၇၆ - နှစ်မြောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အထိမ်းအမှတ်နေ့ကဗျာများ- ပန်ဒိုရာ ၊ ညိမ်းအေးသာ
တော်လှန်ပန်း
ပန်းတော့ပန်းပဲ ဒါပေမဲ့
ပန်းဆိုတဲ့ အကန့်အသတ်ပြင်ပက
ဖူးပွင့်လာတဲ့ သစ္စာ
ဆူးခက်မပါတဲ့ မေတ္တာ
ချစ်သူတွေအတွက် မွှေးမြပြီး
ညစ်သူတွေကို စူးရှစေမယ်
ပန်း ဆိုတော့ ယဉ်တယ် လှတယ်
ပန်းမကတဲ့ ပန်း ဆိုတော့
ဘယ်တော့မှ မနွမ်းကြွေဘူး
ကောင်းကင်မှာလည်းပွင့်
မြေပြင်မှာလည်း တင့်
ပန်းတို့ရဲ့ဆန္ဒဟာ ဝေ ဖို့
ပြီးတော့ မျှ ဝေ ဖို့ လေ
ပွင့်ဖတ်တွေ နူးညံ့သလောက်
ပန်းပန်သူတို့ရဲ့ဦးခေါင်းတွေဟာ
ခိုင်မတ်မာကျောတယ်
တစ်ပွင့် နှစ်ပွင့် အစုစု အဆင့်ဆင့်
ပန်းနဲ့ပေါက်လိုက်တဲ့ ခွန်အားဟာ
ကျောက်ဆိုင်ကျောက်သားတွေကိုတောင်
မွကြေညွတ်ပျောင်းသွားစေမယ်။
ပန်ဒိုရာ
၁၉.၆.၂၀၂၁
...
ဒီကမ္ဘာနဲ့ ဒီအာဏာ
ရှေ့မတိုးနဲ့
ရင်ထဲမှာပဲထား
လုယူသွားတာ
မုန့်များဆိုရင်
၀ါးစား မြိုချပစ်လောက်တယ်
နှစ်ပေါက်အောင် ကြာမယ်။
ကျွန်တော်တို့
လေးပုံသုံးပုံကလည်း
ဒီစိတ်ပါပဲ
ဒါပေမယ့်..
ကျွန်တော်တို့ရဲ့အထက်မှာ
သေနတ်ပါတဲ့အမိန့်။
အိပ်မက်ဆိုးထဲ
မှောင်ကြီးမဲကြီးကျသလို ဖြစ်သွားတာ
အလင်းကို မြင်ရနိုး
လူတွေက မျှော်ကိုးနေကြတုန်း။
လက်သုံးချောင်းလည်း မထောင်ရဲပါဘူး
လမ်းပေါ်လည်း မတက်ရဲပါဘူး
ရုံးမသွားဘဲလည်း မနေရဲပါဘူး
လူသတ်သမားအာဏာရူးလို့လည်း
မပြောရဲမဆိုရဲပါကြောင်း။
မာရ်အပေါင်းကို
ထောင်းထောင်းညက်ကြေ
အောင်တော်မူလေ
ဘုရားတွေလည်း
နိုင်ငံရေးစိတ်မဝင်စားဘူးလားမသိပါဘူး
တခါမှ အားမထားရဘူး
ဒီကမ္ဘာဟာ မသာယာတော့ပုံများ..။ ။
ညိမ်းအေးသာ
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar