Breaking News

သီဟလတ် - ငွေဆိုတာ ‌ငွေကိုခေါ်တယ်



သီဟလတ် - ငွေဆိုတာ ‌ငွေကိုခေါ်တယ်

(မိုးမခ) ဇွန် ၁၅၊ ၂၀၂၁

"ဂုဏ် - ဂုဏ် - ဂုဏ် - ၊ ဂုဏ်ဆိုတာငွေကိုခေါ်တယ်"

တချိန်ကနားထောင်ဖူးသော "ဂုဏ်" သီချင်းထဲကစာသားတစိတ်တပိုင်းကို သတိရမိသည်၊ ငွေနှင့်ပတ်သက်၍ခံစားစပ်ဆိုထားသောသီချင်းတပုဒ်ပင်။ ငယ်ငယ်က ကုဋေရှစ်ဆယ်သူ‌ဌေးသားဟူသောပုံပြင်ကို ဖတ်ခဲ့ရဖူးသည်။ ငွေပိုင်ဆိုင်မှုပမာဏကိုအကြောင်းပြု၍ သန်းကြွယ်သူဌေး၊ မီလျံနာ၊ ဘီလျံနာ စသည်ဖြင့်ခေါ်ကြ၏။ ဆင်းရဲ၊ ချမ်းသာမရွေး လူတိုင်း ငွေနှင့်ပတ်သက်နေရသည်။ ကျွန်တော်သည် ငွေထက်၊ ငွေအကြောင်းကို စိတ်ဝင်စားနေမိသည်။

ငွေအသပြာ

ငွေအသပြာသည် ရောင်း‌ရေးဝယ်‌ရေးတွင် ပစ္စည်းနှင့်လဲလှယ်သော ဖလှယ်ရေးကြားခံပစ္စည်း(Medium of exchange) သာဖြစ်သည်ဟု ရှေးရိုးဘောဂဗေဒက ဆိုသည်။ ယခုအခါငွေအသပြာသည် တန်ဖိုးကိုတိုင်းတာ‌ဖေါ်ပြခြင်း၊ ဖလှယ်ရေးကြားခံအဖြစ်အသုံးပြုခြင်း၊ ဓနအဖြစ်သိုမှီးစုဆောင်းခြင်း စသည့်လုပ်ငန်းဆောင်တာများကို လုပ်ဆောင်နေပေပြီ။ ငွေအသပြာသည် ဘဝမျိုးစုံကျင်လည်နေပေပြီ၊ သူ့ဘဝကို အကဲခတ်စူးစမ်းကြည့်မိသည်။

ကုန်စည်အသပြာ(Commodity Money)

ငွေမပေါ်‌ပေါက်မီက ကုန်ဖလှယ်စနစ်(Barter System)ဖြင့် မိမိတို့လိုအပ်သောပစ္စည်းကို ရယူကြသည်။ ထိုသို့ ကုန်ပစ္စည်းချင်းဖလှယ်ကြရာမှ အများလက်ခံသောကုန်ကို ဖလှယ်ရေးကြားခံပစ္စည်းအဖြစ်သုံးလာကြသည်။ ယင်းကို ကုန်စည်အသပြာ(Commodity Money)ဟုခေါ်ကြ၏။ မြန်မာနိုင်ငံ၏ကျေးလက်တောရွာများတွင် မိမိလိုချင်သောပစ္စည်းကို ဆန်စပါးဖြင့်လဲလှယ်သည့်ရောင်းဝယ်ခြင်းများ ယနေ့တိုင် ရှိနေသေးသည်။ မြန်မာနိုင်ငံအကျဥ်းထောင်များထဲတွင်လည်း ဆေးလိပ်ကိုငွေအစား သုံးခဲ့ကြသည်။

သတ္တုငွေကြေး(Metal Money)

အသပြာအဖြစ်အသုံးပြုမည့်ပစ္စည်းသည် အသုံးပြုသူများအတွက် အဆင်ပြေရန်လိုအပ်သည်။ ထို့ကြောင့် ပျက်စီးရန်မလွယ်‌သော၊ ထိန်းသိမ်းထားသိုရန်အဆင်ပြေသော၊ သယ်ဆောင်ရန်လွယ်ကူသော၊ ခွဲခြမ်းစိတ်ဖြာရန်မခက်ခဲသော၊ မပေါမရှားလွန်းသော သတ္တုများကို အသပြာအဖြစ်အသုံးပြုလာကြသည်။ ရွှေ၊ငွေ၊ကြေး စသည့် သတ္တုအတုံးအခဲများကိုဖြတ်တောက်၍ အသုံးပြုကြခြင်းဖြစ်သည်။ ဤသည်ကို သတ္တုငွေကြေးပထမခေတ်ဟုဆိုကြ၏။

ရွှေ၊ ငွေ၊ ကြေး စသည့်သတ္တုအတုံးအခဲများကို အသပြာအဖြစ်အသုံးပြုရာတွင် သတ္တုအရည်အသွေးနှင့်အလေးချိန်တို့၏သတ်မှတ်ချက်မှာ စနစ်တကျမရှိပေ။ ထို့ကြောင့် စနစ်ကျရန်တီထွင်ရာမှ ငွေကြေးဒင်္ဂါးပေါ်ထွက်လာရသည်။ ယင်းကို သတ္တုငွေကြေးဒုတိယခေတ်ဟု‌ဆိုကြသည်။

ငွေကြေးဒင်္ဂါး၏ သတ္တုရည်၊ အလေးချိန်နှင့်သတ်မှတ်တန်ဖိုးကို သက်ဆိုင်ရာအာဏာပိုင်က အာမခံထား၏။ ထို့ကြောင့် ငွေကြေးဒင်္ဂါးများတွင် အုပ်စိုးသူပုံ သို့မဟုတ် အမှတ်တံဆိပ်များကိုခတ်နှိပ်ထားတတ်ကြ၏။ ငွေကြေးဒင်္ဂါးကိုငြင်းဆိုလျှင် သက်ဆိုင်ရာအာဏာပိုင်ကိုငြင်းဆိုရာရောက်ပေမည်။ ထို့ကြောင့် ငွေကြေးဒင်္ဂါးသည် အသပြာနှင့်အာဏာပေါင်းစည်းထားသောအရာ ဟုဆိုခြင်းဖြစ်သည်။ ငွေကြေးဒင်္ဂါးသွန်းလုပ်ခြင်းသည် လူ့ယဉ်ကျေးမှုသမိုင်းတွင် ကြီးကျယ်သောတီထွင်မှုတခု‌လော သို့မဟုတ် မိုက်မဲမှုတခုလော ကျွန်တော်‌မရေမရာတွေးမိ၏။

ဂရီရှမ်ဥပဒေသ

ငွေကြေးဒင်္ဂါးပေါ်ချိန်က ဂရီရှမ်ဥပဒေသ(Gresham's Law)ဟူသော အဆိုတရပ်ပေါ်ခဲ့သည်။ ဂရီရှမ်သည် ပထမမြောက် အဲလဇ္ဇဘက်ဘုရင်မကြီး၏ ဘဏ္ဍာရေးအကြံပေးပုဂ္ဂိုလ်ဖြစ်၏။ ဂရီရှမ်က အညံ့စားငွေသည် အကောင်းစားငွေကို မောင်းထုတ်လိမ့်မည်(bad money drives out good)ဟုဆိုသည်။ တန်ဖိုးကြီးသတ္တုဖြင့်သွန်းထား‌သောငွေကြေးဒင်္ဂါးများသည် ငွေကြေးဒင်္ဂါးပြားပါတန်ဖိုးထက် "ပေါက်ဈေး"ကပိုလာသောအခါ လူ‌တို့ကမသုံးပဲသိမ်းထားကြမည်။ ဤသို့ဖြင့် အကောင်းစားငွေများ လည်ပတ်ငွေမှပျောက်ပြီး အညံ့စားငွေများသာ လည်ပတ်နေမည်ဟုဆိုခြင်းပင်။

ငွေ၊ ဘဏ် နှင့် လူ

ယခုအခါ ‌ငွေကြေးအာဏာပိုင်အဖွဲ့အစည်းများက ငွေစက္ကူကိုရိုက်နှိပ်၍သုံးစွဲကြ‌သည်။ ဘဏ်များမှတဆင့်လည်ပတ်ကြ၏။

ဘဏ်သည် စုဆောင်းသူနှင့်ရင်းနှီးမြှုပ်နှံသူအကြားရှိ ကြားခံအဖွဲ့အစည်းပင်။ ငွေပို‌ငွေလျှံရှိသူအချို့သည် ငွေကို‌ငွေသားအဖြစ်သာ စုဆောင်းလိုကြ၏။ ဘောဂဗေဒပညာရှင်ဂျွန်မေနပ်ကိန်းစ်(John Maynard Keynes)က ငွေ‌သားပေါ်လွယ်နှစ်သက်မှု (Liquidity Preference)ဟုဆို၏။ မိမိလက်တွင်ငွေသားကိုင်ထားသည်ထက် လုံခြုံစိတ်ချရသော၊ အကျိုးအမြတ်ရှိသော၊ ငွေသားပြန်ဖော်ရလွယ်ကူသော ဘဏ်တွင်‌ငွေစုဆောင်းကြ၏။ အီလက်ထရွန်နစ်ဘဏ်စနစ်(e-banking)၊ အင်တာနက်ဘဏ်စနစ်(iBanking) များဖြစ်လာ၍ ငွေပေးငွေယူပိုမိုလွယ်ကူလာသည်။ ဘဏ်လုပ်ငန်းကျယ်ပြန့်လာသည်။ တိုးတက်လာသော ဘဏ်ဝန်ဆောင်မှုများကို စားသုံးသူတို့ ခံတွင်းတွေ့လျက် စားသုံးကြ၏။ ပိုက်ဆံအိတ်တွင် ငွေအစား ကဒ်ပြားလေးများနေရာယူလာ‌တော့သည်။

ဒစ်ဂျစ်တယ်ငွေကြေး(cryptocurrency)ကိုလည်းတီထွင်ကြပြန်၏။ ဒစ်ဂျစ်တယ်ငွေကြေးကို တူးဖေါ်(mining)ကြသည်။ အိတ်စ်ချိန်း(Exchange)များတွင်ရောင်းဝယ်ကြသည်။ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်မလာ‌သေး။ ငွေစက္ကူကား သက်ဆိုင်ရာ‌ငွေကြေးအာဏာပိုင်တခုခုနှင့်ပေါင်းစပ်ထား၏။ ဒစ်ဂျစ်တယ်ငွေကြေးကား ထိုသို့မဟုတ်။ ချုပ်ကိုင်ထားသည့် ငွေကြေးအာဏာပိုင်အဖွဲ့အစည်းမရှိ။ဒစ်ဂျစ်တယ်ငွေကြေးထက် သူရဲ့စာရင်းဇယားနည်းပညာ ဘလောက်ချိန်း(blockchain)ကသာ ပိုကျယ်ပြန့်နေသည်။ ငွေကြေးသစ်ဘဝကား မရေရာလှသေး။

ယနေ့ခေတ်သည် ဂရီရှမ်ဥပဒေသခေတ်မဟုတ်တော့။

တချိန်က ပေါင်စတာလင်သည် ကမ္ဘာသုံးငွေကြေးအဖြစ် သရဖူဆောင်းခဲ့သည်။ ယင်းကို စိန်ခေါ်သူ ဒေါ်လာကအနိုင်ယူပြီး သရဖူကိုရယူသွားခဲ့သည်။ ဒေါ်လာရိုက်ဇေးရှင်း(Dollarization)ဖြစ်လာသည်။ ယခု ယူရိုက ဒေါ်လာကိုအားပြိုင်‌နေပြီ။ ပူးတွဲချန်ပီယံများဖြစ်လေမလား။ ကောင်းသည့်ငွေက ညံ့သည့်ငွေကိုမောင်းထုတ်မည့်ခေတ်ဖြစ်သည်။

ငွေသည် သက်ဆိုင်ရာ‌အာဏာပိုင်တခုခုနှင့်‌ ပေါင်းစပ်ထားရကား ‌သက်ဆိုင်ရာအာဏာပိုင်အပေါ် လူတို့၏ယုံကြည်မှုသည် ငွေ၏ဘဝအတွက်အရေးကြီးသည်။ ဘဏ်တို့၏စားသုံးသူများသည် လုံခြုံစိတ်ချရခြင်း၊ အကျိုးအမြတ်ရှိခြင်းအပြင် ငွေသားဖေါ်လွယ်ခြင်းကိုလည်းနှစ်သက်၏။ ဘဏ်စာရင်းရှိငွေက လက်ထဲရှိငွေထက်တန်ဖိုးကျပြီး၊ ဘဏ်ငွေစာရင်းထက် လက်ရှိငွေသားကိုနှစ်သက်လာကြခြင်းကို ကိန်းစ်သာသက်ရှိ‌ထင်ရှားရှိ‌နေလျှင် မည်သို့ပြောလိမ့်မည်မသိ။ ဤသည်ကား ယနေ့ကာလ ငွေ၊ ဘဏ်နှင့် လူတို့အကြောင်း တွေးမိခြင်းပင်။

"ငွေဆိုတာ ငွေကိုခေါ်တယ်" လို့သာဆိုလိုက်ချင်တော့သည်။

သီဟလတ်
‌၂၀၂၁ ခုနှစ် ဇွန်လ ၅ နေ့တွင်ကျရောက်သော ဂျွန်မေနတ်ကိန်းစ်၏ ၁၃၈ နှစ်‌မွေးနေ့ အမှတ်တရ


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar