ဘိုးညီတင့် - ဇကလေးခံစားတဲ့အနုပညာ
ဇကလေးခံစားတဲ့အနုပညာ
ဘိုးညီတင့်
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၁
ဥယျာဉ်သာရွာမှာ ဇကလေးကို မသာဥက္ကဋ္ဌလို့ခေါ်ကြတယ်။ ရွာမှာလူမှုကူညီရေးအသင်းရှိလို့မဟုတ်ပါ။ နာရေးဆိုရင် ဇကလေးကသူ့ကိုယ်သူတာ ဝန်ပေးပြီး အမြဲတမ်းဆောင်ရွက်တတ်လို့ပါ။ လူနာတယောက်အသည်းအသန်ဖြစ်နေပြီ ကုလို့မရတော့ဘူးဆိုတဲ့အသံကြားရင် ဇကလေးတယောက် သုံးပုံဖဲထုပ်လေး ခါးပိုက် ပိုက်လို့ရောက်လာပါပြီ။ လူနာအနားနေပြုစုတော့တာပဲ။ အသုဘအိမ်မှာသုံးပုံဖဲရိုက်တာကတော့ သူ့ဝါသနာပေါ့လေ။ မကြည့်ရက်၊ မမြင်ရက်စရာလူမမာမျိုးကို နေ့ရောညပါအိမ်မပြန်ပဲ ပြုစုပေးတယ်။ သေသွားတော့လည်း အလောင်းမြေကျထိ ဇကလေး ဆောင်ရွက်တယ်။ ရွာမှာအသုဘရှိရင် ဆွေမျိုးမိတ်ဆွတွေ အပန်း တကြီးမငိုရအောင် အသုဘနောက်ကနေ အသံချဲ့စက်နဲ့ငိုချင်းဖွင့်ပေးတဲ့ဓလေ့ ရှိတယ်။ အသုဘချပြီဆိုရင် ဇကလေးက နီးရာလှည်းတစီးဆွဲ'က' သင်္ချိုင်းကုန်းရောက်သည်အထိ ငိုချင်းတွေမနားတမ်းဖွင့်တော့တာပဲ။ အသံချဲ့စက်ဝါသနာပါသလားမမေးနဲ့။ မြေမြှုပ်သင်္ဂြိုလ်ပြီးအပြန်မှာတောင် ငိုချင်းသီချင်းတိုးတိုးလေးဖွင့်လာတတ်တယ်။ ရွာနားရောက်မှ ကြားမကောင်းလို့ပိတ်တော့တာ။
နာရေးမှမဟုတ်ဘူး။ တုတ်ဆွဲ၊ ဓားဆွဲရန်ဖြစ်နေကြပြီဆိုလည်း ဇကလေးရှေ့ကရောက်တယ်။ သွေးသံရဲရဲလူကိုသူတယောက်ပဲကိုင်ရဲတယ်။ အိမ်အလုပ်ပစ်ထားပြီးဆေးရုံဆေးခန်းထိဇကလေးလိုက်သွားတတ်တယ်။ ရွာထဲမှာမီးလန့်တယ်ဟေ့ဆိုလည်း ဇကလေးပဲရှေ့ဆုံးကရောက်တယ်။ ဒါကြောင့် ရွာသူ/ရွာ သားတွေက ဇကလေးကိုချစ်ခင်အားကိုးကြတယ်။ မသာဥက္ကဋ္ဌလို့ ချစ်စနိုးခေါ်ကြတယ်။ ဇကလေးကိုအပြစ်ပြောစရာဆိုလို့ သောက်တတ်တာတခုပဲရှိပါတယ်။
တရက်မှာ ဘိုးညီတင့်တယောက်ဇကလေးအိမ်ရောက်သွားတယ်။ ထုံးစံအတိုင်းဇကလေး အရက်သောက်နေတာတွေ့ရတယ်။ ဘိုးညီတင့်က ...
"ဇကလေးရာ။ မင်းပရဟိတလုပ်တာချီးကျူးပါတယ်။ ဒါပေမဲ့ဒီအရက်ကြောင့် နာမည်ပျက်ပျက်နေတယ်။ ရှောင်နိုင်ရင်ရှောင်ပါလားကွာ" ဆိုတော့ ...
"ကျုပ်ကြိုက်လို့ကျုပ်သောက်တာ ဘယ်သူ့ထည့်တွက်နေရမှာတုန်း ဘိုးညီတင့်ရ။ ကျုပ်ကိုလူတွေက ပရဟိတသမားလို့ထင်နေကြတယ်။ ဘိုးညီတင့်မို့ပြောရအုံးမယ်။ ကျုပ်အခုလိုလုပ်နေတာတွေက ပရဟိတမဟုတ်ဘူးဗျ။ ကျုပ်စိတ်ကိုကျုပ်အစာကျွေးနေတာ"
"ဟေ မင်းစိတ်ကိုမင်းအစာကျွေးနေတာ။တယ်လဲထူးဆန်းပါလား"
"ထူးဆန်းဆို ဘိုးညီတင့်တို့နဲ့ကျုပ်စိတ်ခံစားပုံချင်းမတူဘူး။ ရွာထဲဓားခုတ်မှုဖြစ်တယ်ဆိုရင် ဘိုးညီတင့်တို့က သွေးသံရဲရဲမကြည့်ရဲကြဘူး။ ဘယ်သူမှအနားမကပ်ချင်ကြဘူး။ ကျုပ်ဝါသနာက သွေးသံရဲရဲမြင်ချင်တယ်။ ကြည့်ချင်တယ်။ ဒါကြောင့်ရွာထဲမှာရန်ဖြစ်ရင်ကျုပ်ရှေ့ဆုံးကရောက်တာ။ လူမမာတယောက်မျှော်လင့်ချက်မရှိတော့ဘူး။ ညည်းညူနေရတယ်ကြားရင် အဲဒီလူမမာဆီကျုပ်ရောက်တော့တာပဲ။ ဝေဒနာခံစားနေရလို့ညည်း ညူနေတဲ့လူမမာကို ဘိုးညီတင့်တို့ကမကြည့်ရက်၊ မမြင်ရက်ကြဘူး။ ကျုပ်အဖို့တော့လူမမာညည်းညူသံဟာ ဂီတသံပဲဗျ။"
"ဟေ"
"မဟေနဲ့ဘိုးညီတင့်ရ။ ၂၀၀၈ နာဂစ်ဖြစ်တော့ နာဂစ်ဗွီဒီယိုတွေထွက်လာတယ်မဟုတ်လား"
"ဟုတ်တယ်လေ။ ဗွီဒီယိုခွေကိုမြို့က ဦးညီပုကြီးလှမ်းပေးလိုက်လို့ တရွာလုံးစုကြည့်ကြတာ။ မကြည့်ရက်စရာတွေမို့ ဘယ်သူမှဆုံးအောင်မကြည့်နိုင်ကြလို့ အခွေကို မင်းဘဲတောင်းသွားတာမဟုတ်လား။"
"ဟုတ်တယ်လေ။ ကျုပ်အဲဒီခွေကို တယောက်ထဲ မကြာမကြာပြန်ကြည့်တယ်။ လူတွေ၊ ကျွဲနွားတွေသေလိုက်ကြတာ။ တချို့နေရာတွေဆိုအစုလိုက်အပြုံ လိုက်။ မိခင်တွေကလည်းကိုယ့်ကလေးတွေကိုဖက်လို့သေနေလိုက်ကြတာ။ ကျုပ်အတွက်တော့တော်တော်ရသမြောက်တယ်ဗျ။ ဗွီဒီယိုဇာတ်လမ်းထက်ကောင်းတယ်။ ရွာထဲအသုဘရှိလို့ ငိုချင်းဖွင့်ရင်ကျုပ်ပဲဖွင့်တာတခြားကြောင့်မဟုတ်ဘူး။ အဲဒီငိုချင်းသီချင်းတွေကိုကြိုက်လို့။ ငိုချင်းဆိုတော့ အိမ်မှာဖွင့်မကောင်းဘူးလေ။ အသုဘကျမှတဝကြီးနားဆင်ရတာကလား။ အငိုမင်းသမီးခင်ခင်ညွန့်နဲ့ လူရွှင်တော်ဦးစပါယ်ရှယ်အချီအချခန်းတွေဆို ကျုပ်လွှတ်ကြိုက်။တောထဲမှာတယောက်ထဲဆိုရင် ကျုပ်အားရပါးရဆိုတော့တာပဲ။ ဘိုးညီတင့်တို့ကထင်မယ် ရွာထဲ မီးလောင်လဲဇကလေး ရှေ့ဆုံးကရောက်တယ်လို့။ သူများအိမ်ကမီးလောင်လို့ဝါးတဖောက်ဖောက်မြည်သံက ကျုပ်အဖို့တော့ဂီတသံဗျ။ ကျုပ်ကဝါသနာက သူတပါးသွေးထွက်သံယိုဖြစ်တာမြင်ချင်တယ်။ သူတပါးဝေဒနာခံစားအော်ဟစ်ညည်းညူနေတာနှစ်ထောင်းအားရဖြစ်တယ်။ လူတွေအများကြီးသေပျောက်နေတာမြင်ရင်ဝမ်းသာအားရဖြစ်မိတယ်။ ကျုပ်ဝါသနာနဲ့ ကျုပ်ခံစားတဲ့အနုပညာကသူများနဲ့မတူ ထူးဆန်းနေလို့ဘယ်သူ့မှဖွင့်မပြောဘူး။ မဒမ်ဇကလေးတောင်မသိရှာဘူး။ အခု ဘိုးညီတင့်မို့လို့ဖွင့်ပြောလိုက်တာ"
"ဟာ။ ဇကလေးရာ။ ဒုက္ခပါဘဲကွာ။ မင်းရဲ့အဲဒီစိတ်ကဝါသနာဗီဇမဟုတ်ဘူးကွ။ မနာလိုဝန်တိုစိတ်လို့ခေါ်တယ်။ ဘာကိုမနာလိုဝန်တိုသလဲဆိုတော့ သူတပါးပျော်ရွှင်ကြည်နူးတာ၊ သူတပါးအောင်မြင်ကောင်းစားတာတွေအပေါ် မကြည့်လို မမြင်လိုတဲ့စိတ်ဘဲ။ သူတပါးပျက်စီးတာ၊ ဝေဒနာခံစားရတာတွေအပေါ် ဝမ်းမြောက်ဝမ်းသာဖြစ်တဲ့စိတ်ပဲ။ လူဆိုတာ အဲဒီစိတ်ကိုနိုင်အောင် တွန်းလှန်ကြရတယ်ကွ "
"တော်စမ်းပါဘိုးညီတင့်ရာ။ ကျုပ်ကိုတရားလာမချနဲ့။ ခင်ဗျားလူ့အခွင့်အရေးတို့၊ဒီမိုကလေစီတို့ပြောပြောနေတယ်မဟုတ်လား။ ကျုပ်လဲကျုပ်ဝါသနာပါရာလွတ်လွတ်လပ်လပ်လုပ်ကိုင်ခွင့်ရှိတယ်။ ကျုပ်ကြိုက်တဲ့အနု ပညာ ခံစားခွင့်ရှိတယ်။ ဖေဖော်ဝါရီလကစပြီး ကျုပ်မြင်ချင်ကြားချင်တာတွေ နေ့စဉ်မြင်ကြား နေရသဗျ။ ဦးခေါင်းသေနတ်မှန်တာ။ ပရဟိတသမားတွေကိုရိုက်နှက်တာ။ လက်နက်မပါတဲ့လူအုပ်ကြီးကို လက်နက်ကြီးနဲ့ထုတာ။ ရွာတွေမီးရှို့၊ အိမ်တွေဖျက် ဆီး၊ ပစ္စည်းတွေယူငင်တာတွေ။ ကျုပ်အတွက်ရသမြောက်တဲ့ဇာတ်လမ်းရှည်ကြီးကြည့်နေရသလိုပဲ။ သည်းထိတ်ရင်ဖိုခံစားလို့ကောင်းလိုက်တာ။ ဘိုးညီတင့်တို့တတွေသာစိတ်မချမ်းမသာဖြစ်နေကြတာ။ ကျုပ်အဖို့ဒီသတင်းတွေကဝမ်းမြောက်ဝမ်းသာမုဒိတာသတင်းတွေဗျ။ ကျုပ်ဝမ်းမြောက်ဝမ်းသာရှိတာကိုမနာလိုပြီး ကျုပ်လာတရားမဟောနဲ့။ ရသင့်ရထိုက်တဲ့ကျုပ်ဝါသနာ ကျုပ်အခွင့်အရေးပဲဗျ"
ဇကလေးက ပြောရတာအာခြောက်သွားပုံနဲ့သူ့ရှေ့ကအရက်ခွက်ကို တရှိန်ထိုးမော့သောက်လိုက်တယ်။ ပြီးနှုတ်ခမ်းကိုလက်ဝါးဖြန့်ပြီး ပွတ်သပ်ကာပြုံးနေတယ်။ ဇကလေးရဲ့ကျက်သရေမဲ့လှတဲ့အပြုံးမျက်နှာကြီးကိုကြည့်ကာဘိုးညီတင့် ကြောက်စိတ်ဝင်လာတယ်။ အင်း ငါများတကယ်လို့နေထိုင်မကောင်းဖြစ်ခဲ့ရင် ဇကလေးတော့အိမ်လာခံလို့မဖြစ်ဘူးလို့တွေးကာ အသာလစ်ပြန်လာခဲ့ရတယ်။
တိုင်းရင်းသားညီအစ်ကိုအပေါင်း မချိသွားဖြဲ ရယ်မောနိုင်ကြပါစေ။
ဘိုးညီတင့်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar