Breaking News

ဗေဒါညို - ပန်းကလေးတွေပွင့်ကြပါစေ

Wut Hmon

ပန်းကလေးတွေပွင့်ကြပါစေ
ဗေဒါညို
(မိုးမခ) ဇွန် ၁၉၊ ၂၀၂၁

ဖေ့စ်ဘွတ်မှာ ကယားပြည်နယ်ဒီမောဆိုးနဲ့မကွေးတိုင်းပေါက်မြို့နယ်ကင်းမရွာက အဖြစ်ဆိုးတွေကိုဓာတ်ပုံတွေနဲ့တွေ့လိုက်ရတော့ထိတ်လန့်တုန်လှုပ်သွားခဲ့ရတယ်။ ပြောစရာစကားတောင်မရှိတော့ပါဘူး။ ဒီမောဆိုးကမြန် မာနိုင်ငံရဲ့အရှေ့ဖက်ခြမ်း။ ကင်းမရွာကတော့အနောက်ဖက်ခြမ်းမှာမို့ တစ်နေရာနဲ့တစ်နေရာတော်တော်ဝေးပါတယ်။ တကယ်တော့ ဒီမောဆိုးနဲ့ကင်းမရွာတင်မဟုတ်တော့ပါဘူးဗျာ။ စစ်မီးတောက်လာခဲ့လို့ အသက်ဘေးကလွတ်အောင်ထွက်ပြေးကြရ၊ သေကြေဒဏ်ရာရကြ။ တချို့ရွာတွေမီးလောင် တချို့ရွာတွေကျတော့ မီးမလောင်ပေမယ့်အိမ်တွေကိုဗလာချီဖျက်ဆီးခံရ ..စသဖြင့် စိတ်ဆင်းရဲစရာဒုက္ခတွေဟာ နေရာအနှံ့အပြားမှာဖြစ်ပေါ်ရင် ဆိုင်နေကြရရှာတာပါ။ ပြောရရင် ဘယ်သူမှမသက်သာပါဘူး။ တောရောမြို့ရော သူ့ဒုက္ခနဲ့သူပါပဲ။ မြို့မှာနေရတဲ့သူတွေလည်းရင်တထိတ်ထိတ်နဲ့ပေါ့။ ဖုန်းဖုန်းဖောင်းဖောင်းအသံတွေက အမြဲလိုလိုကြားနေရသမှုတ်လား။ မတော်လို့ကိုယ့်အနားမှာ အုန်းခနဲဒုန်းခနဲအသံများကြားလိုက်ရရင် ဟဲ့ဘယ်နားတုန်းဆိုပြီးသိချင်စိတ်နဲ့ခေါင်းထောင်မကြည့်ရဲပဲ ပြားပြားဝပ်နေကြရပါတယ်။​ ဒါကြောင့်မို့ နင့်မေကလွှားမှ ငါတို့အဖြစ်ကလည်း ဇာတ်သဘင်နောက်ပိုင်းဇာတ်ထုပ်ထဲက ဒုက္ခတွေပွေမကင်း သေမင်းရယ်တဲ့ခေါ်လှည့်ပါ ....လို့ငိုချင်းချရတော့မယ့်ကိန်းဆိုက်နေသလိုပါကလားဆိုပြီး ဒေါသဖြစ်ဖြစ်နဲ့တွေးမိသဗျ။

အမှန်တော့ စိတ်ဆင်းရဲလွန်းလို့​သာပြောလိုက်ရပေမယ့် သေမင်းကတကယ်လာခေါ်ရင် ဘယ်သူကများလိုက်ချင်ကြမှာတုန်း။ အဲသဟာကြောင့် အခုချိန်မှာစီးပွားရေးကြီးပွားရေးတွေအတွက်မတွေးနိုင် နေ့စဉ်ထမင်းနှစ်နပ်ပုံမှန်စားပြီး ဖြောင့်ဖြောင့်ဖြူးဖြူးကလေးအသက်ရှင်သန်ခွင့်ရရင်ကိုကျေနပ်နေကြရပါတယ်။ နို့ပေမယ့်ဒါလည်းသိပ်မသေချာပါဘူး။

ကိုဗစ်တတိယလှိုင်းက ရောက်လာပြီးနာသတင်းသာမဟုတ်ဘဲ သေသတင်းတွေပါကြားလာရပြီမို့ ဘုရားတနေရပြန်ပါရောဗျာ။ ဟိုတနေ့က ရန်ကုန်ကကျောင်းတကျောင်းမှာ ဆရာတွေရော ကလေးတွေရော ကိုဗစ်ရောဂါ ပိုးတွေ့တယ်ဆိုတဲ့သတင်းကြောင့် စိတ်မကောင်းဖြစ်ရသလို ကလေးတွေကိုကျောင်းပို့ကြတဲ့မိဘတွေကိုလည်း ဒေါပွသွားမိတယ်။ နောက်တော့မှ စိတ်ကိုလျော့ချလိုက်ရင်း ကိုယ့်သားသမီးတွေရဲ့ရှေ့အရေးအတွက်အမြော် အမြင်နည်းပါးလွန်းတဲ့မိဘတွေလည်းရှိပါသေးလားလို့ပဲ တွေးလိုက်ရတယ်။
စာရေးသူနှင့် ကျောင်းသူကျောင်းသားကလေးငယ်လေးတွေ

ဒီတော့ ဆရာမြို့မငြိမ်းရဲ့ကလေးလေးတွေပညာရရှိဖို့တော့ အဖနဲ့အမိပုံအသွင် အာစရိတွေပင် ... လူချွန်လူ ကောင်းကလေးတွေဖြစ်အောင် မြေတောင်မြှောက်ကာမြှင့်တင် ...လို့ လူချွန်လူကောင်းသီချင်းဆိုရမှာလည်း သိပ်အားမရှိတော့ပါဘူး။ မိဘတွေကအမြော်အမြင်နည်းပါး။ ဆရာဆရာမတွေကလည်း CDM လုပ်မိလို့တစ်ချို့ကအဖမ်းခံရ။ အလားတူပဲဆရာဝန်တွေ အင်ဂျင်နီယာတွေနဲ့အသိပညာရှင်အတတ်ပညာရှင်တွေခမျာလည်း ရာဇဝတ်သားတွေလိုလက်ထိပ်တွေနဲ့ထောင်ထဲဝင်ကုန်ကြရတော့ တိုင်းပြည်နဲ့ကလေးတွေရဲ့အနာဂတ်အတွက် ဘယ့်နှယ်လုပ်ကြမတုန်း။ သိကြရင်လည်း ပြောကြပါဦးဗျ။

ကျွန်တော်က အယ်လ်ဖာမျိုးဆက်တွေဖြစ်တဲ့ကလေးတွေကိုချစ်တယ်။ ဂျန်ဇီးမျိုးဆက်နောက်မှာသူတို့မျိုး ဆက်တွေပဲမဟုတ်လား။ စာပေဟောပြောပွဲသွားတိုင်း ရောက်ရာဒေသတွေမှာ ဖြစ်နိုင်ရင် သူတို့ကလေးတွေနဲ့တွေ့အောင်ကြိုးစားတယ်။ ဖားကန့်ဖက်ရောက်တော့ ရှဒူးဇွပ်တို့ ဒွန်ဘန်းတို့လိုရွာတွေက ကချင်ကလေးတွေနဲ့ ဘော်ဘော်တွေဖြစ်သွားတယ်။ အဲလိုပဲ ခန္တီး ဟုမ္မလင်းဖက်ရောက်တော့လည်း ရှမ်းကလေးတွေ နာဂကလေးတွေနဲ့ လက်ရည်တပြင်တည်းရှိခဲ့ကြတယ်။ ကလေးတိုင်းဟာ ချစ်စရာကောင်းတယ်။ ဘယ်သူ့ကလေးမှမညံ့ပါဘူး။ တိုက်ပွဲတွေဖြစ်တော့ ဒီကလေးတွေအတွက်စိုးရိမ်မိတယ်။ ဖေ့စ်ဘွတ်မှာ စစ်ဘေးရှောင်ဒုက္ခသည်တွေနဲ့အတူ ကလေးတွေကိုတွေ့လိုက်ရတော့ စိတ်ဆင်းရဲရပါတယ်ဗျာ။ ဒီအတွက်ကျွန်တော်တို့ကလည်း ဘာတစ်ခုမှဆောင်ရွက်နိုင်စွမ်းမရှိလို့ ကိုယ့်ကိုယ်ကိုမလုံမလဲဖြစ်ရင်း သားတို့သမီးတို့ရေ ဘဘကိုခွင့်လွှတ်ကြပါကွာလို့ပဲ စိတ်ထဲကတောင်းပန်လိုက်ရတော့တယ်ဗျ။

မနက်ဖြန်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ဆိုတော့ တပြည်လုံးပန်းတွေနဲ့ဝေ ကြမှာပါ။ အစ်မဒေါ်အောင်ဆန်းစုကြည်က ပန်းကိုနှစ်သက်ပြီးအမြဲတန်း ပန်းပန်လေ့ရှိပါတယ်။ ၂၀၁၄ ခုနှစ်တုန်းက ပြင်ဦးလွင်ကတော်ဝင်နှင်းဆီခြံမှာ ကျွန်တော်တို့မန္တလေးကစာရေးဆရာတွေနဲ့ တွေ့ခဲ့ကြတယ်။ အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကိုမေးကြမြန်းကြပေါ့။ ကျွန်တော်ကတော့ ယနေ့ခေတ်မြန်မာအမျိုးသမီးတွေပန်းမပန်ကြတဲ့အကြောင်းပြောပြပြလိုက်တယ်။ မြစ်ဆုံကိစ္စနဲ့အခြားနိုင်ငံရေးကိစ္စတွေကိုအရေးတကြီးနဲ့မေးမြန်းနေကြတဲ့အချိန်မှာ ကျွန်တော်ရဲ့ပန်းမပန်တဲ့ကိစ္စက အရေးမပါဘူးလို့ထင်ကြတယ်။ တကယ်တော့သေချာတွေးကြည့်ရင် တချိန်တုန်းကအမျိုး သမီးတွေပန်းပန်ခဲ့ကြပြီး မျိုးဆက်ကိုလက်ဆင့်မကမ်းနိုင်ခြင်းဟာ အစဉ်အလာကြီးမားခဲ့တဲ့ယဉ်ကျေးအရွေ့ဖြစ်တာမို့ ဒီထက်အရေးကြီးတာဘာများရှိသေးလို့လဲ။ အာရုံခံစားမှုတွေ အတွေးအမြင်တွေပြောင်းလဲသွားတဲ့ယဉ်ကျေးမှုအရွေ့ဟာ နိုင်ငံရေးအရွေ့ပါပဲ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကျွန်တော်ကဘာကြောင့်မေးတယ်ဆိုတာ ဒက်ခနဲသိတယ်ဗျ။ ခေတ်ကမြန်ဆန်နေသလို ကျွန်မတို့အမျိုးသမီးတွေအမျိုးသားတွေနဲ့မတူပါဘူး။ အပြင်ထွက်ရင် ဖီးလိမ်းပြင်ဆင်ဖို့အတွက် ဆယ်မိနစ်လောက်အချိန်ပေးရတာမို့ ပန်းမပန်ဖြစ်ကြတာပါ။ ကျွန်မကတော့ ငယ်ငယ်က တည်းကပန်းပန်တာကို နှစ်သက်လို့ ပန်းပန်နေတာပါတဲ့။
ကျောင်းသူကျောင်းသား ကလေးငယ်လေးတွေနှင့်ဆရာမလေးတဦး

တွေ့ဆုံပွဲပြီးတော့ ကံကောင်းပြီးသူနဲ့အေးအေးဆေးဆေးစကားပြောခွင့်ရခဲ့တယ်။ စာကြည့်တိုက်နဲ့ကလေးတွေရဲ့ပညာရေးကိစ္စတွေ​ကို မေးပါတယ်။ကျွန်တော်လည်းသိသလောက်ပြောပြလိုက်ရတာပေါ့။ ပညာမသင်နိုင်တဲ့ကလေးတွေနဲ့ကျောင်းနေပေမယ့် စာအုပ်နဲ့စာရေးကရိယာပစ္စည်းတွေမပြည့်စုံရှာတဲ့ကလေးတွေအကြောင်းပြောပြတော့ စိတ်မကောင်းဖြစ်သွားရှာတယ်။ ကလေးတွေပညာသင်ကြားရေးအတွက် အကောင်းဆုံးဖြစ်အောင် ကျွန်မတို့ကြိုးစားကြရမယ်။ ဆရာတို့လည်းကူညီကြပါတဲ့။ ဒါက နိုင်ငံခေါင်းဆောင်တစ်ယောက်ဟာ မျိုးဆက်သစ်ကလေးတွေအပေါ်  နောင်လာမယ့်အနာဂတ်တိုင်းပြည်အတွက် မျှော်လင့်ချက်ကြီးစွာနဲ့ဘယ် လောက်အားကိုးနေတယ်ဆိုတာဖော်ပြနေတယ်။ နောင်တစ်ချိန်မှာ အယ်လ်ဖါမျိုးဆက်ကလေးတွေကပညာနဲ့လူ့အဖွဲ့ အစည်းကိုတည်ဆောက်နိုင်မှပဲနိုင်ငံလည်း ထိပ်တန်းရောက်မှာပါ။ ကျွန်တော်တော့ ဒေါ်အောင်ဆန်းစုကြည်ပန်ဆင်ထားတဲ့ပန်းတွေဟာကလေးတွေကိုကိုယ်စားပြုတယ်လို့ပဲမှတ်ယူလိုက်တယ်။ ကလေးတွေကပန်းကလေးတွေနဲ့တူပါတယ်။ သူတို့ကိုဖူးပွင့်နိုင်အောင် သေချာဂရုစိုက်ပြီးပွင့်သောပန်းတိုင်းလည်းမွှေးမြစေချင်မိတယ်။ စစ်မီးတွေငြိမ်းပြီး တနိုင်ငံလုံးမှာရာသီအလိုက်ပန်းတွေဖူးကြပွင့်ကြရင် ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလိုက်မလဲ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့ကိုဟက်ပီးဘာ့ဒ်ဒေးပါအစ်မရေ။အသက်ရှည်ကျန်းမာ ဘေးအန္တရယ်တွေနဲ့ကင်းဝေးပါစေလို့ဆုတောင်းရင်း မကြာခင်ပြည်သူ လူထုထဲကိုခေါင်းပေါ်မှာပန်းတွေတဝေဝေနဲ့ပြုံးပျော်သွား လာနိုင်မယ့်နေ့ရက်ကို တွေးမျှော်လိုက်မိတယ်။ ပြီးတော့ ဗေဒါလမ်းသီချင်းကို တိုးတိုးလေးနဲ့သီဆိုနေမိတော့တာပ။

ဗေဒါညို
စာရေးသူ၏ ဖေ့ဘုတ်စာမျက်နှာမှာ ယူပါသည်။ 
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar