Breaking News

ဘိုးညီတင့် - ဗောဓိသတ္တဇကလေး

Art - Saw Ngo

ဗောဓိသတ္တဇကလေး
ဘိုးညီတင့်
(မိုးမခ) ဇွန် ၁၃၊ ၂၀၂၁

ဥယျာဉ်သာရွာ၌ သူကြီးမင်းဇကလေးအား မည်သည့်ရွာသူ/ရွာသားကမျှ မျက်မွှေးထော်မော်၍မကြည့်ဝံ့ကြချေ။ အာဏာဆိုသည်မှာ သူကြီးမင်းဇကလေး၏ နှစ်လုံးပြူးပြောင်းဝကလာသည်မဟုတ်လော။ သူကြီးမင်းဇကလေးသည် သူ့ရွာအတွက်အသက်ကိုပေးလှူထားသူဖြစ်ကြောင်း၊ ရွာသူ/ရွာသားတို့အကျိုးကို ရွက်ဆောင်နေသူဖြစ် ကြောင်း မကြာခဏထုတ်ဖော်ပြောကြားလေ့ရှိသည်။ သူကြီးမင်းဇကလေးရွာချစ်ပုံ၊ ရွာသူရွာသားတို့အကျိုး ဆောင်ရွက်ပုံတို့ကို ရေးသားရမည်ဆိုလျှင် စစ်တောင်းစက္ကူစက်ကြီးပင် စာရွက်နိုင်အောင်ထုတ်လုပ်ပေးနိုင်မည်မထင်။ သို့သော် စာဖတ်သူတို့သိနားလည်ရန်အမြွက်မျှရေးပေဦးအံ့။

တခါသား သူကြီးမင်းအိမ်နံဘေးသားသည်အမေဘုတ်ဆုံမ၏နို့စို့အရွယ်ကလေးငယ်သည် ည၌လေနာထလေသည်။ဘယ်လိုချော့ချော့အငိုမတိတ်လေ။ သူကြီးမင်းဇကလေးအိပ်ရေးပျက်ကာမျက်မာန်တော်ရှလေ၏။ မဘုတ်ဆုံနှင့်သူ့ကလေးငယ်ကိုဆူညံမှုအက်ဥပဒေအရထိပ်တုံးခတ်လေ၏။

တညတွင် ဘိုးညီတင့်အိမ် သူခိုးဝင်လေသည်။ ဘိုးညီတင့်မွေးမြူထားသောခွေးမနှစ်ကောင်သည် သူခိုး၏ ခြေ သလုံးအားသားတစ်မှတ်ကာ ကိုက်ဝါးကြ၏။ သူခိုးကားသွေးစိမ်းရှင်ရှင်နှင့်ထွက်ပြေးပြီး သူကြီးမင်းအိမ်သွားကာ သူ့အနာပြလျက် ဘိုညီတင့်အားတရားစွဲတော့သည်။ သူကြီးမင်းဇကလေးလည်း သူခိုးအခွင့်အရေးကာ ကွယ်ရေးဥပဒေအရဘိုးညီတင့်အား ထိပ်တုံးခတ်ဖမ်းဆီးသည်။ သူခိုးကိုခွေးရူးရောဂါကာကွယ်ဆေးဖိုး၊ ခွေးကိုက်နာကြောင့်မခိုးနိုင်သည့်ကာလတလျှောက်လုံး စားဝတ်နေရေးအဆင်ပြေစေရန် လျှော်ကြေးပေးဆောင်ခိုင်း၏။

မူးမြင့်အောင်သည် ဆေးသကြားနှင့်ဘီအီးအဆီရောထားသောထန်းရည်အတုကိုသောက်မိသဖြင့် ချောင်းတဟွတ်ဟွတ်ဆိုးရှာလေသည်။ သူကြီးမင်းဇကလေးအိမ်အနီးချောင်းဟန့်မိသဖြင့် သူကြီးအားအကြည်ညိုပျက်စေမှုပုဒ်မတပ်ကာ ထိပ်တုံးစာကျွေးလေ၏။ သူကြီးမင်းဇကလေး၏ထိပ်တုံးကား ဝင်ကြေးထွက်ကြေးနှစ်မျိုးစလုံးကောက်ခံသောထိပ်တုံးပါပေ။ ငွေပေးလျှင်ဥပဒေအောက်၌ မည်သူမျှမရောက်စေရဟူသော သဘောပေတည်း။

သူကြီးမင်းဇကလေးသည် ကျေးရွာလုံခြုံရေးအတွက်ဆိုကာ ကာကွယ်ရေးအဖွဲ့ဖွဲ့စည်းပေးသည်။ ကာကွယ်ရေးခေါင်းဆောင်ကား ဦးညီပုကြီးတည်း။ ဦးညီပုကြီးက သူ့ကိုဦးညီပုကြီးဟုခေါ်လျှင်မကြိုက်။ ဗိုလ်ကြီးဦးညီပုကြီးခေါ်မှကြိုက်သည်။ ရွာသူ/ရွာသားများခမျာ ဦးညီပုကြီးနှင့်ဆုံမိလျှင် ဗိုလ်ကြီးချင်းမိုးမွှန်အောင်ခေါ်ကြရကုန်၏။ ကျေးရွာကိုအသက်ပေးကာကွယ်ကြသည့်တပ်ဖွဲ့ဖြစ်သဖြင့် ဦးညီပုကြီးတို့စားဝတ်နေရေးမှ ာရွာ့တာဝန်ဟု သူကြီးမင်းကသဘောထား၏။ ကြိုက်သည့်အိမ်မှ စားရေရိက္ခာကိုဦးညီပုကြီးတို့ယူခွင့်ရှိသည်။ ရွာသားများမွေးထားသည့် ကြက် ဝက် သိုး ဆိတ် ကျွဲနွားမှန်သမျှ ဗိုလ်ကြီးဦးညီပုကြီးတို့၏ရိက္ခာဖြစ်ကြရသည်။ ရွာလယ်နတ်စင်ဈေးတွင် ဦးညီပုကြီးနှင့်တပည့်များကြွချီလာလျှင် ဈေးသည်များပျာယာခတ်ကြောက်ကြလေသည်။ လိုချင်တာမှန်သမျှ သိမ်းယူသော ကြောင့်တည်း။ ထိုမျှမက ညအခါဧည့်စာရင်းစစ်သည်ဆိုကာ အိမ်များအတွင်းချဉ်းနင်းဝင်ရောက်ကာ ရွှေငွေဥစ္စာ လိုရာယူငင်ကြကုန်၏။ ထိုကဲ့သို့သူကြီးမင်းဇကလေးနှင့် ကာကွယ်ရေးဗိုလ်ကြီးဦးညီပုကြီးတို့ ရပ်ရွာအကျိုးပက်ပက်စက်စက်ထမ်းရွက်လေသောကြောင့် ဥယျာဉ်သာရွာသူ/ရွာသားများခမျာ ဖွတ်ကျောပြာစု၊ခရုဆန်ကျွတ်ဖြစ်ကြရ၏။ ထိုမျှမက နေ့မအိပ်ရညမအိပ်ရအထိတ်ထိတ် အလန့်လန့်ဖြစ်ကြရ၏။ ကာလကြာသော် ရွာသူ/ရွာသားတို့ခမျာ မပျော်မရွှင်နိုင်ဖြစ် လာကြရသည်။ ထိုအရေးကိစ္စကိုဖြေရှင်းရန် အရီးဝင့်၊ အရီးနီတာ၊ မောင်တင်ဇော်ထွန်း၊ ဘိုးညီတင့်တို့ တိုးတိုးတိတ်တိတ်ကြိတ်၍တိုင်ပင်ကြသည်။ 

ရွာဦးကျောင်းဆရာတော် ဒေါက်တာဆတော်ကြီးအား သူကြီးမင်းဇကလေးကိုဆုံးမပေးပါရန်ပန်ကြားဖို့ အစည်းဝေးဆုံးဖြတ်ချက်ကျလေသည်။ ဒေါက်တာဆတော်ကြီးကားသူကြီးမင်းဇကလေး၏ဆရာရင်းဒကာရင်းဖြစ်ပေသည်။ ကမ္ဘာပတ်ကာသာသနာပြုနေသူလည်းဖြစ်၏။နိုင်ဂံခြားမှနေ၍ဒေါက်တာဘွဲ့ရလာသဖြင့်သူ့အားဒေါက် တာဆတော်ခေါ်မှ ကြိုက်သည်။ အရီးဝင့်၊ အရီးနီတာတို့သည် လှူဖွယ်ဝတ္ထုများဖြင့်ဒေါက်တာဆတော်ကြီးကျောင်းသို့သွားကာအကျိုးအကြောင်းလျှောက်ထားကြသည်။ ဒေါက်တာဆတော်ကြီးက မနှေးအမြန်ဆုံးမပေးမည်ဆိုသဖြင့် အရီးနီတာတို့ဝမ်းသာအားရပြန်ခဲ့ကြသည်။
       
သိပ်မကြာပါပေ။ ဒေါက်တာဆတော်ကြီးကသူကြီးဇကလေးကိုကျောင်းသို့လာရန်သူ့လော်ဖြင့်ဆင့်ခေါ်လေသည်။ သူကြီးမင်းဇကလေးလည်း ‌ဗိုလ်ကြီးဦးညီပုကြီးနှင့်တကွ တပည့်လက်သားစုံလင်စွာဖြင့်ဒေါက်တာဆတော်ကြီးကျောင်းသို့ချီလေသည်။ ဘိုးညီတင့်တို့ရွာသားတစုလည်း ဝမ်းသာအားရနောက်မှလိုက်ကြလေသည်။ ကျောင်းတော််သို့ရောက်သောအခါ ဗိုလ်ကြီးဦးညီပုကြီးက သူကြီးမင်းလုံခြုံရေးဟုဆိုကာ ရွာသူ/ရွာသားများကိုကျောင်းဝင်းအတွင်း အဝင်မခံ။ကျောင်းပေါက်ဝကသာကြည့်နေကြရ၏။ သူကြီးဇကလေးလည်း ဒေါက်တာဆတော့်ကျောင်းကြီးပေါ်သို့တက်သွားလေသည်။ အတန်ကြာသောအခါ ဒေါက်တာဆတော်ကြီးသည် သူကြီးဇကလေး၏ပခုံးကိုဖက်ကာကျောင်းပေါ်မှ အတူတကွဆင်းလာကြလေသည်။ နှစ်ယောက်သားပခုံးဖက်လမ်း လျှောက်လာကာ ရွာသူရွာသားများရှေ့၌ပြိုင်တူရပ်လိုက်ကြ၏။ ဒေါက်တာဆတော်ကြီးသည် သူ၏ဓမ္မကထိကလေသံနှင့် ရွာသူရွာသားများအား အောက်ပါအတိုင်း မိန့်ကြားလေသည်။

"အို ရွာသူရွာသား သူတော်စင်ဓမ္မမိတ်ဆွေအပေါင်းတို့။ သင်တို့၏သူကြီးမင်းဇကလေးကားနှယ်နှယ်ရရမဟုတ်။နောင်ပွင့်တော်မူမည့်ဗောဓိသတ္တ ဘုရားအလောင်းပေတည်း။ သင်ရွာသူရွာသားများကို သူကြီးဇကလေးကနှိပ် စက်အနိုင်ကျင့်နေခြင်းမဟုတ်။ အလောင်းတော်တို့၏ပါရမီဖြည့်ကျင့်နေခြင်းသာဖြစ်တယ်။ ဘုန်းကြီးတို့ဘုရားအလောင်းသည် နုစဉ်အခါကအရက်သမားတဦးဖြစ်ခဲ့ဖူးတယ်။ အကျင့်သီလစင်ကြယ်တဲ့ထေရီမယ်လေးကိုဘုရားလောင်းအရက်သမားကဖြားယောင်းကာသေရည်အိုးကိုပရိတ်ရေအိုးဟုဆိုလျက်သူ၏နောက်မှရွက်ကာလိုက်စေခဲ့တယ်။ အကျင့်သီလစင်ကြယ်တဲ့ထေရီမယ်ကလေးဟာ ဘုရားအလောင်းအရက်သမားရဲ့အလိမ် အညာကိုသိတော့ အရှက်ကြီးရှက်သွားရှာတယ်။ ငါ့ရဲ့အကျင့်သီလဖျက်ခဲ့သူ၊ ငါ့ကိုအရှက်တကွဲအကျိုးနည်းဖြစ်စေခဲ့သူ၊ သင့်ကိုလည်း တဖန်ပြန်၍ ဘဝဆက်တိုင်းဆက်တိုင်းအရှက်ခွဲရပါလို၏လို့ ဆုတောင်းမှားခဲ့ရှာတယ်။ ဆုတောင်းမှားခဲ့တဲ့‌ေထရီမယ်လေးဟာ ဗုဒ္ဓလက်ထက်တော်မှ ာစိဉ္စမာနမိန်းမယုတ်ဖြစ်သွားရရှာတယ်ကွဲ့။

ဒေါက်တာဆတော်ကြီးသည် သူကြီးမင်းဇကလေးနှင့်မျက်နှာချင်းဆိုင်ရပ်ကာ လက်အုပ်ချီလျက် ...

"ဗောဓိသတ္တဘုရားလောင်းဇကလေး ဘုရားဖြစ်လာခဲ့လျှင်သူ၏လက်ယာတော်ရံအဂ္ဂသာဝကကြီးဖြစ်ခွင့်ပေးပါရန် ယနေ့ငါသည် ဆုကြီးပန်ခဲ့ပြီ။ သင်ရွာသူ/ရွာသားများသည် ဗောဓိသတ္တ ဘုရားလောင်းဇကလေးအားမပြစ်မှားကြလေနှင့်။ ပြစ်မှားခဲ့လှျင် စိဉ္စမာနကဲ့သို့သင်တို့လည်း အဝီစိငရဲချိုးကပ်ကုန်ကြလိမ့်မည်။ ယ‌ေန့မှစ၍ သူကြီးမင်းဇကလေးပါရမီရင့်သန်လာအောင် ဝိုင်းဝန်းဖြည့်ကျင့်ပေးကြပေတော့။ ကဲ ကဲ ပျော်ရွှင်စွာနဲ့သာ ကိုယ့်အိမ်ယာကို မှန်စွာမနေ ပြန်ပါလေတော့ ပြန်ကြစေကုန်သတည်း"

ဒေါက်တာဆတော်ကြီးစကားအဆုံးမှာဘိုးညီတင့်နှင့်တကွရွာသူရွာသားများ သာဓုခေါ်ရမှာလိုလို၊ သူကြီးမင်းဇကလေးကိုပဲ ကုန်းပြီးဝတ်ချရတော့မလိုလို အားလုံးယောင်တီယောင်ဝါးဖြစ်သွားကြကုန်သတတ်။။   ။။

(တိုင်းရင်းသားညီအစ်ကိုတော်များ မချိသွားဖြဲ ရယ်မောနိုင်ကြပါစေသတည်း)

ဘိုးညီတင့်

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar