Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၅ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၂၅၊ ၂၀၂၁

မဟာဗျူဟာ ၊ နည်းဗျူဟာ၊ တိုက်ပွဲနဲ့ အောင်ပွဲ

တိုက်ပွဲလို့ပြောလိုက်လို့ လက်နက်နဲ့ တိုက်တာချည်းကို ဆိုလိုချင်တာမဟုတ်ပါဘူး၊ လိုချင်တဲ့ ပန်းတိုင် ရည်ရွယ်ချက်ရောက်ဖို့ နုိင်ငံရေးနဲ့ တိုက်တာဖြစ်ဖြစ်၊ အတွေးအခေါ်နဲ့ တိုက်တာဖြစ်ဖြစ် လက်နက်နဲ့တိုက်တာဖြစ်ဖြစ် အားလုံးကိုခြုံငုံပြီး တိုက်ပွဲလို့ဆိုလိုချင်တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးတာကိုတော့ တိုက်ပွဲလို့မဆိုလိုပါဘူး။ ခုလိုအခြေအနေမှာ စစ်အာဏာသိမ်းပြီးနောက် ဖြစ်စေ မသိမ်းခင် သိမ်းမယ့် အရိပ်အရောင်တွေ စတင်ပေါ်ထွက်နေစဥ်မှာဖြစ်စေ တိုက်ပွဲက စတင်လာတာလို့ ထင်ပါတယ်။ တိုက်ပွဲတိုက်ကြတာဟာ အောင်ပွဲလိုချင်လို့ ဖြစ်ပါတယ်။ ရည်မှန်းချက် ပန်းတိုင်ကို ရောက်ချင်တာကြောင့် ပန်းတိုင်က လက်တွေ့ကျတဲ့ ပန်းတိုင်ဖြစ်ဖို့လည်း လိုအပ်ပါတယ်။ အဲလိုပန်းတိုင်ကို ရောက်ဖို့ဆိုရင် မဟာဗျူဟာ နည်းဗျူဟာတွေ လုိအပ်ပါလိမ့်မယ်။

နိုင်ငံရေးခေါင်းဆောင်တဲ့ အဖွဲ့အစည်းတွေက မဟာဗျူဟာကို ချမှတ်နိုင်ဖို့ ၊ အဲဒီမဟာဗျူဟာနဲ့ လိုက်ဖက်တဲ့ နည်းဗျူဟာကိုလည်း ချမှတ်နိုင်ဖို့ လိုအပ်ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် တခုပြီးတခု ဖြစ်ပျက်လာတဲ့ အဖြစ်အပျက်တွေဟာ မဟာဗျူဟာ ရှိလို့ ဖြစ်လာတာလား၊ စစ်အာဏာသိမ်းမှုကို ဆန့်ကျင် တွန်းလှန်ကြရာမှာ ပါဝင်တဲ့ အဖွဲ့အစည်းတွေအကြား ချိတ်ဆက်ဆောင်ရွက်မှု ပူးပေါင်းဆောင်ရွက်မှု ဘယ်လောက်အားကောင်းသလဲ ၊ ဦးဆောင်တာက ဘယ်အဖွဲ့အစည်းလဲ ဘယ်လိုပေါင်းစုထားတဲ့ အဖွဲ့အစည်းလဲ စသဖြင့် မေးခွန်းတွေ ပေါ်လာပြီး အဲဒီ မဟာဗျူဟာ နည်းဗျူဟာတွေ မှန်ကန်ပြီး ဦးဆောင်မှုလည်း အပြည့်အဝရှိမယ်ဆိုရင် ကျနော်တို့ ရဲ့ စစ်အာဏာရှင် စနစ်ပြုတ်ကျရေး တော်လှန်ရေးက မြန်မြန်ဆန်ဆန် အောင်မြင်မှာ ဖြစ်ပါတယ်။

အဲလိုမဟုတ်ခဲ့ရင်တော့ ကိုယ့်ဘက်မှာလည်း အချင်းချင်းအကြားက နားလည်မှုတွေ၊ ဦးတည်ချက်မတူတာတွေ၊ ရည်မှန်းချက် မတူတာတွေ၊ လုပ်နည်းလုပ်ဟန် မတူတာတွေကို ညှိနှိုင်း စုစည်းခြင်း မပြုနိုင်ခဲ့ရင် အတွင်းပြဿနာ တွေ အခက်အခဲတွေ ဖြေရှင်းရင်းနဲ့ တကယ့် တော်လှန်ရေး ရဲ့ ပန်းတိုင် ကိုရောက်ဖို့ ကြန့်ကြာနေမယ့် အနေအထားလည်း ဖြစ်ပါတယ်။

မြန်မာပြည်ရဲ့ နိုင်ငံရေးဟာ တချို့သော လူမျိုးတမျိုးထဲရှိတဲ့ နိုင်ငံတချို့လို ဖြေရှင်းရလွယ်ကူတဲ့ နိုင်ငံတနိုင်ငံတော့မဟုတ်ပါဘူး။ လူမျိုးစုတွေ အများကြီးနဲ့ ဆယ်စုနှစ်နဲ့ချီခဲ့တဲ့ ကိုယ်ပိုင်ပြဌါန်းခွင့် ပြဿနာ မယုံကြည်မှု၊ တန်းတူမညီမှျမှု၊ လက်နက်ကိုင် ပဋိပက္ခတွေနဲ့အတိတ် သမိုငး်ရဲ့ အမွေအနှစ်ကို ခံယူထားရတဲ့ နိုင်ငံမို့လို့ ပြဿနာတွေကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်လာခဲ့တဲ့ ပြီးခဲ့တဲ့ ၈/၉ နှစ်တာ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေဟာလည်း အားလုံးရပ်ဆိုင်းနေခဲ့ပြီဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဥ်တွေရပ်ဆိုင်းချိန် ပြည်တွင်း စစ်ပွဲတပွဲရဲ့ နှုတ်ခမ်းဝကို တိုင်းပြည်က ပြန်ရောက်နေသလိုလည်း ဖြစ်ပါတယ်။

လူထုက တာဝန်ကျေသလား

မြန်မာနိုင်ငံရေးမှာ လူထုက ပြည်တွင်စစ်ဒဏ်လည်း ခါးစည်းခံခဲ့ကြ၊ တိုင်းရင်းသားတွေက ဗမာစစ်တပ်လို့ခေါ်တဲ့ ပြည်မရဲ့ စစ်တပ်ရဲ့ ချေမှုန်းမှု တိုက်ခိုက်မှု မြေလှန်မှုဒဏ်တွေကိုလည်း လက်နက်ကိုင် ပဋိပက္ခဖြစ်တဲ့ တိုင်းရင်းသားဒေသတွေ က လူထုက ခါးစည်းခံခဲ့ကြရဖူးသလို လူထုဆန္ဒပြပွဲတွေအတွက်လည်း လမ်းပေါ်ထွက်ပြီး ကျည်ဆံကို ရင်ဆိုင်ခဲ့ကြရပါပြီ။ ဖမ်းဆီးမှုတွေ အတွက်လည်း စစ်ကြောရေး ငရဲခန်း၊ အကျဥ်းထောင်တွေထဲ နေခဲ့ကြရပါပြီ။

လူထုတွေနဲ့အတူ နိုင်ငံရေးသမားအချို့လည်း အကျဥ်းကျခဲ့ အဖမ်းဆီးခံခဲ့ကြရတာတွေ ရှိပါတယ်။ ဒီနေရာမှာ မီးမောင်းထိုးပြလိုတာက လူထုဘက်က တာဝန်ကျေ ခဲ့တာတွေကို နုိင်ငံရေးဦးဆောင်သူတွေအနေနဲ့ အားနာစိတ် ထားရှိစေချင်တာကို ဆိုလိုခြင်း ဖြစ်ပါတယ်။

လမ်းပေါ်တက်လာတဲ့ လူငယ်တွေ သပိတ်တိုက်ပွဲဝင် ရဲဘော်တွေဟာ တောထဲတောင်ထဲက စစ်သင်တန်းတွေ သွားတက်ရောက်ကြဖို့ ရွေးတဲ့လမ်းကိုလည်း လိုက်ကြသူတွေ ရှိပါတယ်။ မြို့ရွာတွေမှာ ဆက်လက် တည်ရှိနေပြီးတော့ လမ်းပေါ်သပိတ် မြေအောက် လှုံဆော်စည်းရုံးရေး လုပ်ငန်းတွေ ဆက်လုပ်နေကြတာလဲ ရှိပါတယ်။ စီဒီအမ်ဝန်ထမ်းအများအပြားဟာလည်း မိမိတို့လုပ်ငန်းခွင်ကို ကျောခိုင်းလိုက်ရုံသာမက မိမိတို့ နေအိမ်တွေ ပင်စင်လစာတွေ ခံစားခွင့်တွေကိုပါ စွန့်လွှတ်လိုက်ကြတာတွေ ရှိပါတယ်။ သူတို့နောက်က ထောက်ခံပံ့ပိုးတဲ့ပြည်သူတွေကလည်း အစွမ်းရှိသမျှ ကြံ့ကြံ့ခံပြီး ကူညီနေကြဆဲဖြစ်ပါတယ်။ စစ်ဘေးသင့် စစ်ဘေးရှောင် မင်းဘေးသင့် မင်းဘေးရှောင် ပြည်သူတွေကို ကူညီစောင့်ရှောက်ကြဖို့ကိုလည်း ပြည်တွင်း ပြည်ပက မြန်မာတွေကိုယ်တိုင်က ဆက်ပြီး တွဲလက်မပျက် ချီတက်နေဆဲ ဖြစ်ပါတယ်။

မဟာဗျူဟာ၊ နည်းဗျူဟာ၊ မူဝါဒ သဘောထား ဘာတွေလဲ

ပြည်သူတွေကတော့ စစ်အာဏာရှင်စနစ်ကျဆုံးရေးနဲ့ စစ်အာဏာရှင်ကို ထောက်ခံအားပေးမှုများ လုံး၀မပြုလုပ်ဘဲ နေထိုင်ရေးကို အဓိက ကိုင်စွဲထားပါတယ်။ စစ်အာဏာရှင်စနစ်ကျဆုံးအောင် လက်ရှိ CRPH NUG NUCC တို့ကတော့ PDF များနဲ့ (နောက်ပိုင်းမှာ EAO တွေနဲ့) လက်နက်ကိုင် တိုက်ပွဲနဲ့ အဆုံးသတ် ဆင်နွှဲမယ်လို့ ရွေးချယ်ထားပါတယ်။ စစ်ရေးနဲ့ အကြပ်အတည်းကို ဖန်တီးနိုင်ရင် စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ပြီး နိုင်ငံရေးနည်းဖြင့် အနိုင်ယူမယ်လို့ စိတ်ကူးကောင်း စိတ်ကူးထားနိုင်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုကြီးအဖြစ် တစိတ်တဝမ်းတည်း အခြေခံဥပဒေတခုပြဌာန်းပြီး သဘောတူလက်ခံ သာတူညီမျှ ဆောင်ရွက်ကြမည်လားဆိုတာ ခုချိန်မှာ မရေရာသေးဘူးလို့ ဆိုနိုင်ပါတယ်။ ဖယ်ဒရယ်ပြည်ထောင်စုမတိုင်ခင် တိုင်းရင်းသားအဖွဲ့တွေ နယ်မြေတွေ အသီးသိးမှာ ဘယ်လိုအာမခံချက် ဘယ်လို သဘောထားတွေနဲ့ စစ်အာဏာရှင်၏ မျက်မှောက်ခြိမ်းခြောက်နေမှုကို ရင်ဆိုင်ကြမလဲဆိုတာလဲ မေးခွန်း ဖြစ်ပါတယ်။ ပြည်သူတွေက စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ရပ်တည်နေချိန်မှာ ပြည်သူတွေကို ခေါင်းဆောင်လုပ်သူတွေဘက်က တာဝန်ယူမှု စောင့်ရှောက်မှု ဦးဆောင်မှု ဘယ်လောက်ပေးပြီး ဆောင်ရွက်နေသလဲကလည်း ငါးလတာ ကာလအတွင်း တိုင်းကြည့်သင့်တဲ့ ပေတံပါပဲ။ သူတို့အတွက် လုံခြုံစိတ်ချရတဲ့ safe zone တွေ လွတ်မြောက်နယ်မြေဒေသတွေမှာ လိုအပ်လာတဲ့အခါ အခြေချနေထိုင် စောင့်ဆိုင်းနိုင်ဖို့တွေဆိုတာကိုလည်း ပြည်သူတွေက စောင့်မျော်နေကြပါတယ်။

စိတ်ဓာတ်တခုတည်းနဲ့ တော်လှန်ကြတာက ရေတိုအချိန်အတွင်းမှာ အောင်မြင်နိုင်ပါတယ်။ တဖက်ရန်သူကို ခြိမ်းခြောက် တုန်လှုပ်သွားနိုင်စွမ်းရှိရင် ရန်သူဟာ စိတ်ဓာတ်ပြိုကွဲပြီး အရှုံးပေးအညံ့ခံကြတာဖြစ်ပါတယ်။ သို့သော် တော်လှန်ရေးရေရှည်ဖြစ်လာမယ်ဆိုရင်တော့ စိတ်ဓာတ်တခုတည်းသာမက အခြားအရင်းအနှီးများ အရင်းအမြစ်များ စနစ်တကျ ဆောင်ရွက်မှုများ ချိတ်ဆက်မှုများ နည်းဗျူဟာစုံ လူထုနားလည်လက်ခံတဲ့ မူဝါဒသဘောထားတွေကို ဖြန့်ချိ စည်းရုံးနေဖို့ လိုအပ်ပါပြီ ဖြစ်ပါတယ်။

တော်လှန်ရေးတွေမှာက ရှုံးနိမ့်သွားရင် ပြည်သူကို အပြစ်တင်ကြပါတယ်။ လူထုထောက်ခံအားနည်းလို့၊ မညီညွတ်လို့၊ အချင်းချင်းကွဲပြားနေလို့၊ လူထုမှာ နိုင်ငံရေးရေချိန်မပြည့်လို့ စသည်ဖြင့် ပြစ်တင်တတ်ကြပါတယ်။ တော်လှန်အောင်နိုင်သွားပြီဆိုရင်တော့ နိုင်ငံရေးသမားတွေ အာဏာရသွားတဲ့သူတွေက အမှတ်ပြည့် ဝင်ယူကြပါတယ်။ သူတို့တော်လို့ ကောင်းလို့ အောင်မြင်တယ်လို့ ဆိုကြပါတယ်။ အခုသည်တခါနွေဦးတော်လှန်ရေးမှာ မှတ်တမ်းတင်ထားချင်တာတခုကတော့ သည်တော်လှန်ရေးမှာ လူထုကို အပြစ်တင်စရာ လုံး၀ မရှိပါ။ လူထုဟာ ခုချိန်ထိ စစ်အာဏာရှင်ကို ဆန့်ကျင်နေဆဲ၊ ကြံ့ကြံ့ခံအားတင်းပြီး ရင်ဆိုင်နေဆဲ၊ ညီညီညွတ်ညွတ်နဲ့ တဦးကိုတဦး လက်ချင်းချိတ်ပြီး ရပ်တည်နေဆဲဖြစ်ပါတယ်။ အဲသည်လူထုတွေနဲ့ လက်တွဲမဖြုတ်ဘဲ လက်ခိုင်ခိုင်တွဲပြီး ဦးဆောင်မှုပေး ချီတက်ဖို့က လူထုထောက်ခံမှုကို ယူထားတဲ့ ခေါင်းဆောင်တွေ အဖွဲ့အစည်းတွေပဲ ဖြစ်ပါတော့တယ်။







Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar