Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ- ကျော်ဟုန်း၊ မောင်သော်တာ၊ ကိုအောင်မှိုင်း

Art- Kaung Su

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ
(မိုးမခ) 
ဇွန် ၉၊ ၂၀၂၁
-
လေးညှို့သံ -၂၁


သေနတ်တွေကို
လေးခွနဲ့ ခံပစ်ရဲတဲ့
ဓမ္မဘက်တော်သားတွေရဲ့ခံစားမှုဟာ
သူရသတ္တိအမြုတေပဲ။

ကျုံပျော် လှေဆွဲရွာက
ကရင်တိုင်းရင်းသားလေးလိုမျိုး
မြန်မာတနိုင်ငံလုံးက ဂျင်ဇီသွေးတွေဟာ
မျိုးရင်းဗီဇတူတယ်။

မိစ္ဆာစစ်အုပ်စုဟာ
သွေးကြွေးကို ဆွေးနွေးစရာမလိုအောင်
သူသေ ကိုယ်သေသတ်ကွင်းထဲ
တွန်းပို့နေလေရဲ့။

စိတ်ချ
နာကြည်းမှုအစုစုဟာ
ခွင့်လွှတ်ခြင်းကို လက်မခံဘူး။

အဓမ္မအတွက် F-day
ဓမ္မအတွက် D-day
အဲ့ဒီ့အချိန်ကျ
တာဝန်အရ လုပ်ရပါတယ်စကားနဲ့
မျက်ရည်ချူလို့ မရ။

ရေသောက်မြစ် ရေရှာသလို
ကျောက်သားလွှာ ထိုးဖောက်ရချိန်မို့
ဒီတိုက်ပွဲ
ကြမ်းမယ် ရမ်းမယ် သိသိကြီးနဲ့
ဓားစက်အောက် ခေါင်းထိုးရဲတဲ့ သတ္တိမျိုး
ငါတို့ မျိုးဆက်သစ်တွေမှာ ရှိတယ်။

ဒီသတ္တိနဲ့ တိုက်ပွဲခေါ်မယ်
ဘက်စုံ နွေဦးတော်လှန်ရေး စတဲ့နေ့
စစ်မိစ္ဆာမှန်သမျှ ဝိဉာဉ်ခြွေမယ့်နေ့။

ကျော်ဟုန်း
၂၀၂၁၀၆၀၅
(ကျုံပျော်သူရဲကောင်းများကို သမိုင်းတင်
  ဂုဏ်ပြုအပ်ပါသည်)
-
သူများပါးစပ်မှာလမ်းဆုံးကြတဲ့ဘဝ

ငါးမန်းဖမ်းချင်တော့ငါးမန်းတစ်ကောင်လိုတွေးကြည့်တယ်
ဘယ်လိုနေ ဘယ်လိုစား
ဘယ်လိုတွေးခေါ်ရှင်သန်သလဲ
သွေးညှီနံ့ဆိုရင်အရူးအမူးဖြစ်ရမတဲ့
အစွယ်အားကိုးနဲ့ပါးစပ်ကြီးဖြဲဖြဲထားရတာသူ့သဘာဝ
ငါနဲ့တော့မဖြစ်ဘူး
ငါးမန်းဖမ်းဖို့ပင်လယ်ထဲခုန်ဆင်းလို့လည်းမဖြစ်ဘူး
ငါးမန်းတစ်ကောင်တော့မိကိုမိရမယ်
ငါးဖမ်းသမားတစ်ယောက်ရဲ့အတွေးအခေါ်မှာ
ငါးမန်းကိုမှိန်းနဲ့ပစ်ဖမ်းဖို့
ဒါမှမဟုတ် သေနတ်နဲ့ပစ်ဖမ်းဖို့...
ဒီလောက်လေးပဲ ....

တချို့များ
အန္တရာယ်ကင်းကင်းနဲ့များများဖမ်းမိတဲ့ငါးတွေလိုပဲ
အရသာမဲ့မဲ့ဘဝတွေပါ
ကင်စားမယ်ဖုတ်စားမယ်
သံပုရာရည်ဆမ်းပြီးအစိမ်းအတိုင်းစားမယ်
လျှာပေါ်ကိုရောက်လာတဲ့အရသာထဲမှာအန္တရာယ်များပြီး'
တစ်ကောင်တလေတောင်မိဖို့မလွယ်တဲ့ငါးတွေရှိပါသေးတယ်
လှေတစ်စင်းနဲ့မြစ်ရေပြင်ကိုထွက်ခဲ့ကြရင်း
ဘယ်လိုငါးကိုဖမ်းမယ်မဖမ်းဘူး
ကြိုမစဉ်းစားမိကြဘူး ....

အသေအချာမတွေးမိခဲ့လို့ရယ်သာ
တချို့လူတွေ ရေထဲခုန်ချပြီးသေကြတယ်
တချို့ လွတ်မြောက်ဖို့မြစ်ရေပြင်ကိုဖြတ်ကူးကြတယ်
ငါးတွေကိုကုန်းပေါ်ဆွဲတင်ဖို့အမြဲတမ်းကြံစည်စဉ်းစားရင်း
ဘဝဖြစ်တည်မှုဆိုတာအသေခံဖို့သက်သက်လား
လွတ်မြောက်ရုန်းထွက်ရေးမရှိဘူးလား
ဒီလိုအဘိဓမ္မာကို
ငါးဖမ်းသမားအနေနဲ့ ရှာတွေ့မယ်မထင်ဘူး
ကဗျာဆရာကလည်း
အဲဒါကိုထည့်ရေးလို့မရဘူး....

မောင်သော်တာ
-
မိုးကိုဒူးနဲ့တိုက်ခြင်း

အတွေးအခေါ်အရ
မိုးကိုဒူးနဲ့တိုက်နိုင်မှ
လွတ်မြောက်မယ်ဆိုတာ တရားပဲ။
အသနားခံစာတွေ
မေတ္တာစာတွေလောက်နဲ့တော့
ဘယ်အာဏာရှင်ကမှ သနားတော်မူလေ့မရှိဘူး။
စစ်သွေးကြောင်နေတာမဟုတ်
စစ်ဘေးရှောင်တွေဘဝတွက်
လွတ်မြောက်ရေးဟာ တိုက်ပွဲတွေပေါ်မူတည်တယ်။
အောင်ပွဲဆိုတာဟာ
တိုက်ရဲသူတွေ စွန့်ရဲသူတွေ မြင့်မြတ်သူတွေ
ဘဝတွေပေးဆပ်သူတွေထံမှာသာရှိတယ်။
မျက်ရည်တွေ လွမ်းတေးတွေကို
တိုက်ပွဲစိတ်ဓါတ်တွေအဖြစ်ပြောင်း
ရင်ဘတ်ကြီးဖေါင်းကနဲပေါက်ကွဲပါစေ
ငါ့အလှည့်ပြီးရင် ငါ့ရဲဘော်တွေဆက်တိုက်လိမ့်မယ်။
မင်းတို့ကလေးတွေ ကျောင်းတက်ကြပေမဲ့
ငါတို့ကလေးတွေ  ကျောင်းမတက်ကြဘူး။
မင်းတို့ကလေးတွေ စာသင်သံတွေညံနေချိန်မှာ
ငါတို့ကလေးတွေ   ကြွေးကြော်သံတွေနဲ့ညံနေကြတယ်။
မင်းတို့ကလေးတွေ ပျော်ရွှင်နေချိန်မှာ
ငါတို့ကလေးတွေ  အသတ်ခံနေကြတယ်။
မင်းတို့ကလေးတွေ  စာအုပ်တွေကိုင်နေချိန်မှာ
ငါတို့ကလေးတွေ  သေနတ်တွေကိုင်နေကြတယ်။
ကျဆုံးသွားတဲ့ ကလေးတွေအတွက်
ငါတို့မျက်ရည်ကျမယ် ဆုတောင်းကြမယ်။
ငါတို့ကလေးတွေ ကျောင်းတက်ချိန်မှာ
တိုင်းပြည်လဲအေးချမ်းလို့ လွတ်မြောက်ပြီပေါ့။
အဲဒီအချိန်မှာ
မင်းတို့ကလေးတွေကိုယ်တိုင်
နောင်တနဲ့ရာဇဝတ်မှုတွေအတွက်  အရှက်ရကြလိမ့်မယ်
မင်းတို့ရဲ့ဒလန်အတွေးအခေါ်ကြောင့်  မင်းတို့ကလေးတွေ
သေရွာပါမဲ့ပြစ်မှုကျူးလွန်လိုက်တယ်ဆိုတာ  မမေ့ကြနဲ့။
ငါတို့တိုင်းပြည် လွတ်မြောက်မှာက
အသေအချာပါဘဲ  သူငယ်ချင်း
ငါတို့မိုးကိုဒူးနဲ့ပြိုင်တူ  တိုက်နေကြပြီလေ
ကယ်တင်ရှင်ဆိုတာတွေ  မလိုပါဘူး
Gen X Y Z ဆိုတာ ကယ်တင်ရှင်တွေဘဲပေါ့။
မင်းကြောင့်တော့
ကလေးတွေ အရှက်မရကြပါစေနဲ့ကွာ။

ကိုအောင်မှိုင်း
ဇွန်လ ၄ ရက် ၂၀၂၁ ခုနှစ်
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar