Breaking News

အောင်ဒင် - သမီးလေးရဲ့ နွေဦး



အောင်ဒင် - သမီးလေးရဲ့ နွေဦး

(မိုးမခ) ဇွန် ၁၅၊ ၂၀၂၁

(၁)
နက်ရှိုင်းခြောက်ကပ်တဲ့ အမှောင်ထုကြီးထဲ
ကျနော် နိုးထလာခဲ့တယ်၊
ပါတ်ဝန်းကျင်က မှောင်တာလား
ကျနော်က ဘာကိုမှ မမြင်ရတော့တာလား
နာကျင်နေရတာကတော့ သေချာတယ်၊
သွေးမတိတ်သေးတဲ့ ဒဏ်ရာတွေ၊
သွေ့ခြောက်နေတဲ့ ဝေဒနာတွေနဲ့
ကျနော်ဟာ တစ်ယောက်ထဲ အမှောင်ထုကြီးထဲမှာ…။

(၂)
သမီးလေးရယ်
မနေ့ညကလေ
ဖက်ဆစ်တပ်သားတွေ
စစ်ကားကြီးတွေနဲ့
လမ်းထဲကို သေနတ်ဖောက်ပြီး ဝင်ရောက်လာကြတယ်၊
အော်ဟစ်ဆဲဆိုကြိမ်းမောင်းကြတယ်၊
ပြီးတော့ အဖေတို့အိမ်ကလေးကို
တံခါး ရိုက်ချိုးပြီး ဖွင့်လိုက်တယ်၊
သမီးလေးကို လာဖမ်းတာတဲ့…။

တစ်အိမ်လုံးကို လှန်မှောက်ရှာဖွေ
ရှိသမျှ ပစ္စည်းတွေကို ဖျက်ဆီး
တန်ဘိုးရှိသမျှအရာတွေကို သူတို့ ဘောင်းဘီအိပ်ထဲထည့်
ပြီးတော့ ပြောသေးတယ်

သူတို့ဟာ တရားဥပဒေရဲ့ ဘက်တော်သားတွေ…တဲ့…။

သမီးလေးကို ရှာမတွေ့တဲ့နောက်
ဖက်ဆစ်ခေါင်းဆောင်က အမိန့်ထုတ်တယ်
သမီးမရရင် သူ့အဖေကို ဖမ်းခဲ့…တဲ့
ဒီလိုနဲ့
ဒီဖက်ဆစ်တပ်ကြီး လမ်းထဲက ပြန်ထွက်သွားတော့
အဖေဟာ စစ်ကားတစ်စီးရဲ့ ကြမ်းပြင်ပေါ်မှာ
ခေါင်းစွတ်စွပ်၊ ဝမ်းလျားမှောက်၊ လက်ထိပ်နောက်ပြန်ခတ်ခံရပြီး
အလိုမတူပဲ လိုက်ပါသွားခဲ့ရသူပေါ့…။

(၃)
စစ်ကားကြီးပေါ်က အဖေ့ကို ဆွဲချပြီး
တစ်နေရာကို ဒရွတ်တိုက်ဆွဲခေါ်သွားကြတယ်၊
တစ်လမ်းလုံးလည်း
ရိုက်နှက်ကန်ကြောက်နေတာပဲ သမီးရယ်
ခေါင်းစွပ်ကြီး စွပ်ခံထားရတော့
အဖေ့ကို ကန်တဲ့ စစ်ဖိနပ်တွေကို အဖေမမြင်ရဘူး
အဖေ့ကို ထိုးတဲ့ လက်သီးတွေကို အဖေ မရှောင်နိုင်ဘူး
အဖေ့ ခေါင်းကို ကွဲအက်စေတဲ့ သေနတ်ဒင်တွေရဲ့ လာရာဘက်ကို မသိခဲ့ဘူး…။

အဖေက ကြောက်တတ်ပါတယ် သမီးလေးရယ်
သူတို့ကို တောင်းပန်ပါတယ်
မရိုက်ပါနဲ့တော့ဗျာ
ကျနော် နာလှပါပြီ
ကျနော့် မှာ အပြစ်ရှိတယ်ထင်ရင် တရားရုံးကို တင်ပါတော့…လို့
သူတို့က ပြန်ပြောတယ်၊
"ငါတို့ဟာ တရားသူကြီးတွေပဲ"…တဲ့
ပြီးတော့ ပိုပြီး ရက်စက်ကြတာပေါ့ကွယ်…။


(၄)
မင်း…ငါတို့မေးတာကို မှန်မှန်ဖြေရင်
အသားနာတာ သက်သာလိမ့်မယ်…တဲ့
စစ်ကြောရေးသမားက ပြောတယ်၊
ကျနော် သိသမျှ အမှန်အတိုင်း ဖြေပါ့မယ်ဗျာ…လို့
ပြန်ပြောလိုက်တော့ ရိုက်တာတွေ ခဏရပ်သွားခဲ့တယ်…။

မင်း..သမီး ဘယ်မှာလဲတဲ့
မသိပါဘူးဗျာ…လို့ အမှန်အတိုင်းဖြေတော့
မျက်နှာကို အုပ်ထားတဲ့ ခေါင်းစွပ်မှာ သွေးတွေရဲသွားတယ်၊
မင်း…သမီးကို မင်းမြှောက်ပေးတယ် မဟုတ်လား…တဲ့၊
မြှောက်မပေးပါဘူးဗျာ၊
သူလုပ်တာတွေက မှန်ကန်လို့၊ မြင့်မြတ်လွန်းလို့
ကျနော် အားပေး ထောက်ခံတာပါ၊
ဘယ်သူတွေက ကန်မှန်းမသိ
အဖေဟာ ကြမ်းပေါ်မှာ ဘောလုံးတစ်လုံးလို လူးလိမ့်နေရ၊
မင်း…သမီးဟာ အကြမ်းဖက်သမား…တဲ့၊
မဟုတ်ပါဘူးဗျာ၊ ခင်ဗျားတို့ကမှ အကြမ်းဖက်သမားတွေပါ…ဆိုတော့
အို..သမီးလေးရယ်
အမှန်အတိုင်း ဖြေတော့လည်း သူတို့ မကျေနပ်ကြ
ပို၍ ပို၍ ဒေါသတကြီး ကြမ်းကြုပ်ကြ၊ ရက်စက်ကြ
အဖေ့အတွက်တော့ မကုန်ဆုံးနိုင်တဲ့ ညပေါ့
မပြီးဆုံးနိုင်တဲ့ အိပ်မက်ဆိုးကြီးပေါ့ကွယ်…။

(၅)
သမီးလေးရယ်
အမှောင်ထုက ပိုပြီး သိပ်သည်းလာပြီ၊
နာကျင်မှုတွေကလည်း ပိုပြီး ခါးသီးလာပြီ၊
အဖေ့အတွက် အချိန် စေ့ရောက်လာခဲ့ပြီ၊
နှုတ်ဆက်ခဲ့တယ်နော်၊
သမီးလေးနဲ့ သူငယ်ချင်းများ
လုံခြုံကြ၊ အေးချမ်းကြပါစေ၊
အမှန်တရားဘက်က အနိုင်ရပါစေ၊
အောင်ပွဲတွေရမှ ပြန်လာခဲ့၊
အဖေ့အလောင်းကို ရွေးဖို့လောက်နဲ့တော့ ပြန်မလာနဲ့နော်…။။။

(ဇွန် ၁၃၊ ၂၀၂၁)

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar