Breaking News

ညိုထက်ညို - အိမ်ကလေးတစ်လုံး

အိမ်ကလေးတစ်လုံး
ညိုထက်ညို
(မိုးမခ) ဇွန် ၉၊ ၂၀၂၁

ဒီနေ့ တစ်နေ့လုံးနေ့လယ်လောက်ကတည်းကမိုးတွေရွာနေသည်။ ဟိုး ကျွန်တော်ငယ်ငယ် လွန်ခဲ့သောနှစ်သုံးလေးဆယ်ကလို ပေါင်းလန်အောင် ရွာသောမိုးတွေမဟုတ်တော့သော်လည် းသူ့ခေတ်နှင့်သူ့အခါအရတော့ မိုးအေးသောနေ့တစ်နေ့ လို့ ဆိုရမှာပဲဖြစ်သည်။ အရေးထဲမီးကလည်းနှစ်ခါသုံးခါ ပျက်သေးသည်။ မီးပြန်လာတော့ ကျွန်တော့် ကွန်ပြူတာကိုဖွင့်ရင်းသိမ်းထားသောဒစ်ဂျစ်တယ် စာအုပ် တွေကို မွှေသည်။ ဒီတော့လည်းဆရာနေဝင်းမြင့် ၏ ‘အိမ်ကလေး ၁၆ လုံး’ကို ဟိုရောက်ဒီရောက် ပြန်ဖတ်ဖြစ်သည်။

ဆရာတစ်ယောက် ခုဘယ်နေရာမှာဘာတွေရေးနေလဲမသိ။ ကျွန်တော် ဆရာ့ အရေးအသားတွေနှင့် အဆက် ပြတ်ခဲ့တာကြာပါပြီ။ နောက်ဆုံးဆရာ့ အကြောင်းပြောမိတာက ၄၅ လမ်း ထဲကမဟေသီမှာ ဆရာဝင်းသူရနှင့် လွန်ခဲ့တဲ့ လေးနှစ်လောက်ကဖြစ်သည်။ အဲဒီတုန်းကဆရာပင် ၇၀ ကျော်ခဲ့ပြီဖြစ်မှန်း ဆရာဝင်းသူရ ကပြောနေတာ ကျွန်တော် မှတ်မိနေသည်။

တကယ်ကဟိုးလွန်ခဲ့သောဆယ့်သုံးလေးနှစ် ၂၀၀၇ ခုနှစ် ကတည်းက အမျိုးသားစာပေဆုရခဲ့သော ‘အိမ်ကလေး ၁၆ လုံး’ ၏သက်တမ်းမှာ အတော်ပင် ကြာ မြင့်ခဲ့ပါပြီ။ အိမ်အိုအိမ်ဟောင်းကလေးတွေဖြစ်နေခဲ့ပါပြီ။ ဆရာ့အိမ်ကလေးတွေထဲ ကျွန်တော်နောက်ဆုံးဝင်ကြည့်ခဲ့မိတာပင် ဘယ်တုန်းကလဲမသိတော့။ မှတ်ဉာဏ်ထဲကတိမ်သလ္လာတွေကိုဖယ်ထုတ်လိုက်တော့ ဆရာ့အိမ်ကလေးတွေထဲမှာ တိုက်ခန်းကလေးတွေပါတာ ပြန်မှတ်မိသည်။ မြစ်ကမ်းစပ်က တဲကလေးတွေပါသည်။ တောစပ်တောင်စပ်က အစွန့်ခံအပယ်ခံအိမ်ကလေးတွေ ပါသည်။ ရွာထဲကရပ်ကွက်ထဲကအမေ့အိမ် အဖေ့အိမ် ဟိုအိမ်ဒီအိမ်၊ တချို့ အိမ်ကလေးတွေက ဆရာအိမ်ထောင်မကျခင်လောက် မီးရထားဝန်ထမ်းဘဝနှင့် ဂေါ်လီတစ်လုံးလိုဟိုလိမ့်ဒီလိမ့် လိမ့်နေတုန်းက ခဏဖြစ်ဖြစ်ကွန်းခိုခဲ့ရာနေရာကလေးတွေ…. အခုပြန်ဖတ်ကြည့်မိတော့လည်း အခုပြန်ကြိုက်မိနေပြန်သည့် ဆေးရောင်စိုပြက် အိမ်ကလေးတွေဖြစ်နေသည်။

အဲဒီအဲဒီအိမ်ကလေးတွေထဲကအိမ်ကလေးတစ်လုံးထဲတော့ ကျွန်တော် ထဲထဲဝင်ဝင် ရောက်သွားခဲ့ပါသည်။

အဲဒီအိမ်ကလေးက နယ်မြို့ငယ်လေးတစ်မြို့ ၏ မြို့စွန် မှာရှိပြီးရွာတန်းရှည်ကလေးတစ်ခုနှင့် မနီးမဝေးဆက်စပ်နေသည်။ အိမ်ကလေး ၏ ပိုင်ရှင်မှာဇနီးဆုံးပါးသွားပြီးနောက် တာဝန်ကျရာအခြားနယ်တစ်နယ် မှာသာနေထိုင် တာဝန်ထမ်းဆောင် နေသည့် တရားသူကြီးတစ်ဦးဖြစ်သည်။  တရားသူကြီး ၏ အမျိုးတွေကတော့ ရွာထဲမှာရှိကြသည်။ အဲဒီလိုအနေအထားမှာကျီးစောင့်ကြက်နှင် သူလောက်မှ မရှိသည့် ဘာပဲဖြစ်ဖြစ် သစ်လွင်နေသေးသောဝင်းနှင့်ခြံနှင့် အိမ်ကလေးသို့ ဆရာနေဖို့ ရောက်သွားသည်။

မေးကြည့်တော့ အိမ်ကလေးမှာအိမ်လခမရှိ၊ အိမ်ကလေးမှာစပေါ်မရှိ၊ သို့သော် အိမ်ကလေးမှာအုတ်ကန်ရှိသည်။ ခွေးကတက်နှင့် ကြမ်းခင်းနှစ်ထပ် ရှိသည်။ မီးမရှိသော်လည်းမှန်အိမ်ရှိသည်။ ပန်းခြောက်တွေကပ်ထားသည့် ဘုရားစင်ကလေးလည်းရှိသည်။ သုံးထပ်သားပြားနှင့် ကန့်ထားသည့် အတွင်းခန်းကလေးတစ်ခန်းရှိသည်။ အိမ်အဝင် သံဇကာမှာချိတ်ဆွဲထားသည့် နတ်စင် သေးသေးကလေးရှိသည်။ မီးဖိုထဲမှာတော့ ပိုးထိုးနေသည့် ဆန် အချို့တဝက် နှင့် ဆန်အိုးရှိသည်။ ခြံထဲမှာဘူးစင် ရှိသည်။

အလုပ်သမားတစ်ယောက်နှစ်ယောက်အကူအညီနှင့် ဖုန်တွေသဲတွေကိုရှင်းလင်းအပြီး၊ ကိုယ်ပိုင် ပစ္စည်းကလေးအနည်းအကျဉ်းကိုနေရာချထားပြီး အိမ်ကလေးကိုစေ့ငုကြည့်တော့ အိမ်ကလေး၏ ဧည့်ခန်းမှာအမျိုးသမီးသုံးယောက်၏ ဓာတ်ပုံသုံးပုံကိုသုံးပေခွဲနှစ်ပေခွဲပုံကြီးချဲ့၍ မှန်ဘောင်သွင်းထားသောဓာတ်ပုံကြီးသုံးပုံချိတ်ဆွဲထားသည်။ ထိုအထဲမှ အမျိုးသမီးနှစ်ယောက်က အသက် ၇၀ လောက် အမျိုးသမီးကြီးနှစ်ယောက် ဖြစ်ပြီးအိမ်ရှင် တရားသူကြီး ၏ မိခင် နှင့် ယောက္ခမတို့ ဖြစ်သည် ဟုဆိုသည်။ နောက်တစ်ပုံကတော့ ငယ်ငယ်ရွယ်ရွယ် နှင့် ဆုံးပါးသွားပြီဟုဆိုသည့် တရားသူကြီး ၏ ဇနီးသည် ဖြစ်သည်။ ဓာတ်ပုံကြီးသုံးပုံစလုံး ၏ အောက်ဘက်တွေမှာအမည်တွေနှင့်တကွ မွေးဖွားသည့် ခုနှစ် နှင့် ကွယ်လွန်သည့် ခုနှစ် တို့ကိုရေးထိုးထားသည်။ 

ထူးဆန်းတာကထိုအမျိုးသမီးသုံးယောက် စလုံးကံတူအကျိုးပေးအဆုတ်ရောဂါ တွေနှင့်ချည်းကွယ်လွန်သွားကြခြင်းဖြစ်သည် ဟုဆိုသည်။ ထိုသုံးယောက် ထဲမှာမှ သွားတက်ကလေးပေါ်အောင် ပြုံးနေသည့် ငယ်ငယ်ချောချောအိမ်ရှင် ၏ ဇနီးသည် ဖြစ်သူ ၏ ပုံ က ဆရာ့ကိုဘာကိစ္စဒီကိုလာတာလဲဟုမေးနေပုံရသည့် အကြည့်မျိုးနှင့် ကြည့်နေသည်။ ဆရာ က ဓာတ်ပုံကြီးသုံးပုံကိုနံရံ မှ ဖြုတ်ပြီးအတွင်းကသုံးထပ်သားပြားကန့်ထားသောအခန်းကလေးထဲသို့ အိမ်ထဲကအခြားပစ္စည်းတိုလီမုတ်စတွေနှင့်အတူထည့်သိမ်းထားလိုက်သည်။ ပြီးတော့ အခန်းကလေးကိုအပြင်ဘက်ကကန့်လာကာဟောင်းတစ်ခုနှင့် ကာထားလိုက်သည်။
ပိုပြီးဆန်းနေတာတွေကတစ်ခုပြီးတစ်ခု ပေါ်လာသည်။ အိမ်ကလေး၏ သုံးထပ်သားပြားနှင့် ကန့်ထားသောအတွင်းခန်းထဲမှာလိပ်ပြီးသိမ်းဆည်းထားသင့် ပါလျက် ဖုန်အလိမ်းလိမ်းနှင့် အိပ်ရာသုံးခုဖရိုဖရဲခင်းထားတာတွေ့သည်။ အိမ်ကလေးသို့ ဆရာပြောင်းလာအပြီးတစ်ပတ်လောက် ရှိသည်အထိအိမ်းနီးပါးနားမှ တစ်ယောက် တလေလောက်မှ လာမစပ်စုလာအသိမဖွဲ့တာကိုကြုံရသည်။ အဲဒီနောက်မှ ခြံနီးပါးချင်းဘကြီးတစ်ယောက် နှင့် ဆုံရသည်။ ဘကြီး က ဘုရားတရားမြဲဖို့ ပြောသည်။ အိမ်နောက် တောင်ပို့ နောက်ကခွေးနက်တစ်ကောင်ကိုတွေ့ပြီးပြီလားမေးသည်။ ဆရာရောက်မလာခင် အိမ်ကလေးက ပြောင်းပြေးသွားသည့် မိသားစုခြောက်စုလောက်ရှိပြီဟုဆိုသည်။ 

ဆရာတစ်ကိုယ်စာခင်းကျင်းနေထိုင်နေသည့် ဧည့်ခန်းထဲမှာသော့ခတ်ထားသည့် မတ်ရပ် ဗီရိုကြီးတစ်လုံးရှိသည်။ ဗီရိုထဲကအကန့်တချို့ ထဲမှာအိမ်ရှင် တရားသူကြီးနှင့် စပ်ဆိုင်ဟန် ရှိသည့် ဥပဒေစာအုပ် ကြီးငယ် တွေရှိသည်။ လွတ်နေသည့် တစ်ကန့်ထဲမှာတော့ သွားတက်ကလေးပိုင်ရှင် ဆုံးပါးသွားသည့် တရားသူကြီး ၏ ဇနီးငယ် ပုံကိုမှန် ၏ အတွင်းထဲကကပ်ထားသည်။ ထို့ကြောင့် ဆရာကကိုယ် နှင့်လည်းမဆိုင်သောကြောင့် စည်းခြားသည့် အနေဖြင့် ဗီရိုကြီး ၏ မှန်ချပ်တွေကိုအပြင်ကနေစက္ကူချပ် တွေနှင့် ကပ်ထားလိုက်သည်။

တစ်ညသားမှာတော့ အိမ်တံခါးပိတ်ထားစဉ် လွတ်နေသည့်တံခါးဘောင်အဟကြားကခွေးနှုတ်သီးမည်းမည်းဝင်လာတာတွေ့၍ တံမြက်စည်းနှင့်လှမ်းရိုက်လိုက်ရသည်။ နောက်တစ်ခါမှာတော့ ဆရာနေနေသည့်ဧည့်ခန်းထဲကမတ်ရပ်ဗီရိုကြီးရှေ့မှာမှန်ချပ်တွေပေါ်မှာကပ်ထားခဲ့သည့် စက္ကူတစ်ရွက်က ကွာကွာကျနေတာအပြင်ကပြန်လာတိုင်းတွေ့ရသည်။ ဆရာကလည်းကောက်ပြီးကော်နှင့် ပြန်ပြန်ကပ်သည်။ ထူးခြားတာကမှန်ချပ်တွေပေါ်မှာကပ်ထားသည့် အခြားစက္ကူတွေကွာမကျဘဲတရားသူကြီးမင်း ၏ ဇနီးသည် ဓာတ်ပုံအတွင်းထဲမှာရှိနေသောမှန်ချပ်ပေါ်က စက္ကူတစ်ရွက်တည်းသာအကြိမ်ကြိမ် ကွာကွာကျနေတာဖြစ်သည်။ ဒီလိုသုံးရက်လောက် ဆက်တိုက်ကွာကျလိုက် ပြန်ကပ်လိုက်နှင့် လုံးလည် လိုက်ပြီးတော့ တစ်ညသားမှာဆရာအိပ်မက်မက်သည်။ အိပ်မက်ထဲမှာဆရာ့ အိပ်ရာခြေရင်းမှာဓာတ်ပုံရှင် အမျိုးသမီးဖြစ်သူလာရပ်ပြီးသူ့ပုံရှေ့မှာစက္ကူလာလာမကပ် နဲ့လေ၊ သူမကြိုက်ဘူးဟု ဆရာ့ကိုပြောသည်။

ဒါကအကင်းလောက်ပဲရှိသေးသည်။ ကန့်လန့်ကာကာပြီးစည်းခြားထားသည့် အတွင်းထဲကကန့်ထားသောအခန်းကလေးထဲမှ တရှပ်ရှပ် လျှောက်သံတွေ၊ တစ်ခုခုကိုလှန်လှောရှာဖွေနေသံတွေကြားကြားနေရတာလည်းခဏခဏဖြစ်သည်။ တစ်ခါမှာတော့ ကြံကြံဖန်ဖန် ဆရာ့ လက်ပတ်နာရီအိမ်ထဲမှာနေရင်းထိုင်ရင်းပျောက်သွားသည်။ ပျောက်သွားပြီးရက်အနည်းငယ် ကြာတော့ ဆရာကအိပ်မက်ထဲမှာခြံထဲကဘူးစင်အောက်မှာအမျိုးသမီးတစ်ယောက် နှင့် တွေ့သည်။ ထိုအမျိုးသမီးက ဆရာ့ကိုသူ စ သည့်အနေဖြင့် နာရီကလေးကိုဝှက်ထားတာဖြစ် ကြောင်းနှင့် ပြန်ပေးမည် ဖြစ်ကြောင်းပြောသည်။ ပြောသည့်အတိုင်းလည်းပြန်တွေ့သည်။
သို့သော် တစ်ညမှာတော့ ဆရာ့သည်းခံနိုင်စွမ်းကုန်ဆုံးသွားရသည့်အဖြစ်အပျက် တစ်ခုဖြစ်လာသည်။
ထိုအဖြစ်အပျက်မှာ ထိုညဆရာအိပ်နေစဉ် တောင့်တင်းကြံ့ခိုင်လှသည့်သွပ်မိုးပျဉ်ထောင် အိမ်ကလေးမှာဆင်အောင်းသလို တသိမ့်သိမ့် တုန်နေခြင်းဖြစ်လေသည်။

အဲဒီအဖြစ်အပျက် ကိုကြုံအပြီးမှာတော့ ဆရာအိမ်ကလေးကိုစွန့်ခွာရန် ဆုံးဖြတ်လိုက်ရသည်။
အဲဒီတော့မှ ဘေးခြံ က အသိဖြစ်နေပြီဖြစ်သည့် ဘကြီး က ဆရာ့ ပစ္စည်းပစ္စယကလေးတွေကိုကူသိမ်းပေးဆည်းပေးရင်းကြုံနေရသောထူးဆန်းသောအဖြစ်အပျက်တွေကဇနီးသည် သေဆုံးပြီးနောက် အဝေးရောက်တရားသူ ကြီးမင်းနောက်အိမ်ထောင် ထူထောင်သွားကတည်းကစခဲ့သည် ဟုဆိုသည်။
ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ (အနည်းဆုံး ကျွန်တော် နှင့် နှိုင်းစာလျှင်) ဆရာနေဝင်းမြင့် ၏ ဒါမျိုးအရာတွေကိုသည်းခံနိုင်စွမ်းနှင့် သတ္တိကိုတော့ ကျွန်တော်တို့ အလေးဂရုပြုကြရမည် ဖြစ်သည်။

ဆရာ့နေရာမှာ ကျွန်တော်သာဆိုလျှင်တော့ အိမ်ကလေးအကြောင်းစာဖတ်သူတို့ အခုလောက် ရေရေရာရာသိစရာမရှိ။ အဘယ်ကြောင့်ဆိုသော် မှန်ပေါ်မှာကပ်ထားသောစက္ကူချပ်တွေသုံးရက်လောက် ကွာကျအပြီးသေဆုံးသွားပြီဖြစ်သည့် တရားသူကြီးမင်း၏ ဇနီးသည်၏ အဆူအငေါက်ကိုအိပ်မက်ထဲမှာခံရသည့်ညပြီးကတည်းကနောက်တစ်နေ့ မနက်မှာ ကျွန်တော် ချက်ချင်းပြောင်းပြေးသွားမည် ဖြစ်သောကြောင့် ဖြစ်ပါသည်။     ။

ညိုထက်ညို

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar