မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - နိုင်သစ်နီ၊ မင်းငြိမ်းအေး၊ ခိုင်မျိုး
မိုးမခ
ဇွန် ၂၂၊ ၂၀၂၁
-
မနှစ်မြို့ခြင်းဥပေက္ခာ
တောသူတောင်သားဓလေ့
ကျီးပြိုတာကို အမျိုးမျိုး
အဓိပ္ပာယ်ကောက်ကြတယ်။
အဘွား
ကျွန်တော် အဲဒီအသံတွေ
မကြိုက်ဘူးဆိုတော့
လူလေးရယ် သတ္တဝါတွေပဲ
မိုးလာပျက် လေလာပျက်ဆိုတော့
အသိုက်ပြောင်းချင်လို့နေမှာပေါ့ကွယ်တဲ့။
ကွန်ကရိတောအုပ်ထဲမှာ
မိသားစုဘဝတည်ဆောက်ဖြစ်တော့
အဘွားစကားသံကို ဆွတ်ဆွတ်ကြင်ကြင်သတိရ
လူသာဓုခေါ် နတ်သာဓုခေါ် အပြုအမူတွေနဲ့သာ
မွေ့လျော်နေမိပါတော့တယ်။
မိုးလာလို့ ပျက်သည်ဖြစ်စေ
လေလာလို့ ပျက်သည်ဖြစ်စေ
ကျီးပြိုချင် ပြို
မပြိုချင် နေ
မနှစ်မြို့ခြင်းကို ရှောင်သွေတယ်
အဓမ္မဘက်မှာ ကျွန်တော်မရှိ
ဗုဒ္ဓံ ဓမ္မံ သရဏံ ဂစ္ဆာမိပါဘုရား။ ။
နိုင်သစ်နီ
ညနေ-၅း၃၆ နာရီ
၁၈-၆-၂ဝ၂၁
...
ရန်သူစာရင်း
ကိုယ်ကမကျူးခင်ထိ၊ငြိမ်းချမ်းရေး
အကိုက်အခဲပျောက်ဆေးနဲ့
အပစ်အခတ်ရပ်စဲခြင်း ။
ထိုအချိန်ထိ
တောသည်မနက်ရှိုင်းသေး
ထိုအချိန်ထိ
လူသားသည်မီးကိုအသုံးမပြုတတ်သေး
ထိုအချိန်ထိ
တိုက်ရိုက်ဒီမိုကရေစီမရှိသေး ။
ကြားကာလတွင်
မြက်ပင်ရိုင်းများ
ဖုန်းဆိုးတောနှင့်
အလျော့အတင်းရှိသောမိန်းမသားများ ။
အလွယ်တကူပြုလုပ်သော
ဤကဗျာတွင်
အခက်အခဲရှိလှသည်။
မင်းငြိမ်းအေး
...
ရွာထဲမှာ
ဘယ်သူဟာ
ဘယ်သူ့မြှုံးမှာချိုမြိန်ခဲ့ပြီး
ဘယ်သူဟာ
ဘယ်သူ့အပြုံးမှာ
အဆိမ့်သင့်ခဲ့သလဲ
ရှင်ခြင်းတရားကခက်ခဲသမျှ
သေခြင်းကလွယ်ကူလွန်းလှရဲ့
အမုန်းကရေစီးသန်ပြီး
ချစ်ခြင်းတရားကလေးလံလွန်းရဲ့
တရားဖြေမဖုံးနိူင်တော့လည်း
နွားတွေလိုရုန်းခဲ့ရတာပေါ့သံသရာရေ
သည်လိုနဲ့
အပူမြစ်တဝှမ်းမှာ
လူအဖြစ်နွမ်းခဲ့သူတွေဘယ်မျှရှိမလဲ
ဆရာဇော်ဂျီဟာ
ထလော့မြန်မာကိုသီခဲ့
ပျဉ်းမငုတ်တိုအမည်ပေးထားတဲ့ကဗျာအလှ
ဆရာမင်းသုဝဏ်ကသခဲ့
ဒါပေမယ့်
ဦးအောင်ဆန်းလိုလူကိုတောင်
အသားထဲကလောက်တွေ
ကိုက်ဖဲ့ခဲ့တဲ့တိုင်းပြည်
ညီမျှခြင်းတွေပြိုလဲ
မျက်ရည်တို့နဲ့စိုရွှဲခဲ့ရတဲ့တိုင်းပြည်
ကျွန်တော်တို့ရဲ့တိုင်းပြည်။
ခိုင်မျိုး
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar