Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - သစ်ကောင်းအိမ်

 Art- Than Htay Maung
မြန်မာ့နွေဦးတော်လှန်ရေးကဗျာမျာ
မိုးမခ
ဇွန် ၁၅၊ ၂၀၂၁
-
မမေ့နဲ့

အမေ့လျော့ခံဥယျာဉ်ကြီးတခုလုံး
တသွေးတည်းတရောင်ထဲပန်းတွေနဲ့
ဖုံးလွှမ်းသွားအောင်ခြယ်မှုန်းဖို့

အသွေးအရောင်စုံပန်းတွေက
လက်သုံးချောင်းထောင်ပြီး
ပြိုင်တူမကြောက်တရားနဲ့
ဖူးပွင့်ပြခဲ့
ငါတို့ခေတ်ရဲ့
နွေဦးသစ်ကို မမေ့နဲ့

ဓမ္မနဲ့အဓမ္မ
ရင်ကြားစေ့မရကြောင်း
ရင်ကိုခွဲအသဲကိုနှုတ်
ရင်နှစ်ခြမ်းကိုဝက်သိုးချုပ်ချုပ်ပြီး
ရင်ခွဲရုံကပြန်ပို့လိုက်တဲ့
ငါတို့ခေတ်ရဲ့
သူရဲကောင်းတွေကို မမေ့နဲ့

ကပ်ငြိတွယ်တာမှုအားလုံး
ရုန်းဖြတ်
သစ္စာရှာဖို့
အနော်မာမြစ်တဖက်ကမ်းဆီ
မြင်းစီးထွက်သွားတဲ့
ဖခင်သူရဲကောင်းတွေက
အမှန်တရားကိုယ်စား သူတို့ကို စွန့်ပစ်ထားခဲ့
ငါတို့ခေတ်ရဲ့
ရာဟုလာတွေကို မမေ့နဲ့

မြို့လယ်ပြည်သူ့ရင်ပြင်က
ဆန္ဒပြပွဲတပ်ဦးမှာ
အလံကိုင်ရင်းကျဆုံးသွားတဲ့
တဦးတည်းသားရဲ့. ရုပ်အလောင်းကိုကျောပေး
သားအိမ်ပြန်လာမယ့်လမ်းမဘက်
မျက်ရည်စက်လက်နဲ့ထိုင်ငေးလို့
ငါတို့ခေတ်ရဲ့
မပဋာတွေကို မမေ့နဲ့

မမေ့နဲ့
တကြီမ်မေ့လျော့တိုင်း
တခါစစ်ရှုံးလိမ့်မယ်
မမေ့နဲ့

မမေ့နဲ့
မမေ့သမျှ
အောင်ပွဲကရှောင်လွှဲမရဘူး
မမေ့နဲ့

အေး မမေ့နဲ့
မင်းတို့လည်းပဲ မမေ့နဲ့

သွေးကြွေးမှာ
ဆွေးနွေးစရာမရှိဘူး
မမေ့နဲ့

ပြန်စရာစစ်တန်းလျားမရှိဘူး
တက်စရာကြိုးစင်ပဲရှိတယ်
မမေ့နဲ့

ခေတ်ပြောင်းဖို့
ခေါင်းကိုပစ်သလို
ခေတ်ကောင်းဖို့ ခေါင်းကိုဖြတ်ရမလား
မမေ့နဲ့

မမေ့နဲ့
ဘယ်သူသေသေ ငနေမာရင်ပြီးရောကစလို့
ဘယ်သူသေသေ ငရွှေမာရင်ပြီးရောနောက်က
ဘယ်သူသေသေ ငါမသေရင်ပြီးရောဆိုပြီး
ဂျိုထောင်နေတဲ့
နပိုလီယန်ရူးဂျပုတကောင်နဲ့
နောက်လိုက်ဗိုလ်ပါအရံအကြပ်တပ်သားအားလုံးကိုလည်း
မမေ့နဲ့

မမေ့နဲ့
အရူးမီးဝိုင်းသလို့
မမေ့လျော့ခြင်းနဲ့
ရာဇဝတ်ကောင်စစ်ဗိုလ်ယုတ်တွေကို
ဝိုင်းထားဖို့
မမေ့နဲ့

ငါတို့မမေ့လေ
သူတို့ပြေးစရာမြေပျောက်လေ
ငါတို့မမေ့လေ
သူတို့မှာ ပေးစရာအသက်မကျန်လေ

မမေ့နဲ့
အရှေ့ကနေဝန်းထွက်သည့်ပမာ
တို့ခေတ်ကိုရောက်ရမည်မှာမလွဲပါကို
မမေ့နဲ့

မမေ့နဲ့
ဒီအချိန်မှာ
သူရဲကောင်းဆိုတာ
လိပ်ပြာသန့်စွာနေနိုင်သူပဲ
မမေ့နဲ့

သစ်ကောင်းအိမ်
၁၄ ဇွန်လ၊ ၂၀၂၁
12:19 PM
-

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar