မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄ လ ၂၀ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇွန် ၂၀၊ ၂၀၂၁မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ရက်မှာ ပန်းသပိတ် ကမ်ပိန်း မွေးနေ့ဆုတောင်းတွေ နဲ့ ဆိုရှယ်မီဒီယာပို့စ်တွေ၊ သတင်းမီဒီယာတွေရဲ့ စာမျက်နှာတွေမှာ ပြည့်နှက်နေခဲ့ပါတယ်။
ဒီနေ့သတင်းတွေမှာတော့ မင်းတပ်မြို့မှာ CDF ချင်းကာကွယ်ရေးတပ် နဲ့ စစ်ကောင်စီတို့ ၁၄ ရက်တာ အပစ်ရပ်ဖို့ သဘောတူကြတယ်ဆိုတဲ့ သတင်း၊ မကွေးတိုင်း ရေစကြိုနဲ့ စစ်ကိုင်းတိုင်း အစပ်မှာ ပရဟိတကားနဲ့ လာသူ ၃ ဦးကို ပျူစောထီးလို့ စွပ်စွဲကာ သတ်ဖြတ်လိုက်တဲ့ သတင်း၊ မနေ့ညက ရန်ကုန်မြို့ ငါးထပ်ကြီးဘုရားအနီးက ရပ်ကွက်ထဲ စစ်ကောင်စီတပ်တွေ လူဖမ်းဖို့ ဝင်ရှာစဥ် ထွက်ပြေးတဲ့ အသက် ၁၃ နှစ်အရွယ် ကလေး သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးသွားတယ်လို့ သတင်းထွက်နေတာ၊ ယမန်နေ့ညက တညထဲ အချိန်လည်းရှေ့ဆင့်နောက်ဆင့် လောက်ခြားပြီး 1 Stop Mart ဆူပါမားကက် နဲ့ စတိုးဆိုင် ၃ ခု မီးလောင်မှု ဖြစ်ပွားတဲ့ သတင်း၊ ကလေးမြို့မှာ ရပ်ကွက်တခုမှာ ရှိတဲ့ လူနေအိမ်ကို ဝင်ရောက်ပြီး မိသားစုဝင် ၃ ယောက်နဲ့ အခြားတဦး စုစုပေါင်း ၄ ဦးပစ်သတ်ခံရတဲ့ သတင်း၊ အဆိုပါ အဖြစ်အပျက်နဲ့ တညတည်းမှာပဲ ကလေးမြို့က ရပ်ကွက်ထဲက အသက် ၁၅ နှစ်အရွယ် မောင်ကျော်မင်းခန့်ကို ဖမ်းဆီးသွားရာက သေဆုံးသွားပြီဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတဲ့ သတင်း၊ မနေ့က ခင်ဦးမြို့နယ်မှာ PDF က စစ်ကောင်စီစစ်ကားတန်းကို လမ်းမှာ ဖြတ်တိုက်ခိုက်ရာမှာ PDF ဘက်က ၂ ဦးသေဆုံးပြီး ၅ ဦးအဖမ်းခံရတဲ့ သတင်းတွေ ဖြစ်ပါတယ်။
ဒါ့အပြင် နိုင်ငံရေးသတင်းတွေ လိုပဲ အရေးကြီးတဲ့ အခြားအကြောင်းအရာကတော့ ကိုဗစ်ကူးစက်မှု တကျော့ပြန်တက်လာနေတဲ့ သတင်းပဲ ဖြစ်ပါတယ်။ တရက်ကို ရာဂဏန်းအောက်မှာသာ အတည်ပြု လူနာတွေ့ရှိရာကနေ ပြီးခဲ့တဲ့ သီတင်း ၂ ပတ်လောက်အတွင်း ၄/၅ ရာအထိ ရောက်ရှိလာပြန်တဲ့ သတင်းဖြစ်ပါတယ်။
ပြီးခဲ့တဲ့ လကစလို့ နေ့စဥ် သတင်းတွေ အဖြစ်အပျက်တွေထဲ ဖမ်းဆီးမှု ၊ သတ်ဖြတ်မှု၊ ကြားဖြတ်တိုက်ခိုက်မှု၊ လုပ်ကြံသတ်ဖြတ်မှုနဲ့ ဖောက်ခွဲမှုတွေက ပုံမှန်အဖြစ်အပျက်တွေလို ဖြစ်နေပါပြီ။
ဗုံးပေါက်ကွဲတာ၊ အုပ်ချုပ်ရေးမှူး၊ သတင်းပေး၊ ဒလန်လို့ သတ်မှတ်ခံရသူ၊ စွပ်စွဲခံရသူတွေ လုပ်ကြံသတ်ဖြတ်ခံရတဲ့ သတင်းတွေ၊ လက်နက်ကိုင် စစ်တပ်နဲ့ ရဲတို့ရဲ့ ရက်စက်ကြမ်းကြုတ်စွာ ဖမ်းဆီး ရိုက်နှက်မှု၊နှိပ်စက်စစ်ဆေးမှုတွေကြောင့် လည်း ရက်အနည်းငယ်ကြာတိုင်း အနည်းဆုံး တယောက်ေသဆုံးနေရတဲ့ သတင်းတွေက နေ့တဓူဝ အဖြစ်အပျက်တွေ သဖွယ် ြဖစ်လာနေပါတယ်။
အချို့သော နယ်မြို့တွေမှာ နေထိုင်သူတွေ အဖို့ လက်နက်ကိုင် ပဋိပက္ခနဲ့ စစ်တပ်ရဲ့ ရက်စက်ကြမ်းတမ်းတဲ့ နှိမ်နှင်းမှုက လွတ်အောင် မိမိတို့အိမ်ကနေ ရွာကနေ ဘယ်တော့ ရှောင်တိမ်း ရမလဲဆိုတာ နေ့စဥ် နလုံးသွင်း သတိနဲ့ စောင့်ကြည့် အကဲခတ်နေကြရတဲ့ သဘောလည်း မြင်တွေ့ သိရှိနေရပါတယ်။ ကယားပြည်နယ်ကဆို ဒီးမော့ဆိုလို၊ မိုးဗြဲလို၊ စစ်ကိုင်းတိုင်းမှာဆို ကနီ၊ ချင်းပြည်နယ် မင်းတပ် စတဲ့ ဒေသက ဒေသခံတွေအဖို့ နေအိမ်က ရွာက တိမ်းရှောင်နေကြရတဲ့ အဖြစ်တွေ ကြားနေရ သိနေရတာ စိတ်မချမ်းမြေ့ဖွယ် စစ်ကောင်စီရဲ့ မြေလှန်စနစ်နဲ့ ဖြိုခွဲ ချေမှုန်းနေတာတွေက သတင်းထဲမှာတင်မက လူတွေရဲ့ စိတ်နှလုံးကိုပါ နာကျင် ထိိခိုက်စေပါတယ်?
ဒီနေ့ ကြားသိရတဲ့ သတင်းတွေအရ မင်းတပ်မြို့လည်း ဒီမော့ဆိုမြို့လို ယာယီအပစ်ရပ်ဖို့ မြို့မိမြို့ဖ နဲ့ ဘာသာရေးခေါင်းဆောင်တချို့က ကြားဝင်ညှိနှိုင်းပြီး သဘောတူ ကြတယ်လို့ဆိုပါတယ်။ ကျန်းမာရေး ချို့တဲ့သူ အသက်အရွယ်အိုမင်းသူ နဲ့ ကလေးသူငယ်တွေ မုတ်သုန် မိုးရာသီအောက်မှာ တောထဲတောင်ထဲ နေထိုင်ကြဖို့ အခက်အခဲရှိလာနေတာလည်း ဖြစ်ပါတယ်။ ကျန်းမာရေးအကြောင်းအချက် တခုထဲမဟုတ်ပဲ စစ်ဘေးရှောင်သူတွေ အဖို့ရိက္ခာရရှိမှု အခက်အခဲလည်း ရှိတဲ့ အခြေအနေမျိုးဖြစ်ပါတယ်။
သတ်ဖြတ်ခံရတဲ့ သတင်းတွေက နေ့စဥ်လိုလို ကြားသိနေရ မနက်ခင်း အိပ်ယာထရင် ဖြစ်ေစ ညနေမိုးချုပ်ရင် ဖြစ်စေ တနေရာရာမှာ သတ်ဖြတ်ခံရတယ် ဆိုတဲ့သတင်းတွေက နေ့စဥ် ဖြစ်ပျက်နေလို့ ရိုးလာတဲ့ ဖြစ်စဥ်လို ဖြစ်နေပါပြီ။ ဒီနေ့ သတင်းထဲမှာတော့ ရေစကြိုမြို့နယ်ထဲက ကျေးရွာတရွာက ပရဟိတကား နဲ့ ကားပေါ်ပါလာသူ ပရဟိတအသင်းသား ၃ ဦးကို သနပ်ကုန်းကျေးရွာအနီးမှာ အမည်မသိတဲ့ လက်နက်ကိုင် အဖွဲ့က သတ်ဖြတ်လိုက်တဲ့ သတင်းနဲ့ ကလေးမြို့ပေါ်က ရပ်ကွက်တခုမှာ ည၉နာရီကျော် နေအိမ်တအိမ်ထဲ စစ်ကောင်စီတပ်လို့ ဆိုတဲ့ လက်နက်ကိုင်တွေ ဝင်ပြီး လူ ၄ ဦးကို ပစ်သတ်ပစ္စည်းယူသွားတဲ့ အဖြစ်အပျက်တွေဖြစ်ပါတယ်။
ပုံမှန်အချိန်လိုမျိုးမှာ အထက်ကလို သတ်ဖြတ်ခံရတာတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေလည်းမဟုတ်တဲ့ နေရာဒေသတွေမှာ လူတဦးအသတ်ခံရတဲ့ ကိစ္စတောင်မှ ဘယ်သူလုပ်တယ် ဘာကြောင့်လုပ်တယ် ဘယ်လိုအရေးယူဆောင်ရွက်မှုတွေ လုပ်၊ မလုပ်ဆိုတာကို သက်ဆိုင်ရာ ကျေးရွာ၊ မြို့တို့က မေးခွန်းထုတ်နိုင်ခဲ့ကြပေမယ့် ခုလို ကာလမှာ အလားတူ အသတ်ခံရတဲ့ ကိစ္စတွေ နေ့စဥ်လို ဖြစ်ပျက်နေပြီး ဆယ်ကြိမ်ဖြစ်ရင်တောင် တကြိမ် တရားခံပေါ်ဖို့ ခက်ခဲလာတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအခြေအနေက ပြည်တွင်းစစ်နေရာတိုင်း ဖြစ်နေပြီလားလို့ဆိုရင် မဖြစ်သေးဘူးဆိုတဲ့ အနေအထားလို့ပြောရမှာပါ။ သို့သော် တရားဥပဒေက တော့ဘယ်နေရာမှာမှ မတည်ရှိတော့တဲ့ သဘောပါ။ သူတို့ကိုယ် သူတို့ အစိုးရ လို့ခေါ်တဲ့ စစ်ကောင်စီတပ်တွေ ကိုယ်၌က လူသတ်၊ ပစ္စည်းယူ၊ မယူနိုင်တာတွေ ဖျက်ဆီး မီးရှို့၊ ပိုက်ဆံတောင်း၊ နှိပ်စက်ညှင်းပန်းမှု တွေလုပ်နေတာကြောင့် လက်စားခြေမှုတွေ လုပ်ကြ တုံ့ပြန်ကြ၊ သံသယ စွပ်စွဲမှုနဲ့ စီရင်ကြ ပစ်ဒဏ်ပေးကြ ဖြစ်လာနေတဲ့ အနေအထားလည်း ဖြစ်ပါတယ်။
ဒီလို နေ့စဥ်နဲ့အမျှ သတ်ဖြတ် ဖမ်းဆီး နှိပ်စက်ညှင်းပန်းမှုတွေ ဖြစ်နေတဲ့ကာလမှာ အရွယ်မရောက်သေးသူ ကလေးသူငယ်တွေ ကျည်ထိတာ၊ ပစ်သတ်ခံရတာ၊ မိသားစုဝင် တိမ်းရှောင်လို့ဆိုပြီး ဖမ်းဆီးခံရတာတွေ စာရင်းအရဆို ဒါဇင်နဲ့ချီရိှိနေပါပြီ သေဆုံးသူချည်း ၅၀ ကျော် ၆၀နီးပါးရှိနေတာဖြစ်ပြီး ဖမ်းဆီးခံရသူလည်း ဒါဇင်နဲ့ ရှိနေပါတယ်။ ဒီလို ဖြစ်ရပ်ဆိုး အစဥ်အလာဆိုးက လူမှုအဖွဲ့အစည်းအတွက် ဆိုးရွားတဲ့ သက်ရောက်မှု အကျိုးဆက်တွေ ဖြစ်စေနိုင်ပါတယ်။
အရပ်သားတွေ အသက်ဆုံးရှုံးမှု ဖမ်းဆီးနှိပ်စက်ခံရမှု အကေြာင်းတွေ အပြီးမှာ လူတွေရဲ့ စားဝတ်နေရေးနဲ့ဆိုင်တဲ့ အသက်ရှင်သန်ရေး နဲ့ဆိုင်တဲ့ စီးပွားရေး သတင်းတချို့လည်း တင်ပြချင်ပါတယ်။ ရန်ကုန် လှိုင်သာယာက အလုပ်သမား ၁ ထောင်ကျော်ရှိတဲ့ အထည်ချုပ်စက်ရုံတရုံ ပိတ်သိမ်းလိုက်ကြောင်း ဒီနေ့ အလုပ်သမားတွေကို အသိပေးလိုက်ပါတယ်။ နိုင်ငံရေး အခြေအနေ မတည်ငြိမ်မှု၊ ဘဏ်အကြပ်အတည်း နဲ့ အခုလို လုပ်ငန်းအချို့ ပိတ်သိမ်းလာနေတာ ဖြစ်ပြီး အလုပ်လက်မဲ့ ဦးရေကို မြင့်တက်လာစေမှာ ဖြစ်ပါတယ်။
စီးပွားရေးလိုပဲ နိုင်ငံရေး အကြပ်အတည်း လက်နက်ကိုင်ပဋိပက္ခနဲ့ စီးပွားရေး ထိခိုက်ကျဆင်းနေချိန် နောက်ထပ်ဗူးလေးရာ ဖရုံဆင့်မယ့် အရေးကိစ္စတခုက ကိုဗစ် ကပ်ရောဂါ ကူးစက်မှု တကျော့ပြန်မြင့်တက်လာနေတာပဲ ဖြစ်ပါတယ်။ အိန္ဒိယ နယ်စပ်က စတင်ဝင်ရောက်လာတယ်လို့ ယူဆရတဲ့ မျိုးဗီဇပြောင်းပိုးက ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း တို့မှာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပွားနေပြီး ပဲခူးတိုင်း တချို့ဒေသတွေ၊ လားရှိုးလို ရှမ်းမြောက်ဒေသတွေ၊ ရန်ကုန်တိုင်း စသဖြင့် ဟိုနားသည်နားမှာ အစုလိုက်တွေ့ရှိနေပြီး နေ့စဥ်နဲ့အမျှ အရေအတွက်တွေ မြင့်တက်လာနေပြန်ပါတယ်။ နိုင်ငံရေး အရ သဘောထားကွဲလွဲမှုတွေ ပဋိပက္ခတွေအကြားမှာ မြန်မာနိုင်ငံအနေနဲ့ ကူးစက်ရောဂါကို အောင်မြင်အောင် တွန်းလှန်နိုင်ဖို့အရေးက မျှော်လင့်ချက် အလွန်မှေးမှိန်နေတဲ့ သဘောလည်း ရှိနေတာ ဖြစ်ပါတယ်။
နောက်ပြည်ပက မြန်မာတွေ ဆိုရှယ်မီဒိယာသုံးစွဲသူတွေကြား ရေပန်းစားတဲ့ပြောစရာတခုကတော့ မြန်မာပြည်တွင်းမှာ စစ်ကောင်စီကို ဝေဖန်ဆဲဆိုလို့ ထွက်ပြေးတိမ်းရှောင်နေရသူ ဖေ့စ်ဘွတ်ဆယ်လီ အိပန်ဆယ်လိုအမည်နဲ့ အမျိုးသမီးတဦး နောက်ဆုံးတော့ အမေရိကန်ပြည်ထောင်စု (တတိယနိုင်ငံ)ကို ရောက်ရှိသွားပြီ ဖြစ်တဲ့အကြောင်းအရာပါ။ အမေရိကန်ပြည်ထောင်စု၏ အရေးပေါ်အကာအကွယ်ပေးတဲ့ ဗီဇာအစီအစဉ်တခုနဲ့ အမေရိကန်ပြည်ကို ရောက်ရှိလာတဲ့ပုံ ရှိပါတယ်။ သည်လိုဆိုရင် နွေဦးတော်လှန်ရေးကာလအတွင်းက သူ့လိုပဲ အသက်အန္တရာယ်စိုးရိမ်ရလို့ ပုဒ်မတွေ ထုတ်ပြီးဖြစ်စေ မထုတ်ခံရဘဲဖြစ်စေ ထွက်ပြေးတိမ်းရှောင်နေရသူတွေ အရေအတွက် မည်၍မည်မျှ တတိယနိုင်ငံတခုခုက အရေးပေါ်ဗီဇာအစိအစဉ်များနဲ့ ကူးပြောင်းရောက်ရှိနေကြပြီလဲဆိုတာက မေးခွန်း ဖြစ်လာပါတယ်။ ထွက်ပြေးနေသူ သတင်းထောက်တွေ စာနယ်ဇင်းသမားအချို့တွေလည်း အရေးပေါ်ဗီဇာအစီအစဉ်နဲ့ တတိယနိုင်ငံကို ရောက်ရှိလာကြပြီ ဖြစ်ကြောင်း သတင်းတွေလည်း တဖွဲဖွဲ ထွက်လာနေပြီ ဖြစ်ပါတယ်။ မြန်မာပြည်ယခင်အရေးတော်ပုံအဆက်ဆက်တုန်းကလည်း သည်လိုပဲ မြန်မာအရေးလှုပ်ရှားသူတွေ သူတို့နဲ့ ပတ်သက်သူတွေ အသက်အန္တာရယ်စိုးရိမ်ရလို့ ထွက်ပြေးရသူတွေကို တတိယနိုင်ငံတွေက တိမ်းရှောင်ထွက်ခွာခွင့်တွေ ပေးခဲ့ကြတာ ရှိပါတယ်။ အချို့တွေကတော့ နယ်စပ်ဒေသမှာ အခြေစိုက်ပြီး သူတို့ယုံကြည်ရာကို ဆက်လက်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ အချို့တော့ တတိယနိုင်ငံတွေမှာပဲ ပြောင်းရွှေ့အခြေချကြတာကို မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။ အခုနွေဦးတော်လှန်ရေး မုချအောင်ရမည်ဆိုတဲ့ ကြွေးကြော်သံတွေ အဆုံးထိCDM ဆိုတဲ့ ကြွေးကြော် တိုက်ပွဲခေါ်သံတွေကြားထဲကနေ တတိယနိုင်ငံအစီအစဉ်တွေကို ရွေးချယ်ပြီး တိမ်းရှောင်လာကြတာကိုလည်း မျက်စိရှေ့မှောက်မှာ စတင်တွေ့ရှိနေရတာကို မှတ်တမ်းပြုလိုက်ပါတယ်။ တကယ်တန်းကတော့ အဲသည်အစီအစဉ်တွေက အစောပိုင်းကာလကတည်းက ရှိနေပုံရပါတယ်။ ယခုမှ မြင်သာထင်သာ တွေ့ချိန်ရောက်မှ ပြည်သူတွေ သိရ မြင်ရတာဖြစ်ပါတယ်။
(Photo - ရန်ကုန်တိုင်း၊ အလုံမြို့နယ်၊ စောရန်ပိုင်အရှေ့ရပ်ကွက်၊ အောက်ကြည့်မြင်တိုင်လမ်းရှိ ဗလီတစ်လုံးတွင် ဇွန်လ ၂၁ ရက် နံနက် ၂ နာရီ ၂၅ မိနစ်က မီးလောင်မှုဖြစ်ပွားခဲ့ပြီး မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ level 1 ယာဉ်အုပ်စုများမှ မီးငြှိမ်းသတ်ခဲ့ရာ ၂ နာရီ ၅၀ မိနစ်ခန့်တွင် မီးငြိမ်းသွားကြောင်း သတင်း)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar