မြန်မာနွေဦးတော်လှန်ရေးကဗျာများ - မောင်လင်းရိပ်၊ စံညိမ်းဦး
မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၂၆၊ ၂၀၂၁
-
ဒီတခါ ရေပန်းကြီးတွေ
အဲဟိုအလွှာက လေငြိမ်နေသလား တိမ်ထုက ထူနေသလား
ကြောက်စရာ ကောင်းကင်က အေးစက်စက်နဲ့ အဲ့ဒီတိမ်ထုဟာ မထုံတက်တေး ဦးခေါင်းပုံပြုလို့
ရပ်နေတာ ကြာပြီဆိုပေမဲ့ သမိုင်းမျဉ်းတန်းပေါ်မှာ ဘယ်နှလက်မရှိခဲ့သလဲ
ဒါပေမဲ့ ကောင်းကင်မှာ တိမ်ထုတစ်ခု မလှုပ်မရွေ့သလို ကြာကြာရပ်နေတာ
ဘုရားသခင်အလို မဟုတ်ဘူး
အေး၊ အင်းအိုင် မြစ်ချောင်းတွေနဲ့ ပင်လယ် သမုဒ္ဒရာရဲ့ အလိုလည်း မဟုတ်ဘူး
အခု ညစ်ပုပ်ပုပ် တိမ်ထုဟာ ကောက်ကျစ်တဲ့ အပြုံးနဲ့ မီဒီယာကိုပြုံးပြနေပြန်ပြီ
အစဉ်အဆက်မုသား အစဉ်တန်းကြီးဟာ သူ့မျက်နှာပြောင်ပြောင်ပေါ်ကနေ ငေါက်တက်တက်
ထွက်နေပုံဟာ နေရာမှားရောက်လာသူ ရာဂုမတ္တက ဆလင်ဒါပဲ
မုန်တိုင်းကို ငါဖန်ဆင်းတယ် ဆိုပြီး ဆောင့်ကြွားကြွား ငုံ့ကြည်လိုက်တဲ့အချိန်မှာ
လမ်းမတွေပေါ်က သွေးစီးကြောင်းတွေနဲ့ အလံစီးကြောင်းတွေဟာ ကောင်းကင်ဆီ ထောင်တက်လာပြီ
ရေဆန်တစ်ခါစီးတိုင်း သမိုင်းငလျင်က သွက်သွက်ခါတယ် ငါတို့ပဲ
ပြိုကျခဲ့ရဆိုတဲ့ ဆုတ်နစ်အတွေးတွေကို မြွေအရေခွံလဲသလို နာနာကျင်ကျင် ခွာချထားခဲ့မယ်
နေပါဦး၊ တိမ်ထုတစ်ခုဟာ ကောင်းကင်မှာ ပုံမပျက် ဘယ်တုန်းက ရပ်နိုင်ခဲ့လို့လဲ
ရေကန်ဘက်ဆီက ငါးမျှားတံတွေက ငါတို့ဘက်ကို လှည့်မကြည့်လည်း
ကောင်းကင် ဝန်ချီစက်တွေ ထောင်ပြီးရင် ငါတို့ အဲ့ဒီမှန်ချပ်ကြီးကို စင်အောင် တက်သုတ်လို့ရမှာပဲ။
မောင်လင်းရိပ်
၂၀၂၁ ဇွန် ၂၆
-
ဝရမ်းပြေး
ဘယ်လောက်ပဲ ရုပ်ဖျက်ထားထား
ရယ်မိရင်
အလွမ်းက သွားတက်ကလေးပေါ်နေတတ်ပြီး
ငိုမိရင်
မျက်ရည်ပူလောင်ထားတဲ့ပါးပြင်က
တဆတ်ဆတ်လှုပ်လို့။
မြင့်မြတ်သော ဆင်းရဲခြင်းတဲ့
ထမင်းကို ထမင်းနဲ့မြှုပ်စားရင်း
ကျီးကန်းလိုတုန်ရင်ရင်း
ဒီကမ္ဘာမှာ
ဒီထက်ခါးတဲ့ တမာပင်ရှိသေးလား မေးမိတယ်။
ငါပြောဖူးတာ
လက်ချောင်းတွေကိုစုစည်းရင် လက်သီး
လက်သီးတွေကို စုစည်းရင် လက်ရုန်း
လက်ရုန်းကိုဆန့်တန်းရင်း
မိုးသို့ချုန်းမယ့် မနက်ဖြန်တွေကို မွေးမြူလို့
နွေဦးကို ကျောပိုးအိတ်နဲ့ လွယ်ခဲ့ပါတယ်။
"အမေအိုမျှော်မယ်မှန်းလည်း
သိရက်နဲ့ခရီးကြမ်းဖျက်ကာပြန်မလာနိုင်သေးခင်'' တွေ
"နေ့ခင်း အိပ်မက်ထဲမှာ
အတွေးအိပ်မက်ထဲမှာ အိမ်ပြန်ဖြစ်တယ်''တွေ
တကယ့်ကို
အိမ်ဆိုတာ တိမ်လိုပါပဲကွာ
မယုံနိုင်စရာ တနေ့ချင်း
သီချင်းတပုဒ်က
ဓားမြှောင်တချောင်းဆိုတာကိုလည်း
လဲရာက ပြန်ပြန်ထရင်း ငါသိခဲ့ရပါတယ်။
ငါရေးတယ်
ရဲဘော်တွေရဲ့အလောင်းတွေပေါ်တက်ရပ်ပြီး
တယောထိုးသလို ငါမရေးဘဲ
ရဲဘော်တွေရဲ့ဝိညာဥ်ကို တယုတယပိုက်ရင်း
သစ္စာတရားကို ဒူးထောက်
စစ်ပလ္လင်ကို လောင်တိုက်သွင်းဖို့
ဒီကဗျာကို ငါရေးတယ်။
ညီလေးရေ
တိုက်ရဲသူအတွက် အောင်ပွဲရှိပုံများ
တိုက်ပွဲရှိရင် အောင်ပွဲရှိပုံများ
တိုက်ပွဲကို အဆုံးသတ်နိုင်မှသာ
ငါတို့ဟာ
စစ်ကျွန်ဘဝနဲ့ အဆုံးမသတ်မှာဖြစ်ကြောင်းများ။
ညီမလေးရေ
ဘယ်လောက်မြင့်တဲ့တောင်တွေဖြစ်ဖြစ်
အတောင်ညီရင်
တောင်အားလုံးကိုဖြတ်ကျော်နိုင်ပါတယ်များ။
မတရားမှုဟာ ဥပဒေဖြစ်လာပြီဆိုရင်
တော်လှန်ခြင်းဟာ ဝတ္တရား ဖြစ်လာခဲ့ရဆိုလား
အတိအကျ
ငါတို့ဟာ
ချေရဲ့ တရားနဲ့ ဆန့်တန်းခဲ့ကြ မဟုတ်လား။
ဒို့များ
တနေ့များ
မပျောက်ပျက်ခဲ့ကြရင်ဖြင့်
ဒဏ်ရာတွေကို အလံရက်ဖောက်
ကောက်သစ်ပွဲမှာ ပြန်ဆုံကြမယ်ကွယ်။
စံ ညိမ်း ဦး
၁၂၃၂၁
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar