Breaking News

ကိုဂျေ - ခေတ်သစ်ပိုပေါ့

ခေတ်သစ်ပိုပေါ့
ကိုဂျေ
(မိုးမခ) ဇွန် ၂၃၊ ရက် ၂၀၂၁

ကမ္ဘောဒီးယားနိုင်ငံမှာ ၁နှစ်ခွဲကျော် နေခဲ့တဲ့အတွင်း ခမာနီ ခေါင်းဆောင် ပိုပေါ့ ရဲ့ လူမဆန်တဲ့ သတ်ဖြတ်မှု မြင်ကွင်းတွေပြခန်းတွေကို မကြာခဏ သွားကြည့်ခဲ့တယ်။ လာသမျှဧည့်သည်တွေကိုလည်း လိုက်ပို့ခဲ့တယ်။ သူ အုပ်ချုပ်ခဲ့တဲ့ ၁၉၇၅-၇၉ လေးနှစ်အတွင်းမှာ ပြည်သူလူထု နှစ်သန်းကျော် သတ်ဖြတ်ခဲ့တယ်။ တချို့မှတ်တမ်းတွေကတော့ သုံးသန်းနီးပါးလို့ ဖော်ပြပါတယ်။ 

ပို့ပေါ့ဟာ ပညာတတ်တွေကိုမုန်းတယ်။ သူဟာဘုန်းကြီးကျောင်းသား ဘုရားရိပ်တရားရိပ်မှာ ကြီးပြင်း ခဲ့ပေမယ့် ခေတ်ပညာမဲ့တော့ ဆရာဝန်၊ အင်ဂျင်နီယာ၊ အနုပညာရှင်၊ အတတ်ပညာရှင်တွေ မုန်းတယ်။ ဒီစိတ်ကြောင့် လူတန်းစားညီမျှအောင်ဆိုပြီး မြို့ပေါ်ကလူ တောပို့၊ ပညာတတ်တွေကို လယ်တောထဲ မောင်းချ။ အမိန့်မလိုက် နာသူတွေကို ထောင်သွင်းအကျဉ်းချ။ စာသင်ခန်းတွေဟာ အကျဉ်းစခန်းတွေ စစ်ကြောရေးစခန်းတွေ ဖြစ်ခဲ့ရတယ်။ ပြည်သူ ၂ သန်းကျော်သေဆုံးခဲ့မှုအတွက် လူမျိုးတုန်းသတ်ဖြတ်မှု(genocide )စွဲချက်နဲ့ ကုလက ကမ္ဘော ဒီးယားမှာပဲ စစ်ခုံရုံးဖွင့် စစ်ဆေးခဲ့တယ်။ လက်ကျန်ခမာနီ ခေါင်းဆောင်တချို့ကို စစ်ဆေးတဲ့ တရားခွင်တွေထဲ သွားရောက် နားထောင်ခဲ့ဖူးတယ်။ ပို့ပေါ့ မပြောနဲ့ သူ့နောက်လိုက် သေခါနီးခမာနီ ခေါင်းဆောင်တွေထဲက တယောက်မှ နောင်တရသူ မတွေ့ရဘူး။ တရားခွင်လာရင်တောင် မျက်မှန်မည်းကြီးတွေတတ်။ အချွေအရံတွေနဲ့ မာဖီးယားဂိုဏ်း ခေါင်းဆောင်တွေ ပုံပေါက်နေတယ်။ တကယ်တော့ ကမ္ဘောဒီးယားမှာ ဖွင့်ထားတဲ့ ကုလအထူးခုံရုံး ဆိုတာကလည်း ဘာမှ မတတ်နိုင်ပါဘူး။ 

ကမ္ဘောဒီးယားမှာ ရှိနေစဉ်အတွင်း ကိုယ်နဲ့ ခင်ခဲ့တဲ့ အလုပ်သမားခေါင်းဆောင် တယောက်ဆိုရင် မြို့လယ်ခေါင်မှာ သေနတ်နဲ့ ပစ်သတ်ခံရတယ်။ လက်သည်မပေါ်ပါဘူး။ ဘာ့ကြောင့်ဒီလိုဖြစ်ရတာလဲ ဆိုတော့ လူသတ်ကောင် ခမာနီလက်ကျန်တွေဟာ ဟွန်ဆန်အစိုးရထဲ နေရာတွေ ယူထားတာကြောင့် ဖြစ်ပါတယ်။ 

မြန်မာနိုင်ငံနဲ့ ယှဉ်ထိုးကြည့်ရင် တပုံစံတည်း ထပ်တူကျနေတာ တွေ့ရမယ်။ မအလဟာ ပညာတတ်တွေကို မုန်းတယ်။ အတ္တကြီးတယ်။ သူ အာဏာရူးပြီး လုပ်ချင်တာလုပ်ဖို့အတွက် ဆရာဝန်၊ အင်ဂျင်နီယာ၊ အနုပညာရှင်၊ အတတ်ပညာရှင်၊ ကျောင်းသားနဲ့ အပြစ်မဲ့ပြည်သူတွေရဲ့ ဘဝတွေကို နင်းခြေခဲ့တယ်။ ကမ္ဘောဒီးယားမှာ ၁၉၇၅ ခုနှစ်လောက်က ဖြစ်ခဲ့တဲ့အဖြစ်ဆိုးဟာ ၂၁ ရာစုရောက်မှ မြန်မာနိုင်ငံမှာ လာဖြစ်တယ်။ တို့ နိုင်ငံသားတွေ ကံ ဆိုးလိုက်တာ။ အခု အနယ်နယ်အရပ်ရပ်မှာ သောင်းကျန်းနေတဲ့ သူခိုး ဓားပြ မုဒိမ်းကောင် အောက်တန်းစား စစ်ခွေးတွေကို တော်လှန်နေတဲ့ ကလေးတွေဟာ အပြစ်မဲ့ ပြည်သူ့ရင်သွေးတွေ ဖြစ်တယ်။ အကြမ်းဖက်သမားတွေ မဟုတ်ဘူး။ အကြမ်းဖက်သမားဘယ်သူဆိုတာ တကမ္ဘာလုံးက သိတယ်။ တကယ်တော့ မအလဟာ ခေတ်သစ်ပို့ပေါ့ ဖြစ်တယ်။ 

ကိုဂျေ
ဇွန် ၂၂ ရက် ၂၀၂၁
(မန္တလေးမှာ ကျဆုံးခဲ့တဲ့ ပြည်သူ့ရင်သွေးများသို့…..)
-
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar