သိုက်ထွန်းသက် - လူစိမ်းများ
သိုက်ထွန်းသက် - လူစိမ်းများ
(မိုးမခ) ဇွန် ၆၊ ၂၀၂၁မန္တလေး မနက်ခင်း လူသွားလူလာ ရှင်းနေတဲ့ မြို့ပတ် ကမ်းနားလမ်းပေါ်ရောက်တော့ ကိုယ့်ကိုယ်ကိုယ် အံ့သြနေမိတယ်။
ကိုယ့်တိုက်ခန်းထဲမှာတောင် မနည်းအားခဲသွားနေရတဲ့ ဒီခန္ဓာကိုယ်နဲ့ ဒီခြေထောက်က လေးထပ်ကနေ ဘယ်လိုဘယ်လို အောက်ဆင်းလာနိုင်ခဲ့ သလဲလို့၊ပြီးတော့ ခုံးအတက်ကြီးကို မော့တက် နိုင်ခဲ့တဲ့ ကိုယ့်ဒူးကိုယ်လည်း မယုံချင်စရာ။
ဒါပေမယ့် ပေါင်၂၅၀ကျော် ဘော်ဒီဝိတ်ကြီးက စိတ်သွားတိုင်း ကိုယ်ပါဖြစ်နေပြန်တယ်။
ကိုယ်က လူသူ ဆိုင်ကယ်ကား အရှင်းသားဖြစ်နေတဲ့ မျက်စိတဆုံး လမ်းမကြီးကို ဓာတ်ပုံရိုက်ဖို့ ဖုန်းကင်မရာ ဖွင့်လိုက်တယ်။ဖုန်းကို မျက်နှာနားကပ်ချိန်နေတုန်း ခွေးပိန်တစ်ကောင် လမ်းဖြတ်ကူးလို့ တစ်အောင့်စောင့်လိုက်ရတယ်။အဲဒီတစ်ခဏလေးအတွင်း ကိုယ့်လက်ထဲက ဖုန်း ဆွဲအလုခံရလိုက်ရတယ်။
ဟာ … ဆိုတာပဲ ပါးစပ်ကထွက်လိုက်နိုင်တယ်၊၊စက္ကန့်ပိုင်းအတွင်းက ဖုန်းအလုခံလိုက်ရပြီလို့ ထင်လိုက်မိတာ မဟုတ်မှန်းသိတဲ့အချိန် ဖုန်းပိုင်ရှင် ကိုယ်တိုင် သူတို့လက်တွင်း သက်ဆင်းသွားပြီ။ ကိုယ့်ခန္ဓာကိုယ်ကြီးကို ကားထဲတွန်းထိုးထည့်၊ ကားထဲအရောက် ခေါင်းပေါ်ကနေ ခေါင်းအုံးစွပ်လိုဟာကြီး အတင်းစွပ်ချ၊ လက်နှစ်ဖက်ကို ချောက်ခနဲ လက်ထိတ်ခတ် ၊ ဝူးဆို ကားဆောင့်ထွက် ၊ ရုတ်တရက် ခန္ဓာကိုယ်ကြီးက နောက်မှီပေါ် ပက်လက်လန်သွား တစ်ခုပြီးတစ်ခု ဖြစ်သွားတာ မြန်လိုက်တာများ။
************************
ခေါင်းစွပ်ကြီးကို ဆွဲချွတ်တော့ မျက်စိတွေ ပြာနေတယ်။ခဏနေမှမျက်နှာချင်းဆိုင်က လူသုံးယောက်ကို သဲသဲကွဲကွဲ မြင်ရတယ်။ နဖူးပြောင်ပြောင် ခပ်တုတ်တုတ် ပုအိုင့်အိုင်တစ်ယောက်၊ နှုတ်ခမ်းမွေး မုတ်ဆိတ်မွေး မသေမသတ် မျက်နှာပေါက်ဆိုးဆိုး အသားမည်းမည်း လူတစ်ယောက်၊ သွားခေါခေါ အရပ်မြင့်မြင့် ၊မျက်နှာဖြူဖပ်ဖြုရော် တစ်ယောက်။
ခေါင်းစွပ်ကြီး ချွတ်ပေးသလို လက်ထိတ်လည်း ဖြုတ်ပေးလိုက်တော့ သက်သောင့်သက်သာတော့ ဖြစ်သွားတယ်။ မသက်သာတာက ဘယ်လိုမှ ကျက်သရေမရှိတဲ့ ကုတ်အင်္ကျီအနက် ဘောင်းဘီအနက်နဲ့ လူသုံးယောက်နဲ့ မျက်နှာချင်းဆိုင်ထိုင်နေရတာပဲ ဖြစ်တယ်။ ဘေးဘီကို အကဲခတ်လိုက်တော့ ဧရာမလူဝင်ပေါက်ကြီး တစ်ပေါက်ကလွဲလို့ ဘေးဘီမှာ ဘာတံခါးပေါက်မှ မပါတဲ့ အဆောက်အအုံထဲ ရောက်နေတယ်ဆိုတာ သဘောပေါက်လိုက်တယ်။ ဂိုထောင်တစ်လုံးထဲ ရောက်နေတာလည်းဖြစ်နိုင်တယ်။ဒါဆို ကိုရီးယားကားတွေထဲကလို လူဆိုးတွေသူ့ကိုဖမ်းသွားတာပေါ့။ ဒါပေမယ့် အခုသူထိုင်နေရပုံဟာ သူက ပြစ်မှု တစ်စုံတရာ ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကြောရေးခန်းထဲရောက်နေပုံမျိုး။ စစ်စမ်းမေးစမ်း တစ်လုံးမှ မဖြေဘူး ၊ကိုရီးယားဇာတ်လမ်းတွဲတွေထဲကလိုပဲ ရှေ့နေခေါ်ပေးလို့ ပြောလိုက်မယ်။
ဒါပေမယ့်
"အဘိုးကြီး ခင်ဗျားကို ဘာကြောင့်ခေါ်လာတာလဲ သိလား"
အလယ်လူ နဖောင်ပြူးက စကားစလိုက်တယ်။
"လမ်းပေါ်ထွက်လို့ mask မတပ်လို့လား၊
အဲဒါကြောင့် ဒဏ်ရိုက်မလို့လား၊ ဒါမှမဟုတ် ပြစ်ဒဏ်အဖြစ် လူမှုရေးအလုပ် လုပ်ခိုင်းမလို့လား"
သွားခေါကြီးက ရယ်တယ်။
"ကျုပ်တို့ပုံက ကျန်းမာရေးဝန်ထမ်းနဲ့ တူလို့လား"
ခေါင်းခါလိုက်မိတယ်။
"ဒါဖြင့် စည်ပင်ဝန်ထမ်းပုံ ရဲအရာရှိပုံပေါက်နေသလား"
မဖြေဘဲ ငြိမ်နေလိုက်တယ်။
"ပြောပါဦးဗျ၊ ကျုပ်တို့ကို ဘယ်ကဘယ်သူတွေ ဖြစ်နိုင်တယ် ဆိုတာလောက်တော့ ပြောကြည့်ပါဦး"
အမှုစစ်တွေ မဟုတ်ဘူးဆိုမှတော့ ရှေ့နေ ခေါ်လည်းအကြောင်းထူးမှာ မဟုတ်၊ ငြိမ်နေလို့မရမယ့်တူတူ ရင်ဆိုင်ကြည့်မယ် စိတ်ကူးလိုက်တယ်။
"ဘယ်က ဘယ်သူတွေလဲဆိုတာ သိလည်းမသိဘူး၊သိလို့ကော အကျိုးရှိမှာမို့လား၊ သေချာတာက ခင်ဗျားတို့သုံးယောက်လုံး ဥပဒေအပြင်ဘက်ကပဲ၊ ဘာလဲ ပြန်ပေးသမားတွေလား"
ဘုန်း !
နှုတ်ခမ်းမွေးမုတ်ဆိတ်မွေးထူလပျစ်က ကတ်ထူစာအုပ်ရှည်ကြီးနဲ့ စားပွဲကို ရိုက်ပြီး မတ်တတ်ရပ်လိုက်တယ်။ တစ်ခဏငြိမ်သက်သွားတယ်။ ပြီးတော့ တဟားဟားတဟီးဟီးရယ်ကြတယ်။
"ဥပဒေအပြင်ဘက်က တရားလက်လွှတ်သမားတွေလို့ ဆိုချင်တာပေါ့ဟုတ်လါး၊ မှတ်ထား အဘိုးကြီး ၊ ကျုပ်တို့လောက် တရားဓမ္မနည်းလမ်းတကျဖြစ်တဲ့ အဖွဲ့အစည်းဆိုတာ မရှိသေးဘူး။"
အလယ်လူ နဖူးပြောင်က မုတ်ဆိတ်ထူကို လက်ပြတားလိုက်တယ်၊မုတ်ဆိတ်ထူလပျစ် ပြန်ထိုင်သွားပြီး စာအုပ်ရှည်ကြီးကို တောင်လှန်မြောက်လှန်လုပ်နေတယ်။
"ကျုပ်တို့က အခုမှ ခင်ဗျားတို့တစ်တွေ ကြောက်ရလန့်ရမှန်းသိလာတဲ့ သေမင်းရဲ့ကိုယ်စားလှယ်တွေပဲလေ၊ ကိုဗစ်နိုင်တီး ဆိုတာကြီး ခင်ဗျားတို့ အနားရောက်မလာခင်ကတည်းက ခင်ဗျားတို့နောက်က တကောက်ကောက် ကပ်လိုက်နေခဲ့တာပဲ၊ ဒါပေမယ့် ခင်ဗျားတို့ မေ့မေ့လျော့လျော့နေခဲ့ကြတယ်။ ခင်ဗျားတို့ကိုယ် ခင်ဗျားတို့ ကနေ့ နက်ဖြန် ဝိညာဉ်ချုပ်သွားနိုင်တယ်ဆိုတာ လုံးဝထည့်မစဉ်းစားခဲ့ကြဘူး၊ ကိုယ်တစ်သက်လုံးထိုးတောင် ပေါက်ဖို့မလွယ်တဲ့ သိန်းတစ်သောင်းခွဲဆုကိုပေါက်နိုင်တယ်ထင်ပြီး ထိုးနေကြပေမယ့် သေမင်းက အချိန်မရွေး ကိုယ့်ဆွဲခေါ် သွားနိုင်တာကိုတော့ တွေးဖြစ်ကြမှာ မဟုတ်ဘူး"
သေမင်းရဲ့ကိုယ်စားလှယ်တွေဆိုတော့ ကိုဗစ်နိုင်တီး ထိန်းချုပ်ရေးနဲ့ အရေးပေါ် တုံ့ ပြန်ရေးကော်မတီက မဟုတ်တာတော့ သေချာသွားပါပြီ။ ကျန်းမာရေးဝန်ထမ်းတွေ၊ပရဟိတသမားတွေက လူအများအသက်ရှင်သန်ရေးအတွက် နေ့မအိပ်ညမအိပ် အနစ်နာခံကိုယ်ကျိုးစွန့် ဆောင်ရွက်နေချိန်မှာ သူတို့က ဘာတွေလဲ၊၊ လက်မည်းကြီးတွေရဲ့ အစေအပါးတွေလား။
ကိုယ်စဉ်းစားနေတုန်း ကုပ်ချောင်းချောင်းနဲ့လူတစ်ယောက်ရောက်လာပြီး စာရွက်စာတမ်းတွေနဲ့ ဖုန်းတစ်လုံးလာပေးယ်။ ဟုတ်တယ် အဲဒါကိုယ့်ဖုန်းပဲ၊ နဖူးပြောင်က ဖုန်းကိုဖွင့်ကြည့်တယ်။ ကိုယ့်ပရိုဖိုင်ကို ကြည့်ပြီး ကိုယ့်မျက်နှာ လှမ်းအကဲခတ်နေတယ်။
"ခင်ဗျားက စာရေးဆရာလား"
ကိုယ်ခေါင်းညိတ်ပြတယ်။
"ဒါဖြင့် မရဏာသန္န သိမှာပေါ့"
"ကဗျာဆရာလား ၊ ဂမ္ဘီရဝတ္ထုတွေရေးသူလား၊ ဒီကလောင်နာမည်မျိုး မကြားဖူးဘူး"
"ဘယ်က ကဗျာဆရာရမှာလဲ၊ အဲဒါ ဘုရင်နာမည်၊ပြည့်ရှင်မင်းနာမည် ။ မရဏာသန္နမင်းဆိုတာလေ၊ ခင်ဗျားက စာရေးဆရာဆိုတော့ ဆတိုင်မွှတ်ဦးကူး တော့ သိမှာပေါ့"
"ဘယ်ကဦးကူးလဲ ဦးကူးတော့မသိဘူး၊၊ ဦးဆူးပဲသိတယ်၊ စာရေးဆရာဆူးငှက်လေ၊ ဆတိုင်မွှတ်ကကော ဘာလဲ ၊ဆတိုင်မွှတ်တော့ မကြားဖူးဘူး စတိုင်သစ်ပဲ.သိတယ်၊ ကိုအောင်စိုးသူတို့ စတိုင်သစ်မဂ္ဂဇင်း"
ကိုယ်တမင်ရွဲ့ပြောလိုက်တယ်၊ရွဲ့ပြောနေမှန်းလည်း နဖူးပြောင်ကြီးကသိတယ်။
"ကွမ်းခြံကုန်းမြို့နယ် မုတ်ကျွန်းတိုက်နယ် ဆတိုင်မွှတ်ရွာမှာနေတဲ့ ဦးကူးကို ခင်ဗျားသိပါတယ်၊ သူရေးတဲ့ နာမည်ကြီး စာအုပ်လည်း ခင်ဗျားသိမှာပါ"
"သိတယ် လူဝံမောင်နှမပြဇာတ် ပြောတာမဟုတ်လား"
"ထွတ်! လုပ်လိုက်ပြန်ပြီ ခန္ဓာပုရဝတ္ထုဗျ ဟွန်း"
တကယ်တော့ မရဏသန္နမင်းတို့ ၊ ခန္ဓာပုရဝတ္ထုတို့ဆိုတာ ကလေးပေါက်စ အရွယ်ကတည်းက ကြားဖူးထားတာပါ၊ အဘိုးက နေထိုင်မကောင်းတိုင်း ငါ့ကို မရဏာသန္နမင်းတိုက်ခိုက်နေပြီ၊ ခန္ဓာပုရပြည်ကြီး ကျဆုံးတော့မှာပဲလို့ အမြဲပြောနေကျကို။ စာစုံဖတ်တဲ့အရွယ်ရောက်တော့ ခန္ဓာပုရနဲ့တွေ့တယ်။ဘုရားရှင်မြတ်ဟောကြားတော်မူတဲ့ တရားတော်တွေကို စာဖတ်သူမျက်စိထဲ ကွင်းကွင်းကွက်ကွက်မြင်အောင် ပုံဖော်ရေးထားတဲ့ဇာတ်ပဲ။
ကိုယ်ခန္ဓာကြီးကို တိုင်းပြည်ကြီးတစ်ခုနဲ့ပမာထားပြီး ကိုယ်ခန္ဓာရဲ့ ရုပ်နာမ်ကို ကာယာမနဘွဲ့ခံမြို့စား၊ လိုလားနှစ်သက်အပ်တဲ့ ငါးဝအာရုံ ကာမဘုံကို ကာမဂုဏ်ဒေဝီမဟေသီမိဖုရားကြီး၊ ကာယာမနနဲ့ ကာမဂုဏ်ဒေဝီတို့သင့်မြတ်တော့ ဖြစ်ပေါ်တဲ့ ဖဿစတဲ့စေတသိက်တရားစုကို သားတော်စေတသိက ဥပရာဇာအိမ်ရှေ့မင်းဆိုပြီး ဇာတ်တည်ဆောက်ထားတာလေ။ ရုပ်နာမ်ကို လုံခြုံအောင် စောင့်ရှောက်ရသူတွေက ကံ ဉာဏ် ဝီရိယဆိုတဲ့ ဝန်ကြီးတွေ ။
"ကျုပ်သိပါတယ်"
အရှည်ကြီးမဖြေချင်လို့ စကားလုံး လေးလုံးထဲ ဖြေလိုက်တယ်။
"ရုပ်နာမ်ဆိုတဲ့ ကာယာမနမြို့စားရဲ့ ခန္နာပုရမြို့ကို နှိပ်စက်တိုက်ခိုက်ကြတဲ့ မရဏာသန္နမင်းရဲ့ တပ်တွေအကြောင်း ခင်ဗျား မမေ့လောက်ပါဘူး၊ အခွင့်အခါစောင့်ပြီး တိုက်တတ်တဲ့ ဗျာဓိဝံသအမတ်ရဲ့ရှေ့ပြေးတပ်နဲ့ စစ်ပရိယာယ် အလွန်ကြွယ်တဲ့ ဇရာဝံသစစ်သူကြီးရဲ့တပ်တို့အကြောင်းကို ကောင်းကောင်းမှတ်မိမှာပေါ့၊ ဟောဒီပုဂ္ဂိုလ်က ဗျာဓိဌာနကြီးမှူး၊ သူက ဇရာဌာနကြီးမှူး၊ကျုပ်က မရဏာ မဟာဌာနမှူး"
ဗျာဓိဌာနမှူးဆိုတဲ့ မုတ်ဆိတ်ထူလပျစ်က ခေါင်းညိတ်ပြတယ်၊ ဇရာဌာနမှူးဆိုတဲ့သူက ခေါင်းညိတ်တော့မလိုလို လက်မထောင်ပြမလိုလိုလုပ်ပြီး ဘာမှမလုပ်လိုက်နိုင်ဘဲ တစ်ဖက်လှည့် နှာချေတယ်၊ပြီးတော့ စားပွဲပေါ်က တစ်ရှူးဘူးနှိုက်ပြီး တစ်ရှူးစတွေ ဆွဲထုတ်နေတယ်။
ကိုယ်က ဂျာကင်အင်္ကျီဘေးအိတ်ထဲ ထည့်ထားတဲ့ maskကို ထုတ်တပ်လိုက်တယ်။
"မရဏာသန္နဘုရင့်နိုင်ငံက ဘယ်မှာရှိတာလဲ။ ဥရောပမှာလား၊ အာဖရိကမှာလား၊ ဆိုဗီယက်နိုင်ငံက ခွဲထွက်သွားတဲ့နိုင်ငံတစ်ခုလား"
ကိုယ့်မေးခွန်းကြောင့် သူတို့သုံးယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်နေကြတယ်။ မုတ်ဆိတ်ထူလပျစ်က ဒေါသတကြီးနဲ့
"ဘယ်မြေပုံထဲမှာမှ ရှာတွေ့မှာ မဟုတ်ဘူး၊ဒါပေမယ့် နိုင်ငံတကာမှာကျုပ်တို့ရှိတယ်၊ တစ်ကမ္ဘာလုံးမှာ ကျုပ်တို့လူတွေရှိတယ်၊ မြှပ်နှံထားပြီးသား၊ ကျုပ်တို့က မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံတွေ"
"သြော် သြော်သိပါပြီ ၊အကြမ်းဖက်အဖွဲ့ပေါ့"
"ဘာ"
မုတ်ဆိတ်ထူလပျစ်ကြီးက စာအုပ်ရှည်ကြီးထဲ စာရေးရင်း အော်လိုက်ပြန်တယ်။ နဖူးပြောင်က ဒုတိယအကြိမ် လက်ပြလိုက်ပြန်တယ်။
"ကဲ ထားလိုက်ပါတော့ ဒီစာရေးဆရာရဲ့ ဖုန်းထဲက တွေ့ထားတာတွေ တင်ပြဗျာ ၊ ဇရာဌာနမှူး"
မျက်နှာဖြူရော်ကိုပေါက်ခေါက မတ်တတ်ထတယ်။စာရွက်တွေလှန်ကြည့်ရင်း သူ့လက်တွေတုန်နေတာ သတိထားမိတယ်။
"ဒီလူက စာရေးဆရာ၊ ဂျာနယ်တွေ သတင်းစာတွေထဲမှာ အပတ်စဉ်ရေးတယ်၊ တစ်ခါ ရေးသမျှတွေကို သူ့ဖေ့စ်ဘွတ်ခ်အကောင့်ကနေ ပြန်တင်ထားတယ်။ သူက ကျွန်တော်တို့ ရည်မှန်းချက်တွေ ပျက်စီးအောင် အများကြီးလုပ်ထားတယ် ။ ဟတ် ဟတ်ချိုး"
"ခင်ဗျားဘာဖြစ်နေတာလဲ နေမကောင်းဘူးလား."
ကိုပေါက်ခေါက မျက်နှာမသာမယာနဲ့ခေါင်းညိတ်ပြတယ်။ ပြီးတော့ စာဆက်ဖတ်တယ်။ ဖတ်ရင်းမောနေပြန်သေးတယ်။
အစီရင်ခံစာအရ ကိုယ်ဟာ ကိုဗစ်နိုင်တီး ရောဂါမပြန့်ပွားစေဖို့ လူတွေကို အိမ်ထဲနေအောင် စည်းရုံးခဲ့တဲ့အပြစ်။ ပြင်ဦးလွင်၊အမရပူရ၊ စစ်ကိုင်း၊ မင်းကွန်း ၊ မန္တလေးဝန်းကျင် အပန်းဖြေစခန်းတွေသွား အနားယူတာတွေ၊ ရေတံခွန်စိမ်စမ်းများမှာ ရေကစားတာတွေ၊ မန္တလေးတောင်တက် ကျုံးဘေးလမ်းလျှောက်၊ ကျုံးပတ်စက်ဘီးစီးစတဲ့ အားကစားလုပ်တာတွေကိုတောင် မလုပ်ဖို့ မေတ္တာရပ်ခံခဲ့တဲ့အပြစ်၊ အထူးသဖြင့် ရွေးကောက်ပွဲအကြိုကာလ ပါတီတွေကို ထောက်ခံဝန်းရံမှု လုပ်ကြတာကိုတောင် ကဖျက်ယဖျက် လုပ်ခဲ့တယ်ဆိုတဲ့ အပြစ်တွေနဲ့၊ ဒီနေ့လည်း ကိုဗစ်နိုင်တီးကူးစက်ရောဂါ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့အမိန့်အတိုင်း ပြည်သူတွေ လိုက်နာကြလို့ လမ်းမကြီးတစ်ခုလုံး ရှင်းလင်းနေတာကို ဓာတ်ပုံရိုက်ပြီး ဖေ့စ်ဘွတ်ခ်တင်ဖို့ လုပ်နေတုန်း ဖမ်းမိခဲ့တာ … တဲ့၊ ကိုယ့်လုပ်ရပ်တွေကြောင့် ကိုဗစ်နိုင်တီးကာလ ရောဂါဖြစ်ပွားသူ၊ ပိုးတွေ့ရှိသူ၊ သေဆုံးသူနှုန်းထားများ လျော့ကျနိုင်လို့ သူတို့လျာထားချက်များကို ထိခိုက်နိုင်ပါသတဲ့။ ဒီအပြစ်တွေအတွက် ထိရောက်တဲ့ ပြစ်ဒဏ်ပေးကြရမယ်တဲ့။
ပြီးတော့ သူတို့သုံးဦးသား အကြာကြီး ခေါင်းချင်းဆိုင်နေကြတယ်၊သူတို့ ကိုယ့်ကို ဘယ်လိုအပြစ်ဒဏ်ပေးမလဲမသိဘူး။ ရသမျှ ဘုရားစာ ရွတ်နေမိတော့တယ်။ ဒွေပညာစေတသိမင်းသားလို အရဟံအမြောက်ကိုးလုံး၊ သွက္ခာတောအမြောက်ခြောက်လုံး၊ သုပ္ပဋိပန္နော အမြောက်ကိုးလုံးကို မုခဒွါရတံခါးကနေ ဝစ္စဒွါရတံခါးအထိ လှမ်းပစ်ကြည့်လိုက်တယ်။
"ဝုန်း"
ကိုယ့် အမြောက်ဆန် သွားမှန်လေသလား။
သူတို့ထဲက တစ်ယောက်တော့ ကြမ်းပြင်ပေါ်ကျသွားတယ်။ သူတို့ လူတွေပြေးထွက်လာတယ်။ လဲကျသွားသူက ဇရာဌာနမှူးကို ပေါက်ခေါလေပဲ၊ ဗျာဓိမုတ်ဆိတ်ဖြူနဲ့ မရဏထိပ်ပြောင်တို့ နှစ်ယောက်က သူတို့လူကို ပွေ့ထားကြတယ်၊ သူတို့ အလုပ်ရှုပ်နေကြတုန်း စားပွဲခုံပေါ်ချထားတဲ့ ကိုယ့်ဖုန်းလေး ပြေးယူထားလိုက်တယ်။ မကြာခင် ဝိညောင့် ဝိညောင့်အသံတွေနဲ့အတူ အရေးပေါ်ကားတွေ ရောက်လာတယ်။ လူနာနဲ့ထိတွေ့ထားသူတွေ အားလုံး Qဝင်ရမယ်တဲ့။ အသံတွေ ကြားနေရတယ်။ ဇရာဌာနမှူးကြီးကို လူနာတင်လှည်းပေါ်တင်ဖို့ သူတို့ အလုပ်ရှုပ်နေကြတုန်း ကိုယ်လည်း လမ်းပေါ်ပြေးထွက်လာခဲ့တယ်။ လမ်းပေါ်မှာ လူသူတစ်ယောက်တလေတောင်မရှိ လမ်းလျှောက်ဖို့တောင် ခက်ခဲလှတဲ့ ခန္ဓာကိုယ်ကြီးဟာ သစ်ရွက်လေးလို ပေါ့ပေါ့ပါးပါး ပြေးလွှားနေပါတယ်။
ပြေးရင်းလွှားရင်းနဲ့ပဲ နှုတ်ခမ်းဖျားကနေ ကဗျာတစ်စ ထွက်လာလိုက်သေး။
"သေမင်းသည်ပင် မသေခြင်းဖြင့် တင်းမာခက်ထန် အာခံနိုင်အံ့လော"။ ။
သိုက်ထွန်းသက်
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar