပညာရပ်နဲ့ပဲ ယူယူ၊ ဒီလိုဆိုထားတယ် မဟုတ်လား။ သံသရာအနေနဲ့ဆိုရင် ညီအစ်ကို၊ သားအမိဆွေမျိုး မတော်စပ်ဖူး သူရယ်လို့မရှိလို့ ဆိုထားတယ်လေ။ အာဒံဧဝ၊ ဗြဟ္မာကြီး (၄) ဦးဆိုတဲ့ ဘာသာရေး အယူအဆတွေလည်း ရှိတယ် ဆို ဒေါက်တာတို့ရဲ့။ ဘာပဲဖြစ်ဖြစ် အတူတူ စ,တင်လာခဲ့ကြတဲ့ သူတွေ အချင်းချင်း ခွဲခြားမှုတွေ၊ ကွဲပြားမှုတွေ ရှိမနေသင့်ပါဘူး။ ခွဲခြားမှုတွေ၊ ကွဲပြားမှုတွေဟာ ပဋိပက္ခတွေရဲ့ မြစ်ဖျားတွေ ဖြစ်တယ် ဆိုတာ သင့်တို့ ကမ္ဘာသားတွေ မသိကြဘူးလား”

“သိတော့ သိကြပါတယ် အဓိပတိကြီး၊ ဒါပေမယ့် ကျွန်တော်တို့ လူသားတွေက အစွဲကြီး၊ အတ္တကြီး နေကြတော့ မပြင်နိုင်ကြဘူး ဖြစ်နေပါတယ် ခင်ဗျား”

“အင်းဒါဆိုရင်တော့ သင်တို့ကမ္ဘာမြေရဲ့ အနာဂတ် မနက်ဖြန်က တကယ်ကို မလှမပ၊ မရေမရာ၊ မသေချာဖြစ်နေပါလား ဒေါက်တာ အေဘယ်”

“ဟုတ်ကဲ့ခင်ဗျ။ အဲ့ဒါကြောင့်လဲ ကျွန်တော်နဲ့ ဟောဒီက ဒေါက်တာ ဝင်းနားတို့ ကမ္ဘာမြေ အတွက် ငြိမ်းချမ်းရေး သီအိုသစ် ရှာဖွေဖို့ စကြဝဠာထဲမှာ ခရီးဆန့် ရှာဖွေနေတာ  အခုဆို (၂၀၃၂) ရက်တောင်ရှိခဲ့ ပါပြီ။ ကျေနပ်စရာဆိုလို့ ဘာမှ မရသေးပါဘူး ဗျာ။  ဒါပေမယ့် ခရီး စဉ်တစ်လျှောက် ကျွန်တော်တို့ ရောက်ရှိခဲ့တဲ့ စကြဝဠာပေါင်း (၃၀ဝ၀၀) ကျော် ထဲမှာတော့ အဓိပတိကြီးတို့ Vim စကြဝဠာကြီး လောက် ငြိမ်းချမ်းအေးမြတာမျိုး မတွေ့ဖူးသေးဘူး။ အဓိပတိကြီးတို့ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင် လုပ်ကိုင်ကြပုံဟာ မဟာစကြဝဠာကြီး တစ်ခုလုံးမှာ ကျင့်သုံး လိုက်ရင် ကျွန်တော်တို့ ကမ္ဘာမြေဟာလည်း သေချာပေါက်ငြိမ်းချမ်း လာနိုင်တယ် လို့ အခိုင်အမာ ယုံကြည်မိပါတယ်။ ဒါကြောင့် ငြိမ်းချမ်းရေး နည်းပညာ သီအိုရီ ဖြန့်ဝေပေးဖို့ ကျွန်တော်တို့ တောင်းခံအပ်ပါတယ် ခင်ဗျား”

Vim စကြဝဠာ အဓိပတိကြီးသည် ဒေါက်တာအေဘယ်နှင့် ဒေါက်တာဝင်းနားတို့ကို တစ်ချက် ဝင့်ကြည့်လိုက်ပြီး သူ၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်များဘက်သို့ လှည့်ကာ “ကမ္ဘာမြေရဲ့ ရှေ့ရေး အတွက် ငြိမ်းချမ်းရေး သီအိုရီသစ် တောင်းခံနေပြီ။ ခင်ဗျားတို့ ဘယ်လို သဘောရလဲ။ ပြောပါဦး” ဟု မေးလိုက်သည်။ ထိုအခါ ပိန်ပိန်သွယ်သွယ်နှင့် ဖြူဖြူဖွေးဖွေးအသား အရည်ရှိသော အတွေးအခေါ် ပညာရှင်ကြီး မစ္စတာပီက -

“အဓိပတိကြီးခင်ဗျား၊ ငြိမ်းချမ်းရေး သီအိုရီပေးလိုက်ဖို့, ဖြန့်ဝေပေးဖို့က လွယ်ပါတယ် ခင်ဗျား၊ သို့ပေမယ့် အဲဒီသီအိုရီကို ဖော်ထုတ် ဆောင်ရွက်ကြဖို့နဲ့ သီအိုရီအတိုင်း ကျင့်ကြံ အားထုတ်ကြဖို့က ပိုအရေးကြီး ပါတယ်။ ဒါကြောင့် သူတို့ ကမ္ဘာမြေက ကမ္ဘာသားတွေ လက်တွေ့ လုပ်ဆောင်နိုင်ကြပါ့မလား ဆိုတာ သံသယ ရှိနေတဲ့ အတွက် ချင့်ချိန်ကြည့်ဖို့လိုပါတယ်၊ သူတို့ရဲ့ စိတ်နေသဘောဝ၊ သူတို့ အတွေ့အကြုံ၊ အတွေးအကြံ စတဲ့ အချက်တွေကို သိရှိပြီး ပေးဖို့၊ မပေးဖို့ ဝေဖန်ပြီးမှ စုပေါင်း ဆုံးဖြတ် ကြရမယ့် ကိစ္စဖြစ် ပါတယ်ခင်ဗျား” ဟု ယဉ်ကျေး, သိမ့်မွေ့စွာဖြင့် တင်ပြသည်။

“ကဲ ဒီလိုလုပ်၊ ဒေါက်တာတို့ ၂ ယောက်က ကမ္ဘာမြေရဲ့ ဖြစ်ကြောင်းစုံလင်ကို တင်ပြပေး နိုင်မလား။ လတ်တလော ကြုံတွေ့ဖြစ် ပျက်နေတဲ့ အကြောင်းအရာတွေ အထိ ပေါ့။ တင်ပြပေးနိုင်ရင်တော့ သင်တို့ ကမ္ဘာမြေကို ကျွန်ုပ်တို့ ကူညီနိုင်မယ် ထင်ပါတယ်။

ဒေါက်တာအေဘယ်က “ဟုတ်ကဲ့ခင်ဗျာ၊ ကျွန်တော်တို့ အပြည့် အစုံ တင်ပြပေးနိုင် ပါတယ်။ မှတ်တမ်းမှတ်ရာ အားလုံး ပါ,ပါတယ်။ မပြည့်စုံ သေးရင်လည်း လိုအပ်တဲ့ Data (အချက်အလက်) တွေကို ကမ္ဘာ မြေနဲ့ ဆက်သွယ်ပြီး ရယူ, တင်ပြပေးနိုင် ပါတယ်။ ဟောဒီက ဒေါက်တာဝင်းနားက လိုအပ်တာတွေ ရရှိဖို့ ဆက်သွယ် လုပ်ဆောင်ပေးနိုင် ပါတယ်” ဟု စိတ်အား  ထက်သန်စွာဖြင့် ပြောလိုက်သည်။

ဝ၀,ဖိုင့်ဖိုင့် ဒေါက်တာဝင်းနားမှာလည်း စိတ်လှုပ်ရှားလျှက်ရှိပြီး အလွန်ပင် ဝမ်းသာ, ကျေနပ်နေသည့် အရိပ်အရောင်များ မျက်နှာပေါ်တွင် အထင်းသား မြင်နေရသည်။ လုပ်ဆောင်ရမည့် အစီအစဉ်များကိုလည်း စိတ်ထဲတွင် စဉ်းစားလျှက်ရှိသည်။

ထိုစဉ် အဓိပတိကြီးက “ကောင်းပါပြီ၊ ကျွန်ုပ်တို့... စကြဝဠာရွာ ညီလာခံခေါ်ယူ ညှိနှိုင်း ဆွေးနွေးတဲ့အခါ သင်တို့လည်း အထူးဧည့်သည် အဖြစ် တက်ရောက်ကြပါ။ ပြီးတော့ အထွေထွေ လုပ်ငန်းစဉ် ဆွေးနွေးချက် ကဏ္ဍမှာ ကမ္ဘာဂြိုဟ် အတွက် ငြိမ်းချမ်းရေး သီအိုရီ ပေးသင့်, မပေးသင့်ပါ တစ်ခါတည်း မဲခွဲဆုံးဖြတ်မယ်၊ အတည်ပြုမယ်” ဟု ပြောကာ ကမ္ဘာမြေက ဧည့်သည်များနှင့် အဓိပတိကြီးနှင့် တွေ့ဆုံသည့် အစီအစဉ်ကို ရပ်နား လိုက်သည်။

(ခ) စကြဝဠာခရီးစဉ်နှင့် ကမ္ဘာမြေအကြောင်း

Vim စကြဝဠာလုံးဆိုင်ရာ ညီလာခံကြီး ခေါ်ယူညှိနှိုင်း ဆွေးနွေးပွဲ မတိုင်မီရက်များတွင် ဒေါက်တာအေဘယ်နှင့် ဒေါက်တာဝင်းနားတို့သည် ညီလာခံတွင် တင်ပြမည့် ကမ္ဘာမြေ ၏ သမိုင်းကြောင်း အပါအဝင် အခြေခံ အချက်အလက်များ စုဆောင်းခြင်း၊ အစီအစဉ် တကျ ရေးဆွဲခြင်းစသည့် လုပ်ငန်းများ ပြင်ဆင်လုပ်ဆောင်နေကြရသဖြင့် မအားမလပ် နိုင်အောင် ရှိနေခဲ့သည်။ နှစ်ဦးစလုံးမှာ ပင်ပမ်းနွမ်းနယ် လွန်းလှသော်လည်း မိမိတို့ ကမ္ဘာမြေ၏ ရှေ့ရေးအတွက် ခရီးစဉ် စ, တင်ခဲ့သည့် အချိန်မှ ယခု အချိန်အထိ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို အစီအစဉ်တကျ မှတ်တမ်းမတင်မိကြသေး။

ခရီးစဉ် တလျှောက် Vim စကြဝဠာကြီးနဲ့ Ruth ဂြိုဟ်သည် အထူးခြားဆုံး၊ အံ့သြစရာ အကောင်းဆုံး၊ ငြိမ်းအေးမှုအရှိဆုံးဟု ဆိုရပါမည်။ အဘယ်ကြောင့်ဆိုသော် Ruth ဂြိုဟ်ပတ်လမ်း ဧရိယာထဲ စတင်ချဉ်းနင်း ဝင်ရောက်မိသည်နှင့် တစ်ပြိုင်နက် နွေးထွေး, လှိုက်လှဲသော, အေးမြသော, အငွေ့အသက်များကို စ,တင်ခံစားမိ ကြသည်။ အခြား ဂြိုလ်များကဲ့သို့ မဟုတ်။

ဥပမာ Noggy သို့မဟုတ် သုရာဂြိုဟ်သို့ ရောက်ခဲ့စဉ်က အဖြစ်အပျက်တစ်ခုကို ကြည့်ပါ။ ဂြိုလ်ပတ်လမ်းထဲ ရောက်ရောက်ချင်း ရီဝေဝေ၊ မှိုင်းတိုင်းတိုင်းဖြင့် သွက်လက်ပေါ့ပါး သလို ခံစားရမိသည်။ သို့သော် ဂြိုဟ်ပေါ်သို့ ဆင်းသက်မိ ပြီး မကြာမီပင် အသိ, သတိများ လစ်ဟင်းသွားသလို ဖြစ်ရသည်။ ဂြိုဟ်သားများ၏ ပုံပန်း သဏ္ဌာန်မှာလည်း မျက်နှာဖောသွတ်သွတ်၊ မျက်ထောင့်နီနီ စရိုက်ကြမ်းတမ်းပြီး ရိုင်းစိုင်းလွန်းသည်ကို တွေ့ရသည်။ အချင်းချင်း အော်ဟစ်ပြောဆိုတတ်ပြီး အချို့မှာ ခိုက်ရန် ဖြစ်ပွားနေကြသည်။ ယမ်းယမ်းကားကား ရိုင်းရိုင်းပျပျ ဆက်ဆံတတ်ပုံ ကြောင့် ထိုဂြိုလ်တွင် ကြာရှည် မနေရဲတော့ဘဲ အမြန် ထွက်ခွာခဲ့ကြ ရသည်။

တဖန် Yeggy သို့မဟုတ် အလစ်သုတ်သမားဂြိုဟ်သို့ ရောက်ရှိခဲ့စဉ်ကလည်း အမြန်ပြေးထွက်ခဲ့ကြရဖူးပါသည်။ Yeggy ဂြိုဟ်၏ ဂြိုဟ်ပတ်လမ်း ဧရိယာထဲ စတင်ဝင် ရောက်မိလိုက်ကတည်းက မလုံခြုံသောအသိအာရုံများ ဖြစ်ပေါ်လာကြ ပါသည်။ ဂြိုလ်ပေါ်သို့ ဆင်းသက်မိပြီး စတင်တွေ့လိုက်ကြရသည်က သော့ပုံသဏ္ဍန် ဂြိုလ်သားများ ဖြစ်၏။ ၎င်းတို့၏ပုံသဏ္ဍန်သာ သော့နှင့်တူသည်မဟုတ်၊ မျက်စိ၊ နား၊ နှာခေါင်း၊ ပါးစပ် စသည်တို့သည်လည်း သော့ပေါက်များနှင့်တူကြောင်း တွေ့ရှိရသည်။ ဂြိုလ်၏မျက်နှာပြင်ပေါ်သို့ စ,တင်ခြေချမိလိုက်သည်နှင့်တပြိုင်နက် ပထမဆုံးအခက်အခဲမှာ ဒေါက်တာဝင်းနား၏စိတ်ကူးတချို့ ပျောက်ဆုံးသွားခြင်း ဖြစ်သည်။ ထို့နောက် ဒေါက်တာအေဘယ်၏ အိပ်မက်တချို့ ထပ်မံပျောက်ဆုံးသွား ပြန်သည်။ ၎င်းဂြိုဟ်သားများ ကိုယ် တိုင်ပင်ပျောက်ဆုံးသွားမည်စိုးရသောကြောင့် သော့ခတ်၊ သော့ပိတ်နေကြရခြင်းဖြစ်ကြောင်း သဘောပေါက်သွားသည်။ ထို့ကြောင့် အဆိုပါ ဂြိုဟ်ပေါ်တွင် ကြာရှည်ဆက်လက် မနေနိုင်ကြတော့ပဲ ယာဉ်ငယ်ကို အမြန်နှိုး၍ ပြေးထွက်ခဲ့ကြရသည်။

နောက် Leo Negg သို့မဟုတ် တိုက်ပွဲဂြိုဟ်သို့ ရောက်ရှိခဲ့စဉ် အဖြစ်အပျက် ကလည်း အလွန်, ကြောက်မက်ဖွယ်ရာ ကောင်းသည်။ ကျောချမ်းစရာ ကောင်းသည်။ Leo Negg ဂြိုဟ်သို့ မရောက်ခင်ကတည်းကပင် ယမ်းငွေ့နံများ၊ ပေါက်ကွဲသံများက ဆီးကြို နေသည်။ ဂြိုဟ်ပေါ်တွင် အပင်ဟူ၍ ကြီးကြီး မားမားမတွေ့ရ။ ပူပြင်း, ခြောက်သွေ့သော သဲပြင်များ၊ ကျောက်တုံးကျောက် ဆောင်၊ တောင်ကတုံးများဖြင့် အတိပြီး လေသည်။ သဘာဝရင်းမြစ်များ ကို စည်းကမ်းမဲ့ အစွမ်းကုန်ထုတ်ယူ အသုံးချပစ်သဖြင့် အခွံချည်းသက်သက် ဖြစ်နေပြီ ဖြစ်ကြောင်း လေ့လာစူးစမ်းမိ ကြသည်။ ယာဉ်ငယ်၏ ခြေထောက်များ ဂြိုဟ်မျက်နှာပြင်ပေါ်သို့ ထိထိချင်း အနီး၌ ဗုံးတစ်လုံး ပေါက်ကွဲသွားသည်။ ကံကောင်းထောက်မ, သဖြင့်သာ ယာဉ်ငယ်ကို မထိမှန်ခြင်း ဖြစ်သည်။ မီးခိုးငွေ့များ၊ မှိုင်းလုံးများ၊ ယမ်းနံ့များကြောင့် မွန်းကြပ် လာသည်။ မြင်မကောင်း၊ ရှုမကောင်း အသေကောင်ပုပ်များ၊ အပုပ်နံ့များဖြင့် နံဟောင်လွန်းသည်။ အသက်ရှုကြပ်လာသည်။ ခပ်လှမ်းလှမ်းမှ ပြေးလာသော ဂြိုဟ်သားများသည် ဝံပုလွေများကဲ့သို့ မျက်နှာရှိပြီး လုယက်ယူငင်ရန် လက်နက်များ ချိန်ရွယ်လျှက်။ အင်အားကြီးသူ၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်ဗိုလ်ကျမည့် မိုက်မိုက်ကန်းကန်း စရိုက်ကြမ်းကြမ်း။ သူတို့သည် ယာဉ်ငယ်ကို စက်နှိုး၍ အမြန် ပြေးထွက်ခဲ့ကြရ ပြန်သည်။

“ဒေါက်တာအေဘယ် ကျုပ်ရဲ့ Presentation ကို ကြည့်ပါဦး၊ ဘာလိုသေးလဲ”

ဒေါက်တာဝင်းနား ပြောလိုက်သည့် အသံကြောင့် ဒေါက်တာအေဘယ်သည် ရေးလက်စ အတွေး ပြတ်သွားသည်။ ခေတ္တ နားလိုက်သည်။ ဒေါက်တာဝင်းနား၏ Presentation ကို ကွန်ပျူတာပေါ်၌ တွေ့လိုက် ရသည်။ ဒေါက်တာဝင်းနားက-

“ပထမဆုံး ကျွန်တော်တို့ စကြဝဠာပေါင်း အနန္တပါဝင်တဲ့ မဟာ စကြဝဠာကို ဖော်ပြမယ်။ နောက် နဂါးငွေ့တန်းကို ဖော်ပြမယ်။ အဲဒီ နဂါးငွေ့တန်းကြယ်စုကြီးရဲ့ အမြီးဖျား ၃ ပုံ ၂ ပုံလောက်မှာ မှုန်တုန်တုန် လင်းနေတဲ့ ကြယ်ကြီး တစ်ခု ဖြစ်တဲ့ ‘နေ’ ကို ဖော်ပြမယ်။ နောက် နေအဖွဲ့ အစည်းထဲမှာ ရှိနေတဲ့ ဂြိုလ် (၉) လုံးကို အစီအစဉ် အလိုက် တင်ပြမယ်။ နေအရွယ်အစား၊ ဂြိုလ် (၉) လုံး အရွယ်အစား ယှဉ်ပြမယ်။ ပြီးတော့မှ ကျွန်တော်တို့ ကမ္ဘာမြေ အကြောင်း အသေးစိတ် တင်ပြမယ်။ ဘယ့်နှယ်လဲ အကြံပြုပါဦး”

“သိပ်ကောင်းတဲ့ အစီအစဉ်ပါဘဲ ဒေါက်တာဝင်းနား။ လူသား တွေဟာ ကမ္ဘာကြီးနဲ့ ယှဉ်လိုက်ရင် အသေးအဖွဲ အမှုန်ကလေးပါ။ စကြဝဠာနဲ့ ယှဉ်ကြည့်ရင် ကမ္ဘာဆိုတာ ဘာမှ မပြောပ, လောက်ဘူး။ နဂါးငွေ့တန်းနဲ့ နှိုင်းစာရင် နေစကြဝဠာဟာ ကြယ်, မှုန်မှုန်လေး တစ်ခုပဲ၊ မဟာစကြဝဠာကြီးနဲ့ ယှဉ်ကြည့်လိုက်ရင်လည်း မြင်တောင်, မမြင်သာလောက်အောင် သေးမှုန်နေတာပဲ မဟုတ်လား။ အေးဗျာ၊ ကျုပ်တို့ ခရီးစဉ်ရဲ့ မှတ်တမ်း ပြုစုနေတော့ ဒေါက်တာ့ကိုတောင် မကူညီနိုင်ဘူး ဖြစ်သွားတယ်။ ဒေါက်တာရဲ့ အစီအစဉ် အလွန်, ကျနပါတယ်။ ဒီအတိုင်းဆို Vim စကြဝဠာသားတွေ အပြည့်အဝ နားလည်းသွားနိုင်တယ် ဗျို့”

“သူတို့ နားလည်သွားမှ ကျုပ်တို့ကို ငြိမ်းချမ်းရေးသီအိုရီ ပေးမှာကိုး ဗျ၊ ကျုပ်တို့ ဂြိုဟ်ကို စ,ရောက်တုန်း ကတော့ ငြိမ်းချမ်းသာယာမှု အမှန်တကယ် ရှိပါ့မလား လို့ သံသယ ဝင်မိသေးတယ် ဗျ။ ငြိမ်းချမ်းသာယာမှု ရှိတယ် ဆိုတာ ပြောနေရုံနဲ့၊ ပြနေရုံနဲ့ တကယ် ငြိမ်းချမ်းတယ် ဆိုတာ မဖြစ်နိုင်ဘူး။ လူတိုင်း, လူတိုင်း တကယ့်ကို စိတ်ထဲမှာ၊ နှလုံးသားထဲမှာ ငြိမ်းအေးချမ်းသာ ရှိနေမှ ငြိမ်းချမ်းတယ် လို့ ပြောလို့ ရမှာ မဟုတ်လား။ ဒေါက်တာ မှတ်မိသေးလား၊ ကျုပ်တို့ ရောက်ခဲ့တဲ့ Zabrus (ချေးပိုးထိုး) ဂြိုလ်ပေါ်က အဖြစ်အပျက်လေ။ အပေါ်ယံမှာတော့ ညီညွှတ်, ချောမွေ့နေတာပဲ၊ ငြိမ်း ချမ်းနေတာပဲ၊ အတွင်းမှာ လှိုက်စား, ပျက်စီး, ယိုယွင်းနေပြီး ကသောင်းကနင်း, ကျားကန်ထားရတဲ့ သူတို့ အမြီးကောက်ပုံက နောက်မှ ပေါ်လာတာကိုး ဗျ”

“ဒေါက်တာဝင်းနား ပြောတာမှန်တယ်ဗျ။ ရေရှည်အချိန်က အဆုံးဖြတ်ပေးသွားမှာ ပါလို့  ဆိုပေမယ့် မဆုံးဖြတ်သေးခင်တော့ အားလုံး ဒုက္ခ ရောက်ကြရတာပဲ နော်။ ဒါပေမယ့် ဒီဂြိုလ်က လူတွေနဲ့တော့ ဆန့်ကျင်ဘက်ပဲ ဗျ။ ဒီဂြိုလ်က Ruth (မေတ္တာ) ဂြိုဟ် ဆိုတဲ့ နာမည်အတိုင်း ဂြိုလ်သား တွေကို တွေ့ရတာ တကယ်အေးချမ်းတာပဲဗျ။ ကြာလေလေ အေးချမ်းလေ လေလို့တောင် ပြောရမလို ပါဘဲဗျာ။ ခင်ဗျားဆီ လာလာ နေတဲ့ ချာတိတ်တွေကို ကြည့်၊ အမြင်အားဖြင့်တော့   အဖြူ၊ အမည်း၊ အပု၊ အရှည်၊ အပိန်၊ အဝ လုံးဝ, မတူညီကြဘူး။ သို့ပေမယ့် တူညီနေတဲ့ အချက်ကတော့ အားလုံးဟာ လွတ်လပ်ပေါ့ပါးလို့, အနှောင်အဖွဲ့ ကင်းလို့, တက်ကြွလန်းဆန်း လို့, မဟုတ်လား”

“နေဦး ဒေါက်တာအေဘယ်၊ အဲဒါတွေတင် ဘယ်ကမလဲ။ သူတို့ အားလုံးဟာ သူတို့ ဝါသနာပါရာ ကဏ္ဍအသီးသီးမှာ စကြဝဠာကျော်တွေတဲ့ ဗျ”

“ဗျာ ဘယ်လို၊ ဘယ်လို..၊ သေချာရှင်းပါဦး။ ကျုပ်က သူတို့နဲ့ ခင်ဗျားလောက် တွေ့ဖို့ အချိန် မရတော့၊ သူတို့အကြောင်း ကောင်းကောင်း မသိရသေးဘူး”

“ဒီလိုဗျ စာပေ, ဂီတာ စတဲ့ အနုပညာ နယ်ပယ်နဲ့ နည်းပညာ နယ်ပယ်၊ စိုက်ပျိုးရေး နယ်ပယ်တွေမှာ သူတို့အားလုံးဟာ အောင်မြင်, ထင်ရှားသူလေးတွေ ဗျ။ တခြား ဂြိုဟ်တွေကတောင် သူတို့နဲ့ လာရောက်တွေ့ ဆုံပြီး အကြံဉာဏ် ရယူနေကြ ရတာဗျ”

“ဟုတ်လား။ ဒါ မင်္ဂလာပေါ့ဗျာ။ ဘာပဲဖြစ်ဖြစ် ခေတ်မီတဲ့နည်း ပညာသစ်တွေ၊ တိုးတက်တဲ့ ငြိမ်းချမ်းရေး အတွေးအခေါ်သစ်တွေနဲ့ ကျုပ်တို့ ကမ္ဘာမြေကို အကောင်းဆုံး ဖန်တီးပေးနိုင်ကြ လိမ့်မယ် လို့ မျှော်လင့် မိပါရဲ့ဗျာ။ သို့ပေမယ့်... အင်း... လုပ်ဆောင် ပေးဖို့ အခွင့်သာရင် ပေါ့ဗျာ”

ဒေါက်တာအေဘယ်သည် မိမိတို့ ကမ္ဘာမြေပေါ်က အခြေအနေဆိုးတွေကို ပြန်လည် စဉ်းစားမိပြီး လန်းဆန်း, တက်ကြွနေသည့် စိတ်အစဉ်သည် မသက်မသာ နွမ်းညစ် သွားရသည်။ ဒေါက်တာ အေဘယ်၏ ခံစားချက်ကို ရိပ်မိ၊ သိရှိသော ဒေါက်တာ ဝင်းနားက အားပေးသည့်အနေဖြင့်-

“ဒေါက်တာအေဘယ်ရယ်၊ စိတ်ဓာတ်မကျစမ်းပါနဲ့၊ အကောင်းဆုံးတွေ လုပ်ဆောင်ဖို့ အတွက် အချိန်နောက်ကျတယ် ဆိုတာ မရှိဘူးဗျ။ ဘယ် အချိန်ဖြစ်ဖြစ် အကောင်းဆုံး လုပ်ဆောင်ဖို့ အချိန်ကောင်း၊ အခွင့်ကောင်းချည့်ပဲ” ဟု အားပေး စကားပြော လေသည်။ သို့သော် နှစ်ဦးစလုံး၏ စိတ်ထဲတွင်ကား-

“ကမ္ဘာမြေက ညူကလီးယား အဖျက်ဒုံးကျည်ကိစ္စ၊ စွမ်းအင်လောင်စာကိစ္စ၊ လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး အစွန်းရောက် ကိစ္စ၊ ကပ်ရောဂါဆိုး ကိုဗစ် ၁၉၊ အေအိုင်ဒီအက်စ်၊ ကင်ဆာ၊  ဆားအဆုပ်ရောဂါ၊ ကြက်ငှက်တုပ်ကွေး၊ ရာသီဥတု ဖောက်ပြန်မှု၊ လာနီညာ၊ အယ်လ်နီညို၊ ဖန်လုံးအိမ်အာနိသင် အကျိုးသက်ရောက်မှု အိုဇုန်းလွှာ ပေါက်ပြဲမှု၊ အစာရေစာ ရှားပါးလာမှု၊ သဘာဝဘေးအန္တရာယ် မုန်းတိုင်း၊ ငလျင်၊ ဆူနာမီ၊ မီးတောင် ... စသည့်ဖြင့်”  စိတ် မအေးချမ်းဖွယ် အခြေအနေ များကို စဉ်းစားမိပြီး ငေးငိုင်သွား ကြသည်။

သို့ဖြင့် နှစ်ဦးသား တိတ်ဆိပ်သွားကြပြီး မလှုပ်မယှက် ငြိမ်သက်လျက် သက်ပြင်း ကိုယ်စီ ချမိကြလေသည်။ စိတ်ထဲတွင်ကား Ruth ဂြိုလ်မှ ငြိမ်းချမ်းရေး သီအိုရီသစ်ကို မဖြစ်မနေ ရအောင် ယူကြမည်။ ကမ္ဘာမြေကို ဖြန့်ဝေမည်ဟု ဆုံးဖြတ်ကြပြီး ဖြစ်လေသည်။ ထိုစဉ်...။

(ဂ) ကမ္ဘာမြေအတွက်အိပ်မက်

ထိုစဉ် ၎င်းတို့တည်းခိုရာ ဟိုတယ်ဧည့်ခန်း နံရံဖန်သားပြင်၌ အဓိပတိကြီး၏ ရုပ်ပုံ ပေါ်လာသည်။ အဓိပတိကြီးက-

“မင်္ဂလာပါ ဒေါက်တာ တို့ခင်ဗျား။ ညပိုင်း အိမ်စက် အနားယူကြဖို့  နှုတ်ဆက်ပါတယ်”

ဒေါက်တာ အေဘယ်နှင့် ဒေါက်တာ ဝင်းနားတို့ နှစ်ဦးလုံး မတ်တတ်ရပ်၍ ဂါဝရပြု နှုတ်ဆက်သည်ကို အဓိပတိကြီး၏ ရှေ့ရှိ ကွန်ပျူတာပေါ်တွင်လည်း တွေ့လိုက် ရသည်။ မိမိတို့ Ruth ဂြိုလ်ပေါ်သို့ ရောက်လာသည့် မြေကမ္ဘာက ဧည့်သည် ၂ ယောက်သည် ရောက်နေသည့် (၂) လအတွင်း အနားယူသည် ဟု လုံးဝ မတွေ့ရ။ အပင်ပန်း အဆင်းရဲခံ၍ မအိပ်မနေ အလုပ်, လုပ်နေတတ်သည့် ဒေါက်တာ ၂ ယောက်ကို လေးစားသွားသည်။

၎င်းတို့ ကမ္ဘာမြေအတွက် စိတ်စောနေကြောင်း၊ စိတ်သောက ရောက်နေကြောင်း မျက်နှာများ ပေါ်တွင် အထင်းသား တွေ့မြင်နေရသည်။ အဓိပတိကြီးသည် များစွာ ကရုဏာ သက်မိသည်။ သို့သော် ငြိမ်းချမ်းရေး သီအိုရီသစ် ပေးအပ်ရန်ကား မိမိ တစ်ဦးတည်း၏ သဘောဆန္ဒဖြင့် မဖြစ်နိုင်ပါ။ မိမိ ပြောစကား၊ မိမိ၏ ဦးဆောင်မှုသည် ဥပဒေစည်းကမ်း မဟုတ်၊ သက်ဆိုင်ရာ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင် အောက်တွင်သာ မိမိ အနေဖြင့် မှန်ကန်, တော်တည့်သည့် ဦးဆောင်မှု ပေးနိုင်ခြင်းသာ ဖြစ်သည်။ ခေါင်းဆောင်က အတုယူထိုက်မှ နောက်လိုက်များလည်း အတုယူစံမီသူများ ဖြစ်လာမည်ပင်။ ထို့ကြောင့် အဓိပတိကြီးက -

“ဒေါက်တာတို့ရယ် အရမ်းလည်း စိတ်ပူပင် မနေပါနဲ့။ ကျုပ်တို့ ညီလာခံမှာ အောင်အောင်မြင်မြင် တင်ပြနိုင်မှာပါ”

အဓိပတိကြီး၏ စာနာတတ်သော မျက်ဝန်းမှ တဆင့် သူ၏ စေတနာကို ဒေါက်တာ အေဘယ်နှင့် ဒေါက်တာ ဝင်းနားတို့ တွေ့မြင်လိုက်ရ သည်။ အထူးပင် လေးစားမိ ကြသည်။ အဓိပတိကြီးက ဆက်၍-

“ကဲ ကဲ မနက်ဖြန်ညီလာခံမှာ အောင်အောင်မြင်မြင် တင်ပြနိုင်ဖို့ ကောင်း ကောင်း အနားယူကြပါ။ လိုအပ်တာတွေလည်း နည်းပညာဝန်ကြီးနဲ့ အတွေးအမြင် ဆိုင်ရာ ဝန်ကြီးတို့က အကူအညီပေးကြပါ လိမ့်မယ်။ အားလုံးမင်္ဂလာ ညချမ်းပါ “

“မင်္ဂလာ ညချမ်းပါ “ ဟု ဒေါက်တာ ၂ ယောက်က ပြန်လည် နှုတ်ဆက်လိုက်ကြ လေသည်။ သို့ဖြင့် ငြိမ်းချမ်းရေးသီအိုရီသစ် ရရှိရေး စကြဝဠာအဓိပတိကြီး အပါအဝင် အခြား ဂြိုလ်များမှ ပညာရှင်ကြီးများအား အထူးပင် ကျေးဇူးတင်ရ ပေမည်။ ငြိမ်းချမ်းရေး သီအိုရီသစ်ဖြင့် စိမ်းလန်း, အေးချမ်းသော၊ နွေးထွေး, အေးမြသော ကမ္ဘာမြေ၏ အနာဂတ် နေ့ရက်များကို စိတ်ကူးယဉ်, မြင်ယောင်ရင်း အိပ်မက်, မက်မိကြ လေသည်။

(ဃ) Vim စကြဝဠာညီလာခံမှ ကန့်ကွက်ချက်

သို့ဖြင့် Vim စကြဝဠာလုံးဆိုင်ရာ ညီလာခံကြီး ပြီးစီးခဲ့ပြီးနောက် ကမ္ဘာဂြိုဟ် ပြာလေး၏ တည်နေရာ သမိုင်းကြောင်း၊ လူသားမျိုးနွယ်စု အကြောင်း၊ ဘာသာရေး ကိုးကွယ်ယုံကြည်မှုများ အကြောင်း၊ ကမ္ဘာတစ်ခုလုံး မငြိမ်းမချမ်း ဖြစ်နေသည့် အခက်အခဲ အကျပ်အတည်းများ အကြောင်းနှင့် ကမ္ဘာမြေ အတွက် အထူး လိုအပ် နေသည့် ငြိမ်းချမ်းရေး သီအိုရီပေးအပ်ရန်ကိစ္စ စ,သည်တို့က ဒေါက်တာ အေဘယ်နှင့် ဒေါက်တာ ဝင်းနားတို့ တစ်လှည့်စီ အစီအစဉ် တကျဖြင့် တင်ပြနိုင် ခဲ့ကြသည်။ မေးမြန်းချက်များကိုလည်း ရိုးရှင်းပွင့်လင်းစွာ ဖြေကြား တင်ပြနိုင်ခဲ့ကြသည်။

အဓိပတိကြီးက “ငြိမ်းချမ်းရေး သီအိုရီသစ်” ကို မြေကမ္ဘာမှ ဒေါက်တာ ၂ ယောက် ပြည့်ပြည့်စုံစုံ လေ့လာနိုင်ရေး မဟာအကြံပေးအဖွဲ့ ဥက္ကဋ္ဌ မစ္စတာပီ နှင့် အခြား ပုဂ္ဂိုလ် တချို့အား တာဝန်ပေးသည်။ Vim စကြဝဠာညီလာခံ ကိုယ်စားလှယ် အားလုံးကလည်း သဘောတူ လက်ခံကြ သဖြင့် ငြိမ်းချမ်းရေး သီအိုရီသစ်ကို ဒေါက်တာ အေဘယ်နှင့် ဒေါက်တာ ဝင်းနားတို့ လေ့လာခွင့် ရရှိခဲ့ကြလေသည်။

ငြိမ်းချမ်းရေး သီအိုရီသစ်၏ အခြေခံကျသည့် အချက် ၃ ချက်ကို တပြိုင်တည်း အကောင်အထည် ဖော်မှသာ ငြိမ်းချမ်းရေးကို အမှန်တကယ် ဖော်ဆောင်နိုင်မည် ဖြစ်၍ ယင်းအချက်များကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် သီအိုရီသစ်က ခိုင်ခိုင်မာမာ တိုက်တွန်းထားသည်။ ယင်း အချက် ၃ ချက်၏ အတိုကောက် စကားလုံးမှာ “ရှင်း, ဆောင်, ရှောင်” ဟူ၍ မှတ်သားနိုင်ပါသည်။

“ရှင်း” ဆိုသည်မှာ မငြိမ်းချမ်းစေသည့် အကြောင်းတရား (သို့မဟုတ်) လူပုဂ္ဂိုလ် အသင်း, အဖွဲ့, အုပ်စုများကို ဖယ်ရှား ရှင်းလင်းရန်၊ “ဆောင်” ဟူသည်ကား ငြိမ်းချမ်းရေး ဖော်ဆောင်ရာတွင် ကိုင်စွဲရမည့် ဆောင်ရန်အချက်များ ဖြစ်ပြီး “ရှောင်” မှာမူ ရှောင်ရှားရမည့် အချက်များပင် ဖြစ်သည်။

ကမ္ဘာမြေမှ ဒေါက်တာ ၂ ဦးသည် ငြိမ်းချမ်းရေး သီအိုရီသစ်၏ ပထမအချက်ကို ခါးခါးသီးသီး လက်မခံနိုင် ဖြစ်နေကြရသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးသီအိုရီ၏ ဒုတိယနှင့် တတိယ အချက် ၂ ချက်ကိုသာ အသုံးပြု၍ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ကြမည် ဟု နှစ်ဦးသား တိုင်ပင်, ဆုံးဖြတ်လိုက်ကြသည်။

ထို့ကြောင့် ကမ္ဘာမြေ အတွက် “ငြိမ်းချမ်းရေး သီအိုရီ” ပေးအပ်ရန် မဲခွဲ, ဆုံးဖြတ်သည့် အခါ စကြဝဠာလုံးဆိုင်ရာ ငြိမ်းချမ်းမှု ဖော်ဆောင်ရေး မဟာအကြံပေး ဥက္ကဋ္ဌ မစ္စတာပီ က လွဲ၍ ကျန်ပုဂ္ဂိုလ် အားလုံးက သဘောတူကြသည်။

တစ်ဦး တစ်ယောက်၏ သဘောထား, ရပ်တည်ချက်ကိုပင် အလေးအနက်ထား စဉ်းစား, လုပ်ဆောင် လေ့ရှိသည့် ၎င်းတို့၏ စနစ်ကား လေးစား အံသြဖွယ်ပင် ဖြစ်သည်။ မစ္စတာပီ အနေဖြင့်လည်း ခိုင်လုံသော အထောက်အထား အချက်အလက်များ တင်ပြ၍ ကန့်ကွက်ခြင်း ဖြစ်သဖြင့်လည်း ကမ္ဘာမြေ အတွက် ငြိမ်းချမ်းရေး သီအိုရီသစ် ပေးအပ်ရေး အတည်ပြုရန် အခက်အခဲနှင့် ကြုံတွေ့နေ ရသည်။

မစ္စတာပီက ရှင်းပြသည်မှာ-

“ကျွန်ုပ်တို့ရဲ့ ငြိမ်းချမ်းရေးသီအိုရီကို သင်တို့ကမ္ဘာမြေက ကမ္ဘာသားတွေ လက်ခံ, ကျင့်သုံး နိုင်လောက်အောင် မယဉ်ကျေးသေးဘူး။ ကျဉ်းမြောင်း, သေးသိမ်တဲ့ အတွေးအခေါ်၊ ကြီးမားတဲ့ အတ္တ၊ အယူသည်း အစွဲကြီးသူတွေ အတွက် ဒီသီအိုရီဟာ အသုံး မဝင်ပါဘူး။ သီအိုရီကို ဒီလို လူတွေကြားမှာ အကောင်အထည် ဖော်မယ် ဆိုရင်လည်း အန္တရာယ် ကျရောက်နိုင်ပါတယ်။ Globalization လို့ သေးငယ်မှုန်မွှားတဲ့ နယ်ပယ်လေးမှာတောင် အဆင့်မြင့်စိတ်ဓာတ် မထားနိုင်ရင် Universalization ဆိုတာ ဝေးရော။ ဒေါက်တာ တို့တင်ပြပုံ အရ ခန့်မှန်းကြည့်ရင် ကမ္ဘာရွာတောင်ပိုင်းမှာ မီးလောင်နေတာကို ကမ္ဘာ့ရွာမြောက်ပိုင်းက လူတွေက သူတို့နဲ့ ဘာမှ မဆိုင်သလို လစ်လျူရှု, ပစ်ပယ်တတ်ကြသူတွေ အတွက် ငြိမ်းချမ်းရေး သီအိုရီသစ်က အလကားပဲ ဖြစ်သွားမှာ ပါ။ အသိမရှိတဲ့ သူတွေကို “အသိရှိကြ၊ အသိရှိကြ” လို့ ဘယ်လို ပြောပြော အသိရှိလာမှာ မဟုတ်ဘူး။ အသိဉာဏ်နုံနဲ့တဲ့ နေရာမှာ၊ အတ္တကြီးမားတဲ့ နေရာမှာ၊ ပညာရေးနဲ့ အသိကို အခြေမခံတဲ့ လူအဖွဲ့အစည်းတွေမှာ ငြိမ်းချမ်းရေး ဆိုတာရော၊ ငြိမ်းချမ်းရေး သီအိုရီ ဆိုတာရော ဘာမှ မရှိနိုင်ဘူး။ ငြိမ်းချမ်းမှုရှိတယ်၊ အေးချမ်း သာယာတယ် လို့ ပြောရင်လည်း ဒါဟာ အတုအယောင်တွေပါပဲ။ ကမ္ဘာမြေအတွက် ငြိမ်းချမ်းရေးသီအိုရီကို အကောင်အထည်ဖော်ကျင့်သုံးဖို့ ဆိုတာ လုံးဝလုံးဝကို မဖြစ်နိုင်တဲ့ကိစ္စပါ။ ဒါပေမယ့် ငြိမ်းချမ်းရေးသီအိုရီကျင့်သုံးနိုင်ဖို့ အခြေခံအုတ်မြစ်ဖြစ်တဲ့အချက် (၃) ချက်ကို တချိန်တည်း အကောင်အထည်ဖော်မယ်ဆိုရင်တော့ ဖြစ်နိုင်စရာရှိပါတယ်။ တကယ် လို့ ဒုတိယနဲ့ တတိယအချက်ကိုပဲသုံးပြီး ငြိမ်းချမ်းရေး ဖော်ဆောင်မယ်ဆိုရင်တော့ အလွန်အန္တရာယ်ကြီး မားတယ်ဆိုတာ သတိပြု စေချင်ပါတယ်”

ထိုအခါ ဒေါက်တာ ဝင်းနားက- “ငြိမ်းချမ်းရေး သီအိုရီသစ်ရဲ့ အခြေခံအချက် ၃ ချက်ကို တပြိုင်တည်းမဖော်ဆောင်ဘဲ ဒုတိယနဲ့ တတိယ အချက်တွေကို အရင်ဆုံး အကောင်အထည် ဖော်သွားဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ် ခင်ဗျ။ သီအိုရီရဲ့ ပထမ အချက်ကို တဖြည်းဖြည်းချင်း အကောင်အထည် ဖော်သွားချင်ပါတယ်” ဟု ဆန္ဒရင်း အမှန်ကို ထုတ်ဖော်, တင်ပြလိုက်သည်။

အဓိပတိကြီးက “ဒေါက်တာ ဝင်းနားနဲ့ ဒေါက်တာ အေဘယ်တို့ ရင်ထဲမှာ ဘယ်လိုရှိ နေတယ်ဆိုတာ ကျွန်ုပ်တို့အားလုံး သိရှိပါတယ်။ ခံစားနားလည် မိပါတယ်။ ဒီလိုမြင့်မြတ်တဲ့စိတ်ဓာတ်ရှိနေလို့သာ ကျွန်ုပ်တို့ စကြဝဠာက ဂြိုလ်တွေပေါ်မှာ ရောက်ရှိနေထိုင်နိုင်တာ ဖြစ်ပါတယ်။ မရိုးသား၊ အတ္တကြီးသူ၊ အစွဲကြီးသူတွေအတွက် ကျွန်ုပ်တို့ စကြဝဠာမှာ နေရာမရှိဘူး။ ဒီလိုလူတွေ ရောက်လာခဲ့ဖူးတာတော့ ရှိပါရဲ့။ ဒါပေမယ့် ငြိမ်းချမ်းရေး သီ အိုရီရဲ့ ကျေးဇူးကြောင့် သူတို့ ကြာရှည် မနေနိုင်ကြပါဘူး။ အလိုလို အဝေးကို ပြေးထွက် သွားကြရတာချည်း ပဲ။ ဒီတော့ဗျာ ကျွန်ုပ် တစ်ခု အကြံပြု တိုက်တွန်းချင်တဲ့ အချက်တစ်ခုကိုတော့ လက်ခံ ပေးကြစေချင်ပါတယ်” ဟု ပြော၏။

ထိုအခါ မစ္စတာပီက “ဟုတ်ကဲ့ အမိန့်ရှိပါ အဓိပတိကြီး။ ကျွန်တော်အနေနဲ့ နိမ့်ကျတဲ့ သဘောဆိုးသဘောယုတ်နဲ့ကန့်ကွက်နေတာမဟုတ်ပါဘူး။ အခြေအနေမှန်ကို အကျိုးအကြောင်းပြပြီး ရှင်းလင်းနေတာပါ။ မငြိမ်းချမ်းတဲ့ နယ်မြေဒေသကို ငြိမ်းချမ်းရေးပေးအပ်တာ ကောင်းခြင်းမင်္ဂလာပါ။ သို့ပေမယ့် ငြိမ်းချမ်းရေးသီအိုရီသစ်ရဲ့ အခြေ ခံထောက်တိုင် ၃ ခုကို တပြိုင်တည်းမဖော်ဆောင်ရင် အကျိုးမရှိတဲ့အပြင် အကျိုးယုတ်မှာကို မြင်နေမိလို့ ပါ။ အဓိပတိကြီး မိန့်ကြားမယ့်အချက်ကိုလည်း အားလုံး ဝိုင်းဝန်း စဉ်းစားဆုံးဖြတ် ပေးကြမှာပါ ခင်ဗျား” ဟု တည် ကြည်လေးနက်စွာဖြင့် တင်ပြလိုက်သည်။

 (င) Ruth ဂြိုလ်ပေါ်မှ ငြင်းခုန်ပွဲ

ဒေါက်တာ အေဘယ်နှင့် ဒေါက်တာ ဝင်းနားတို့၏ စိတ်တွင်းခံစားမှု အခြေအနေနှင့် ကမ္ဘာ့မြေတွင် လုပ်ဆောင်မည့် အခြေအနေ နှစ်ရပ်လုံးကို အတွေ့အကြုံအရ ရိပ်စားမိပြီး သိရှိပြီးဖြစ်သော အဓိပတိကြီးသည် ဒေါက်တာ နှစ်ဦးအပေါ် ကျရောက် လာမည့် ဘေးအန္တရာယ် ဆိုးကြီးမှ ကာကွယ်ပေးရန် အထူးဆွေးနွေးပွဲတစ်ရပ်ကို စီစဉ်လိုက်သည်။ အခြားပုဂ္ဂိုလ်များ မပါဝင်စေဘဲ မစ္စတာပီ၊ ဒေါက်တာ ၂ ယောက်နှင့် ၎င်းကိုယ်တိုင်သာ ပါဝင်သည်။ ဒေါက်တာ နှစ်ယောက်၏  ကံကြမ္မာကို ပြက်ပြက်, ထင်ထင် သိမြင်ပြီး ဖြစ်၍လည်း အလွန် စိတ်မကောင်း ဖြစ်နေမိသည်။ ၎င်းတို့၏ ခံစားချက်များနှင့် ရင်တွင်းစေတနာကို လှိုက်လှိုက်လှဲလှဲ အသိအမှတ်ပြု, ဂုဏ်ယူမိသည် မှန်သောကြောင့်လည်း ယခုကဲ့သို့ အထူးဆွေးနွေးပွဲ စီစဉ်ရခြင်း ဖြစ်သည်။

“ဒေါက်တာတို့ကို ကျွန်ုပ် တစ်ခုပြောပါ့မယ်။ တြိဂံတစ်ခုဟာ အနားသုံး နား၊ ထောင့်သုံး ထောင့် ပါဝင်ရပါတယ်။ အနားတစ်ခု၊ ထောင့်တစ်ခုသာ မပါရင် ဒါဟာ တြိဂံဆိုင်ရာ သီအိုရီတွေနဲ့ ဘယ်လိုမှ အကျုံးဝင်, ဆက်စပ်လို့ ရနိုင်မှာ မဟုတ်ဘူး။ ဒီလိုပဲ- ငြိမ်းချမ်းရေး သီအိုရီရဲ့ အခြေခံထောင့် အချက် (၃) ချက်ကို တစ်ပြိုင်တည်း အသုံးမပြုရင်၊ တစ်ပြိုင်နက်တည်း အကောင်အထည် မဖော်ရင် ငြိမ်းချမ်းရေးနဲ့ ဘယ်လိုမှ ဆက်စပ်လို့ မရနိုင်သလို၊ ဘယ်လိုမှ အရာထင်နိုင်မှာလည်း မဟုတ်ဘူး။ ဒါကြောင့်- သီအိုရီရဲ့ အခြေခံထောင့် အချက် (၃) ချက်ကို တစ်ပြိုင်နက်တည်း အကောင်အထည် ဖော်ကြဖို့ လေးလေးနက်နက် တိုက်တွန်း လိုပါတယ် “ ဟု ဖြည်းညင်းသာသာ ဂရုဏာအပြည့်ဖြင့် အဓိပတိကြီးက စ,တင်မှာကြားသည်။

ဒေါက်တာ ဝင်းနားက ပြန်လည်တင်ပြသည်မှာ -

“အဓိပတိကြီးရဲ့ တိုက်တွန်းချက်ကို ကျွန်တော်တို့ လက်ခံပါတယ်။ ဒါပေမယ့်-ကျွန်တော်တို့ ကမ္ဘာမြေအတွက် သီအိုရီရဲ့ အခြေခံထောင့်အချက် (၃) ချက် စလုံး သုံးပြီးတော့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ မလိုပါဘူး ခင်ဗျ။ သီအိုရီအနေနဲ့ သဘောတရား အနေနဲ့တော့ လက်မခံနိုင်စရာ မရှိ၊ နေရာတိုင်းမှာ ပုံသေနည်းနဲ့ချည်း လုပ်ယူလို့ မရဘူး ဆိုတာလည်း ရှိပါသေးတယ်။ ချွင်းချက်ဆိုတာ ရှိနေပါတယ်။ အဓိပတိကြီး ခင်ဗျား” ဟု လက်မခံနိုင်ကြောင်း မသိမသာ, ငြင်းပယ်, တင်ပြလိုက်သည်။          

အဓိပတိကြီးနှင့် မစ္စတာပီ တို့သည် ဒေါက်တာ ဝင်းနား၏ ငြင်းဆိုချက်ကြောင့် ဂရုဏာ မျက်ဝန်းတို့ မှုန်မှိုင်းသွားရသည်။ တစ်ဆက်တည်း ဒေါက်တာ အေဘယ်အား ကြည့်လိုက်သော အခါ ဒေါက်တာ အေဘယ်က -

“ဟုတ်ပါတယ်၊ အဓိပတိကြီးနှင့် မစ္စတာပီ ခင်ဗျား။ ကျွန်တော်တို့ အနေနဲ့ ကမ္ဘာမြေမှာ ငြိမ်းချမ်းရေး သီအိုရီသစ်ရဲ့ ဒုတိယအချက် (၂) ချက်နဲ့တင် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မှာ ပါ။ လူသားအားလုံးဟာ- အိုင်ကျူ (I.Q) အလွန်မြင့်မားကြ ပါတယ်။ အတွေးအခေါ်, အမြော်အမြင်နိုင်စွမ်းလည်း ရှိကြပါတယ်” ဟု ဒေါက်တာ ဝင်းနား၏ ငြင်းပယ်မှုကို ထောက်ခံ တင်ပြလိုက်သည်။

အဓိပတိကြီးနှင့် မစ္စတာပီ တို့သည် လေးတွဲ့, ဖြည်းညင်းစွာ ခေါင်းရမ်းလိုက်သည်။ တစ်ခုခုကို အလောတကြီး ပြောချင်နေပုံလည်း ရသည်။ သို့သော် - နှစ်ဦးသား အခြေအနေကို ထိန်းနေကြသည်။ မစ္စတာပီက ညင်သာပျော့ပျောင်းသော လေသံဖြင့်-

“တကယ်တမ်း ပြောရရင်- ဒေါက်တာတို့ရဲ့ ကမ္ဘာသားတွေဟာ အိုင်ကျူ မြင့်မားကြတယ် ဆိုတာ လက်ခံပါတယ်။ ဒါပေမယ့် Emotional Quotient လို့ခေါ်တဲ့ (E.Q) ကတော့ အဝီစိမှာ ရောက်နေကြတယ် ဆိုတာတော့ သတိ မပြုလို့ မရဘူး။ ဉာဏ်ကောင်းပေမယ့်- ဉာဉ်မကောင်းကြဘူး လို့ ပြောရမှာပေါ့။ (E.Q) ဆိုင်ရာ အချက်အလက်တွေ အသိပညာတွေ ဘယ်လိုပဲပေးပေး (E.Q) ကို ဖျက်စီးပစ်နိုင်တဲ့ အကြောင်းရင်းတွေကိုတော့ ဖယ်ရှားပစ် ဖို့ လိုလိမ့်မယ်နော်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါက်တာတို့ စဉ်းစားကြည့်ကြပါလေ...၊ အင်မတန် ကောင်းမွန်တဲ့, ချိုမြိန်တဲ့, အဖိုးထိုက်တန်တဲ့ မျိုးစေ့ကို စိုက်ပျိုးဖို့ ဆိုရင် ခြုံနွယ်ပိတ်ပေါင်းတွေ အပြည့်ရှိနေတဲ့ နေရာကို ဒီအတိုင်း စိုက်ပျိုးလို့ ဖြစ်ပါ့မလား။ ခြုံနွယ်တွေ၊ ပေါင်းပင်တွေကို ဖယ်ရှားပစ်ပြီးမှ ခုတ်ထွင် ရှင်းလင်းပစ်ပြီးမှ မြေကို အကောင်းဆုံး, တူးဆွ, ပြုပြင်ပြီးမှ ဒီမျိုးစေ့ကောင်းကို စိုက်ပျိုးမှသာ ဖြစ်နိုင်မယ် မဟုတ်လား။ ဒီလိုပဲပေါ့... ဒေါက်တာတို့ရယ်။ စဉ်းစားပါ၊ လေးလေး နက်နက်စဉ်းစားပြီး လက်ခံဖို့ပါ” ဟု ရှင်းပြလေသည်။

“ဒါပေမယ့် ခင်ဗျာ...” ဒေါက်တာအေဘယ်တို့ နှစ်ယောက်က ပြိုင်တူပင် စောဒကတက် ရှင်းပြဖို့ စကားပြင်လိုက်မိကြသဖြင့်- နှစ်ဦးသား လှုပ်ရှားနေသည့် စိတ်ကို ထိန်းလိုက် ကြသည်။ ထို့နောက်မှ- ဒေါက်တာ အေဘယ်က ဒေါက်တာ ဝင်းနားအား ဆက်ပြောပါ ဟူသော သဘောဖြင့် ငြိမ်နေ လိုက်သည်။ ဒေါက်တာ ဝင်းနားက -

“ကျွန်တော်တို့ ကမ္ဘာမြေက လူသားတွေဟာ အိုင်ကျူလည်းမြင့်၊ အီးကျူလည်း အသင့်အတင့်တော့ မြင့်မားကြပါတယ်။ ဒါ့အပြင် ဘာသာတရားတွေရဲ့ အဆုံးအမ, အောက်မှာ ယဉ်လည်း ယဉ်ကျေးနေကြ တာပါပဲ။ အဓိပတိကြီးတို့ရဲ့ ငြိမ်းချမ်းရေး သီအိုရီအသစ်ရဲ့ ပထမအချက်ကို အကောင်အထည်ဖော်ဖို့ မလိုအပ်သေးဘူး လို့ ယူဆ, ပါတယ်။ ယုံကြည် ပါတယ်” ဟု မိမိ ကမ္ဘာသားများအပေါ် ယုံကြည်စိတ်ဖြင့် တင်ပြ, ပြောဆိုသည်။

ဒေါက်တာ အေဘယ်ကလည်း ထပ်ဆင့်၍ -

“ဟုတ်ပါတယ်ခင်ဗျာ၊ ကျွန်တော်တို့ ကမ္ဘာမြေမှာ ဗုဒ္ဓရဲ့ အဆုံးအမ, တရားတော် ရှိတယ်။ ခရစ်ယာန်တို့ရဲ့ သမ္မာကျမ်းစာ (Bible) လည်း ရှိတယ်၊ ကိုရန် (Quran) ကျမ်းမြတ်လည်း ရှိတယ်။ ပြီးတော့ ဟိန္ဒူကျမ်းအစောင်စောင်လည်း ရှိနေကြ ပါတယ်။ အခြား ဘာသာပေါင်း များစွာရဲ့ အဆုံးအမတွေလည်း အများကြီး ရှိနေကြ ပါတယ်။ ဒီ ဘာသာတရားတွေရဲ့ အဆုံးအမ, ကွပ်ထိန်းမှုအောက်မှာ ကျွန်တော်တို့ လူသားတွေ ငြိမ်းချမ်း လာစေနိုင်တာမို့...”

“ဟုတ်ပါတယ်လေ...” ဟု မစ္စတာပီက ကြားဖြတ်, ဝင်ပြောလိုက်သည်။ မစ္စတာပီ၏ မျက်နှာပေါ်တွင် လှောင်ပြောင်, သရော်ရိပ်၊ အားမလို, အားမရရိပ်တို့ တစ်လှည့်စီ ယှက်သန်း သွားသည်။ ပြီးမှ -

“ဒေါက်တာ တို့ပြောတဲ့ ဘာသာရေး ကွပ်ထိန်းမှုအောက်မှာ ဘာသာရေးလမ်းညွှန်မှု အောက်မှာ အမှန်တကယ် လိုက်နာ, ကျင့်သုံးကြတဲ့သူ၊ ကျင့်ကြံ, အားထုတ်တဲ့သူ ဘယ်နှစ်ယောက် ရှိသလဲ။ ကမ္ဘာ့လူသား သန်းပေါင်းများစွာထဲမှာ - လက်တစ်ဖက်စာ၊ လက်နှစ်ဖက်စာ၊ လက်နှစ်ဖက်, ခြေနှစ်ဖက်စာ၊ ပြည့်ရဲ့လား။ သေသေချာချာ စဉ်းစား မိကြရဲ့လား ဒေါက်တာတို့ရယ်။ တကယ်တမ်း ဘာသာ အသီးသီးရဲ့ လမ်းညွှန်ချက် တွေကို ကိုယ်စီလိုက်နာ, ကျင့်သုံးကြမယ် ဆိုရင် ဒီရောဂါဆိုးကြီး အတွက် ဆေးဝါးကို ကျွန်ုပ်တို့ဆီ လာရှာဖို့တောင် မလိုဘူး မဟုတ်လး။ အင်မတန် ငြိမ်းချမ်း, သာယာနေမှာ ပဲ” ဟု ပြောလိုက်သည်။

ဒေါက်တာ အေဘယ်နှင့် ဒေါက်တာ ဝင်းနားတို့ တစ်ဦးတစ်ဦးကို မလုံမလဲ ကြည့်လိုက်မိ ကြသည်။ မိမိတို့ မစဉ်းစားမိဘဲ ဖြစ်နေသော အချက်ကို မစ္စတာပီက တိုက်ရိုက်ကြီး ပြောချလိုက်သဖြင့် တုံ့ပြန်ရန်, နှုတ်ဆွံ့အ သလို ဖြစ်သွားရသည်။ ပြန်လည် တင်ပြရန် စကားမရှိ ဖြစ်နေကြသည်။ ထိုအချိန် တွင် အဓိပတိကြီးက -

“ဒေါက်တာတို့ ကမ္ဘာသားတွေ ဘာသာရေး အဆုံးအမ ကွပ်ထိန်းမှု အောက်မှာ ယဉ်ကျေးနေကြ ပါတယ် လို့ ဘယ်လောက် ပြောပြော, လောလောဆယ်တော့ ကမ္ဘာကြီးဟာ ငြိမ်းချမ်းမှု ကင်းမဲ့နေတာတော့ သေချာပါတယ် နော်။ တကယ်က ဘုရားသခင်တို့ရဲ့ ဒေသနာတော်တွေ၊ ဟောညွှန်တော်မူတာတွေဟာ အလွန်, နူးညံ့, သိမ်မွေ့ပြီး အလွန်ကို မှန်ကန်ပါတယ်။  လူသားတွေ အားလုံး အင်မတန် ကျင့်ကြံ, အားထုတ်ထိုက်တဲ့ အကျိုးနဲ့ အကြောင်း ဆီလျော်တဲ့၊ လောကီ, လောကုတ် ငြိမ်းအေးခြင်း အမှန်ပေးနိုင်တဲ့ တရားတွေပါ။ သို့ပေမယ့် ဒေါက်တာတို့ ကမ္ဘာသားတွေ ဟာ တရားတော်ရဲ့ အဆီအနှစ်တွေကို ဖယ်ပစ်တာ၊ အကာသက်သက်နဲ့ ခြုံထားကြ တာကိုး၊ ကျေနပ်နေကြတာကိုး။ ဘယ် ဘာသာရေးမှာပဲ ဖြစ်ဖြစ် ဘာသာဝင်တွေဟာ ကိုယ်လိုရာ ဆွဲ၊ ကိုယ်ထင်ရာ စွဲနေကြတယ်။ ရိုးရှင်းတဲ့ တရားတော်မြတ်တွေကို ခုတုံး လုပ်ကြတာတွေတောင် ရှိတယ် မဟုတ်လား။ အဲ ဘယ်ဘာသာမှ မကိုးကွယ်ဘူး ဆိုတဲ့ လူတွေမှာတောင် လူ့ကျင့်ဝတ် ဆိုတာ အတိအကျ ရှိနေကြတာပဲ။ ဘယ်နှစ်ယောက်က များ တိတိကျကျ ကျင့်သုံးကြလို့လဲ” ဟု ဒေါက်တာ နှစ်ယောက်အား ပြောလိုက်သည်။

ဒေါက်တာနှစ်ယောက်မှာ တွေဝေစဉ်းစားနေလျက် ရှိသည်။ မိမိတို့ ကမ္ဘာသားများ၏မျက်နှာဖုံးတပ်, ထင်ရောင်မှားလုပ်, ဟန်လုပ်, ရေပေါ်ဆီများကို စဉ်းစားမိပြီး သက်ပြင်းရှည်ကြီး ကိုယ်စီချမိကြသည်။ ဟုတ်မှန်နေသဖြင့် နှုတ်ပြန်ပြောရန် စကားမရှိ ဖြစ်နေကြလေသည်။ အဓိပတိကြီးက မစ္စတာပီအား ‘ဆက်ပြောပါ၊ ဒေါက်တာ နှစ်ယောက်နားလည်း လက်ခံလာတော့မည့် အခြေအနေရောက်နေပြီ’ ဟူသောသဘောဖြင့် မစ္စတာပီကို တချက် လှမ်းကြည့်ပြီး ခေါင်းညိတ်ပြသည်။ မစ္စတာပီက -

“ဒေါက်တာတို့လည်း ခွဲစိတ်ကုသမှုတွေ အများကြီးလုပ်ဖူးကြပြီးပြီပဲ။ နှစ်ပေါင်းများစွာ နာကျင်ခံစားနေရတဲ့ အနာအို, အနာဟောင်း, အနာဆိုးကြီးကို ပျောက်ကင်းအောင် ကုသ,မယ် ဆိုရင် လိမ်းဆေးတွေ၊ ထိုးဆေးတွေ၊ စားဆေးတွေနဲ့ မလုံလောက်ပေဘူးနော်။ အဲဒီ အနာဟောင်းကြီးကို ခွဲစိတ်ပြီး ပြည်ပုပ်တွေ, သွေးပုပ်တွေ, အနားဖေး, တွေကို ဖယ်ရှား ပစ်ပြီးမှ လိမ်းဆေး, စားဆေး, ထိုးဆေးတွေနဲ့ ကုသမှ ပျောက်ကင်း သက်သာမယ် မဟုတ်လား။ ဒီလိုပဲပေါ့...” မစ္စတာပီ က သူ၏ စကားကို အဆုံးမသတ်သေးပဲ ဒေါက်တာ နှစ်ယောက် အား စူးစိုက်ကြည့်လိုက်သည်။ ၎င်း၏ စကားကို လက်ခံနိုင်မှု ရှိ၊ မရှိ အကဲခတ်နေခြင်း ဖြစ်သည်။

ဒေါက်တာ အေဘယ်နှင့် ဒေါက်တာ ဝင်းနားတို့မှာ ပြန်ပြောစရာ စကားမရှိတော့ပဲ ငြိမ်သက် သွားကြသည်။ ငြိမ်းချမ်းရေး သီအိုရီသစ်၏ ပထမအချက်ကို အကောင်အထည် ဖော်ဖို့ အတွက် ဦးနှောက်ဆူအောင် စဉ်းစားနေကြ လေသည်။ သို့သော် မည်သို့မျှ စဉ်းစား, မရနိုင်ဘဲ ဖြစ်နေကြလေသည်။ သို့ဖြင့် အတန်ကြာ ငြိမ်သက်လျက်ရှိကြပြီး နောက်တစ်ခုခုကို ပိုင်နိုင်စွာ ဆုံးဖြတ်ချပြီးပုံနှင့် ဒေါက်တာ အေဘယ်က ဒေါက်တာဝင်းနားအား အဓိပတိကြီးနှင့် မစ္စတာပီ တို့ရှေ့မှာပင် တိုင်ပင်, ဆွေးနွေးလိုက် သည်။

“ဒီလိုဆိုရင် ကျွန်တော်တခု တင်ပြချင်ပါတယ်။ ငြိမ်းချမ်းရေး သီအိုရီသစ်ရဲ့အခြေခံထောင့် အချက် (၃) ချက်ကို တချိန်တည်းတပြိုင်တည်း အကောင်အထည်မဖော်လိုပါဘူး။ သီအိုရီရဲ့ ဒုတိယအချက်(၂) ချက်ကိုပဲ အရင်ဆုံး ဖော်ဆောင်ချင်ပါတယ်။ တကယ်လို့ ပထမအချက်ကိုပါသုံးမှ အောင်မြင်လိမ့်မယ်လို့ လက်ခံနိုင်လောက်တဲ့ အခြေအနေတခု ရောက်လာရင်ဖြစ်လာရင်တော့ ကျွန်တော်တို့ မဖြစ်မနေအကောင်အထည်ဖော်ကြပါမယ် လို့ ကတိပေးချင်ပါတယ်။ ဘယ့်နှယ်လဲဒေါက်တာဝင်းနား” ဟု မေးမြန်းလိုက်သည်။ ဒေါက်တာဝင်းနားက အနည်း ငယ်စဉ်းစားလိုက်ပြီး -

“ကောင်းတယ်ဗျို့။ ကျုပ်လည်း ဒီအချက်ကိုစဉ်းစားနေတာ။ ကျုပ်တို့ နှစ်ယောက်တွေးတောမိတာတော့ ဟုတ်ပါပြီ။ ဆုံးဖြတ်တာတော့ ဟုတ်ပါပြီ။ ဒါပေမယ့်- အဓိပတိကြီးနဲ့ မစ္စတာပီတို့ဆန္ဒကရော ဘယ်လိုရှိသလဲ၊ မေးကြရတော့မှာပဲ” ဟုဆိုကာ ဒေါက်တာဝင်းနားက တဆက်တည်း တင်ပြလိုက်သည်။

“ကျွန်တော်တို့နှစ်ယောက်အခုလိုဆွေးနွေးထားတဲ့အနေအထားကို အဓိပတိကြီးနဲ့ မစ္စတာပီတို့ လက်ခံနိုင်ကြပါရဲ့လားခင်ဗျာ”

အဓိပတိကြီးက- “ဟင်း...” ကနဲ သက်ပြင်းရှည်းကြီး ချလိုက်ပြီးနောက် “ကျွန်ုပ်တို့ လက်မခံရင်လည်း ဒီလိုပဲ လုပ်ကြမှာပဲ မဟုတ်လား ဒေါက်တာတို့ရယ်။ ဒီတော့ ကျွန်ုပ် သေသေချာချာ ပြောမယ်။ ဒေါက်တာတို့ သေသေချာချာ မှတ်သားထားပါ။ ဘာဖြစ်လို့ ဒီလောက်ကြီး ဇွတ်အတင်း, တိုက်တွန်း, ပြောဆိုနေရတာလဲ ဆိုရင်- ကျွန်ုပ်တို့ အားလုံးဟာ ဒေါက်တာတို့ ၂ ယောက်အပေါ် အင်မတန် ချစ်ခင်, လေးစားကြလို့ ပါပဲ။ ပြီးတော့ သင်တို့နှစ်ဦးရဲ့ အဆုံးသတ်ခရီးဟာ မလှမပနိုင်ဘူး လို့ ကြိုတင်, တွက်ဆ, မိလို့ ပါပဲ “ ဟု စိတ်မကောင်းခြင်း ကြီးစွာဖြင့် ပြောလေသည်။

မစ္စတာပီကလည်း “ဒေါက်တာတို့ ၂ ယောက်ရဲ့စိတ်ဓာတ်နဲ့လုပ်ရပ်တွေ၊ မြင့်မြတ်တဲ့ရည်ရွယ်ချက်တွေကို ကျွနုပ်တို့ ဂုဏ်ယူလေးစားကြလို့ ပါ။ ကျွန်ုပ်ကလည်း မှာကြားချင်တာ ရှိပါသေးတယ်။ တိတိကျကျမှတ်သား စေချင်ပါတယ်။ ဒေါက်တာတို့ရဲ့ကမ္ဘာမြေမှာ မကောင်းမှုဒုစရိုက်တွေကျူးလွန်သူတွေကို ဘယ်လိုစီရင်သလဲ၊ ဘယ်လို အပြစ်ပေးသလဲ”

“ကျွန်တော်တို့ဆီမှာတော့ သူကျူးလွန်တဲ့ ပြစ်မှုအပေါ်မူတည်ပြီး ထိုက်သင့်တဲ့အပြစ်ဒဏ် ချမှတ်အပြစ်ပေးလေ့ ရှိပါတယ်” ဟု ဒေါက်တာဝင်းနားက အလျင်အမြန်ပင် တင်ပြလိုက်နိုင်သည်။ မစ္စတာပီက ဆက်၍ -

“ဟုတ်ပြီ၊ ဒီလိုပြစ်မှုကျူးလွန်သူတွေကို သူကျူးလွန်တဲ့ပြစ်မှုအလိုက် ထောင်ချခြင်း၊ တကျွန်းပို့ခြင်း၊ ကြိုးပေးခြင်းစတဲ့ အရေးယူမှုတွေ မဖြစ်မနေ လုပ်ဆောင်ကြရသလိုပဲ ကမ္ဘာ့ငြိမ်းချမ်းရေးကို ဖော်ဆောင်ပေးမယ့်- ဒီငြိမ်းချမ်းရေးသီအိုရီသစ်ရဲ့ ပထမအချက်ကိုလည်း သံသယကင်းကင်းနဲ့ အကောင်အထည်ဖော်စေချင်ပါတယ်။ တကယ်လို့ ဒီအချက်ကို အချိန်နှောင်းမှဖော်ဆောင်မိရင်တော့ သင်တို့အတွက် ဆိုးကျိုးအန္တရာယ်ကြီး ကျရောက် လာနိုင်တယ်ဆိုတာ မြဲမြဲမှတ်ထားကြပါ” ဟု ထပ်ဆင့် မှာကြားလိုက်ပေသည်။

သို့ဖြင့် အထူးဆွေးနွေးပွဲ သဘောတူညီချက်များကို ရေးသားမှတ်တမ်းတင်ထား လိုက်ကြ လေသည်။ အကယ်၍ ငြိမ်းချမ်းရေး သီအိုရီသစ်၏ ပထမအချက်ကို အကောင်အထည် ဖော်ကြမည် ဆိုရင် နောက်ကျသွားတာမျိုး လုံးဝ မဖြစ်စေရန် ဟူသည့် အချက်အား အဓိပတိကြီးနှင့် မစ္စတာပီတို့က ဒေါက်တာ နှစ်ယောက်အား အထူး, လေးနက်စွာဖြင့် အကြိမ်ကြိမ်, မှာကြားလိုက်လေသည်။

(စ) ကမ္ဘာမြေ၌ ငြိမ်းချမ်းရေးသီအိုရီသစ်အကောင်အထည်ဖော်ကြခြင်း

ဒေါက်တာအေဘယ်နှင့် ဒေါက်တာဝင်းနားတို့သည် ကမ္ဘာမြေသို့ ပြန်လည်, ရောက်ရှိသည့်နေ့မှစ၍ ငြိမ်းချမ်းရေးဆိုင်ရာ လူသားတို့ ကျင့်ကြံရမည့် ကျင့်ဝတ်နီတိများ၊ ငြိမ်းချမ်းရေး သီအိုရီဆိုင်ရာအတွေးအခေါ်များ၊ သဘော ထားများ၊ နည်းပညာအချက်အလက်များကို ရေးသားရိုက်နှိပ်, ဖြန့်ဝေကြလေသည်။ ထို့အပြင် ကမ္ဘာ့ရွာ အကြီ းအကဲ၊ အသိပညာရှင်အတတ်ပညာရှင်များနှင့်ညှိနှိုင်းကာ Vim စကြဝဠာ တစ်ခုလုံးတွင် လက်ခံကျင့်သုံးလျက်ရှိသည့် ငြိမ်းချမ်းရေးသီအိုရီသစ်ကို ရှင်းလင်းဟောပြောပွဲများ ပြုလုပ်ကြလေသည်။ ဒေါက်တာနှစ်ဦးတို့၏ ရင်ထဲတွင်ကား ကမ္ဘာကြီး ငြိမ်းချမ်းရေးပင် ဖြစ်သည်။

“ယနေ့ ကမ္ဘာ့ သိပ္ပံပညာရှင်များဟာ အရာရာတိုင်း၏ သီအိုရီ (Theory of Everything-TOE) တစ်ခုကို ရှာဖွေ, စူးစမ်း, ဖော်ထုတ်နေကြ သလို အတွေးအခေါ် အားဖြင့်လည်း ငြိမ်းချမ်းရေးသီအိုရီ (Theory of Peace-TOP) တစ်ခုကို ဖော်ထုတ်, တင်ပြလို ပါတယ်”

ဒီသီအိုရီကို ကျွန်တော်တို့လူသားတွေရဲ့ရင်ထဲအသည်းထဲ, နှလုံးသားထဲဦးနှောက်ထဲမှာ စွဲမြဲလက်ခံကြဖို့၊ လက် တွေ့ကျင့်သုံးကြဖို့ အရေးကြီးပါတယ်။ သီအိုရီရဲ့အခြေခံ (၂) ချက်ကို တင်ပြပါ့မယ်။

ဒေါက်တာအေဘယ်နှင့် ဒေါက်တာဝင်းနားတို့သည် ငြိမ်းချမ်းရေးကင်းမဲ့နေသည့် ကမ္ဘာ့ဒေသများသို့ သွားရောက် ၍ ငြိမ်းချမ်းရေးသီအိုရီသစ်၏အခြေခံအချက် (၂) ချက်ကိုသာ ရှင်းလင်းတင်ပြနေခြင်း ဖြစ်ပါသည်။ ဟောပြောပွဲ တက်ရောက်လာကြသည့်ပုဂ္ဂိုလ်များသည် ထူးထူးခြားခြား စိတ်ပါဝင်စားမှုမျိုးမရှိကြောင်း ဒေါက်တာ ၂ ယောက် တွေ့မြင်လိုက်ရသည်။ ရိုက်နှိပ်ဖြန့်ဝေထားသည့် စာအုပ်စာစောင်လေးများကိုလက်မှာကိုင်လျက် စက်ရုပ်သာ သာ အမူအယာများဖြင့် ငေးငိုင်နေကြသည်။ ငြိမ်းချမ်းရေးရနိုင်သည်ဟူသောအသိကလေးဖြင့်သာ မလှုပ်မယှက် ငြိမ်သက်နားထောင်နေကြလေသည်။ စာအုပ်ကလေးရလျင် ငြိမ်းချမ်းရေးရပြီဟု ထင်မြင်နေကြပုံရသည်။ အား လုံးငြိမ်သက် ငေးမောနေကြလေသည်။ ဒေါက်တာအေဘယ်က ထိုသူများကိုကြည့်၍ -

“ပထမအချက်ကတော့ H.U.S.E လို့ခေါ်တဲ့အချက်တွေ လူတိုင်းရဲ့ နှလုံးသားထဲမှာ အမြဲရှိနေကြဖို့ပါ။ H ဆိုတာ Honesty ပါ။ ရိုးသားမှုကိုအခြေခံထားပါ။ U ဆိုတဲ့ Understandablity ပေါင်းဆင့်ပါ။ Understandablity ဆိုတဲ့ နားပေးလည်မှုထဲမှာဆိုရင် S- Sympathy ဂရုဏာတရားနဲ့ E- Empathy စာနာမှုတို့အညီအမျှပါဝင်နေရမှာ ဖြစ်ပါတယ်။ ဒါတွေဟာ ဆောင်ရန်အချက်၊ ကျင့်ကြံကြရန် အချက်တွေ ပါ”

ဟောပြောပွဲတက်ရောက်လာကြသည့်ပုဂ္ဂိုလ်များမှာ ဝတ္တရားအရ လာရောက်နားထောင်နေကြပြီး ကျင့်ကြံအား ထုတ်ရန် စိတ်ဝင်စားကြပုံမရ။ သီအိုရီပါအချက်များ ကြားရ,ရုံ၊ သိရ,ရုံဖြင့် ငြိမ်းချမ်းလာလိမ့်မယ်ဟုထင်မြင်နေကြလေသည်။ ဒေါက်တာအေဘယ်နှင့် ဒေါက်တာဝင်းနားတို့မှာ အလွန်စိတ်ပျက်အားလျော့သွားကြလေသည်။ သို့သော် ဟောပြောပို့ချစရာရှိသည်များကိုဆက်လက်ဟောပြောပို့ချက်ရမည်သာဖြစ်သဖြင့် ဒေါက်တာအေဘယ်ဆက်ပြောသည်။

“ဒုတိယအချက်ကတော့ ရှောင်ရန်အချက်တွေပါ။ Prejudice လို့ခေါ်တဲ့ အစွဲပြု, ကြိုတင်, ကောက်ချက်ဆွဲတာမျိုးမလုပ်ကြဖို့ ပါ။ ဆိုလိုတာက လူတဦးတယောက်၊ လူတစုမကောင်းတာလိုပ်တာမှန်ပေမယ့်- အဲဒီမကောင်းမှု လုပ်သူတွေနဲ့ မျိုးနွယ်တူအခြားလူတွေလည်း ဒီလိုပဲဖြစ်မှာပါလို့ မသတ်မှတ်ရဘူး၊ မယူဆရပါဘူး”

ထိုစဉ် အဝေးတနေရာမှ သေနတ်သံတချက်ကြားလိုက်ရသည်။ ဟောပြောပွဲ တက်ရောက်နေသူများ လှုပ်လှုပ် ရှားရှား ဖြစ်သွားရသည်။ ဒေါက်တာအေဘယ်က-

“နောက်ပြီး မိမိတို့သာ အကောင်းဆုံး, အမှန်ဆုံး, အမွန်မြတ်ဆုံး လို့ အစွဲကြီးတာ၊ အတ္တကြီးတာမျိုးဖြစ်တဲ့ (Self-centered Super Ego) လည်း နှလုံးသားထဲမှာ မရှိသင့်ကြပါဘူး။ ကမ္ဘာပေါ်မှာ အချိန်နှင့်အမျှ ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေရဲ့အရင်းမြစ် ဖြစ်စဉ်ကိုကြည့်ရင် အစွဲကြီးကြီး, အတ္တကြီးကြီးနဲ့ ပေါင်းရုံးသတ်မှတ်ပစ်လိုက်တာတွေ၊ ခွဲခြားမှုတွေ၊ မညီမျှမှုတွေကြောင့်ဆိုတာ သိနိုင်ပါတယ်။ ဘာသာရေးပဲ ဖြစ်ဖြစ်၊ လူမျိုးရေးနဲ့ယဉ်ကျေးမှုနယ်ပယ်မှာပဲ ဖြစ်ဖြစ် တစ်ဦး, တစ်ဖွဲ့ရဲ့ အခြေခံကျင့်သုံးတဲ့ ဓလေ့ထုံးတမ်းတွေဆိုတဲ့အသိ မရှိကြလို့ ပဋိပက္ခတွေ ကျယ်ပြန့်လာတာပါပဲ။ ဒါကြောင့် ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနယ်ပယ်တွေမှာ အချင်းချင်း အပြန် အလှန်နားလည်ပေးကြဖို့၊ အပြန်အလှန်လေးစားဖို့ပါ။ ရှောင်ရန်အချက်တွေကို အကျဉ်းချုပ်လိုက်ရင် P.S လို့ တွေ့ရမှာ ဖြစ်တယ်။ အရေးကြီးဆုံး အချက်ကတော့ ...”

“ ဝုန်း”

ဒေါက်တာအေဘယ်၏စကားအဆုံးမသတ်ခင်လေးမှာပင် ငြိမ်းချမ်းရေးသီအိုရီသစ် ဟောပြောရာ အဆောက် အအုံအနီးတွင် ပြင်းထန်သည့်ဗုံးတစ်လုံးကျရောက်,ပေါက်ကွဲသွားသည်။ တက်ရောက်သူများမှာလည်း ကြောက်လန့်တကြားဖြစ်၊ ဝရုန်းသုန်းကား ဖြစ်၊ အလုအယက်ပြေးထွက်၊ တစ်ယောက်နဲ့ တစ်ယောက် တွန်းထိုး, လဲကျ, တက်နင်းမိကြ၊ အော်သံဟစ်သံများ၊ ငိုကြွေးသံများ, ကယ်ပါယူပါတောင်းခံသံများ, ငရဲတမျှပွက်ပွက်ညံလျက်။ နောက်ထပ်သေနတ်အလက်ပေါင်းများစွာဖြင့် ပစ်ခတ်သံများ, ဗုံးပေါက်ကွဲသံများ, အမြောက်ပစ်သံများ အဆက် မပြတ်ပေါ်ထွက်လာပြီး ငရဲပွက်သံများအားလုံး ဖုံးလွှမ်းပစ်လိုက်သည်။ ယမ်းနံ့၊ သွေးညှီနံ့၊ မီးခိုးနံ့များ၊ ဖုံလုံးများ ဖုံးအုပ်၊ မည်းမည်း မှောင်သွားရလေတော့သည်။

(ဆ) နိဂုံး

ဒေါက်တာအေဘယ်နှင့် ဒေါက်တာဝင်းနားတို့မှာ သွေးအလိမ်းလိမ်း၊ ဖုံအလူးလူးဖြင့် လဲကျလျက်ရှိသည်။ ဒေါက်တာ အေဘယ်၏ ခြေထောက် ၂ ဖက် မရှိတော့။ ဒေါက်တာ ဝင်းနားမှာလည်း သွေးအိုင်ထဲမှာ ပက်လက်။ အသက် မရှိတော့။ အဆောက်အဦကြီးမှာလည်း ပြိုကျပျက်စီးသွားခဲ့သည်။ ဝိဉာဉ်မဲ့ ရုပ်အလောင်းများ ဖရိုဖရဲ၊ ဟိုးနားတစ်စဒီနားတစ်စ အပိုင်းပိုင်း ပြတ်လျက်။ ထိုစဉ် ဒေါက်တာ အေဘယ်၏ ပဲ့ရွဲ့, ဖူးရောင်, ပျက်ယွင်းလျက်ရှိသည့် မျက်နှာပေါ်တွင် ဖုန်မှုများ သောသောထ လှုပ်ရှားလာသည်။ ဟောက်ပက် ဖြစ်နေသည့် မျက်စေ့တဖက်မှ သွေးများ ဒလဟောစီးထွက်နေသည်။ တိုးမျှင်းမျှင်းအသက်ရှုလိုက်သဖြင့် ဖုန်မှုန့်များထွက်လာခြင်း ဖြစ်သည်။ ဒေါက်တာအေဘယ်သည် လက်နှစ်ဘက်ကိုလှုပ်ရှား ကြည့်သည်။ မရ။ အားစိုက်ကြိုးပမ်းလှုပ်ရှားကြည့်သော် လည်းမတတ်နိုင်။ ဖူးပိတ်၊ ဖူးရောင် မျက်စေ့တစ်ဘက် မှုန်ဝါးဝါးဖြင့် သူ၏ ဘေးတွင် ဒေါက်တာဝင်းနား မလှုပ်မယှက်ရှိနေကြောင်း သိလိုက်သည်။ ဒေါက်တာဝင်းနား သေဆုံးသွားပြီဟုလည်းတွေးမိခြင်းနှင့်အတူ သူလည်း မကြာမီ...။ အဓိပတိ ကြီးနှင့် မစ္စတာပီတို့၏ မှာကြားချက်များကို ကြားယောင်လာသည်။

“အနား (၃) နား ထောင့် (၃) ထောင့်မရှိရင် ထောင့်ပျက်တြိဂံကြီးပဲ။ ဘာတန်ဖိုးမှမရှိဘူး”

“ငြိမ်းချမ်းရေး သီအိုရီသစ်ရဲ့အခြေခံ ၃ ချက်ကို တပြိုင်တည်း ဖော်ဆောင်မှသာ ငြိမ်းချမ်းရေးရစေမှာ ဖြစ်တယ်”

“မျိုးကောင်း မျိုးသန့်သစ်စေ့တွေကို ခုတ်ထွင်ရှင်းလင်းပြီးမှ မြေဆွ ပြုပြင်ပြီးမှ...”

“ဉာဏ်ကောင်းပေမယ့် ညာဉ်မကောင်းသူတွေကြားထဲမှာ...”

“အနာဆိုးကြီးကို ခွဲစိတ်ပြီး ပြည်ပုပ်တွေ၊ သွေးပုပ်တွေ၊ အနာဖေးတွေကို ဖယ်ရှား ပစ်လိုက်ပြီးမှ...”

“ငြိမ်းချမ်းရေးရချင်ရင် မငြိမ်းချမ်းစေတဲ့အကြောင်းရင်းနဲ့ မငြိမ်းစေတဲ့သူတွေကို ဖယ်ရှားပစ်ပြီးမှ...”

“ငြိမ်းချမ်းရေးသီအိုရီသစ်ရဲ့ အခြေခံအချက် (၃) ချက်ကို တပြိုင်တည်းအကောင်အထည်ဖော်မှ...”

“လောဘ, ဒေါသ, မောဟ ဆိုတာလေးတောင် မဖယ်ရှားနိုင်ရင် နိဗ္ဗာန်ဆိုတာဝေလာဝေး‌ပဲမဟုတ်လား”

ဒေါက်တာအေဘယ်၏ ပဲ့ရွဲ့စုတ်ပြတ်သွားသည့်နှုတ်ခမ်းများ၊ တဆတ်ဆတ်တုန်လာပြီး “ကျွန်တော်တို့ နောက် ကျသွားပါပြီ” ဟူသော မပွင့်တပွင့်စကားသံတခုသာ ထွက်သက်နှင့်အတူ မီးခိုများ၊ ယမ်းငွေ့များ၊ ဖုန်မှုန့်များထဲ လွင့်ပါးသွားလေတော့သည်။

နိုင်စွမ်း
(၅ ဧပြီ ၂၀ဝ၆)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar