Breaking News

အောင်ဒင် - ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လဲ CDM လုပ်သင့်ပါပြီ



အောင်ဒင် - ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်လဲ CDM လုပ်သင့်ပါပြီ

(မိုးမခ) ဇွန် ၉၊ ၂၀၂၁

(၁)

ဇွန်လ ၇ ရက်နေ့က နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နဲ့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်တို့ကို ဖက်ဆစ်စစ်တပ်က တာဝန်ပေးထားတဲ့ တရားသူကြီးက နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် သီးသန့်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။ အဲဒီ ရုံးချိန်းမှာ တရားသူကြီးက ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့ အမှုများကို စတင်တရားစွဲဆိုနေ့ကစလို့ ၆ လအတွင်း အပြီး စစ်ဆေးရန် ဆုံးဖြတ်လိုက်တယ်လို့ ကြားသိရပါတယ်။ စတင် တရားစွဲဆိုခဲ့တာက ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်နေ့မှာ ဖြစ်လို့ ဩဂုတ်လ ၁၅ ရက်လောက်မှာ အမှုအားလုံးကို အပြီးသတ်စစ်ဆေးပြီးမယ်လို့ ဆိုပါတယ်။ ဒီကာလအတွင်းမှာ တစ်ပါတ် တစ်ကြိမ် ရုံးချိန်းခေါ်ပြီး တရားလိုပြသက်သေ၊ တရားခံပြသက်သေတွေ ထွက်ဆိုကြ၊ နှစ်ဖက်ရှေ့နေတွေက အပြန်အလှန်မေးခွန်းတွေ မေးကြမှာ၊ အပြန်အလှန် စွဲချက်တင်ကြ၊ ခုခံချေပကြမှာပါ။ အမှုများအတွက် အပြစ်ရှိ၊ မရှိ စီရင်ချက်ချတာကတော့ အဲဒီ နောက်ပိုင်းဖြစ်ပါလိမ့်မယ်။

အဲဒီ ဇွန်လ ၇ ရက်နေ့မှာပဲ မကွေးမြို့အကျဉ်းထောင်အတွင်း အထူးတရားရုံးကနေ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုကို ပုဒ်မ ၅၀၅ (ခ) နဲ့ ပြစ်မှုထင်ရှားလို့ဆိုပြီး ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။ အဲဒီလို ပြစ်ဒဏ်ချပြီးပြီးချင်းမှာပဲ ရဲနဲ့ တရားသူကြီးက ဆရာအောင်မိုးညိုကို သဘာဝဘေးအန္တရာယ်ကာကွယ်ရေးဥပဒေ ပုဒ်မ ၂၅ နဲ့ နောက်တစ်မှု ထပ်ဖွင့်လိုက်ပါတယ်။

(၂)

မင်းအောင်လှိုင် ဦးဆောင်တဲ့ ဖက်ဆစ်စစ်တပ်ကြီးက ပြည်သူလူထုက တရားဝင်ရွေးချယ်တင်မြှောက်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်အစိုးရအဖွဲ့ကို ကြက်ကလေး၊ ငှက်ကလေးတွေကို ဖမ်းဆီးသလို ဖမ်းဆီးထိန်းသိမ်းပြီး နိုင်ငံတော်အာဏာကို လုယူခဲ့တာပါ။ နိုင်ငံတော်ကို တရားမဝင် အကြမ်းဖက်အုပ်ချုပ်နေတာပါ။ တရားရုံးရှေ့မှာ နိုင်ငံတော်ပုန်ကန်မှုအပါအဝင် အပြစ်ပေါင်းများစွာနဲ့ စွဲချက်တင်၊ တရားစီရင်ခံရမယ့်သူတွေဟာ မင်းအောင်လှိုင်နဲ့ အပေါင်းအပါများသာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင်များ၊ အရပ်သားအစိုးရအဖွဲ့ဝင်များ မဟုတ်ပါ။ ဒါပေမယ့် အမှန်တရားက အောင်ပွဲမခံနိုင်သေးတဲ့ အချိန်ကာလတစ်ခုမှာ တရားလို ဖြစ်ရမယ့်သူက တရားခံဖြစ်နေရပြီး တရားခံအစစ်က တရားလိုဖြစ်နေတာ ဝမ်းနည်းနာကြည်းစရာပါ။

မင်းအောင်လှိုင်ရဲ့ အမိန့်ကို နာခံဆောင်ရွက်ရတဲ့ တရားသူကြီးတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များရဲ့ အမှုတွေကို မှန်မှန်ကန်ကန် မျှမျှတတစစ်ဆေးဆုံးဖြတ်မယ်မဟုတ်ဘူးဆိုတာ ကျနော်တို့ အားလုံး သိကြပါတယ်။ မင်းအောင်လှိုင်ရဲ့ ကောက်ကျစ်စဉ်းလဲတဲ့ ရည်ရွယ်ချက်တွေ၊ အကြံအစည်တွေကိုလဲ လွယ်လွယ်ကူကူ ခန့်မှန်းနိုင်ကြပါတယ်။ အာဏာကို လုယူပြီးပြီးချင်းမှာပဲ ကိုယ်နဲ့ ဘယ်လိုမှ မထိုက်တန်တဲ့ နိုင်ငံတော်သမ္မတအိမ်တော်ကို ပြောင်းရွှေ့နေထိုင်တာ၊ နေ့စဉ်နဲ့အမျှ နေရာတကာမှာ ပေါက်ကရပြောနေတာတွေကို လစဉ်စုစည်းပြီး "ဗိုလ်ချုပ်မှူးကြီးရဲ့ မိန့်ခွန်းများ" ဆိုပြီး စာအုပ်တွေ ထုတ်ဝေနေတာ၊ ရှားရှားပါးပါး ရောက်လာတဲ့ နိုင်ငံခြားဧည့်သည်တွေကို သီဟာသနပလ္လင်ကြီးနောက်ခံထားပြီး တွေ့ဆုံတာ၊ ဒါတွေဟာ မင်းအောင်လှိုင်ရဲ့ နိုင်ငံတော်သမ္မတရာထူးအပေါ် ရူးသွပ်မှု ဘယ်လောက်ကြီးမားသလဲဆိုတာ သက်သေပြနေတာပါ။ ဒီတော့ အရေးပေါ်အခြေအနေကာလ ၂ နှစ်လောက်အတွင်းမှာ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီး၊ အဖွဲ့ချုပ်ခေါင်းဆောင်တွေကို ထောင်ချ၊ အဖွဲ့ချုပ်ကို ဖျက်သိမ်း၊ သူဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်က အတုအယောင် ရွေးကောက်ပွဲကျင်းပ၊ သူ့ကို ထောက်ခံမယ့် ပါတီတွေနဲ့ စစ်တပ်ရဲ့ ၂၅ ရာခိုင်နှုံးမဲတွေပေါင်းပြီး သူ့ကို သမ္မတတင်၊ အဲဒီလို ဇာတ်လမ်းဆင်ထားတာ အားလုံးသိကြပါတယ်။

အဲဒီလို သူ့ရည်မှန်းချက်တွေ မအောင်မြင်မချင်း မင်းအောင်လှိုင်က ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးမှာ မဟုတ်ပါ။ သူ့ရည်မှန်းချက်တွေ အောင်မြင်ပြီးရင်တောင်မှ ဒေါ်အောင်ဆန်းစုကြည်က သူ့ရဲ့ သမ္မတရာထူးကို ခြိမ်းချောက်နေသေးတယ်လို့ သူယူဆရင်လည်း ပြန်လွှတ်မှာမဟုတ်ပါ။ ဒါကြောင့် ဒီတရားခွင်တွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များအတွက် အကောင်းဖက်က မျှော်လင့်အားထားစရာ ဘာတစ်ခုမှ မရှိပါ။ ဒီ ၆ လပြီးတော့လဲ အမှုတွေက ပြီးသွားမှာ မဟုတ်ပါ။ အဂတိလိုက်စားမှုတွေ၊ ရွေးကောက်ပွဲမသမာမှုတွေ စသည်ဖြင့် နောက်ထပ်ဆင်ထားတဲ့ အမှုတွေ ရှိပါသေးတယ်။ ဒါဆို ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များဟာ ဘာကြောင့် ရုံးချိန်းတွေ ခေါ်တိုင်း မပျက်မကွက်သွားရောက်ပြီး၊ ရှေ့နေတွေ ခန့်အပ်ပြီး၊ ကိုယ့်ကိုယ်ကို ခုခံကာကွယ်ဖို့ ကြိုးစားနေကြသလဲ။ ကျနော် နားမလည်ပါ။

(၃)

တချို့ကလည်း အကောင်းဘက်က လိုက်တွေးကြတာရှိပါတယ်။ တရားရုံးကို အပါတ်စဉ် ရုံးချိန်းထွက်နေခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်မှာ သူ့ရှေ့နေတွေနဲ့ တွေ့ဆုံဆွေးနွေးခွင့်ရမယ်။ သူ့ရှေ့နေတွေက တဆင့် ပြည်သူတွေကို စကားပါးနိုင်လိမ့်မယ်လို့ တွေးကြသူတွေရှိပါလိမ့်မယ်။ ဒါဟာလည်း မရေရာတဲ့ ကိစ္စပါ။ အကျဉ်းထောင်များမှာ ထောင်ဝင်စာတွေ့ရတဲ့ အတွေ့အကြုံရှိသူတွေ နားလည်ကြပါလိမ့်မယ်။ ရှေ့နေတွေကို အမှုအကြောင်းကလွဲရင် အပိုစကားတွေ မပြောဖို့ ကြိုတင် ခြိမ်းခြောက်ထားပြီးသားပါ။ ရှေ့နေများနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံခွင့်ရတဲ့နေရာမှာလည်း သူတို့ ဆွေးနွေးတာကို ကြားနိုင်တဲ့၊ အသံဖမ်းနားထောင်နိုင်တဲ့ အစီအစဉ်တွေ ရှိပြီးသားပါ။ အင်မတန် သတိကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း သူကိုယ်တိုင်ရော၊ သူ့ရှေ့နေတွေရော အန္တရာယ်ဖြစ်စေနိုင်တဲ့ စကားတွေ ပြောမှာမဟုတ်ပါ။ ရှေ့နေတွေကိုယ်တိုင်ကလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးခဲ့တာတွေကို ပြန်ပြောရာမှာ အင်မတန် သတိကြီးကြီးထားကြမှာပါ။ ဒါကြောင့်မို့ ရုံးချိန်းများမှာ ရှေ့နေများနဲ့ တွေ့ခွင့်ရတာဟာ ကြီးမားတဲ့ အခွင့်အရေးမဟုတ်ပါ။

ဒါပေမယ့် အခုလို ရုံးချိန်းမှန်မှန်တက်ပြီး တရားရင်ဆိုင်နေခြင်းဟာ ဖက်ဆစ်စစ်တပ်ကြီးအတွက်တော့ အလွန်အကျိုးများပါတယ်။ ဒီလိုပါ။

# တရားရုံးမှာ တရားသူကြီးရဲ့ အစစ်အဆေးခံခြင်း၊ တရားလိုရှေ့နေရဲ့ မေးမြန်းချက်များကို ဖြေကြားခြင်း၊ ရှေ့နေဖြင့် ဖြစ်စေ၊ ကိုယ်တိုင်ဖြစ်စေ အပြစ်မရှိကြောင်း ခုခံချေပခြင်းဖြင့် ဖက်ဆစ်စစ်တပ်က ခန့်အပ်ထားတဲ့ တရားစီရင်ရေးစနစ်ကို အသိအမှတ်ပြုရာ ရောက်ပါတယ်။

# ဖက်ဆစ်တပ်ရဲ့ တရားစီရင်မှုကို လက်ခံနေခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်ဟာ မင်းအောင်လှိုင်ရဲ့ တရားမဝင် အုပ်စိုးမှုကို အသိအမှတ်ပြုရာ ရောက်ပါတယ်။

# အဲဒီလို တရားစီရင်မှုကို လက်ခံခြင်းဖြင့် စစ်တပ်ရဲ့ ဝါဒဖြန့်ချီမှုကို အားပေးရာရောက်ပါတယ်။ မင်းအောင်လှိုင်က သူ မတရားသဖြင့် အာဏာလုတာကို ၂၀၀၈ ဖွဲ့စည်းပုံအရ တရားဝင် အာဏာလွှဲပြောင်းယူတာပါလို့ ဝါဒဖြန့်နေတာပါ။ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဏာလုခံရတဲ့ အရပ်သားအစိုးရခေါင်းဆောင်တွေကိုလည်း တရားရုံးမှာ မျှမျှတတ စစ်ဆေးနေတာပါလို့ ဝါဒဖြန့်နေတာပါ။ ဇွန်လ ၈ ရက်နေ့သတင်းစာတွေမှာ "မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်မပြုလုပ်မီ ဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒေါက်တာမျိုးအောင်တို့သည် ၎င်းတို့၏ ရှေ့နေများနှင့် လွတ်လပ်စွာတွေ့ဆုံခဲ့ကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်" လို့ ဖော်ပြထားပါတယ်။

(၄)

၂၀၀၇ ခုနှစ်၊ စက်တင်ဘာလမှာ သံဃာတော်များ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီး အကြမ်းဖက်ဖြိုခွဲခံရပြီးတဲ့နောက် သံဃာ့တပ်ပေါင်းစုခေါင်းဆောင်များ၊ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ၊ လူ့အခွင့်အရေးတိုက်ပွဲဝင်သူများ ရာနဲ့ချီပြီး အဖမ်းခံကြရပါတယ်။ အဲဒီ တက်ကြွလှုပ်ရှားသူအများစုဟာ တရားခွင်မှာလည်း နအဖစစ်အစိုးရကို ဆက်လက်ဆန့်ကျင်ခဲ့ကြပါတယ်။ နအဖရဲ့ တရားရုံးကို ပျက်ရယ်ပြုခဲ့ကြပါတယ်။ သူတို့တွေ ရှေ့နေ မငှါးကြပါ။ သူတို့တွေ အချုပ်ထောင်ထဲကနေ တရားရုံးကို ခေါ်ဆောင်တာကို ငြင်းဆိုကြပါတယ်။ တရားရုံးသို့ အတင်းအဓမ္မခေါ်ဆောင်ခံကြရတော့လည်း တရားရုံးမှာ တရားသူကြီးမေးမြန်းတာကို ဖြေဖို့ ငြင်းဆန်ကြပါတယ်။ တရားသူကြီးကို ကျောပေးထိုင်ကြပါတယ်။ အဲဒီလိုမျိုး သူတို့တွေ စစ်အစိုးရရဲ့ တရားစီရင်ရေးကို ရဲရဲရင့်ရင့် ဆန့်ကျင်ခဲ့ကြလို့လည်း တရားရုံးမထေမဲ့မြင်ပြုမှုနဲ့ ပုဒ်မတွေ ထပ်တိုးပြီး ပြစ်ဒဏ်ပိုကျခဲ့ကြပါတယ်။ ဒါပေမယ့် ထောင်ကလွတ်တော့လည်း အတူတူပါပဲ။ ပြစ်ဒဏ် နည်းနည်း၊ များများ နိုင်ငံရေးအရ ပြစ်ဒဏ်ချမှတ်ခြင်းခံရသူတွေဟာ နိုင်ငံရေးအပြောင်းအလဲဖြစ်မှပဲ အတူတူပြန်လွတ်ကြမှာပါ။

အခုအချိန်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များလည်း ဖက်ဆစ်အုပ်စုရဲ့ တရားစီရင်ရေးစနစ်ကို လက်မခံပဲ ဆန့်ကျင်ဖို့ လိုပါပြီ။ ရှေ့နေများကတဆင့် ဖက်ဆစ်အုပ်စုရဲ့ မတရားအုပ်ချုပ်မှုကို အသိအမှတ်မပြု၊ ဖက်ဆစ်တွေရဲ့ တရားစီရင်ရေးကို အယုံအကြည်မရှိတာကြောင့် တရားရုံးမှာ အမှုရင်ဆိုင်မှာမဟုတ်ကြောင်း ကြေညာသင့်ပါပြီ။ ရှေ့နေများရဲ့ ကိုယ်စားလှယ်လွှဲစာကို ပြန်လည်ရုပ်သိမ်းသင့်ပါပြီ။ တရားရုံးမှာ ရုံးချိန်းတက်ဖို့ ငြင်းဆန်သင့်ပါပြီ။ အတင်းအဓမ္မ တရားရုံးကို ခေါ်ဆောင်ခံရရင်လည်း တရားရုံးမှာ နှုတ်ဆိတ်နေခြင်း၊ တရားသူကြီးနဲ့ ဆွဲချတွေရဲ့ မေးခွန်းတွေကို မဖြေခြင်းဖြင့် ဆန့်ကျင်သင့်ပါပြီ။

အဲဒီလို အဖွဲ့ချုပ်ခေါင်းဆောင်များက စစ်အုပ်စုရဲ့ တရားရုံးများကို ဆန့်ကျင်ခြင်းဖြင့် နောက်ထပ်အမှုတွေ ထပ်တိုးပြီး မျက်ကွယ်မှာ ပြစ်ဒဏ်တွေ ပိုပြီးချတာမျိုးလည်း ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ ဖက်ဆစ်တော်လှန်ရေးကြီးအတွက် ကောင်းတာတွေက ပိုများပါလိမ့်မယ်။ ဒီလိုပါ။

# ဖက်ဆစ်စစ်တပ်ကြီး အာဏာလုပြီးကထဲက တစ်နိုင်ငံလုံးက ဝန်ထမ်းတွေ၊ ကျောင်းသားတွေ၊ ပြည်သူတွေက သူတို့ရဲ့ အသက်တွေ၊ ဘဝတွေ၊ အနာဂတ်မျှော်လင့်ချက်တွေကို ရင်းပြီး CDM လို့ ခေါ်ကြတဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှုကြီး ဖော်ဆောင်ပြီး ဖက်ဆစ်အုပ်စုကို လုံးဝအုပ်ချုပ်၍ မရစေရအောင် တော်လှန်နေကြတာပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အဖွဲ့ချုပ်ခေါင်းဆောင်များက စစ်အုပ်စုရဲ့ တရားစီရင်မှုကို ဆန့်ကျင်ခြင်းဖြင့် ပြည်သူတွေအတူ CDM လုပ်ရာရောက်ပြီး ပြည်သူတွေရဲ့ CDM လှုပ်ရှားမှုကြီး အားကောင်းအောင်၊ ပိုပြီးခိုင်မာအောင် ထောက်ပံ့ပေးရာ ရောက်ပါလိမ့်မယ်။

# ဖက်ဆစ်စစ်တပ်အတွက် ကြီးမားတဲ့အကြပ်အတည်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ အထူးသဖြင့် စစ်အုပ်စုကို အကာအကွယ်ပေးနေတဲ့ တရုတ်နဲ့ အာဆီယံနိုင်ငံများအတွက် နိုင်ငံတကာအခင်းအကျင်းမှာ ဖက်ဆစ်တွေဘက်က ခုခံဖြေရှင်းဖို့ ပိုပြီး ခက်ခဲလာပါလိမ့်မယ်။

(၅)

စစ်တပ်က မဖမ်းဆီးခင်အချိန်လေးမှာ ဒေါ်အောင်ဆန်းစုကြည်က"ပြည်သူသို့ ပန်ကြားချက်" တစ်စောင်ကို ရေးခဲ့တယ်ဆိုပြီး အာဏာသိမ်းပြီး ရက်ပိုင်းအတွင်းမှာ အဖွဲ့ချုပ်ရဲ့ နာယက ဦးဝင်းထိန်က ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီ ပန်ကြားချက်မှာ ဒေါ်အောင်ဆန်းစုကြည်က အောက်ပါအတိုင်း ပြည်သူများကို ပန်ကြားခဲ့ပါတယ်။ "တပ်မတော်မှ အာဏာသိမ်းခြင်းကို ပြည်သူလူထုအနေဖြင့် လုံးဝလက်မခံပဲ တခဲနက် ဆန့်ကျင်တုန့်ပြန်ကြပါရန် တိုက်တွန်းလိုက်ပါသည်။ ပြည်သူသာလျင် အဓိက ဖြစ်ပါသည်။" တဲ့။

ပြည်သူတွေက တခဲနက် ဆန့်ကျင်တုန့်ပြန်နေကြပါပြီ။

(ဇွန် ၈၊ ၂၀၂၁)
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar