Breaking News

ကဗျာဆရာ မောင်အောင်ပွင့်(အဝေးလူ) ၏ကဗျာရှည် - ' ၁၂ ရက်မြောက်ညနေ '' (မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (၇၆)နှစ်မြောက်မွေးနေ့ကဗျာ)

Artist- Myoe Kyaw

' ၁၂ ရက်မြောက်ညနေ ''
အဝေးလူ

အကောင်းဆုံးအစိုးရဟာ အမေလိုပဲ
ရှိလို့ရှိမှန်းတောင် မသိရဘူးတဲ့ အမေက
အမေ့နိုင်ငံတော်သစ်ရဲ့ကောင်းကင်ပေါ်
အပျော်ဦးတင်
မော်ဖူးချင်လှပါပြီအမေ။ 

အမေရဲ့
ထူးခြားမြင့်မြတ်တဲ့
သူမတူဆောင်ရွက်မှုများအတွက်
နိုင်ငံတကာက
အမေနဲ့ထိုက်တန်တဲ့
လူမှုတန်ဖိုးဆုလာဘ်များ
အမေ့ကို ပုံအောပေးအပ်ခဲ့ကြတယ်
အမေက
မြန်မာပြည်သူတွေကြောင့်သာ
အမေထိုက်တန်ခဲ့တာပါတဲ့
တရားရှိသူကို
တရားက ကူပါတယ် အမေ။

မိခင်က သားငယ်ကို
အသက်နဲ့ရင်းကာကွယ်သလို
အမေက လူထုကို စာနာညှာတာတယ်
ဒါကြောင့်ပဲ အခု
အညာစုမှာ
အတားအဆီးအချုပ်အနှောင်
ဒုတိယမ္ပိ 
အမေ ဘေးဒဏ်ထိနေရပြန်တယ်။

တခါက ခရမ်းချဉ်သီး (၃)သေတ္တာနဲ့လူတအုပ်
မဟုတ်တာ မလုပ်ဖြစ်အောင်
အမေတားဆီးနိုင်ခဲ့တယ်။

အမေက
နတ်ဆိုးကို နတ်ကောင်းဖြစ်စေသူပဲ။

အမေရဲ့
တိုင်းသူပြည်သားအကျိုး
သယ်ပိုးတဲ့မေတ္တာစေတနာတွေဟာ
အမေ့ ထွက်သက်ဝင်သက်ပဲ ဖြစ်တယ်
အမေအိပ်ပျော်နေတုန်းအခိုက်မှာလည်းပဲ
မေတ္တာစေတနာတွေ ရှင်သန်နေမြဲပဲ။

လွင်တီးခေါင်ကြီး နေပူထီးထီး
သံထည်တွေချည်း ကျဉ်းကျဉ်းထဲမှာ 
ဒီလိုမျိုးညှဉ်းဆဲတဲ့ ဒဏ်
ဘယ်သူ ဘယ်တုန်းက
ဘယ်လောက်ကြာကြာ ခံစားဖူးပါသလဲ။

ကွင်းထီးထီးမှာ
မှောင်ကြီးကျလည်း အမေနေရတယ်
ကွင်းထီးထီးမှာ
မိုးကြမ်းကြီးရွာချလည်း 
အမေနေရတယ်
စည်ပင်သာယာက ထီးပေးတယ်
လတ်ဆတ်သစ်သီး ကျွေးတယ်
မိုက်ကယ်ဂျက်ဆင်
မက်ဒေါနားသီချင်းတွေ ဖွင့်ပေးတယ်
စာအုပ်တွေပေးတယ်
ပေးတယ်ပေးတယ်နဲ့
အမေ့ကို သေးငယ်အောင်လုပ်တာ
ဒီလိုရရိုးလား။
လူထုနဲ့မတွေ့အောင်
လယ်ကွင်းထဲမှာထားတယ်
ဧရာဝတီမြစ်ရေစီးကို တားဆီးနေကြတယ်
အမေဟာ
ပင်မရေစီး မြစ်ကြီးတစင်းပဲ။

အမေက
အောင်ပွဲ နီးသထက် နီးအောင်
ခရီးထွက်ခဲ့တာ ဖြစ်တယ်။

အမှောင်ထဲမှာ
တရောင်တည်းပဲ အမေသိတယ်
ဖြူနီပြာဝါ ဘာဘာညာညာ
ဘာအရောင်တွေမှ ခွဲခြားမကြည့်ဘူး
ကားထဲမှာနေရင်း အမေသိတယ်
မြေသိတယ်၊ မိုးသိတယ်
ကောက်ပင်တွေ သိတယ်။

ည ည
ဖားတလက်သံ ပရစ်သံနှော
အမေက တိုင်းပြည်ကို ပိုပို ချစ်ပြန်ရော။

အပြစ်မဲ့တဲ့ လူတွေ
မြှုပ်နှံရာ နိုင်ငံတော်မြေသား
လွင်တီးခေါင် ကွင်းပြင်မှာ
နာရီ၊ မိနစ်၊ စက္ကန့် မတန့်မနား
အမေ ဆင်ခြင်ခံစားသမျှ
သန့်စင် မြင့်မြတ်တဲ့ ရွှေပြည်တော်ကြီး
မျှော်တိုင်း နီးရမယ်။

ညီညွတ်ရေးကြိုးပမ်းမှုသာလျှင်
အမုန်းရဲ့အဆုံး အချစ်ရဲ့အစ
ငြိမ်းချမ်းရေးရဲ့မုခ်ဦး
အမေ
စူးစူးနစ်နစ် ယုံကြည်တယ်။

ဒိုင်ယာလော့လုပ်ရင်
ဘယ်သူမှ မရှုံးဘူး
ဘယ်သူမှ မနိုင်ဘူး
လူထုကောင်းကျိုး အထူးထူးသာ
ကျေးဇူးပြုရာ ရောက်မယ်
အမေပြောတယ်
အကြိမ်ကြိမ် အခါခါ ပြောတယ်
အမေ့တရား ဒီစကားကို
နားဝချိုမြ ကြားနိုင်ကြပါစေ။

အမေရယ်
လူသွန်တဲ့ ပွဲ
သောင်းရင်းမြစ်ကမ်း ကားဖင်ထိုး
ကျနော်တို့ လူမျိုးတွေ
အမှိုက်သွန်သလို
သွန်ချခံနေရတယ် အမေရဲ့။

အမျိုသားရေး အမျိုးသားရေးနဲ့
အအော်ဆုံးအချိန်မှာ
အမျိုးသားရေး
အဆုံးရှုံးဆုံးအချိန်ဖြစ်နေပေါ့။

မိန်းမပျိုလေးတွေ
နုစိုရွယ်သစ်
ရောင်းကုန်ဖြစ်ကြရ
ခေတ်မကောင်းပုံ အကြောင်းစုံ
အမေ နားမချမ်းမြေ့ရဘူး
နေ့ရှိသရွေ့ ကြားနေရတယ်။

နယ်စပ်မှာ
တိုင်းရင်းသူအပျိုစင်လေး
သူ့ရဲ့(၁၉)နှစ်ပြည့် မွေးနေ့
သက်စေ့ဖယောင်းတိုင်ထွန်းနေတုန်း
ဗြုန်းခနဲ
မိစ္ဆာ (၁၉) ယောက်မက ရောက်လာပြီး ….

ဒီညနေ
ရန်ကုန်မြို့ကေ
အမေရှိရာအနောက်ဘက် ကောင်းကင်ဆီ
လှမ်းကြည့်မိတယ်
တိမ်ရောင်စုံတွေ လှနေလိုက်တာ
(၁၂) ရက်မြောက်ပြီ အမေ။

ခဏနေရင်
မိုးစုပ်စုပ်ချုပ်ပြန်ဦီးတော့မယ်
လုပ်နိုင်သမျှ အမြဲလုပ်နေကျအတိုင်း
အမေ လုပ်နေဦးမှာ မြင်ယောင်တယ်

(ဒုက္ခပတ္တာ စ နိ ဒုက္ခာ
ဘယ ပတ္တာ စ နိဘယာ
သောက ပတ္တာ စ  နိသောကာ
ဟောန္တု သဗ္ဗေပိ ပါဏိနော)

တိုင်းသူပြည်သား ကမ္ဘာသူ ကမ္ဘာသားတို့
ဒုက္ခဝေးကြဖို့
ဘေးကင်းကြဖို့
စိုးရိမ်ကြောက်လန့် ကင်းကြဖို့
အမေ
ဆုတောင်းမေတ္တာ ပို့နေရော့မယ်။ 

အဝေးလူ
        • ( နှစ် ၂၀ ဝန်းကျင်အစပြန်ရှာမရဖြစ်နေသည့် ငြိမ်းချမ်းရေးကဗျာဆရာ မောင်အောင်ပွင့်၏ကဗျာရှည်တပုဒ်ဖြစ်ပါသည်။ ထိုကာလအခြေအနေအရ ကလောင်အမည်ရင်းကိုမသုံးဘဲ "အဝေးလူ" ကလောင်ဖြင့်ရေးသားခဲ့သည့်ကဗျာဖြစ်ပါသည်။ ။ 
...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar