Breaking News

နိုင်စွမ်း - ပဉ္စာအဂ္ဂတိုင်းသားများ

freesvg.org
ပဉ္စာအဂ္ဂတိုင်းသားများ
နိုင်စွမ်း
(မိုးမခ) ဇွန် ၁၅၊ ၂၀၂၁
-

နိဒါန်း

“ကိုယ်ပျောက်ကလောင်ကိုင်ထားတဲ့လူကို ဘေးကလူတွေက မမြင်ရတော့ဘူးတဲ့”

“အဲဒါတင် ဘယ်က,မလဲ၊ ကိုယ်ပျောက်ကလောင် ကိုင်ထားတဲ့သူဟာ သူ သွားချင်တဲ့ နေရာကို ချက်ချင်းစက္ကန့်မခြားဘဲ ရောက်အောင် သွားနိုင်တယ် တဲ့”

“ဟုတ်တယ်၊ ငါကြားဖူးတယ်၊ စိတ်ကလေး ညွှတ်လိုက်ရုံနဲ့ ရောက်သွားတာတဲ့ ကွ”

“နေပါဦး၊ မင်းက ကိုယ်ပျောက်ကလောင်ကို မြင်ဖူးလို့လား”

“ဟင့် အင်း၊ မြင်တော့ မမြင်ဖူးဘူး။ ကြားဖူးတာကို ပြောတာ”

“မင်း မမြင်ဖူးသေးရင် စာရေးဆရာ ကိုပုကြယ်ဆီ သွားကြည့်။ သူဆီမှာ ကိုယ်ပျောက်ကလောင် ရှိတယ်လို့ ကြားတယ်။ ကိုယ်ပျောက်ကလောင်ရဲ့ သဘောက လူကိုပဲ မမြင်ရတာ၊ အသံတော့ ကြားနေရတယ် တဲ့ “

“ဟုတ်လား၊ အံ့သြစရာပဲနော်။ မင်းရော ကြည့်ပြီးပြီလား”

“ဟေ့ကောင်ရေ ကြည့်ဖို့ ဝေးလို့ကွာ၊ ငါ ကိုပုကြယ်ကို တွေ့ဖို့ သူ့အိမ်ကို အကြိမ်ပေါင်း တစ်သိန်းလောက် သွားတာတောင် တစ်ခါမှ မတွေ့ရဘူး။ သူ့ အိမ်အခန်းကို သော့ပိတ် လျက်ချည့်ပဲ တွေ့ရတယ်ကွာ”

ကိုပုကြယ်ထံတွင် ကိုယ်ပျောက်ကလောင်တစ်ချောင်း ရှိနေသည်ဟု စာပေလောကတွင် သတင်းဖြစ်ပေါ်နေသည်မှာ အတော်ကြာပေပြီ။ ထိုအကြောင်းကို သူပြော, ငါပြော, ထင်ရာပြောများဖြင့် ပြောဆိုနေကြသော်လည်း မည်သူမျှ တိတိကျကျမသိကြပေ။

ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်တိုင်းမှ သတင်းထောက်၊ အင်တာဗျူးသမားတို့သည် မိမိတို့ စာစောင်တွင် ကိုပုကြယ်နှင့် ကိုယ်ပျောက်ကလောင် အကြောင်း သတင်းဦး, သတင်းထူးဖော်ပြရလျှင် အလွန်အကျိုးများနိုင်သည်ကို တွက်ဆ,မိကြ လေသည်။ အကြိမ်ပေါင်းများစွာ, နည်းလမ်းအမျိုးမျိုးဖြင့် ကြိုးစားကြသော် လည်း ကိုပုကြယ်နှင့် မည်သို့မျှတွေ့ဆုံခွင့် မရရှိခဲ့ကြပေ။ ကိုပုကြယ်နှင့် တွေ့ဆုံရန် အလွန်ခက်ခဲ့ပြီး မဖြစ်နိုင်လောက်အောင်ခက်ခဲနေသော်လည်း- ကိုပုကြယ် ရေးသားသည့် “ရင်တုန်, သည်းတုန်, ထိတ်လန့်, ကြောက်ရွံ့ဖွယ်, အံ့မခန်းစာမူများနှင့် အပတ်စဉ်, လစဉ်ဟောစာတမ်းများ” ကား စာနယ်ဇင်း စာမျက်နှာများပေါ်တွင် မပါမဖြစ်, တွင်တွင်ကြီး, ပါဝင်နေပါတော့သည်။

ထိုသို့ နာမည်ကြီးနေသော ကိုပုကြယ်နှင့်တွေ့ဆုံပြီး ကိုယ်ပျောက်ကလောင်အကြောင်း မေးမြန်းရန် မြန်မာ့စာပေလောက တစ်ခုလုံးမှ ပုဂ္ဂိုလ်အားလုံး မကြိုးစားဖူးသူမရှိဟုပင် ဆိုနိုင်၏။ ထိုအထဲတွင် သရုပ်ဖော်စာရေးဆရာ မောင်ရှည်ပိန် (ငပုတော) လည်း တစ်ဦး အပါဝင်သည်။ သူသည် ကဗျာ၊ ဆောင်းပါး၊ အက်ဆေး၊ ဝတ္ထုတို၊ ဝတ္ထုရှည်၊ ဘာသာပြန် စသည်ဖြင့် စာပေပုံသဏ္ဍာန်များစွာ ရေးသားနေသူလည်း ဖြစ်သည်။ သို့ပေမယ့်လည်း မောင်ရှည်ပိန်သည် စားဝတ်နေရေး အတွက် တစ်ပတ်နှင့်တစ်ပတ်, တစ်လနှင့် တစ်လ, အလျဉ်မီအောင် မနည်းကြိုးစား၍ ရေးနေရရှာသည်။

အစ်ကိုလို တစ်မျိုး၊ ဆရာလိုတစ်ဖုံ ခင်မင်ရင်းနှီးသော ကိုပုကြယ်နှင့် တွေ့ဆုံခွင့်ရပြီး ကိုယ်ပျောက် ကလောင်အကြောင်း မေးမြန်း, ပြောဆို စာရေးသားရလျှင် စာမူခ, များများရနိုင်သည်၊ ဆောင်းပါးများ၊ ဝတ္ထုများဖန်တီးနိုင်မည်၊ လူအများ ကြိုက်နှစ်သက်မည့်စာများ ရေးသားနိုင်မည်ဟု တွက်ဆ,မိသဖြင့် မောင်ရှည်ပိန်သည် ကိုပုကြယ်အား  တွေ့ဆုံနိုင်အောင် မဖြစ်မနေ ကြိုးစားမည်ဟု ဆုံးဖြတ်လိုက်လေသည်။

(၂)

ထိုနေ့ မနက်စောစောက ကိုပုကြယ်သည် စေတီတစ်ဆူ၏ ရင်ပြင်တော်ပေါ်တွင် အဓိဋ္ဌာန်ဝင်, ပုတီးစိတ်, ဘုရား ရှိခိုးခြင်းများ ပြီးစီး၍ စောင်းတန်းတစ်နေရာ၌ စာရေးရန် ပြင်ဆင်နေချိန် ဖြစ်၏။ သရုပ်မှန်,မော်ဒန်, ပို့စ်မော်ဒန်, နီယွန်မောင်ဒန် စသည်ဖြင့်ရှိရာ မည်သည့်အကြောင်းအရာကို မည်သည့်စာပေပုံ သဏ္ဍာန်ဖြင့် ရေးသားမည်ကို စဉ်းစားနေစဉ်- ဝတ်ဖြူစင်ကြယ်ဝတ် ပဂ္ဂိုလ်တစ်ဦး ရုတ်တရက် ရောက်ရှိလာပြီး -

“ပြင်စက်ခ,သွား, မောင်လူသား, သင့်အားလက်ဆောင်ပေးလိုက်မည်”

“ပြင်စက်ခ,တွင်, သင့်အမြင်, ပြုပြင်စာပေ ရေးရမည်”

“ပြင်စက်ခ,ရွာ, ထိုဒီပါ, အောင်ချာထွန်းလို့ လာလိမ့်မည်” ဟု အိန္ဒိယသံ ဝဲဝဲဖြင့် သံပေါက်ကဗျာလေးကို ရွတ်ဆိုကာ ကိုပုကြယ်၏ စာရွက်များပေါ်သို့ တစ်စုံတရာ တင်ရစ်ကာ ပေးအပ်ခဲ့ပြီး တည်ငြိမ်အေးချမ်းစွာဖြင့် ထွက်ခွာသွားလေသည်။

ရုတ်တရက် အဖြစ်ကြောင့် ကိုပုကြယ် မင်သက်, အံ့သြသွားလေသည်။ တစ်ခုခု ပြန်ပြောရန် အသိ ဝင်လာချိန်၌ ထို ဝတ်ဖြူစင်ကြယ်ဝတ် ပုဂ္ဂိုလ်သည် အတော်အတန် ဝေးသည့် အခြားစေတီ တစ်ခု၏ ရင်ပြင်တော်ပေါ်သို့ ရောက်ရှိသွားပေပြီ။ ကိုပုကြယ်သည် စာရွက်များကို လွယ်အိတ်ထဲသို့ ကမန်းကတမ်း ထိုးထည့်လိုက်ပြီး အဆိုပါ ပုဂ္ဂိုလ်နောက်သို့ မြန်ဆန်သွက်လက်စွာ လိုက်သွားလေသည်။ သို့သော် ထိုပုဂ္ဂိုလ်အား မတွေ့ရတော့။ ထို့နောက် ဘုရားရင်ပြင်တော်ပေါ်နှင့် ပရဝုဏ်တစ်ခုလုံး လှည့်ပတ်, ရှာဖွေသော်လည်း အဆိုပါ ပုဂ္ဂိုလ်အား ပြန်မတွေ့ရတော့ချေ။

(၃)

“အဲဒါ ငါ့ဆီကို ထူးဆန်းတဲ့ ကလောင်လေး မမျှော်လင့်ဘဲ ရောက်လာတဲ့ အကြောင်းပဲကွ”

“ဟား အံ့သြစရာပဲ ကိုကြီးပုကြယ်ရ။ ကိုယ်ပျောက်ကလောင်လေးဆိုတာ တကယ် အဟုတ်လား။ ကျွန်တော့်ကို ပြစမ်းပါဦးဗျာ”

“မရှိတော့ဘူး”

“ဗျာ။ မရှိတော့ဘူး ဟုတ်လား။ ကိုကြီးပုကြယ် ကျွန်တော့်ကို မပြချင်လို့တော့ မဟုတ်ပါဘူး နော်”

“မဟုတ်ပါဘူးကွာ”

ကိုပုကြယ်၏ အေးစက်စက် အမူအယာနှင့် စိတ်မပါ, လက်မပါ အမူအယာကြောင့် မောင်ရှည်ပိန် အားမလိုအားမရ ဖြစ်သွားသည်။ ကိုပုကြယ်က ကိုယ်ပျောက် ကလောင်လေးကို သူ့အား မပြချင်သဖြင့် ယခုကဲ့သို့ ပြောသည်ဟုလည်း ထင်မိသည်။ သို့သော် ကိုပုကြယ်နှင့် မောင်ရှည်ပိန်တို့ကား အခုမှ ရင်းနှီးသြွိကမ်းကြသူများ မဟုတ်ကြ။ စာပေနယ်ထဲ ဝင်ရောက်စ, ကတည်းက ခင်မင်ရင်းနှီး လာခဲ့ကြသည့်၊ ဆက်ဆံခဲ့ကြသည့် လူရင်းများ ဖြစ်၏။ ဆက်ဆံခဲ့သည့် ကာလတစ်လျောက် တည်ကြည်, ဖြောင့်မတ်သော ကိုပုကြယ်ကို လေးလေးစားစား ရှိခဲ့သည်။

ကိုပုကြယ်သည် လုံးဝန်းဝန်း, ဦးခေါင်းပေါ်က ထိုးထိုးထောင်ထောင်ထ ဆံပင်တိုတိုများကို ပုတိုတိုလက်ချောင်းများဖြင့် ပွတ်သပ်လိုက်ပြီး၊ ဖောင်းအစ်အစ် မျက်နှာပေါ်က ကော့လံလံ နှာတံပေါ်ရှိ ဝိုင်းစက်စက် မျက်မှန်ဝိုင်းဝိုင်း ထူထူကြီးကို ဘယ်လက်ဖြင့် မ,တင်လိုက်ကာ တုတ်ပွပွဆေးပေါ့လိပ်ကြီးကို ညာလက်ဖြင့် ထိန်း၍ ဖွာရှိုက်လိုက်သည်။ ထို့နောက် မျက်လုံးပြူးပြူး, ရှည်ကိုင်းကိုင်း, စုတ်ချွန်းချွန်း, ကိုယ်နေဟန်နှင့် စိတ်စောနေသော မောင်ရှည်ပိန် (ငပုတော) အား ကြည့်၍-

“ဟုတ်တယ် မောင်ရှည်ပိန်။ ငါ နားကြားလွဲသွားတာ”

“ဗျာ၊ နားကြားလွဲသွားတာ ၊ ဟုတ်လား။ ဘယ်လို လွဲတာလဲ ဗျ၊ ကိုကြီးပုကြယ်ရ”

“အေး ကွ၊ ငါနားကြားလွဲပြီး သွားမိလို့ ဟေ့”

“ဟာ ဗျာ ကိုကြီးပုကြယ်ရာ ကျွန်တော်မေးတာ ကိုယ်ပျောက်ကလောင်လေးကို မေးတာဗျ။ ကလောင်ကို မေးတာ။ ဘာတွေ ပြောနေမှန်းကို မသိဘူး”

“ငါကလည်း ကလောင်လေး အကြောင်းပဲ ပြောနေတာ။ အဲဒီ ကလောင်ကြောင့် ငါ နားကြားလွဲသွားပြီး.....”

ကိုပုကြယ် စကားကို မဆက်နိုင်သေးခင် မောင်ရှည်ပိန်က-

“ကိုကြီးပုကြယ်ဟာလေ လျှို့ဝှက်, သည်းတုန်, အူတုန်, စာရေးဆရာလို့ မပြောရဘူး စကားကို တိုတိုရှင်းရှင်း, လိုရင်းကိုသာ ပြောပါတော့ဗျာ”

“ဒီလိုကွ... မောင်ရှည်ပိန်ရ... ဒီလို။ စောစောက ငါ ပြောခဲ့တဲ့ အထဲမှာ ဝတ်ဖြူ စင်ကြယ်ဝတ် ပုဂ္ဂိုလ်က အန္ဒိယသံ ဝဲဝဲနဲ့ ရွတ်ပြသွားတဲ့ သံပေါက် လင်္ကာထဲမှာ.. “ပြင်စက်ခ” ဆိုတာပါတယ်လေ၊ အဲဒီ “ပြင်စက်ခ”ဆိုတာကို ငါက “ပဉ္စဂ္ဂ”လို့ ထင်ပြီး “ပဉ္စာအဂ္ဂ” တိုင်းက ပဉ္စဂ္ဂမြို့ကြီးကို ရောက်သွားတာကွ”

“အဲဒီမှာ ဘာတွေ တွေ့ခဲ့ရလဲဗျ၊ အခု စာနယ်ဇင်း စာမျက်နှာတွေပေါ်က အတွေ့အကြုံ ဝတ္ထု၊ ဆောင်းပါး၊ ဟောစာတမ်းတွေလား”

“အင်း အဲဒါတွေလည်း ပါတာပေါ့။ တကယ့်အဖြစ်က အဲဒီထက် အများကြီး ပိုပြီး ဆိုးသေးတယ် ကွ”

“ဘာတွေများ ဆိုးနေလို့လဲ။ နည်းနည်း လင်းစမ်းပါဦးဗျာ။ ပြီးတော့ တကယ်သွားရမယ့် နေရာက ဘာလဲ။ ကိုယ်ပျောက်ကလောင်က တန်ခိုးရှိတယ် ဆိုတာ တကယ်လား။ လူက ပျောက်နေပြီး အသံကျတော့ မပျောက်ဘူး လို့ ပြောကြတာ ဟုတ်သလား”

“ဟေ့ ကောင် မောင်ပိန်၊ မင်းမေးတာတွေ အားလုံးဖြေဖို့က မလွယ်ဘူး။ ငါပြောပြ ချင်တာတွေ ပြောရင်းနဲ့ မင်းမေးခွန်းတွေ ဖြေပြီးသား ဖြစ်လိမ့်မယ်။ သေသေချာချာ နားထောင်”

(၄)

နွေးထွေးတောက်ပသည့်နေရောင်ခြည်တို့ လှပစွာဖြာကျနေသည်။ ပဉ္စာအဂ္ဂတိုင်းရှိ ပဉ္စဂ္ဂမြို့တော်ကြီး၏ လမ်း များပေါ်တွင် ရောင်စုံလူများ၊ ရောင်စုံယာဉ်များ သွားတချို့၊ လာတချို့ဖြင့် စည်ကားနေသည်။ ထိုမြို့သို့ မည်သို့, မည်ပုံရောက်လာသည်ကို ကိုပုကြယ် မစဉ်းတတ်။ ကိုပုကြယ်သည် လူစည်ကားသည့် လမ်းတစ်ခုပေါ်၌ လမ်း လျှောက်နေသည် ကိုသာ မှတ်မိနေသည်။

ထိုမြို့တော်ကြီးသည် တဖြည်းဖြည်း ပို၍, ပို၍, စည်ကားလာသည်ကို တွေ့ရသည်။ နေသည်လည်း ပို၍, ပူလာနေသည်။ သူ့အနေဖြင့် တစ်ချိန်လုံး လမ်းလျှောက် နေရသဖြင့် အတန်ငယ် မောပန်းလာသည်။ သို့ဖြင့် လူစည်ကားသည့် လက်ဖက်ရည်ဆိုင် တစ်ဆိုင်ထဲသို့ ဝင်လိုက်သည်။ ကိုပုကြယ်အား တခြားနယ်မှ ရောက်လာသည့် ဧည့်သည်တစ်ဦး ဖြစ်ကြောင်း သူတို့ သတိပြုမိကြသည်။ ကိုပုကြယ်ကလည်း ထိုသူတို့ကို ပြန်လည် သတိပြုမိ သည်။ သို့သော်လည်း မည်သို့မျှ သဘောထားဟန် မပြကြ။ မိမိတို့ လုပ်နေသည့်အလုပ်ကိုသာ ပြန်လည်အာရုံ စိုက် လုပ်ဆောင်နေ ကြသည်။

လက်ဖက်ရည်ဆိုင်ထဲ ဝင်ထိုင်လိုက်သည်နှင့် လက်ဖက်ရည်နှင့် စားစရာများ ရောက်လာ တော့သည်။ လက်ဖက်ရည်ဆိုင်ဟု ဆိုသော်လည်း လမ်းဘေး ပလက်ဖောင်းပေါ်တွင် မိုးကာမိုးပြီး ထိုင်ခုံပုများ ချပေးထားသည့် ကျူးကျော်ဆိုင်ကြီး ဖြစ်ပေသည်။ ဥဒဟို သွားလာနေသော လူများ, ယာဉ်များသည် ကိုပုကြယ်အနီး ကပ်လျက် လမ်းမပေါ်မှ ဖြတ်သန်းသွား ကြသည်။ ထိုစဉ် ကိုပုကြယ်ထိုင်နေသည့် နေရာနှင့် နီးကပ်နေသည့် လက်ဝဲ ဘက် စားပွဲဝိုင်းက စကားပြောဆိုနေသံကို ကြားလိုက်ရသည်-

“ဟေ့ကောင် ရွှေဒုတ်၊ မင်းတို့ ကွန်ပျူတာသင်တန်းက ဘယ်တော့ဖွင့်မှာလဲ။ အင်တာနက်လည်း ပါသေးတယ်ဆို..”

“အေး ကွာ၊ ဖွင့်ဖို့က အသင့်ဖြစ်နေပါပြီ။ ပစ္စည်းတွေလည်း စုံနေပါပြီ။ ရက်ကောင်းရက်မြတ်ရွေးလို့မရသေးတာနဲ့ ဒီလောက်ကြာနေတာ။ ရှေးထုံးလည်း မပယ်နဲ့၊ ဈေးသုံးလည်း မကြွယ်နဲ့ ဆိုတဲ့ စကားလိုပေါ့ကွာ။ နောက်ပြီး အင်တာနက်ဆိုတဲ့ စကားကို ငါ့အဖေက တွက်ချက်ကြည့်တော့ “နက်” လို့ စနေနံပါနေတာ မကြိုက်ဘူး တဲ့။ အားလုံး ကောင်းနေပြီ၊ အဲဒီ စကားလုံးကို တခြားစကားလုံးနဲ့ ပြောင်းသုံးဖို့ လုပ်နေတာနဲ့ ကြာနေ တာကွ၊ အေးကိုရ”

၄င်းတို့၏ ပြောစကားများအရ မေးမြန်းသူမှာ အေးကိုဖြစ်ပြီး ကွန်ပျူတာနှင့် အင်တာနက်ဖွင့်ဖို့ လုပ်နေသူမှာ ရွှေဒုတ်ဖြစ်ကြောင်း ကိုပုကြယ်သိလိုက်ရသည်။ ရွှေဒုတ်မှာ မျက်နှာလေးထောင့်နှင့် အသားဖြူဖြူ။ အေးကိုမှာ အသားညိုညို ပုပျတ်ပျတ်။

“အင်တာနက်ကို အင်တာဖြူလို့ ပြောင်းလိုက်ရင်တော့ ကောင်းတယ် တဲ့။ တနင်္ဂနွေနဲ့ ကြာသပတေး အတွဲပေါ့။ အင်တာနက်ကို အမည်ပြောင်းလို့ မဖြစ်ရင်လည်း အင်တာလို့ပဲ သုံးရတော့မှာပဲ ကွာ။ တနင်္ဂနွေနဲ့ စနေ နှစ်ထပ်တော့ မသုံးချင်ဘူး”

သူတို့ စကားကြောင့် ကိုပုကြယ် အတော်ပင် ရယ်ချင်သွားသည်။ သို့သော် မရယ်ရဲ။ စားစရာများကို ပါးစပ်ထဲ အပြည့် ထည့်လိုက်ရသည်။

ထိုစဉ် ရွှေဒုတ်တို့နှင့် ကပ်လျှက်စားပွဲက လူနှစ်ယောက်က အော်ကျယ်, အော်ကျယ် ပြောလာ ပြန်သည်။

“ကိုကြက်တော၊ ဘာလဲဗျ ခင်ဗျားက စာအရမ်းဖတ်သူ, ဆိုပြီး ကျုပ်တို့ကို အားလုံးသိ၊ အားလုံးတတ်, လုပ်ဦးမှာပဲလား။ ဒီတစ်ခါတော့ ကျုပ်မေးတာကို သေသေချာချာ ဖြေနိုင်ပါ့မလား။ မဟုတ်ရင် ခင်ဗျား အရှက်ကွဲဦးမယ်”

“ငါက စာတွေဖတ်တော့ အသိပိုတာပေါ့ကွာ။ ဗဟုသတပိုတာပေါ့။ ဘယ်မှာ ဘာဖြစ်နေတယ်၊ ဘာတွေ လုပ်နေကြတယ်။ နောင် ဘာဖြစ်လာမယ် ဆိုတာ မှန်းဆ ကြည့်ရတာပေါ့၊ ဘိုဘိုမင်းရ။ မင်းတို့လည်း ဖတ်ကြစေချင်တယ်။ ဒါမှ...”

အရပ်မြင့်မြင့် နှုတ်ခမ်းမွှေးကားကားနှင့် ကိုကြက်တော စကားမဆုံးသေးခင် ပုပုဝ၀ ဘိုဘိုမင်းဆိုသူက -

“ဟုတ်ပါပြီဗျာ၊ အခု ခင်ဗျားဖတ်ထားတဲ့ သင်္ချာအကြောင်းနဲ့ ပတ်သက်ပြီး ကျုပ်က မေးချင်တာဗျ။ သင်္ချာပညာ ရှင်တို့၏ ကောင်းကင်ဘုံ ဟုတ်လား။ ရူပဗေဒပညာဖြင့် စကြဝဠာကို တိုင်းတာခြင်း ဟုတ်လား။ ထားတော့ဗျာ၊ အဲဒါတွေ ကျုပ် မသိချင်ပါဘူး၊ မမေးချင်ပါဘူး။ ကျုပ်မေးချင်တာက - အိုင်းစတိုင်းရဲ့ ‘ရလေဗတီ’ သီအိုရီဆိုတာက ကျုပ်တို့ရဲ့မဟာဘုတ်အဟောလောက်မှ မှန်ရဲ့လားဗျ။ ပြီးတော့....” ဟု စကား မဆက်သေးပဲကိုကြက်တောကို ကြည့်နေသည်။ ကိုပုကြယ်သည် ရယ်ချင်နေသော်လည်း ကိုကြက်တော မည်သို့ ဖြေမည်ကို စောင့်နေသည်။ သို့သော် ဘိုဘိုမင်း ဆိုသူက ထပ်မေး ပြန်သည်။

“အာခိမိဒိ စည်းမျဉ်းက ဇနကကိန်းတွက်တာနဲ့ ဘယ်လိုနေလဲ။ ဆိုလိုတာက ဘယ်ဟာက ပိုပြီး မှန်သလဲ ဆိုတာရယ်၊ နောက်ပြီး နယူတန်ရဲ့ နိယာမတွေက စကြ်ာသုံးထပ်ကိန်းနဲ့ ဆိုရင် ဘယ်အဆင့်လောက် ရှိသလဲ” ဟု ထပ်မေးပြန်သည်။

သူ၏ ပုံစံမှာ အောင်နိုင်သူပုံစံဖြင့် ခပ်ဝင့်ဝင့်ရှိနေသည်။ ကိုကြက်တောမှာကား ယောင်တောင်တောင်, ကြောင် တက်တက်, မောင်းကျောက်မှန်သည့် ကြက်ဖြစ်သွားသည် ဟုထင်သည်။ တခုခုကို အလေးအနက်ထား စဉ်းစားနေဟန် တွေ့ရသည်။

ကိုပုကြယ်ကား ပြန်ဖြေမည့် အဖြေကို သိချင်သော်လည်း ရယ်ချင်စိန်ကို မထိန်း နိုင်တော့ သဖြင့် ထိုနေရာမှ အမြန်လစ် ထွက်ခဲ့ရသည်။

(၅)

ကိုပုကြယ်သည် မည်သည့်နေရာကို ရောက်လာသည်ကို မသိ။ အတော်အတန် လမ်းလျှောက်လာပြီးနောက် သူသည် နန်းတော်မြို့ရိုး တစ်ခုကိုတွေ့လိုက်ရသည်။ ထို တိုင်းပြည် ပဉ္စာအဂ္ဂဘုရင်၏ အမိန့်ပြန်တမ်း, ထုတ်ပြန်ချက် ရေးသားထားသည့် ကြော်ငြာချက်ကို တွေ့လိုက်ရသည်။ ကိုပုကြယ် စိတ်ဝင်တစားဖတ်ရှုလိုက်ရာ -

“တိုင်းသူ ပြည်သား လူအများတို့၊ ဘုရင်မင်းတြားကြီး အမိန့်တော် ရှိသည်မှာ မင်းတြားကြီး၏ တစ်ပါးတည်းသော သမီးတော်လေး ခံစားနေရသော လွန်စွာ အနံ့ဆိုးသည့် ရောဂါအား အလျင်အမြန် ကုသဖို့ အတွက် ပညာရှိ ပုဏ္ဏားဖြူ၊ ပုဏ္ဏားညိုတို့၏ အတွက် အချက်နှင့်အညီ၊ နံနက် နေထွက်ချိန်၌ နွယ်နီရိုးကို ကိုင်ကာ, နွားနက်, နွားနို့စိမ်၍ ကုသ,ရမည် ဖြစ်သဖြင့် မနက်ဖြန် နေမထွက်မီ နန်းတွင်းသို့ လာရောက်ပြီး မိမိတို့ အိမ်မှ နွားနက်နို့ တစ်ပုလင်းစီ၊ တစ်ဦးချင်း လာရောက် ပေးပို့ရမည် ဖြစ်ကြောင်းနှင့် လာရောက်ပေးပို့ရန် ပျက်ကွက်ပါက ရွှေနန်း ရှင်၏ ပြဋ္ဌာန်းထားသည့် ဥပဒေအတိုင်း စီရင်ပြစ်ဒဏ်ခတ်မည် ဖြစ်ကြောင်း အမိန့်တော်....” ဟူ၍ တွေ့လိုက်ရသည်။

အမိန့်ပြန်တမ်းကို ဖတ်ရှုနေသည့် လူနှစ်ဦး သုံးဦးကိုလည်း တွေ့လိုက်ရသည်။

ပထမ တစ်ဦးက - “တွေ့လား၊ စနေနံ နှစ်ထပ်ကိန်း ကြုံနေရတော့ စနေနံဓာတ် လေးထပ်နဲ့ ပြန်တိုက်ယူရတာ၊ မှတ်ထား”

ဒုတိယတစ်ဦးက “သိပါတယ်ကွာ၊ ငါလည်း ဒီလိုကြုံဖူးတယ်။ ဒီနည်းက အကောင်းဆုံး ပဲ။ ငါ့ဦးလေးတစ်ဦး ဖြစ်ခဲ့တဲ့ ကိန်းနဲ့ အတူတူပဲ”ဟု ပြောဆိုနေ ကြသည်ကို ကြားလိုက်ရသည်။

သို့ဖြင့် နောက်တစ်နေ့ နံနက်တွင် ကိုပုကြယ်သည် နန်းတော်တွင် ပြုလုပ်သည့် နွားနက်, နွားနို့စိမ်၍ ကုသ,သည့် အခြေအနေကို သွားရောက်ကြည့်ရှုခဲ့ပြီးနောက် သူသည် နန်းတွင်း အပြင်ဘက် ဈေးတန်းတစ်နေရာ ပလက် ဖောင်းတစ်ခု၌ လက်ဖက်ရည် သောက်ရန် ထိုင်နေလေသည်။ တခြား လက်ဖက်ရည်ဝိုင်းမှ လူများ ဘာပြောလိမ့်မည်ကို နားစွင့်လျှက်ရှိသည်။ ထိုစဉ် ယာဉ်တစ်စီးပေါ်မှ ခရီးသည်များ၏ ကြောက်လန့်တကြား အော်ဟစ်သံနှင့် အတူ ယာဉ်တစ်စီးက ဘရိတ်ပေါက်ပြီး ကိုပုကြယ် ထိုင်နေသည့် ဆိုင်အား ရုတ်တရက် ဝင်တိုက်လေတော့ သည်။ ကိုပုကြယ် အလန့်တကြား ရှောင်တိမ်းလိုက် သော်လည်း မည်သို့မျှ ရှောင်တိမ်းမရတော့။ မျက်စေ့ထဲတွင် နောက်ဆုံး မှတ်မိလိုက်သည်မှာ “အချိန် မမေးရ” ဟူသည့် ဆိုင်းဘုတ် ငယ်လေးသာ ဖြစ်သည်။ သူ၏ နားထဲတွင် နောက်ဆုံး ကြားလိုက်မိသည့်စကားတို့မှာ-

“ဟေ့ ဘယ်ဘက်လက်ကိုကြည့်၊ ဘယ်ဘက်လက်ကိုကြည့် ဟေ့”

“သူ့မွေးနေ့သိမှ သေနိုင် မသေနိုင် တွက်ချက်လို့ ရမှာ”

“ဟာ ဧည့်သည်တစ်ဦးကွ၊ ဘယ်ဘက် လက်ဖျံ အတွင်းပိုင်းမှာ မွေးသက္ကရာဇ် ထိုးမထားဘူး။ ဘယ်ကမှန်းလည်း မသိဘူး၊ မွေးသက္ကရာဇ် မသိတော့သူ့ကို ဘယ်လိုလုပ်ပြီး ယတြာ ချေပေးရမှန်းတောင် မသိတော့ဘူး” ဟူ၍သာ ကြားလိုက်ပြီး သူသည် လဲကျ, မေ့မျော, သွားလေသည်။

နိဂုံး

စာရေးဆရာ ကိုပုကြယ်သည် အာခြောက်သွားသည့် အလား ရေနွေးကြမ်း တစ်ခွက်ကို တဖြည်းဖြည်း သောက်လိုက်သည်။ ထို့နောက် -

“အဲ ငါသတိရလာတော့ ဘယ်လိုကနေ ဘယ်လိုဖြစ်ပြီး ငါ့အခန်းထဲ ပြန်ရောက်နေမှန်းမသိဘူး။ အဲဒီ ကလောင်လေးလည်း ပျောက်သွားပါရောလား”

“အိုဗျာ ဟုတ်ကောဟုတ်ရဲ့လားဗျ။ အတော့်ကို မယုံနိုင်စရာပဲဗျာ။ ကိုယ်ပျောက် ကလောင်လေးက ကိုယ်ပျောက်တယ် ဆို။ ခင်ဗျားကို သူတို့က ဘယ်လိုလုပ်မြင်သလဲ။ ပြီးတော့ ဘုရင်ကြီးရဲ့ သမီးတော်လေးရောဂါ ပျောက်ကင်းသွားရဲ့လား။ သူတို့ ယတြာက တော်တော်ကောင်းလား။ ရှင်းပြပါဦး”

“မင်းကတော့ လုပ်ပြီ။ မင်းသမီးလေးဆိုတာနဲ့ မင်းနှာက ထ,လာပြီး။ ကိုယ်ပျောက် ကလောင်လေးဆိုတာ ဘယ်က ဟုတ်ရမှာလဲ။ သာမန်ကလောင်တစ်ချောင်းပါပဲ။ ဒါပေမယ့် ငါစာရေးမယ်လို့ ဆိုပြီး တစ်ခုခုကို စဉ်းစားလိုက်တာနဲ့ အဲဒီ အကြောင်းအရာနဲ့ သက်ဆိုင်တဲ့ အချက်အလက်တွေ သိပ်မစဉ်းစားရပဲ ပေါ်ပေါ်လာ တော့တာပဲ။ ငါ ထင်တာတော့ ပုတီးစိပ်၊ တရားထိုင်တဲ့ အကျိုးလို့ထင်တာပဲ။ မင်း မေးတာတွေက သိပ်များနေပြီ ကောင်လေး။ ငါ တစ်ခုချင်းပဲ ဖြေနိုင်မယ်။ ပြန်မေး”

“ခင်ဗျား သူတို့ယုံတဲ့ ယတြာအပေါ် ဘယ်လိုမြင်မိသလဲ”

“ငါ့ အမြင်ကတော့ ယတြာဆိုတာ ရှိတော့ရှိနိုင်တယ်။ အင်မတန် ကြမ်းတမ်း ပြင်းထန်တဲ့ မိုးရွာထဲမှာ ထီးကလေးလို, ဦးထုပ်လေးလို ပေါ့။ ဒါပေမယ့် အဲဒါ အားကိုးနဲ့ မိုက်လုံးကြီးမနေသင့်ဘူး။ စေတနာကောင်းနဲ့ ဒါနပြုရင် အဲဒီအပေါ် ပြန်လည် သက်ရောက်မှုကလည်း ကောင်းမှာပါ”

“ကျုပ်ကတော့ ယတြာဆိုတာကိုမယုံဘူးဗျ။ ဘယ့်နှယ်ဗျာ၊ တစ်စုံတစ်ယောက်လုပ်တဲ့ မကောင်းမှုအတွက် လုပ်တဲ့ သူအပေါ်မှာပဲ တာဝန်ရှိတယ်။ အဲဒီအတွက် အစားထိုး ချေချွတ်ပေးနိုင်တယ် ဆိုတာမျိုး မရှိသင့်ဘူး။ မရှိရဘူး။ ရှိတယ် လို့ ယူဆထားရင်တော့ ဒါ ဟာ ရူးသွတ်, မိုက်မဲမှု တစ်မျိုးပဲ။ ကျုပ်တော့ အဲဒီလိုထင်တယ်။ ကိုကြီးပုကြယ်ရော”

“ဟေ့ကောင်လေး တိုးတိုးပြော၊ မင်းပြောတာကို ကြားသွားလို့ ကိုယ့်အတ္တ အကျိုးအတွက် ကိုယ်တိုင်ချေနေတဲ့ သူတွေက ဝိုင်းရိုက်နေပါဦးမယ် ကွာ”

“ထားပါတော့ဗျာ။ ဘုရင်ကြီးရဲ့ သမီးတော်လေးရောဂါရော တကယ်ပျောက်သွား သလား”

“ဟေ့ ကောင်ရေ၊ ငါတော့ တော်တော်ရယ်လည်း ရယ်ချင်၊ သံဝေဂလည်းရနဲ့ ကွာ။ ငါတို့ရော သူတို့လို ဖြစ်နေပြီလားလို့ တောင်တွေးမိတယ်။ ပဉ္စာအဂ္ဂတိုင်းသားတွေဟာ အတော့်ကိုပဲ အယူသည်း, အစွဲကြီးရုံတင်မကဘူး, ဆိုးညစ်နေသေးတယ်၊ တာဝန်မဲ့ နေသေးတယ် လို့ ပြောရမှာပဲ”

“ကိုကြီးပုကြယ်က လုပ်ပြန်ပြီနော်၊ စကားကို တည့်တည့်မပြောဘူး။ လို,တို,ရှင်း ပြောပါဗျာ။ ကျုပ်က စိတ်မရှည်ချင်တော့ဘူး။ ဘယ်လို ဖြစ်လို့လဲဗျ”

“အေးပါကွာ၊ မင်းကလည်း နည်းနည်းတော့ စိတ်ရှည်ရှည်ထားမှပေါ့။ အခုဟာက မင်းပြောသလို ယတြာကို ယုံကြည်လွန်းနေတာတစ်ခုတည်းဆို တော်သေးတာ ပေါ့။ သူတို့က တာဝန်မဲ့ နေကြသေးတယ် ကွ”

“ဘယ်လို တာဝန်မဲ့တာလဲ၊ လုပ်ပါဦး”

“နွားနက်နွားနို့ တစ်ပုလင်းကို နံနက်စောစော တစ်ဦးချင်းလာပို့ရမယ်၊ ပြီးတော့ တစ်ယောက်တည်း လာပို့ရမယ် လို့ ဘုရင်ကြီးရဲ့ အမိန့်တော်မှာပါတယ်ကွ။ အဲဒီမှာကွာ နွားနို့လာပို့တဲ့ လူတိုင်းက ဘယ်လို စဉ်းစားကြသလဲ ဆိုတော့ ‘ငါ့ရေလေး တစ်ပုလင်း လောက်နဲ့တော့ ဘာမှ မဖြစ်လောက်ပါဘူးလေ၊ ကျန်တဲ့ လူတွေက နွားနို့အစစ် ထည့်မှာပဲ၊ ရပါတယ်လေ’ ဆိုပြီး ရေတစ်ပုလင်းထည့်လိုက်တယ်။ ဒီလိုနဲ့ မနက်ပိုင်း နွားနက်နွားနို့ စိမ်ဖို့ နွယ်နီရိုးကို ကိုင်ပြီးစောင့်နေတဲ့ သမီးတော်လေးလည်း လာရော၊ စည်ကို ဖွင့်လိုက်တော့...၊ ဟေ့ကောင်ရေ... အားလုံးဟာ ရေတွေချည့် ဖြစ်နေပါရော လား။ ဟား ဟား ဟား။ ဘုရင်ကြီး ဒေါသထွက်နေတာများကွာ၊ မင်း စဉ်းစားကြည့်ပေါ့ကွာ။ ဟား ဟား ဟား”

“ဟား ဟား ဟား။ အမိန့်၊ စည်းကမ်းဆိုတာ ရောက်လာရင် တိတိကျကျ မလိုက်နာ ချင်ကြတဲ့ အပြင် ‘ဒါလေး လုပ်တာ ဘာမှ မဖြစ်လောက်ပါဘူး’ ဆိုပြီး တာဝန်မဲ့တာ, ရေသာခို, အချောင်လိုက်ချင်ကြတာကတော့ ရွံစရာကောင်းတယ်ဗျာ”

“ဟုတ်တယ် ဟေ့၊ သိပ်ဟုတ်”

“ဒါနဲ့ အဲဒီ ဘုရင်ကြီးက ယတြာချေပြီး တိုင်းသူပြည်သားတွေရဲ့ အောက်တန်းကျ နေတဲ့ စိတ်ဓာတ်ကို မမြှင့်တင်ဘူးလား၊ မပြုပြင်ဘူးလား”

“ဟေ... မင်းဟာ ယတြာဖြင့် စိတ်ဓာတ်မြှင့်တင်, စိတ်ဓာတ်ပြုပြင် ပေးရမယ် လို့ ကွာ။ ငါ့တော့ အဲ့ဒီမှာ ကြားလည်း မကြားဖူးခဲ့ဘူး။ တွေ့လည်း မတွေ့ဖူးခဲ့ဘူး။ ထားတော့ကွာ”

“ကိုကြီးပုကြယ်ကို မေးဖို့ တစ်ခုကျန်နေသေးတယ်ဗျ။ အဲဒါကတော့ ကိုကြီး ပုကြယ် တကယ်သွားရမယ့် နေရာက ဘာလဲ ပြောပါဦး”

“ငါ တကယ်သွားရမယ့် နေရာက “ပစ္စက္ခ” ကွ။ ငါက “ပြင်စက်ခ” ကို “ပဉ္စဂ္ဂ” လို့ ထင်ပြီး သွားတော့၊ သူ တိုက်တွန်းတဲ့ “ပစ္စက္ခ” ကို မရောကဘဲ ဖြစ်သွားတော့တာပေါ့”

“ထပ်ရှင်းပါဦးဗျ”

“ဒီလိုလေ...၊ “ပစ္စက္ခ” ဆိုတာ လက်ရှိအခြေအနေ၊ တစ်နည်းအားဖြင့် ပစ္စုပ္ပန်ကို တည့်တည့် ရှုရမယ် လို့ ပြောတာ။ လူတိုင်း, လူတိုင်း ပစ္စုပ္ပန်ကို တည့်တည့် ရှုကြမယ်၊ ပစ္စုပ္ပန်ကို အကောင်းဆုံး လုပ်ဆောင်ကြမယ် ဆိုရင် ဘာယတြာမှ မလိုဘူး၊ ကမ္ဘာလောက တစ်ခုလုံး ကောင်းမွန်သွား လိမ့်မယ် ဆိုတဲ့ အကြောင်းရေးဖို့ ပြောတာတဲ့။ ဒီအကြောင်း ငါ ဒီနေ့ မနက်ကျမှ သိလာရတာ။ ဝတ်ဖြူစင်ကြယ်ဝတ် ပုဂ္ဂိုလ်ပဲ တစ်ခေါက် ပြန်ရောက်လာပြီး ပြောပြတာပါ။ တကယ်တော့ ဘဝရဲ့ အန္တိမ ရည်မှန်းချက်ကို ရောက်ဖို့ ဒီ သံသရာ ရှည်စေတဲ့ ယတြာနဲ့ ဘယ်လိုမှ မဖြစ်နိုင် မရောက်နိုင်ကြဘူး ဆိုတဲ့ အကြောင်း ပြန်ရေးပါဦး တဲ့။ အဲဒါကြောင့် ငါလည်း ....”

ကိုပုကြယ် စကားကို မဆက်သေးပဲ အဝေးတစ်နေရာသို့ ငေးနေသည်။ မောင်ရှည်ပိန် (ငပုတော) ကလည်း ကိုပုကြယ် ဘာ ဆက်ပြောလာမည်ကို သေချာနားထောင် နေလေသည်။ သို့သော် ကိုပုကြယ်က မည်သည့်စကားမျှ ဆက်မလာသဖြင့် မောင်ရှည်ပိန်က စိတ်မရှည်နိုင်ပဲ စကားထောက်ပေးသည်။

“ဘာဖြစ်လဲ၊ ပြောဗျာ”

“ကလောင်နှုတ်ဆက်ပွဲနဲ့ မိတ်ဆက်ပွဲလုပ်မယ် လို့ ဆုံးဖြတ်လိုက်ပြီကွာ”

“ဗျာ...၊ ကလောင်နှုတ်ဆက်ပွဲ။ ဘာကို မိတ်ဆက်ပွဲလုပ်ဖို့လဲ ဗျ။ ကိုကြီးပုကြယ် ပြောပါဦးဗျ၊ ရှင်းရှင်းလင်းလင်း”

“ဒီလိုလေ ငါနားကြားလွဲပြီး သွားခဲ့လို့ သံသရာရှည်စေမယ့် စာမူတွေရေးသားခဲ့ တာမျိုး နောက် မရေးတော့ပါဘူး ဆိုပြီး ကလောင်နှုတ်ဆက်မယ်...”

“မိတ်ဆက်ပွဲကရော..”

“မိတ်ဆက်ပွဲက နောင်ကို နွားနို့ စစ်စစ်တစ်ပုလင်း ယူလာပါတော့မယ် ဆိုတဲ့ ကတိခံ မိတ်ဆက်ပွဲပေါ့ကွာ၊ ဟား ဟား ဟား”

“ဟား ဟား ဟား “

နိုင်စွမ်း
၂၀ဝ၆ အေပြီ  ၂၅

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar