Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း



မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၄လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇွန် ၁၃၊ ၂၀၂၁

တကျော့ပြန် ပြည်တွင်းစစ်မီးတောက်လာတော့မယ့် မြန်မာနိုင်ငံရဲ့ အလားအလာ

ဂျီနီဗာမှာ ကျင်းပတဲ့ အစည်းအဝေးတခုမှာ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီး မီရှဲလ်ဘက်ချ်လက်က မြန်မာနိုင်ငံမှာ လက်နက်ကိုင် ပဋိပက္ခကြောင့် လူအများအပြား သေဆုံးဖွယ်ရှိတယ်လို့ သတိပေးပြောကြားခဲ့ပါတယ်။ ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်တို့မှာ မကြာသေးတဲ့ လ၊ သီတင်းပတ်တွေက စတင်ခဲ့တဲ့ လက်နက်ကိုင် ခုခံမှု တိုက်ခိုက်မှုတွေရဲ့ အလားအလာကို ကုလသမဂ္ဂ အနေနဲ့ နိုင်ငံတကာအစိုးရတွေ အဖွဲ့အစည်းတွေကို သတိပေးပြောကြားလိုက်တဲ့သဘောလည်း ဖြစ်ပါတယ်။

ပြည်တွင်းမှာ နေထိုင်နေသူတွေအနေနဲ့ လူ့အခွင့်အရေးကော်မရှင်နာမင်းကြီး ခုလို မပြောမှီကတည်းက ခုလိုအလားအလာတွေ တွေဆီ ဦးတည်နေတယ်ဆိုတာ သတိပြုမိပြီးဖြစ်ပါတယ်။ ဆယ်စုနှစ်များစွာ လက်နက်ကိုင် ပဋိပက္ခမဖြစ်ခဲ့တဲ့ဒေသ တိုင်းရင်းသား ဒေသတချို့တောင် ဖေဖေါ်ဝါရီ အာဏာသိမ်းမှုကြောင့် လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်လာနေတာကို ကြည့်မယ်ဆိုရင် နကိုက လက်နက်ကိုင် အဖွဲ့ရှိပြီးဖြစ်တဲ့ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ် နဲ့ ကယားပြည်နယ်တို့မှာ စစ်ရေးနည်းလမ်းနဲ့ အားပြုိင်ကြဖို့ နိုင်ငံရေး ရည်မှန်းချက်ကို ရအောင်လုပ်ဆောင်ကြဖို့ အလားအလာတွေ အရိပ်လက္ခဏာတွေ၊ တွေ့နေရသလို တချို့နေရာတွေ စတင်တိုက်ခိုက်နေကြပြီ ဖြစ်ပါတယ်။

တခြားသောပြည်နယ် တိုင်းတွေနဲ့ နှိုင်းယှဥ်ရင် လူဦးရေ အနည်းအကျဥ်းသာရှိတဲ့ ကယားပြည်နယ်မှာတောင် စစ်ဘေးရှောင် ဒုက္ခသည် ၁ သိန်းကျော်ရှိသွားပြီဆိုတာကို ကြည့်ရင် တိုက်ပွဲဧရိယာ နဲ့ တိုက်ပွဲရဲ့ ပြင်းထန်မှု၊ တိုက်ပွဲမှာ အရပ်သားတွေအပေါ် ရက်စက်စွာ မေြလှန်ပိတ်ဆို့တဲ့ နည်းနာတွေ ကျင့်သုံးမှုတွေ ကြောင့် ခုလို လူဦးရေ သိန်းနဲ့ချီ တိမ်းရှောင်ကုန်ကြတဲ့ သဘောလည်း ဖြစ်ပါတယ်။

လူဦးရေကျဲတဲ့ ကယားပြည်နယ်မှာ စစ်ဘေးရှောင်ရသူ တသိန်းကျော်လာချိန်မှာ ကယားထက် လူဦးရေ ကျဲတဲ့ ချင်းပြည်နယ် မင်းတပ်ဘက်မှာလည်း စစ်ေဘးရှောင်ရသူ ၅ သောင်းကျော်လာပြီလို့ သိရပါတယ်။ နေ့စဥ် ညစဥ် မိုးတွေရွာနေတဲ့ ခုလို မုတ်သုန်ရာသီဒဏ်အောက်မှာ အိုးအိမ်စွန့်ခွာပြီး တောထဲ တောင်ထဲ ဖြစ်သလိုနေရ ဖြစ်သလို ချက်ပြုတ်စားသောက်ရတဲ့ အခြေအနေဟာ ဘဝမှာ အသက်သေဆုံးရတဲ့ အခြေအနေကလွဲရင် အဆိုးဆုံးအတွေ့အကြုံတွေ ြဖစ်ပါတယ်။

စစ်ကောင်စီတပ်တွေဟာ တိုင်းရင်းသားလက်နက်ကိုင် ဒေသတွေမှာ ဆယ်စုနှစ်များစွာ တိုက်ခိုက်ခြေမှုန်းရာမှာ သုံးခဲ့တဲ့ နည်းနာတွေကို ခုမကြာသေးခင်က စတင်ဖြစ်ပွားလာတဲ့ ခုခံတိုက်ခိုက်တဲ့ စစ်ပွဲတွေမှာ ကျင့်သုံးနေတာဖြစ်ပြီး အသစ်အဆန်းတော့မဟုတ်ပါဘူး။

ယခင်ကတော့ ပြည်မမှာနေထိုင်သူတွေက အခုလို စစ်တပ်က မြေလှန်၊ပိတ်ဆို့ သတ်ဖြတ် မုဒိမ်းကျင့် ရွာမီးရှို့တဲ့ အဖြစ်အပျက်တွေကို သတင်းတွေ အဖွဲ့အစည်းတွေက ထုတ်ပြန်ကြတဲ့ အစီရင်ခံစာတွေမှာ ဖတ်ရ သိရပေမယ့်လည်း ကိုယ့်မျက်စေ့နဲ့ မမြင်တွေ့ရ ကိုယ့်အနီးအနားမှာ မဟုတ်လို့ ကိုယ်ချင်းမစာတတ်ခဲ့သူတွေ အများအပြားရှိနိုင်ပါတယ်။ ခုအခါမှာတော့ ပြည်မက သူတွေအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ ပြီးခဲ့တဲ့ ဆယ်စုနှစ် ၇ ခုလုံး ဘယ်လိုတွေ ခံစားခဲ့ရတယ်ဆိုတာ နားလည်ကိုယ်ချင်းစာနိုင်လာကြပြီလို့ဆိုရမယ် ထင်ပါတယ်။

ကုလသမဂ္ဂ အနေနဲ့ ရှေ့အလားအလာကို ခန့်မှန်းရာမှာ လူအသေအပေျာက်များနုိင်တယ်လို့ ကောက်ချက်ချ မှန်းဆထားတာပါ။ စစ်ပွဲတွေမှာ တိုက်ခိုက်လို့ သေဆုံးရသူတွေအပြင် စစ်ဘေးရှောင်ရင်း ရောဂါ၊ ရာသီဥတုဒဏ်၊ ရိက္ခာပြတ်လတ်မှု၊ ဆေးဝါးကုသမှု မရနိုင်တဲ့အခြေအနေနဲ့ မြို့တွေရွာတွေမှာလည်း စစ်ကောင်စီတပ်တွေက ဖမ်းဆီး နှိပ်စက်သတ်ဖြတ်လို့ သေဆုံးနိုင်ခြေလည်း ထည့်သွင်းတွက်ဆထားပုံရပါတယ်။

လက်ရှိ မြန်မာနိုင်ငံအခြေအနေဟာ ၁၉၄၉/၅၀ ခုနှစ် ပြည်တွင်းစစ်ကာလပြီးနောက် မြန်မာနိုင်ငံရဲ့ သမိုင်းမှာ ပြည်တွင်းစစ်မီး အကျယ်ပြန့်ဆုံးကာလတခု အနေနဲ့ ဖြစ်နိုင်ခြေရှိနေပါတယ်။

အန်အယ်လ်ဒီရဲ့ ရွေးကောက်ပွဲ သောင်ပြိုကမ်းပြိုနိုင်ခြင်းဟာ စစ်တပ်ရဲ့ အာဏာစက်ကို လျော့ချဖို့ လုပ်ဆောင်လိမ့်မယ်၊ ဒါ့အပြင် စစ်ခေါင်းဆောင် ဗုိလ်မင်းအောင်လှိုင်ရဲ့ တဦးချင်း ဆန္ဒ၊ ကိုယ်ကျိုးစီးပွား အတွက်ကာကွယ်မှု ဆိုတဲ့ အကြောင်းတွေက ခုလို အာဏာသိမ်းဖို့ စေ့ဆော်ခဲ့ပုံရပါတယ်။ ဒါကြောင့် စစ်ခေါင်းဆောင်အနေနဲ့ အာဏာသိမ်းဖို့ တွက်ဆရာမှာ လူထုရဲ့ ခုခံတုံ့ပြန်မှုကို လျော့တွက်ခဲ့တာကို တလောက နိုင်ငံခြားသတင်းဌာနတခုနဲ့ အင်တာဗျူးလုပ်ရာမှာ ထုတ်ဖေါ်ဝန်ခံခဲ့ပါတယ်။

တိုင်းရင်းသား ပါတီတွေ၊ အခြားေသာနိုင်ငံရေးပါတီတွေနဲ့ အန်အယ်လ်ဒီအကြား မဟာမိတ်ဆက်ဆံရေး မရှိခြင်းကို သုံးသပ်ပြီးတော့ အန်အယ်လ်ဒီက နိုင်တဲဲ့ ရွေးကောက်ပွဲ ကို မဲခိုးပါတယ် မဲမသမာမှုရှိပါတယ်လို့ အကြောင်းပြပြီး အာဏာသိမ်းခဲ့ရာက မမျှော်လင့်ပဲ ခုလို အဖက်ဖက်က ခုခံမှု လက်နက်ကိုင်ပြီး ပြန်တုံ့ပြန် တိုက်ခိုက်မယ့် လမ်းကိုရွေးခြယ် ကြတဲ့အထိ အခြေအနေမျိုး ရောက်လာနေပြီဖြစ်ပါတယ်။

နိုင်ငံရဲ့ ဆယ်စုနှစ်များစွာ ရှည်ကြာခဲ့တဲ့ ဖက်ဒရယ် အခွင့်အရေးဆိုင်ရာ နိုင်ငံရေး ပြဿနာ၊ စစ်တပ်က နိုင်ငံရေးထဲပါဝင်စွက်ဖက်ပြီး အုပ်ချုပ်တဲ့ ပြဿနာတွေကို ခု စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတဲ့ အချိန်တပြိုင်နက်ထဲမှာ ဖြေရှင်းကြဖို့ တနည်းအားဖြင့် ခုလိုအချိန်ကို နိုင်ငံရေး အခွင့်အရေးတရပ်သဖွယ် ရှုမြင်ပြီး ဖြေရှင်းကြဖို့ စဥ်းစားနေကြတဲ့ အနေအထားလည်း ဖြစ်ပါတယ်။ နိုင်ငံရေးအတွက် ဖြေရှင်းဖို့ကို စစ်ရေးနည်းဖြင့် အသုံးပြုနေကြပြီလည်း ဖြစ်ပါတယ်။ စစ်ရေးနည်းဖြစ်တာကြောင့် - ဖြေရှင်းမယ့် နည်းလမ်းက အနာကို ဆေးထည့်ပြီး ပြန်ကောင်းအောင် လုပ်တာမျိုးထက် အနာကို ခွဲထုတ် ဖြတ်ထုတ်တဲ့ နည်းလမ်းဖြစ်ပါတယ်။ အထိအခိုက် အကျအဆုံးက ရှိလာမယ့် သဘောလည်း ဖြစ်ပါတယ်။ အထိအခိုက် အကျအဆုံးတွေလည်း ခံစားနေရတဲ့အချိန်လည်း ဖြစ်နေပါတယ်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar