မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၂ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၂ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇွန် ၂၂၊ ၂၀၂၁မန္တလေးက တိုက်ပွဲ
ဒီနေ့ သတင်းတွေထဲ ထိပ်တန်းသတင်း မျက်နှာဖုံးသတင်းကတော့ မန္တလေးက ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေစခန်းချတဲ့ နေအိမ်ကို ဝင်စီးဖို့ ကြိုးစားစဥ် တိုက်ပွဲဖြစ်တဲ့ သတင်းပဲ ဖြစ်ပါတယ်။ မနက်စောစောပိုင်းကတည်းက စတင်တဲ့ အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပြီးစစ်ကောင်စီဘက်က စစ်သားတွေလည်း သေဆုံးမှုရှိသလို PDF ဘက်က လည်း သေဆုံးမှုတွေ ရှိတဲ့သတင်းပဲ ဖြစ်ပါတယ်။
နာရီနဲ့ချီကြာမြင့်တဲ့ အပြန်အလှန်ပစ်ခတ်မှု အဆောက်အဦးကို ဝင်စီးဖို့ကြိုးစားမှုကို ခုခံပစ်ခတ်ကြတဲ့ အဖြစ်အပျက်ဟာ မြို့တွင်းတိုက်ပွဲတရပ်သဖွယ်ဖြစ်ပျက်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်နဲ့ပတ်သက်တဲ့ သတင်းတွေ ဖေါ်ပြကြရာမှာ သတင်းဖြစ်ပျက်နေစဥ် သတင်းဌာနတွေက ချက်ခြင်းမေးမြန်းပြီး တင်ကြတဲ့ အချက်အလက်တွေက ဖြစ်စဥ်အပေါ် သက်ရောက်မှု ပြန်ရှိတယ်ဆိုတဲ့ လက်တွေ့ ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။
ဖြစ်နေဆဲ တိုက်ခိုက်မှု၊ အနုကြမ်းစီးမှု၊ ဓါးစားခံလို အဖြစ်အပျက်တွေမှာ တိုက်ရိုက်လွှင့်တာတွေက ဖြစ်နေဆဲ ဖြစ်ရပ်ပေါ် သက်ရောက်မှု ရှိတဲ့ သာဓကတွေ ရှိလို့ သတင်းမီဒီယာတွေ Live လွှင့်တာနဲ့ပတ်သက်လို့ သတိပြုကြရတာ ဖြစ်ပါတယ်။
ဖြစ်ပျက်နေဆဲ ဖြစ်ရပ်ကို အရုပ်ဖြစ်စေ အသံဖြစ်စေ အဖြစ်အပျက်မှာ ပါဝင်နေတဲ့ အချက်အလက်တွေကို ထုတ်ဖေါ်မိတာမျိုးက ဖြစ်ရပ်ပေါ် မှာ သက်ရောက်မှု ကြီးကြီးမားမား သက်ရောက်နိုင်လို့ ဖြစ်ပါတယ်။
၂၀၀၈ ခုနှစ်က အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ တာ့ဂျမဟာဟိုတယ် ကိုဝင်စီးပြီး ဓါးစားခံတွေဖမ်းဆီးခဲ့တဲ့ ဖြစ်ရပ်မှာ ရုပ်သံတွေရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုက အဲဒီဓါးစာခံတွေကို ပြန်ကယ်တင်ဖို့ ကြိုးစားတဲ့အခြေအနေကို အခက်အခဲတွေ့စေခဲ့တဲ့ သာဓက ရှိခဲ့ပါတယ်။ အလားတူ အဖြစ်အပျက်မျိုးတွေ ပြန်ပေးဆွဲမှုတွေ တိုက်ခိုက်မှုတွေမှာ မီဒီယာက လိုက်ဗ်ထုတ်လွှင့်မှုက အဖြစ်အပျက် အပေါ် သက်ရောက်မှုရှိခဲ့တာတွေရှိပါတယ်။
အခုဖြစ်ရပ်ကတော့ တိုက်ပွဲဖြစ်ပြီး ဓါးစာခံလုပ်တဲ့ ဖြစ်ရပ်တော့မဟုတ်ပါဘူး။ သို့ပေမယ့် ဝင်ရောက်စီးနင်းဖို့လုပ်နေကြတုန်း သာမန် အရပ်သားတယောက်က ဖေ့စ်ဘုတ်ခပေါ် ဓါတ်ပုံတပုံတင်လိုက်တာက စစ်ကောင်စီဘက်က သဲလွန်စရသွားစေတဲ့ အဖြစ်၊ နောက်တဖန် PDF ဘက်က တဦးက သတင်းဌာနတခုနဲ့ ဖုန်းနဲ့ အင်တာဗျူးလုပ်ရာမှာ မြေပြင်အခြေအနေကို စေ့စေ့စပ်စပ် သိရှိခြင်းမရှိပဲ ပြောဆိုမှုက ဖြစ်ရပ်အပေါ် သက်ရောက်မှု ရှိခဲ့လို့ပဲ ဖြစ်ပါတယ်။
သတင်းမီဒီယာနဲ့ ဖြေကြားမယ့်သူတွေက မီဒီယာရဲ့ သဘောသဘာဝကို သိနားလည်ဖို့ လိုအပ်သလို မီဒီယာမှာ ထုတ်ဖေါ်အသိပေးလိုက်ရင် ဖြစ်လာနိုင်တဲ့ သက်ရောက်မှုတွေကိုလည်း နားလည်ဖို့ ကြိုတင်တွက်ဆ ပြောဆိုကြဖို့ သင်ခန်းစာတခုလည်း ဖြစ်ပါတယ်။ PDF အဖွဲ့တွေ အနေနဲ့ မီဒီယာမှာ ထုတ်ဖေါ်ပြောဆိုခြင်းရဲ့ အကျိုးရလဒ်နဲ့ သက်ရောက်မှု ရိုက်ခတ်မှုကိုိ တွက်ဆ ချိန်ဆပြောဆိုကြဖို့ အတွေ့အကြုံကနေ သင်ခန်းစာယူဖို့လိုအပ်မယ် ထင်ပါတယ်။
တဖက်မှာလည်း သတင်းမီဒီယာဘက်က ယနေ့လို အဖြစ်အပျက်မျိုးဖြစ်နေချိန်မှာ သတင်းထုတ်လွှင့်တဲ့ သတင်းခန်းကို တာဝန်ယူသူတွေက ကျင့်ဝတ်ဆိုင်ရာ ၊ မိမိရဲ့ သတင်းရင်းမြစ်ကို ပိုပြီးအန္တရာယ်ကျရောက်ေစနုိင်တဲ့ အခြေအနေမျိုးကို ကြိုတင်တွေးဆပြီး ဘယ်မေးမြန်းချက်တွေ က ချက်ခြင်း ထုတ်လွှင့်ဖို့ သင့်ေတာ်တယ် ဘယ်မေးမြန်းချက်တွေက အချိန်ဆိုင်းပြီးထုတ်လွှင့်သင့်တယ်ဆိုတာ ကိုဆုံးဖြတ်ဖို့ တာဝန်ရှိပါတယ်။
ဆိုရှယ်မီဒီယာခေတ် ၊ သတင်းတွေက မိနစ်စက္ကန့်မခြားပဲ သတင်းရင်းမြစ်ဆီကနေ သတင်းဌာန၊ သတင်းစားသုံးသူဆီရောက်နေတဲ့ ခေတ်မှာ သက်ရောက်မှုတွေက မိနစ်ပိုင်းတောင် မဆိုင်းဘူးလို့ ဆိုရအောင် မြန်ဆန်ပါတယ်။
သတင်းအချက်အလက်မှားများ ဝါဒဖြန့်ချိရေးနဲ့ တော်လှန်ရေး
သတင်းမီဒီယာ ဆိုရှယ်မီဒီယာနဲ့ အပြင်က ဖြစ်ရပ်တွေ အပြန်အလှန်သက်ရောက်မှု ရှိနေကြတဲ့အကြောင်း ပြောရင်း တလက်စထဲ သတင်းအချက်အလက်မှားတွေ ၊ ဝါဒဖြန့်ချိရေးတွေ၊ စိတ်ဓါတ်စစ်ဆင်ရေး လုပ်တဲ့ သတင်းအချက်အလက်တွေကို သတိပြုကြဖို့ ခွဲခြားနားလည်ကြဖို့ အရေးကြီးတဲ့ အကြောင်းလည်း ပြောချင်ပါတယ်။
ခုနွေဦးတော်လှန်ရေးကာလမှာ သတင်းမှားတွေ သတင်းတုတွေ တမင်တကာ လုပ်ကြံဝါဒဖြန့်တာတွေ တကယ့်အဖြစ်အပျက်ရဲ့ အချက်အလက်ကို အသုံးပြုပြီး တပိုင်းမှန်တပိုင်းမှားနဲ့ လုပ်ကြံဝါဒဖြန့်တာတွေ တနေ့တနေ့ အလျှံပယ် ဖြစ်နေပါတယ်။ ဆိုရှယ်မီဒီယာခေတ်မို့လို့လည်း သမရိုးကျ မီဒီယာခေတ်ထက် အဆပေါင်းများစွာ ဖောင်းပွပြီး အဲဒီသတင်းတုတွေ သတင်းမှားတွေ တကယ့် အချက်အလက်အယောင်ဆောင်ထားတဲ့ ဝါဒဖြန့်မှုတွေ လှည့်စားမှုတွေ ကို ပယ်ထုတ်ဖို့ ဖယ်ထုတ်ဖို့ ခက်ခဲလာပါတယ်။
ခုနွေဦးတော်လှန်ရေးရဲ့ အစပြုကာလ ဖြစ်တဲ့ စစ်အာဏာသိမ်းတဲ့နေ့မှာတင် အာဏာသိမ်းတာကို ဘာမှ မတုံ့ပြန်ရင် ၇၂ နာရီ အတွင်းအာဏာသိမ်းမှုဟာ ပျက်ပြယ်သွားတယ်ဆိုတဲ့ အရပ်အခေါ် ဂျင်းသတင်း က ပျံ့နှံ့ခဲ့ပါသေးတယ်။
အဲဒီနောက်မှာလည်း အင်တာနက်တွေ အကုန်ဖြတ်တောက်လိုက်တဲ့ နေ့ရက်မှာ ညဘက် ဒေါ်အောင်ဆန်းစုကြည် ပြန်လွတ်လာပြီဆိုတဲ့ ကောလဟလ ကို မက်ဆေ့ချ်နဲ့ ဖုန်းနဲ့ ဖြန့်ပြီး တနိုင်ငံလုံးအနှံ့ ထင်ယောင်ထင်မှား ဖြစ်ခဲ့ကြတာတွေလည်း အထင်အရှားရှိခဲ့ပါတယ်။
ဒီလို သတင်းတုတွေ သတင်းမှားတွေ ဖန်တီးဖြန့်ချိတာဟာ ဘယ်သူ ဘယ်ဝါ ဘယ်ဘက်က လုပ်တယ်ဆိုတာ သက်သေပြဖို့ လိုက်လံရှာဖွေဖို့ ခက်ခဲပါတယ်။ ဒါကြောင့်လည်း အချိန်တိုင်း ဖြစ်နေတဲ့ အခြေအနေ သတင်းတွေကို စောင့်ကြည့်ပြီး အဲဒီလို သတင်းတုတွေ ဖန်တီးမယ့်သူတွေက ပုံမှန်လို ထုတ်လုပ်ဖြန့်ချိနေကြတာမျိုးပါ။
သူတို့တွေက သူတို့ ဖန်တီး ဖြန့်ချိပေးရမယ့် ဦးတည်ချက်၊ အကျိုးရှိစေမယ့် လူအုပ်စု အဖွဲ့အစည်းအတွက်ဆိုတာကို ဆုပ်ကိုင်ထားပြီး နေ့စဥ် ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေကို ဘယ်လို လှည်စားပြီး သတင်းအဖြစ်သော်လည်းကောင်း တကယ့်ကိုယ်တွေ့ကြုံရတဲ့ ဖြစ်ရပ်သဖွယ် သော်လည်းကောင်း ဖန်တီးရေးသား ၊ အသံသွင်း ထုတ်လွှင့်ကြတာပါ။ ဓါတ်ပုံ အတုနဲ့ လုပ်တာ အချက်အလက်အတုနဲ့ လုပ်တာတွေက ထင်သာမြင်သာရှိပေမယ့် အချက်အလက်မှန်ကို လွဲမှားတဲ့ ရှုထောင့်က ချဥ်းကပ်ပြီး သုံးသပ်ပြတာ၊ တဆိတ်ကို တအိတ်ဖြစ်အောင် ရေးတာ ပြောတာမျိုးတွေ လုပ်တတ်ကြတာပါ။ တခါတရံ ဘာမှ မဆိုင်တဲ့ ဖြစ်ရပ်နှစ်ခုကို တမင်တကာ ချိတ်ဆက်ပြီး လုပ်ကြံ ဇတ်ရေးပြီး ဖြန့်ချိတာမျိုးလည်း ရှိပါတယ်။
ဒါက သတင်းမှားတွေ သတင်းတုတွေ နဲ့ပတ်သက်လို့ဖြစ်ပါတယ်။
သတင်းဖတ်ရှုသူ ကြည့်ရှုသူတွေ အနေနဲ့ သတင်းအချက်အလက်က မှန်ရဲ့လား တခြားေသာ သတင်းဌာနတွေက ဘယ်လိုဖေါ်ပြကြလဲ ၊ ယုံကြည်ရတဲ့ သတင်းဌာနက ဘယ်ဟာလဲ တိုက်ဆိုင်စစ်ဆေးသင့်တဲ့ သတင်းဌာနတွေ စသဖြင့် မိမိရဲ့ ဆင်ခြင်တုံတရားနဲ့ အသိဥာဏ်ဗဟုသုတနဲ့ နှိုင်းချိန်ပြီး ယုံကြည် ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။
အချက်အလက်မှားတွေ ထင်ယောင်ထင်မှား မျှော်လင့်ချက်တွေ ခိုင်မာမှုမရှိတဲ့ အချိုးအစားမမျှတဲ့ ကောက်ချက်တွေ ဝါဒဖြန့် သတင်းတွေ၊ စာတွေ ၊ ဟောပြောမှုတွေနဲ့ ဘဝကို ရှင်သန်ဆုံးဖြတ်မယ်ဆိုရင် ငါးပါးမှောက်နိုင်ပါတယ်။ တော်လှန်ရေးအတွက်လည်း အကျိုးမများတဲ့အပြင် မျှော်လင့်ချက်တွေနဲ့ အပြင်က လက်တွေ့အခြေအနေ အလွန်ကွာခြားနေတာမျိုး ကြုံတွေ့ရလို့ နောက်ဆုတ်သွားတာ လက်မြှောက်အရှုံးပေးသွားတ ာမျိုး တွေ ကြုံတွေ့ရတတ်ပါတယ်။
ဘဝနဲ့ဆိုင်တဲ့ နိုင်ငံနဲ့ ချီတဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်ဖို့ ဆို အချက်အလက်တွေကိုယ်၌က မှန်ကန်နေဖို့ ခိုင်မာနေဖို့ လိုအပ်ပါတယ်။ ဝါဒဖြန့် ယန္တရားထဲ မှာ မနစ်မြောသွားဖို့ လည်း အရေးတကြီး လိုအပ်ကေြာင်း ပေြာချင်ပါတယ်။
အတုက အစစ်ထက် ပိုကောင်းတယ် မဖြစ်ကြဖို့
အမေရိကားမှာ ခုထိ ထရန့်ထောက်ခံသူတွေနဲ့ ထရန့်ပါတီ (ရီပတ်ဘလစ်ကန်)တွေက ရွေးကောက်ပွဲမဲလိမ်ခံရတယ်လို့ ယုံကြည်နေတုန်း။ ဝါဒဖြန့်ကောင်းတုန်းပါ။ အဲသည်လို လုပ်ကြံသတင်းတွေနဲ့ ဘ၀မှာ နေပျော် စားဝင်အိပ်ပျော်ဖြစ်နေသူတွေ အများကြီးပဲ။ လက်တွေ့အဖြစ်မှန်ကို လုံး၀ လုံး၀ လက်မခံနိုင်ကြပါဘူး။ ဇန် ၆ မှာ အမေရိကန်လွှတ်တော်ကို အစွန်းရောက်တွေ တက်သိမ်းဖို့ကြိုးပမ်းတာကို ခုချိန်ထိ မှန်တယ်လို့ မျက်စိမှိတ်ပြောနေကြတုန်းပါပဲ။ ဆိုလိုချင်တာက လက်တွေ့ဘ၀မှာ ဖြစ်ရပ်မှန်ကို လက်ခံပြီး လက်တွေ့ကျကျ တော်လှန်ရေးကို လုပ်ကြဖို့ထက် မိမိကြားချင်တာတွေ ယုံချင်တာတွေချည်းပဲ ရွေးပြီး နားထောင် ဖတ်ရှု ဖြန့်ချိပြီးတော့ အခြားတဖက်က ဆင်ခြင်စရာ သင်ခန်းစာယူစရာတွေကို ကျောခိုင်းထားမိရင် ကိုယ်တိုင်မှာ ရှုံးပြီးရင်း ရှုံးဖို့ များပါတယ်။
စစ်ကောင်စီကလည်း သူတို့မှန်တယ်၊ ရန်သူတွေမှားတယ်၊ ပြည်သူတွေ မှားတယ်လို့ သူတို့စစ်သားတွေ နောက်လိုက်တွေကို သိမ်းသွင်းထားတယ်။ စည်းရုံးထားတယ်။ အဲသည်အတွက် အစွမ်းကုန် လှုံ့ဆော်တယ်၊ သတ်ဖြတ်နှိမ်နင်းတယ်။ ဒီလိုလုပ်တာ တရားတယ်လို့ ဝါဒဖြန့်တယ်။ ပြည်သူတွေဖက်မှာလည်း တော်လှန်အင်အားစုတွေထဲကအချို့က စစ်ကောင်စီအမြစ်ဖြုတ်နိုင်ရေး ဘာပဲလုပ်လုပ် တရားတယ် မှန်ကန်တယ်လို့ ယုံကြည်ကြတယ်။ လုပ်ကိုင်နေကြတယ်။ သူတို့ ထိခိုက် ဒဏ်ရာရ ကျဆုံးရင်တောင် အမှားရှိတာကို၊ ချို့ယွင်းမှုရှိတာကို သင်ခန်းစာယူဖို့ ဆင်ခြင်ဖို့ကို ပစ်ပယ်ပြီးတော့ ရန်သူကိုပဲ ဖိပြီး အပြစ်တင်တာ၊ ပုံချတာတွေ လုပ်တတ်ကြပါတယ်။
မန္တလေးဖြစ်စဉ်မှာ လူထု၏ ခံစားချက်ဦးစားပေး မခံမရပ်နိုင်တုန့်ပြန်ပုံ၊ မိမိကိုယ်ကိုယ်တိုက်ပွဲဝင်နေသည်ဟု ခံယူထားသူအချို့၏ လူထုကို စစ်တပ်နဲ့ အတင်းထိပ်တိုက်ရင်ဆိုင်ကြဖို့ တွန်းလွှတ်လှုံ့ဆော်နေပုံ၊ အခုလို လုံခြုံရေးစည်းပေါက်မှုအတွက် ကြိုတင်ပြင်ဆင်မှုမရှိသည့် ဂယက်လှိုင်းလုံးကြီးအောက်မှာ အချို့သောပရိသတ်တွေ လူးလူးလှိမ့်လှိမ့်ဖြစ်နေကြပုံတွေကို ခေါင်းဆောင်တွေကော တော်လှန်ရဲဘော်တွေကောက ခြေခြေမြစ်မြစ် သုံးသပ် သင်ခန်းစာယူ ပြင်ဆင်မှုတွေ ရေးဆွဲကြဖို့ သင့်ပါတယ်။ ပြည်သူတွေကို စစ်ဘေးရှောင်စဉ်၊ ကျေးရွာတွေ မြေလှန်ခံရစဉ်၊ ယခု မြို့ပြတိုက်ပွ ဲ သာလွန်အင်အားခြေမှုန်းခံရစဉ် စတဲ့ ဖြစ်စဉ်တွေကို ကြုံရ ရင်ဆိုင်ဖြတ်သန်းနေရပြီမို့ တော်လှန်ရေးအင်အားစုများဘက်က စစ်မှန်သော အသိပညာပြင်ဆင်မှုများ အခုထက်ပိုပြီး ထိရောက်အောင် ဖြန့်ချိ စည်းရုံး လှုံ့ဆော်ထားဖို့ လိုနေပြီ မဟုတ်ပါလား။
သို့မဟုတ်ဆိုရင် မဆလခေတ် ဦးနေဝင်းလက်ထက် စစ်ဆင်ရေးတွေမှာ တိုက်တိုင်းအောင်၊ မိမိတို့ဖက်က အကျအဆုံးမရှိ၊ ရန်သူများ ထောင်ချီ ရာချီသေဆုံးဆိုတဲ့ သတင်းစာမှိုင်းမိခဲ့ကြသလိုမျိုးတွေကို အသားကျ အကျင့်ပါနေပြီး မိမိတို့ကိုယ်တိုင် အရှုံးဆိုတာကို လက်မခံနိုင်ဘဲ ဝါဒမှိုင်းအောက်မှာ မှိန်းနေရတာကို သာယာနေတဲ့ပြည်သူတွေ မဖြစ်အောင် တာဝန်ရှိသူတွေက ကြိုးပမ်းကြစေလိုပါကြောင်း။
(Photo - မန္တလေးတွင် စစ်ကောင်စီတပ်နှင့် PDF ပျောက်ကျား တပ်ဖွဲ့တချို့ ပစ်ခတ်မှူဖြစ်ပွားနေရာတွင် စစ်ကောင်စီ၏ သံချပ်ကား ၃ စီး နန်းတွင်းမှ ထွက်လာပြီး မြို့ပေါ်တွင် ကင်းလှည့်)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar