မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၁၉ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇွန် ၁၉၊ ၂၀၂၁မိုးထဲရေထဲက စစ်ဘေးရှောင်များ၊ ပန်းသပိတ် ကမ်ပိန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့
မြန်မာနိုင်ငံရဲ့ နေရာဒေသ အတော်များများမှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးလို့ ခေါ်တဲ့ ဒေသဖွဲ့ လက်နက်ကိုင်အဖွဲ့တွေ ပစ်ခတ်မှု ခုခံတိုက်ခိုက်မှု ဖြစ်နေဆဲ၊ အချို့သော တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီ စစ်တပ်တွေ တိုက်ခိုက်မှုတွေ ဖြစ်နေဆဲ၊ အရပ်သားတွေ စစ်ဘေးရှောင် စခန်းရယ်လို့ မခေါ်နိုင်တဲ့ စခန်းအင်္ဂါရပ် နဲ့ မပြည့်စုံတဲ့ သစ်ပင်တွေအောက် လျှိုတွေ၊ ဂူတွေကြား မှာ တာလပတ်မိုးကာပြီး ဖြစ်သလို နေထိုင်နေရဆဲ မြို့ပေါ်တွေမှာတော့ ပေါက်ကွဲမှုတွေ ဖြစ်နေဆဲ၊ ပျောက်ကြား ဆန္ဒပြမှုတွေ ဖြစ်နေဆဲ ဖမ်းဆီးခံနေရဆဲ ဖမ်းဆီးခံရသူအချို့လည်း ဖမ်းပြီးနောက်နေ့လို အလောင်းအဖြစ် ပြန်ထွက်လာနေဆဲ မှာ နှစ်စဥ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ ဖြစ်တဲ့ ဇွန်လ ၁၉ ရက် ကျရောက်တာဖြစ်ပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အကောင်အထည် စဖေါ်မယ့်နေ့ ဖြစ်တဲ့ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီ ၁ ရက်နေ့မှာ လွှတ်တော်မခေါ်နိုင်အောင်၊ အစိုးရဖွဲ့ဖို့ လုပ်ငန်းစဥ် မလုပ်နိုင်အောင် တားဆီးပြီး စစ်အာဏာသိမ်းလိုက်ခြင်းက ယခုနှစ် မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ဟာ ယခင်နှစ်တွေလို နေပြည်တော်က လွှတ်တော်အဆောင်ထဲ နိုင်ငံခြားရေးဝန်ကြီး ရုံးခန်းထဲ သူ့ရဲ့နေအိမ်ထဲမှာ ကျင်းပခွင့်မရှိပဲ နေပြည်တော်ရဲ့ ဘယ်နေရာမှာ ချုပ်နှောင်ထားမှန်း မသိတဲ့ နေရာမှာ သူနဲ့အဖေါ်အဖြစ် နေထိုင်သူအချို့နဲ့ ကျင်းပကောင်း ကျင်းပနေပါလိမ့်မှာ ဖြစ်ပါတယ်။
သို့ပေမယ့် ရန်ကုန်မြို့မှာ မန္တလေးမြို့မှာ တချို့သော မြို့တွေမှာ သူ့အတွက် မွေးနေ့ အထိမ်းအမှတ်အတွက် ကိတ်မုန့်တွေ စီစဥ်ပြီး စစ်ကောင်စီ မသိအောင် ကျင်းပကြတာမျိုး၊ ပန်းပန်ပြီး မွေးနေ့ အထိမ်းအမှတ်လုပ်တာမျိုး နေရာအနှံ့အပြားလုပ်ကြတာ ဆိုရှယ်မီဒီယာမှာ တွေ့ မြင်ကြရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ယခင်နဝတ၊ နအဖစစ်အစိုးရ လက်ထက်က နေအိမ်အကျယ်ချုပ်ဘဝမှာလည်း အခုလို အခြေအနေနဲ့ အလားသဏ္ဏန်တူတဲ့ မွေးနေ့မျိုး အကြိမ် ၁ ဒါဇင်နီးပါး ကြုံခဲ့ပါလိမ့်မယ်။ အကျယ်ချုပ်က လွတ်ပြီးနောက် လွှတ်တော်ထဲရောက် အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင်အဖြစ် တာဝန်ယူတဲ့အချိန်ကာလတွေမှာေတာ့ မွေးနေ့ကိတ်အကြီးကြီးနဲ့ လုပ်ဖေါ်ကိုင်ဖက်၊ ဝန်ကြီးဌာနက လက်အောက် ငယ်သားတွေ နဲ့ ပါတီဝင်တွေနဲ့ ကျင်းပခဲ့ကြတာလည်း ဖြစ်ပါတယ်။
မကြာသေးမီနှစ်တွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့တွေ ကျင်းပချိန်မှာ တိုင်းပြည်ရဲ့ အခြေအနေက စစ်ပွဲတွေ ပြီးဆုံးသွားအောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ကျင်းပဖို့ လုပ်ဆောင်နေကြချိန်၊ လူထု အနေနဲ့လည်း အခုတင်စားကြတဲ့ နွေဦးလို ပွင့်လင်းစပြုပြီး ဒီမိုကရေစီရဲ့ အချို့သော အင်္ဂါရပ်တွေ ကိုကျင့်သုံးနိုင်တဲ့ နိုင်ငံရေး အခြေအနေအောက်မှာ မျှော်လင့်ချက်တွေနဲ့ အနာဂတ်ကိုမျှော်ကြည့်နေကြတဲ့ အနေအထား ရှိခဲ့တာပါ။
ခုနှစ်မှာတော့သူ့ရဲ့ မွေးနေ့ အခါသမယမှာ အာဏာသိမ်းမှု ဆန့်ကျင်ကန့်ကွက်ကြတဲ့ လှုပ်ရှားမှု ခုခံမှုအတွင်း အသက်ဆုံးရှုံးခဲ့ကြသူတွေ အရေအတွက် တထောင်လောက် ရောက်လုနီး ၄ထောင်ကျော်လောက် အကျဥ်းထောင်ထဲ ဖမ်းဆီးခံထားရတာလည်း ဖြစ်သလို သိန်းနဲ့ချီတဲ့ အရပ်သားတွေက စစ်ဘေးရှောင် ဖြစ်နေကြတဲ့ အနေအထားဖြစ်လို့ ပျော်ရွှင်စရာ အနာဂတ်မျှော်လင့်ချက် ပြည့်နေတဲ့ ကာလမဟုတ်တဲ့ အခါသမယလည်း ဖြစ်နေတာပါ။
မွေးနေ့ အခါသမယမှာ ပန်းပန်ကြခြင်း၊ မွေးနေ့ဆုတောင်းကို တိုးတိုးတဖုံ ၊ ဆိုရှယ်မီဒီယာက အများသိအောင်တသွယ် ဖေါ်ပြခဲ့ကြပြီး လူထုရဲ့ ထောက်ခံမှု စာနာမှုဟာ ဒေါ်အောင်ဆန်းစုကြည် အပေါ်ရှိနေကြဆဲ ဖြစ်တာတွေ့ရပါတယ်။
ဒါတွေက စိတ်အားတက်ကြွစရာ ဖြစ်သလို တဖက်မှာလည်း အရေးတော်ပုံကို ေထာက်ခံပြီး မိမိရဲ့ အလုပ်အကိုင်ကို စွန့်လွှတ်ကာ CDM လုပ်လို့ နေနေတဲ့အိမ်က ဆင်းပေးခဲ့ကြရပြီး အလုပ်အကိုင်သစ် အသက်မွေးဝမ်းကျောင်းသစ် ရှာဖွေမရနိုင်သေးတဲ့ သူတွေရဲ့ ဘဝတွေကို ငဲ့ကြည့်တဲ့အခါမှာ လူထုအနေနဲ့ သူတို့ကို ဘယ်လိုဝိုင်းကူ ကြမလဲ ဘယ်လိုဝိုင်းကူနိုင်မလဲ ရေရှည်ရေတို အစီအစဥ်တွေက ဘာတွေ ဖြစ်မလဲဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ထွက်နေချိန်ဖြစ်ပါတယ်။ အရေးတော်ပုံထဲ ဆုံးဖြတ်ပါဝင်လာသူတွေကို ဘယ်လို အားပေး ကူညီကြမလဲ၊ အတူတူ ဒုက္ခခံ အတူတူဖြတ်ကျော်ကြမယ်ဆိုတဲ့ သဘောထားမျိုး စိတ်ထားမျိုး နဲ့ ရှိသင့်တဲ့ အစီအမံတွေ လိုအပ်တာလည်း ဖြစ်ပါတယ်။
အချို့သော CDM ဝန်ထမ်းတွေအနေနဲ့ ပြည်သူအချင်းချင်း အထောက်အပံ့ အကူအညီရတာမျိုး ရှိသော်လည်း မရတဲ့သူတွေ အချိတ်အဆက်မရှိသူတွေ အဆက်အသွယ် မရှိသူတွေ ဘယ်လောက် ရှိနေကြမလဲဆိုတာလည်း ခုလို အခါသမယမှာ မေ့ဖို့ မသင့်၊ သွေးအေးဖို့ မသင့် ဘူးလို့ထင်ပါတယ်။ ဒီလိုအခြေအနေတွေကို သက်ဆိုင်တဲ့ အဖွဲ့အစည်းအဆင့်ဆင့်ကလည်း ဝိုင်းဝန်းစဥ်းစား ကူညီကြမလား မကူညီနိုင်သေးတဲ့ အခြေအနေမျိုးဆိုခဲ့ရင် CDM လုပ်ထားသူတွေကို ဘယ်လို အကြံပြုမလဲ ဆိုတဲ့ လက်တွေ့ ကျတဲ့ေမးခွန်းတွေ ပြဿနာတွေလည်း ရှိနေတာဖြစ်ပါတယ်။
အရေးတော်ပုံအောင်မြင်ခြင်းရဲ့ သော့ချက်တခုက မိမိတို့ဘက်က ရဲဘော်ရဲဘက်တွေ ဖောင်ဖျက်ပြီး ဝင်ရောက်လာကြသူတွေရဲ့ အနေအထား သူတို့ ရှင်သန်နိုင်ဖို့၊ အသက်ရှင်နေနိုင်ဖို့ အရေးထား ကူညီတာ ရှိအတူ မရှိအတူ ဆိုတဲ့ စိတ်မျိုးထားကာ ချီတက်နိုင်ဖို့ ဖြစ်ပါတယ်။
ဒါတွေက အန်အယ်လ်ဒီပါတီခေါင်းဆောင်၊ လူအများထောက်ခံကြတဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ မွေးနေ့မှာ တွေးမိတဲ့ အတွေးတွေ ၊ လက်တွေ့ မေးခွန်းတွေလည်း ဖြစ်ပါတယ်။
ဆက်ပြီး တွေးမိတာကတော့ သည်နွေဦးတော်လှန်ရေးလှုပ်ရှားမှုမှာ ပြည်သူတွေ တိုက်ပွဲဝင်ရဲဘော်တွေ၏ တပ်ဦးအလံတော်ကို ကိုင်စွဲချီတက်နေတဲ့ CRPH NUG PDF NUCC အဖွဲ့အစည်းတွေဖြစ်ပါတယ်။ အဲသည်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်ပါတီ NLD ၏ ပါတီဝင်တွေ အများအပြားပါဝင်ပါတယ်။ NLD ထောက်ခံသူတွေလည်း အများအပြားပါကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ၇၆နှစ်မြောက်မွေးနေ့မှာ မြန်မာပြည်သူတွေနဲ့ ပြည်သူ့ပါတီ NLD ကို ဆက်စပ်စဉ်းစားမိပြန်ပါတယ်။
ဒေါ်စုမွေးနေ့ ၇၆နှစ်ပြည့်ကို တကမ္ဘာလုံးက ဆင်နွှဲကြတာ ဝမ်းသာကြည်နူးစရာပါ။
စစ်ပြေးတွေ စစ်ရှောင်တွေ ထောင်တွေ အကျဉ်းတွေထဲက ပြည်သူတွေကလည်း သူတို့၏ လွတ်လပ်ရေးခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုမွန်ကောင်းတွေ တောင်းကြတယ်။ သူတို့ခေါင်းဆောင်ဟာ စွန့်လွှတ်စွန့်စား အနစ်နာခံပြီး ပြည်သူတွေနဲ့အတူတူ ရပ်တည်တယ်ဆိုတာကို ယုံကြည်ကြတဲ့အတွက် သူတို့ဒုက္ခတွေကျောပိုးရင်းနဲ့ သူတို့မြန်မာပြည်မိခင်ရဲ့ မွေးနေ့နဲ့ သူတို့မိခင်အသက်ရာကျော်ရှည်စေဖို့ ဆုတောင်းကြပါတယ်။ တော်လှန်ရေးမှာ ဆုံးပါးသွားတဲ့ မိသားစုဝင်တွေ သားသမီးတွေ မိခင်ဖခင်တွေရဲ့ ကျန်ရစ်သူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်အတွက် ဆုတောင်းကြတယ်။ လှိုက်လှိုက်လှဲလှဲဆုတောင်းကြတယ်။ သူတို့ ပူဆွေးမှုမျက်ရည်ကို ရင်ဝယ်လွယ်ထားရင်းက မြန်မာပြည်မိခင်ကြီး သက်တော်ရာကျော်ရှည်စေဖို့ ဆုတောင်းကြပါတယ်။
ဒါက မြန်မာပြည်သူတွေ၏ တသွေးတသားတည်းဖြစ်တည်မှု (in solidarity) ကို ထုတ်ဖော်ရေးသားတာပါ။
နောက်တခုကတော့ ဒေါ်စုပြောတဲ့ ပြည်သူရှိရင် ပါတီရှိတယ်ဆိုတဲ့စကားကို ဆက်တွေးမိတာ။ NLD ပါတီဟာ နှစ်ပေါင်း ၃၀ (၁၉၈၈-၂၀၂၁) ကျော် သံမဏိသက်ရှည်ပါတီအဖြစ် မော်ကွန်းတင်နိုင်ခဲ့ပြီ။ ပါတီဟာ သူတို့ခေါင်းဆောင်တွေနောက်က (ဒေါ်စု၊ ဦးတင်ဦး၊ ဦးကြည်မောင်၊ ဦးအောင်ရွှေ၊ ဦးလွင်၊ ဦးဝင်းတင်) တို့နောက်ကနေ ရပ်တည်တောင့်ခံခဲ့ကြတယ်။ ပါတီအလံကို မြေမကျအောင် ထိန်းခဲ့ ထောင်ခဲ့ကြတယ်။ ၂၀၁၀ နောက်ပိုင်းမှာလည်း ပါတီဦးဆောင်မှုနဲ့အတူ ရပ်တည်ကြတယ်။ ဘယ်လိုပဲ အပြောင်းအလဲတွေ အတိုက်အခိုက်တွေ ရိုက်ပုတ်မှုတွေ အတက်အကျတွေ ရှိပါစေ ပါတီဝင်တွေဟာ ပါတီနဲ့အတူ ရပ်တည်ကြတယ်၊ ခေါင်းဆောင်တွေနဲ့အတူ ရပ်ခဲ့ ခံခဲ့ကြပါတယ်။ အခု ၂၀၂၁ ဖေဖော်ဝါရီလ နွေဦးတော်လှန်ရေးမှာ သက်သေမော်ကွန်းပြတာပါပဲ။ သူတို့တွေဟာ ဒေါ်စုမျော်လင့်ခဲ့သလို ပြည်သူ့ပါတီဖြစ်ခဲ့တယ်။ သည်လိုနဲ့ CRPH NUG PDF တွေ ဖြစ်လာတယ်။ မဟာမိတ်တွေ ရဲဘော်တွေအဖြစ် NUCC ကို ချိတ်ထားတယ်။ (သည်လို သက်တော်ရှည်ပါတီသက်တမ်းမျိုး ဆိုတာ ကျနော့်အထင် ရှေ့မှာ CPB (ဗမာပြည်ကွန်မြူနစ်ပါတီ) ပဲ သမိုင်းမှာ ရှိဖူးတယ် ထင်တယ်)
ဒေါ်စုကို ပြည်သူတွေချစ်သလို မျော်လင့်သလို အားကိုးသလို ဒေါ်စုတို့ခေါင်းဆောင်မှုပေးခဲ့တဲ့ NLD ပါတီကိုလည်း ပြည်သူတွေ ချစ်တာ မျော်လင့်တာ အားကိုးတာဟာ စုကိုချစ်တဲ့ပြည်သူတွေ၏ အချစ်ထက် မသာရင်နေမယ် လျော့မယ်တော့ မဟုတ်ဘူးဆိုတာ NLD တွေ သိကြလိမ့်မယ် ထင်ပါတယ်။ သူတို့၏ သမိုင်းပေးတာဝန်ကို သူတို့ ပန်းသပိတ်ဆင်နွှဲနေရင်းကနေ သဘောပေါက်ထားကြပြီး ဖြစ်ပါလိမ့်မယ်။
ဒေါ်စုတို့ အင်န်အယ်ဒီတို့ သူတို့နဲ့အတူ နွေဦးတော်လှန်ရေး၏ တိုက်ပွဲဝင် မျိုးဆက်ဟောင်းတွေ မျိုးဆက်သစ်တွေဆိုတာ မြန်မာပြည်၏ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီး တလုံးတစည်း တသွေးတသားတည်း ဆက်ပြီး တည်ရှိ ခိုင်မြဲနေပြီး စစ်အာဏာရှင်အမြစ်ပြုတ်ချေမှုန်းရေးအတွက် ခွန်အားစိတ်ဓာတ်လက်နက် အလုံးစုံဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အဲသည်ရဲ့ သမိုင်းပေးတာဝန် ပုခုံးပြောင်းတာဝန်ကို တိုက်ပွဲရဲ့ တော်လှန်ရေးရဲ့ တပ်ဦးအလံတော်ကို ကိုင်စွဲချီတက်နေသူတွေက ယုံကြည်စွဲမြဲညီညွတ် တည်ကြည်ရင့်ကျက်စွာ ပြည်သူကို ဦးဆောင်နိုင်စေကြောင်း မျော်လင့်နေကြတယ် ခင်ဗျား။
(ဇွန်လ ၁၉ရက်နေ့၊ ရန်ကုန်တိုင်း၊မြောက်ဥက္ကလာပမြို့နယ်တွင် တွေ့ရှိရသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ၇၆ နှစ်မြောက်မွေးနေ့အမှတ်တရ ပိုစတာအားမြင်တွေ့ရစဥ်။ Photo-CJ)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar