Breaking News

ကောင်းဇေလူ - နွေဦးတော်လှန်ရေးအောင်ပွဲအတွက် ရှေးကထက်ပို၍ သွေးစည်းကြရမည်

ကောင်းဇေလူ - နွေဦးတော်လှန်ရေးအောင်ပွဲအတွက် ရှေးကထက်ပို၍ သွေးစည်းကြရမည်

(မိုးမခ) ဇန်နဝါရီ ၁၀ ၊ ၂၀၂၄


ပြည်တွင်းပြည်ပ သမိုင်းသုတေသီ အများအပြား၏ လေ့လာတွေ့ရှိချက်များအရ မြန်မာ့သမိုင်းသည် အလွန်ပင် စိတ်ပျက် ဖွယ်ကောင်းသကဲ့သို့ ကြေကွဲစရာလည်းကောင်းသည်။ အဓိကအချက်မှာ လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်လာသော ပြည်တွင်းစစ် ပြဿနာကြောင့် ဖြစ်သည်။ ယင်းပြည်တွင်းစစ်၏ ပြဿနာကို ဆန်းစစ်ကြည့်လျှင် ပုဂ္ဂိုလ်စွဲ ဂိုဏ်းဂဏစွဲ ပါတီစွဲ လူမျိုးစွဲစသဖြင့် ပုဂ္ဂလဓိဋ္ဌာန်အယူအစွဲ လွန်ကဲလွန်းမှုကြောင့် ဖြစ်သည်ကို တွေ့ရသည်။ ဗြိတိသျှတို့က လွှဲပေးခဲ့ သည့် လွတ်လပ်ရေးကိုပင် အတုလား အစစ်လား အယူအဆကွဲခဲ့ကြရုံမက မလိုလားအပ်သည့် လူမျိုးရေးအစွန်းရောက် မဟာမြန်မာလူမျိုးကြီးဝါဒ ခေါင်းထောင်လာမှုကြောင့် နေဝင်းစစ်တပ်အား အာဏာသိမ်းခွင့် ပေးခဲ့သလိုဖြစ်ခဲ့ရသည်။ 

နယ်ချဲ့တော်လှန်ရေး ဖက်ဆစ်တော်လှန်အပြီး ပေါ်ပေါက်လာသော မြန်မာစစ်တပ်ကို အာဏာရှင်နေဝင်းက ခါးပိုက်ဆောင် တပ်အဖြစ် အပိုင်စီးကာ ဆိုရှယ်လစ်အတုအယောင်အရေခြုံ၍ လူမျိုးရေးသွေးခွဲ အုပ်ချုပ်ခဲ့သည်။ စစ်အာရှင်ခေတ် အဆက် ဆက် ပြည်ထောင်စုအမည်ခံသည့် တပြည်ထောင် စစ်အာဏာရှင်စနစ် အမြစ်တွယ်ခဲ့သည်။ ယခု နောက်ဆုံး အကြမ်းဖက် စစ်ကောင်စီလက်ထက်တွင် လူသတ်ဝါဒနှင့် မြေလှန်စနစ်ကျင့်သုံးခြင်းကြောင့် ဖက်ဆစ်အာဏာရှင် ရုပ်လုံးပေါ်လာခဲ့သည် ကို ကမ္ဘာတခွင်မှ အထင်အရှားမြင်ကြရလေသည်။ 

သတင်းနည်းပညာခေတ်(IT Era) တနေ့တခြား တိုးတက်ဖြစ်ထွန်းလာနေသည့်အချက်ကို ဖက်ဆစ်အာဏာရှင်က ထည့် တွက်ခဲ့ပုံ မရ။ ထို့အပြင် ဂျန်ဇီး(Gen-Z) ဟု အသိအမှတ်ပြုခံရသော ခေတ်သစ်လူငယ်မျိုးဆက်၏ သတ္တိဗျတ္တိကိုလည်း ဖက်ဆစ် စစ်တပ်က လျှော့တွက်ခဲ့ပုံရသည်။ နည်းပညာခေတ်၌ မွေးဖွားလာခဲ့သော လူငယ်မျိုးဆက်သစ်တို့တွင် အိပ်မက် ကိုယ်စီ ရှိကြသည်။ သူတို့၏ ကိုယ်စီအိပ်မက်များကို အကောင်အထည်ဖော်ရန် ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲ၌ ဒီမိုကရေစီ ဖော်ဆောင်မည်ဟု ယုံကြည်ရသည့် လွှတ်တော်ကိုယ်စားလှယ်တို့ကို ဆန္ဒမဲပေးခဲ့ကြသည်။ အကြမ်းဖက်စစ်အာဏာရှင်က ယင်းမျိုးဆက်သစ် လူငယ်ပေါင်းများစွာ မျှော်လင့်တောင့်တသည့် ဒီမိုကရေစီအခင်းအကျင်းကို စစ်အာဏာသိမ်းခြင်းဖြင့် ဖျက်ဆီးပစ်လိုက် သည်။ 

တနည်းအားဖြင့် မျိုးဆက်သစ်လူငယ်များ၏ ဆန္ဒမဲပေါင်းများစွာ သို့မဟုတ် အိပ်မက်ပေါင်း များစွာကို စစ်ဖိနပ်ဖြင့် နင်းချေဖျက်ဆီးပစ်လိုက်သည်။ ဤသည်ပင် နွေဦးတော်လှန်ရေး ပေါ်ပေါက်လာရခြင်း၏ အကြောင်းရင်းလည်းဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မဲစာရင်းမှားမှုကြောင့် အာဏာသိမ်းရသည်ဟု ပြောနေသော အာဏာရူးသည် လူငယ်ထု၏ ဆန္ဒမဲများကိုပါ သေးသိမ်အောင်လုပ်ရာရောက်နေသည်ကို သိပုံမရ။ မဲစာရင်းမှား၍ဟုဆိုကာ အဓမ္မ အာဏာသိမ်းခဲ့သော မင်းအောင်လှိုင်နှင့် အပေါင်းပါ စစ်ဗိုလ်ချုပ်များသည် သူတို့ထင်သလို ဖြစ်မလာသောအခါ မျိုးဆက်သစ်လူငယ်များကို ရန်ငြိုးဖွဲ့တော့သည်။ မြန်မာနိုင်ငံကို မီးလောင်တိုက်သွင်းကာ လူသတ် လုယက် မုဒိန်းကျင့်မှုများကို ဗြောင်ကျကျ ကျူးလွန်တော့သည်။ နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးသည်ဟု ထင်လျှင် ညီအစ်ကို မောင်နှမ မိဘဆွေမျိုးပါမချန် ဖမ်းဆီးနှိပ်စက်သတ်ဖြတ်တော့သည်။ နွေဦးတော်လှန်ရေး၏ အမာခံနယ်မြေဟု ယူဆသည့် အညာဒေသက ရွာများကို မီးရှို့ရုံမက အထပ်ထပ်အပြန်ပြန် လေယာဉ်ဖြင့် ဗုံးကြဲသည်။ 

ဧရာဝတီ ၏ စစ်တမ်းများအရ လက်ရှိ ၂၀၂၃ ကုန်သည်အထိ စစ်ကောင်စီက သတ်ဖြတ်ခဲ့သည့် အပြစ်မဲ့ပြည်သူ စုစုပေါင်း ၄,၂၆၈ ဦးအထိရှိကြောင်း၊ ဖမ်းဆီးခံခဲ့သူ ၂၅,၀၀၀ ကျော်၊ မီးရှို့ဖျက်ဆီးခဲ့သည့် အိမ်ပေါင်း ၇၇,၀၀၀ ကျော်၊ အိုးမဲ့အိမ်မဲ့  အဝတ်တထည် ကိုယ်တခု လက်လွတ်ထွက်ပြေးရသူ ပေါင်း ၂ ဒဿမ ၆ သန်းအထိ ရှိကြောင်း သိရသည်။ ထို့အခြေအနေ ကြောင့် အကြမ်းဖက် အာဏာသိမ်းမှု ကျူးလွန်ခဲ့သော စစ် အာဏာရှင်၏ လုပ်ရပ်သည် မည်သို့မျှ လက်ခံ နိုင်စရာ မရှိ။ အညွှန့်တလူလူ တက်လာတော့မည့် နိုင်ငံ၏ အခင်းအကျင်းကို မလိုတမာစိတ်ဖြင့် တမင်သက်သက် နင်းချေ ဖျက်ဆီးမှု ဖြစ်သည်။ ယခင်အစိုးရ၏ ၂၀၂၀ နောက်ဆုံးဘတ်ဂျက်နှစ်တွင် မြန်မာ့စီးပွားရေးတိုးတက်မှုနှုန်း GDP သည် ၆ ဒဿမ ၈ ဖြစ်၍ ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်းမှုနောက်ပိုင်းတွင် ဆိုးဆိုးရွားရွား အကြီးအကျယ် အနှုတ်လက္ခဏာ ပြသည်အထိ ထိုးစိုက်ကျဆင်းနေသည်။ စင်စစ်တွင် စစ်အာဏာသိမ်းမှုကို ပြည်တွင်းပြည်ပ အင်အားစုများက ဝိုင်းဝန်းဆန့်ကျင်နေကြ သဖြင့် နိုင်ငံရေး စီးပွားရေး သံတမန်ဆက်ဆံရေး နိုင်ငံတကာရင်းနှီးမြှုပ်နှံမှု စသည်ဖြင့် ဘက်စုံကျဆင်းနေခြင်းဖြစ်သည်။ စစ်တပ်က အာဏာမစွန့်လွှတ်သရွေ့ နိုင်ငံသူနိုင်ငံသားများအနေဖြင့် နွေဦးတော်လှန်ရေးကို ဝိုင်းကူကြရပေလိမ့်မည်။ 

ထိုကြောင့် လက်ရှိအခြေအနေအရ စစ်ကြောင့် စိုက်ပျိုးရေးကုန်ထုတ်လုပ်မှု အကြီးအကျယ် ကျဆင်းနေပြီ။ လျှပ်စစ်ဓာတ် လုံလောက်အောင် မရရှိတော့သဖြင့် စက်မှုကဏ္ဍကုန်ထုတ်လုပ်မှုသည်လည်း အနုတ်လက္ခဏာပြနေပြီ။ တော်လှန်ရေး တပ်ဖွဲ့များဘက်က နယ်စပ်ဒေသ အမြောက်အမြားကို ထိန်းချုပ်လာသဖြင့် နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်နေပြီ။ စစ်အာဏာ သက်ဆိုးရှည်နေသရွေ့ နွေဦးတော်လှန်ရေး ဆက်လက် ဆင်နွှဲရမည်ဖြစ်၍ လတ်တလော ပြည်သူလူထု အနေဖြင့် ကုန်ပစ္စည်းရှားပါမှုနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံနေကြရဦးမည် ဖြစ်သည်။

ပြည်သူလူထု အများစုကြီး ဒုက္ခမျိုးစုံခံနေရသည့် အရေးကို ဂရုမစိုက်ဘဲ စစ်အာဏာတည်မြဲရေးကိုသာ အလေးထား၍ တရားလက်လွတ် အဖျက်လုပ်ငန်းများလုပ်ရန် ကြံစည်နေပုံများကို မြင်တွေ့ကြားသိလာနေရသည်။ သို့ဖြစ်၍ ပြည်သူ အများစုကြီးအဖို့လည်း လက်ရှိဆင်နွှဲနေသော နွေဦးတော်လှန်ရေးဘက်မှ ရပ်တည်ထောက်ပံ့လာနေကြသည်။ ဖက်ဆစ် စစ်တပ်သည် နိုင်ငံအနှံ့ ကျယ်ပြန့်လာနေသော တော်လှန်ရေးတပ်ပေါင်းစုများ၏ ချေမှုန်းမှုကို တရစ်ပြီး တရစ်ခံနေကြရပြီး နယ်မြေ ၆၅%ခန့်အထိ လက်လွတ် ဆုံးရှုံးခဲ့ပြီဖြစ်သည်။ ၎င်းအပြင် အကြမ်းဖက် စစ်တပ်အား လူထုက ခါးခါးသီးသီး ရွံရှာမုန်းတီးနေကြပြီ ဖြစ်၍ ပြည်သူသန်းပေါင်းများစွာ၏ နည်းမျိုးစုံဖြင့် ဆန့်ကျင်မှုကိုလည်း ကြုံတွေ့နေရပြီဖြစ်သည်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းမှ စတင်ခဲ့သော “၁၀၂၇ စစ်ဆင်ရေး” နှင့်အတူ စစ်ကောင်စီ၏ နိဂုံးချုပ် နေဝင်ချိန်နီးလာပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၏ ယာယီသမ္မတ ဒူဝါလရှီးလက သူ၏ နှစ်သစ်ကူး နိုင်ငံတော်အခြေပြ မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သည်။ စစ်အာဏာရှင် တော်လှန်ရေး အပြီးသတ်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုး NUG နှင့် အင်အားကြီး တိုင်းရင်းသားတော် လှန်ရေးအဖွဲ့များတွေ့ဆုံညှိနှိုင်းနေပြီး ၂၀၂၄ ခုနှစ်တွင် ပြည်သူများ အောင်ပွဲခံနိုင်ရေး အတွက်  အစွမ်းကုန်ကြိုးပမ်းနေသည်ဟု NUG ပြည်ထောင်စု ဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုခဲ့ကြောင်း ခေတ်သစ် သတင်း၌ ဖေါ်ပြခဲ့သည်။

မြေပြင်တွင် လက်ငင်းအခြေအနေကို လေ့လာကြည့်ပါက တိုင်းရင်းသားဒေသ စစ်မျက်နှာများတွင် မြို့သိမ်းထိုးစစ်များ အောင်မြင်စွာ ဆင်နွှဲနေသည်ကို မြင်ရသဖြင့် အားတက်ဖွယ်ဖြစ်သည်။ ရှမ်းမြောက်ဒေသကို ညီနောင်သုံးဖွဲ့က ပိုင်ပိုင်နိုင် နိုင် ထိန်းချုပ်ထားနိုင်သည်။ ချင်းဒေသ နေရာအများစုကိုလည်း ချင်းတော်လှန်ရေးအဖွဲ့များက ထိန်းချုပ်ထားနိုင်သည်။ ကရင်နီနှင့် ကရင်ပြည်နယ်တို့တွင်လည်း တော်လှန်ရေးအင်အားစုများက စစ်ရေးအရ အထက်စည်းရထားသည်။ စစ်မျက်နှာအသီးသီးတွင် အခြေအနေကောင်းများဖြစ်ပေါ်နေသော်လည်း အဆုံးအဖြတ်ဒေသများဖြစ်သည့် စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသ စစ်မျက်နှာများတွင် မှန်ခြေမပေါက်သေးသည်ကို မြင်ရသည်။ အထူးသဖြင့် ပဓါနကျသော စစ်ကိုင်းဒေသတွင် အောက်ခြေတော်လှန်ရေးတပ်ဖွဲ့အချို့အကြား ဂိုဏ်းဂဏဆန်သည့် အကွဲအပြဲအချို့ဖြစ်ပေါ်နေ သည်ကို စိတ်မကောင်းဖွယ် ကြားသိနေရသည်။ ယင်းကိစ္စများနှင့် စပ်လျဉ်း၍ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးနှင့် NUG ဝန်ကြီးချုပ်ရုံးတို့တွင် တာဝန်မကင်းဟု လူထုအမြင်များဖြစ်ပေါ်နေသည်။ 

အထူးသဖြင့် TM မီဒီယာ၏ အင်တာဗျူးများကို လေ့လာကြည့်ပါက NUG အစိုးရခေါင်းဆောင်ပိုင်းနှင့် စစ်ကိုင်းဒေသအတွင်း NUG သစ္စာခံတပ်ဖွဲ့များအကြား အမြင်ကွာဟချက်များ တွေ့လာရသည်။ အောက်ခြေတပ်ဗိုလ်အချို့က NUG အောက် သစ္စာခံမှ တော်လှန်ရေးတပ်ဖွဲ့ဖြစ်သည်ဟု ဆိုနေကြပြီး၊ သစ္စာခံတပ်မဟုတ်ပါက အကြမ်းဖက်အဖွဲ့ဟု စွပ်စွဲနေသည်။ ယင်းကိစ္စကို အစိုးရလူကြီးပိုင်းက မူဝါဒဆိုင်ရာကြေညာချက် ထုတ်သင့်သည်။ ဖက်ဆစ်စစ်အုပ်စုကို တော်လှန် တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့များကို မဟာမိတ်အဖြစ် သဘောထား၍ တပ်ပေါင်းစုမူဖြင့် ဆက်ဆံသင့်သည်။ ဘုံရည်မှန်းချက်တူသူအချင်းချင်း မဟာမိတ်ဖွဲ့ကာ အလုပ်လုပ်ရမည့်အချိန်တွင် ရန်သူသဖွယ် ပြုမူဆက်ဆံနေခြင်းမှာ ရေရှည် တော်လှန်ရေးအတွက် ညီညွတ်ရေးပျက်ပြားစေနိုင်သည်ကို သတိပြုသင့်သည်။ ထို့ကြောင့် ဘုံရည်မှန်းချက် တူညီသူအချင်းချင်းအကြား သွေးမကွဲစေရန် NUG အစိုးရခေါင်းဆောင်ပိုင်းက တိုက်ရိုက်တာဝန်ယူ ဖြေရှင်းပေးသင့်သည်။ လူထုအသံနှင့် သဘောထားကိုလည်း မြေပြင်အထိ ကွင်းဆင်းလေ့လာသင့်သည်။ 

တော်လှန်ရေးရေချိန်မြင့်တက်လာနေချိန် ဖြစ်သဖြင့် ညီညွတ်ရေးကို ထိခိုက်စေမည့် ကိစ္စမှန်သမျှ အချိန်မဆွဲဘဲ အမြန် ကြားနာ စစ်ဆေး ဖြေရှင်းသင့်သည်။ လိုအပ်သလို မူဝါဒဆိုင်ရာ ကြေညာချက်များလည်း အချိန်မီ ထုတ်ပြန်ပေးသင့်သည်။ ဤနေရာ၌ အလျဉ်းသင့်သဖြင့် ၂၀၂၀ ပြည်နှစ် အောက်တိုဘာ (၁၅) ရက်နေ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးခြင်း (၅) နှစ်မြောက် အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့သည့် မိန့်ခွန်းမှ စကားအချို့ကို ဖော်ပြလိုသည်။ 

“လွတ်လပ်ရေးရပြီး ကတည်းက ကျွန်မတို့နိုင်ငံရဲ့  အဓိကအားနည်းချက်ကို ပြောပါဆိုရင် တစ်မျိုးသားလုံးညီညွတ်တဲ့ အမျိုးသားညီညွတ်ရေးနဲ့ ညီညွတ်ရေးကြောင့် တည်တံ့စေမယ့် ငြိမ်းချမ်းရေးကို ဖော်ဆောင် နိုင်ခြင်း မရှိခဲ့တာပါပဲ။ ဒီတော့ အကျိုးဆက်အနေနဲ့ ဖွံ့ဖြိုးမှုလည်း မရှိနိုင်တော့ဘူး။ ဖွံ့ဖြိုးမှု ရှိခဲ့ရင်တောင်မှ အားလုံးမျှဝေ ခံစားနိုင်မယ့် ဖွံ့ဖြိုးမှုဆိုတာမျိုး လည်း မဖြစ်နိုင်ပါဘူး။ အခုအချိန်မှာ ကျွန်မတို့အားလုံးဟာ ကျွန်မတို့ပြည်ထောင်စုရဲ့ ရောဂါကိုလည်း သိ၊ ကုထုံးကိုလည်း သိနေပါပြီ။ --- ငြိမ်းချမ်းရေးကင်းမဲ့ခြင်းကြောင့် ဒီနိုင်ငံမှာ လက်နက်အားကိုးဝါဒကို ပိုပြီး ကြီးထွားလာစေမယ်။ ယဉ်ကျေး တဲ့၊ ငြိမ်းချမ်းတဲ့၊ တွေ့ဆုံဆွေးနွေးအဖြေရှာရေးဆိုတဲ့ နိုင်ငံရေး ဓလေ့ကိုလည်း ချည့်နဲ့စေနိုင်ပါတယ်။ တစ်ဆက်တည်းမှာပဲ ဒီမိုကရေစီ၊ လူ့အခွင့်ရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေး ဆိုတာတွေဟာလည်း တံလျှပ်လိုပဲ တကယ့်လက်တွေ့မှာ ဖမ်းဆုပ်ကိုင်နိုင် မှာ မဟုတ်ဘူး ဆိုတာကို ကျွန်မတို့ပြည်သူပြည်သားတွေ အလေးအနက် သုံးသပ်ဆင်ခြင်ကြစေလိုပါတယ်။” ဟု ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ဖူးသည်။

နိဂုံးချုပ်ရလျှင် စစ်အာဏာရှင်စနစ်ကို တိုက်ဖျက်နေကြသူအချင်းချင်းအကြား သွေးမကွဲစေလိုပါ။ ညီညွတ်ရေးကို အလေးထားကြရမည့် အချက်ကို မမေ့သင့်ပါ။ နွားကွဲလျှင် ကျားကိုက်ခံရမည်ဆိုသည့် အချက်ကို သတိပြုပါ။ အောင်ပွဲနိမိတ်ကို မြင်နေရချိန်တွင် ညီညွတ်ရေးပျက်ပြားစေမည့် ကိစ္စမှန်သမျှ အသေးအဖွဲဟု သဘောမထားဘဲ ချက်ချင်း ဖြေရှင်းနိုင်ရန် တော်လှန်ရေးခေါင်းဆောင် ကြီး/ငယ်များ ကြိုးပမ်းသင့်သည်။ 

လက်နက်အားကိုးဝါဒကို ပိုမို ကြီးထွားလာစေမည့် ဆရာမွေး တပည့်မွေးအကျင့်ဆိုးများနှင့် အုပ်စုဂိုဏ်းဂဏဝါဒများကို ချေမှုန်းတိုက်ဖျက်ရန်လိုအပ်သည်။ လွတ်လပ်ရေးရပြီး ကတည်းက မငြိမ်းချမ်းခြင်းသည့် မြန်မာနိုင်ငံ၏  အဓိက အားနည်းချက်သည် စည်းလုံး ညီညွတ်မှု မရှိခြင်းကြောင့်ဟု ဆိုကြသည်။ 

လူမျိုးရေး သွေးကွဲခြင်းနှင့် လက်နက်အားကိုး တန်ခိုးပြလိုခြင်းတို့ကြောင့်လည်း အဆိုးကျော့သံသရာမှ မလွတ်မြောက်နိုင်ဘဲ ရှိနေရသည်ဟုလည်း ဆိုကြသည်။ 

သို့ဖြစ်၍ နွေဦးတော်လှန်ရေးအောင်ပွဲကို မြင်လိုလျှင် သွေးစည်းညီညွတ်ကြဖို့ လိုသည်။ လက်နက်အားကိုး တန်ခိုးမပြကြဖို့လိုသည်။ ဂိုဏ်းဂဏစွဲများကို ခဝါချကြရန်လိုကြောင်း ဆင်ခြင်ချိန်ရောက်ပြီဟု ဆိုချင်သည်။ နွေဦးတော်လှန်ရေးအောင်ပွဲအတွက် ရှေးကထက်ပို၍ သွေးစည်းကြဖို့လိုသည်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar