မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - လင်းသက်ငြိမ်၊ သော်မိုးသစ်၊ သျှင်မျိုးငယ်
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇွန် ၂၀၊ ၂၀၂၁
-
ဂျွန်မနက်ခင်း
ဂျွန်ကမိုးရေစက်တွေနဲ့
ပက်ဖျန်းပြီးမေးတယ်
မင်းတို့ ပျော်ကြရဲ့လားတဲ့
လူတွေက ပြန်အော်ပြောကြတယ်
အခုကျလာတာ မိုးရေမဟုတ်ဘူး
ငါတို့ရဲ့ မျက်ရည်တွေတဲ့
အဲဒီတော့ မပျော်ဘူးလား ဆိုတော့
အခု မပျော်သေးဘူး
ခဏနေရင် ငါတို့အားလုံး
ပျော်ကြရတော့မယ်တဲ့
အားလုံးပျော်ကြဖို့ ခဏနေနေကြတယ်
ခဏနေရင် ပျော်ကြဖို့
အားလုံး မျှော်လင့်နေတယ်
ဂျွန်ဟာ စကားလုံးမရှိသလို
ခဏ ငြိမ်သက်သွား
ပြီးတော့ သည်းသည်းမည်းမည်း ရွာချတယ်
ဒါမိုးရေတွေ မဟုတ်ဘူးတဲ့
ကောင်းကင်ဘုံရဲ့ ကောင်းချီးသြဘာတွေတဲ့
မြေကြီးပေါ် ပျော်ပျော်ကြီး ကျဆင်းလို့
ငါ့မှာ ရှိတာအကုန်ပေးခဲ့တယ်
မင်းတို့ အားသစ်မွေးကြ
မင်းတို့ ဆက်စီးဆင်းကြတဲ့
မနက်ခင်းကို ဘယ်လိုတံခါးမျိုးနဲ့မှ
ပိတ်ထားလို့မရ
မနက်ခင်းဆိုတာ ဘယ်သူမှမခင်းကျင်းလည်း
သူ့ဘာသာ လင်းတယ်
မနက်လင်းရင် မျှော်လင့်ခြင်း
စိမ်းစိမ်းစိုစိုတွေနဲ့ ကမ္ဘာကြီးကို
မမြင်ချင်လည်း မြင်ကို မြင်ကြရလိမ့်မယ် ။ ။
လင်းသက်ငြိမ်
ဂျွန်၁၂
-
လမ်း
ရင်နဲ့လွယ်ပြီး ပျိုးထားတဲ့ပန်း
အခု ဖူးပွင့်ပြီ၊
ချပ်ဝတ်တန်ဆာ ဆင်မြန်းသံတွေ ချိုလွင်ကြ……
ရည်မျှော်ရာ ဥတုရာသီလေးကို ဖန်ဆင်းကြ……
တံဘိုးခရာသံတွေ လှိုင်းလိုတက်လာရင်
ပင်လယ်လို မြည်ဟီးကြဖို့ပဲ၊
ပြီးတော့
ဥယျဉ်တော်တေးကို ဖွဲ့သီကြမယ်……
မြတ်သောမြေမှာ
မိစ္ဆာအမြစ်ကို ဆွဲခုတ်ဖို့
တရားသောလက်မှာ ဓားထက်ပါစေသား………
တရားသောလက်မှာ ဓားထက်ပါစေသား………
တရားသောလက်မှာ ဓားထက်ပါစေသား………
သော်မိုးသစ်
-
အိပ်မက်အသေတွေနဲ့မြို့
(၁)
ရာသီမသိရင်လည်း
ညှိစရာပန်းတွေ မပွင့်တော့ဘူး။
မြို့ဟာ ပျက်ခဲ့ရပြီ။
အရောင်အသွေးအားလုံးမရှိမှတော့
ဘယ်လိုသက်တံ့ဟာ
မိုးကို တားဆီးပါ့မလဲ။
အရိပ်မြင်လို့
ဘဝတွေဟာ ခုတ်ထွင်ခံခဲ့ရတယ်။
မြစ်အကြောင်း ....
တောတောင်တွေအကြောင်း....
ရင်ဘတ်ဟောင်းလောင်းနဲ့ ခံစားနေပုံက
အော်ဂလီဆန်ချင်စရာတွေ။
စီးဆင်းခဲ့ပါတယ်
ရေစီးကြောင်းကို ဆန့်ကျင်ရင်းနဲ့ပေါ့
စီးဆင်းခဲ့ပါတယ်......။
(၂)
ကြွေသွားတဲ့ကြယ်တွေကို
ရေတွက်ရတာ နာကျင်တယ်.....။
ညရောက်တိုင်း....
အမှောင်ထုကို နာကျည်းမိခဲ့သူ
အခုတော့ အမှောင်ထုထဲမှာ
ကိုယ့်ကိုယ်ကို ပြန်ရှာကြည့်တော့
အသက်ရှူသံကအစ ပျောက်ရှနေခဲ့တယ်။
ဒီလမ်းကို ဒီခြေလှမ်းနဲ့
ဒီတောကို ဒီလိုကျော်ဖြတ်ဖို့
အိပ်မက်တွေကို သက်သေပြခဲ့ပြီးသားပဲ။
ရာဇဝင်ကို ပြန်ကြည့်တော့
ခြေရာတွေဟာ ခမ်းခြောက်
မနက်ဖြန်ကိုတွေးတော့
မရေရာမှု အစာအိမ်များ
အခန်းတံခါးဝမှာ
ဘယ်သူ့အသံမှ ငါ မလိုချင်ဘူး...။
(၃)
အသံတွေတော့ ကြားနေရတာပဲ။
နီးလာလိုက်.....ဝေးသွားလိုက်......
နားစွန့်ထားတဲ့နားရွက်တွေက ဆာလောင်လို့။
လမ်းမတွေဟာ တောတွေဖြစ်ပြီး
တောတွေဟာ လမ်းမတွေဖြစ်တယ်
ကြွင်းကျန်ရစ်တဲ့ ရုပ်ကြွင်းတွေဟာ
သူရဲကောင်းတွေ မဟုတ်လား။
ကဗျာရွတ်သံတွေ မကြားရတော့ဘူး
ကဗျာတွေထဲမှာ
ယူကြုံးမရ နာကျည်းမှုအထွေထွေနဲ့
ကဗျာတွေ ချန်ထားရစ်ခဲ့တဲ့
မဟာသူရဲကောင်းတွေကို ဦးညွှတ်လိုက်ပါရဲ့။
(၄)
တိတ်ဆိတ်ငြိမ်သက်နေပုံက ရိုးသားရဲ့လား။
ညရောင်စုံတွေ မထွန်းညှိဘဲ
တိတ်တဆိတ်အိပ်မောကျနေတဲ့
အသံတွေကို ငါ ကြားချင်ရဲ့။
မြို့ပျက်တစ်ခုထဲ
အိပ်မက်အပျက်တွေနဲ့ ငါလျှောက်လှမ်းမိခဲ့တယ်။
တောမကျွမ်းတော့ မုဆိုးလည်း မဖြစ်ခဲ့
ရသမဲ့လွန်းတဲ့ခရီးထဲ
ယောင်ခြာခြာ ဖြစ်ခဲ့ရတယ်။
(၅)
မြို့ပြလို့ ပြောတာပဲ
အိပ်မက်အသေတွေကို ထုတ်ပိုးလို့ရောက်ရှိခဲ့တယ်....။
မျက်လုံးအသေတွေ
အပြုံးအသေတွေ
နှလုံးသားအသေတွေနဲ့
အထပ်ထပ် ကာရန်ထားကြတယ်...။
အစိမ်းရောင်မြို့ပြတစ်ခု
ရုတ်တရက် ပြာကျသွားတဲ့အခါ
ကိုယ့်ဘဝ ကိုယ်ပြန်လှည့်ကြည့်မိတယ်
ငါ့ခြေလှမ်းတွေကို
ဘယ်လိုပျိုးထောင်ခဲ့တာလဲ.....။
မြို့ပျက်ထဲမှာ
ဂီတအသေတွေနဲ့ ဘယ်လိုကခုန်ကြပါသလဲ......
ဒါ......မေးခွန်းတစ်ခုသာ။
(၆)
အရိပ်တွေမှာ အားအင်အပြည့်နဲ့။
ဘယ်အရပ်ကို ချီတက်ကြမလဲ....
သံပြိုင်ဟစ်ကြွေးခဲ့တဲ့ ချီတက်တေးသံဟာ
ဝေဟင်အနှံ့ လွင့်ပျံလို့နေခဲ့ပြီ။
ရောင်နီဦး နီးပြီမဟုတ်လား...
နိုးထခဲ့ကြပြီ.....။
လရောင်ကောက်ကွေ့နေတဲ့မြို့ပြညထဲ
အမှောင်ထုကို ထိုးခွဲပစ်ဖို့
ရဲရင့်သူတွေ
ခေတ်အဆက်ဆက် ပွင့်ခဲ့တယ်။
တစ်ခုတော့ရှိတယ်
ကိုယ့်ခြေသံ ကိုယ်နားစွန့်
ကိုယ့်ခြေလှမ်း ကိုယ်ပြန်ကြည့်
ဘယ်အရပ်ဒေသကို ဦးတည်နေပါသလဲ။
(၇)
ရာသီမသိရင်လည်း
ညှိစရာပန်းတွေ မပွင့်တော့ဘူး။
မြို့ဟာ ပျက်ခဲ့ရပြီ။
မြို့ပျက်တစ်ခုထဲ
အိပ်မက်အသေတွေကို ထမ်းလို့
ဘယ်ကိုဦးတည်ပြီး
ခြေကို လှမ်းကြမလဲ.......။ ။
သျှင်မျိုးငယ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar