Breaking News

မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ - မောင်မှိုင်းလွင်(အင်းဝ)၊ မောင်သော်တာ၊ ငဇ

Artist- Htee Saing
မြန်မာ့နွေဦးတော်လှန်ရေးကဗျာများ 
မိုးမခ 
ဇွန် ၂၉၊ ၂၀၂၁
-
ရှားပါးသတ္တဝါ

ထင်ကြတာပဲ
ကိုယ့်ကိုယ်ကို မပြိုနိုင်တဲ့ ကျောက်တောင်။

အဲဒီလိုနဲ့
လက်ရဲ ဇက်ရဲ
မလုပ်ရဲတာ မရှိ
မရှိတာကို လုပ်ရဲ
မလုပ်တာတွေ ရှိရဲ။

အိပ်မက်တွေကို အမှုဆင်
ရုံးတင် ထောင်ချ ရဲပါဘိ
သေနတ်သာ အမိ သေနတ်သာ အဘ။

မီးတောင်ဝလို့ လာမဖွနဲ့
ငါ့ ပလ္လင် ငါ
မထိုင်ရဲစရာ မရှိ။

အကောင်သာကြီးပြီး
ဦးဏှောက်သေးသူ့ နိဂုံး
ဒိုင်နိုဆောလို
မျိုးတုန်းရဲသလားတော့ မသိ။      ။

မောင်မှိုင်းလွင်(အင်းဝ)
၂ ၇ . ၆ . ၂ ၀ ၂ ၁

...

ရန်ကုန်ဟာငါတို့ရဲ့တက္ကသိုလ်

သေစာရှင်စာလောက်ပဲတတ်ပြီးလွတ်လပ်ရေးအရယူခဲ့တဲ့လယ်သမားတွေရဲ့အကြောင်း
ပြဋ္ဌာန်းချက်ထဲမှာပြန်ရှာကြည့်ရမယ်
စက်မှုတော်လှန်ရေးကငါတို့ဆီမှာမစရသေးဘူး
အပြင်အောင်ခြင်းအတွင်းအောင်ခြင်းလည်းအာဂုံမဆောင်နိုင်ပြန်ဘူး
၃ ချက်တွက်နည်းကိုငါတို့ဆရာတော်ကအကျွမ်းဆုံးပဲ
ဂျော့ဖလွိုက်ရဲ့လည်ပင်းအနင်းခံရတဲ့သတင်းကိုသူမျက်လုံးပြူးသွားပေါ့
မထင်ထားဘူးကွာတဲ့
ငါတို့ဆို ကလေးအရွယ်ကတည်းကအရောင်းအဝယ်တတ်နေပြီ
လဘက်ရည်ဆိုင်မှာငါတို့သူငယ်ချင်းတွေ
လူမှုဗေဒဘာသာရပ်နဲ့ရိုရိုကျိုးကျိုး
ကလေးလုပ်သား၊ ကလေးစစ်သားဆိုတဲ့ဝေါဟာရတွေကို
၄ ကြောင်းမျဉ်းနဲ့လက်ရေးလှလှမရေးဖူးပေမယ့်
ငါတို့ကပဲအရပ်ပုလို့လား
သေနတ်တွေကပဲငါတို့ထက်အရိုးသန်မာလို့လား
ရောဂါပေါင်းစုံဒဏ်ကို
ကွမ်းယာဆိုင်ကစပ်ဆေးလောက်နဲ့ငါတို့ကုစားတတ်တယ်
အသေအပျောက်စာရင်းတိတိကျကျမရှိလည်း
ငါတို့သေတာရှင်တာတွေဟာစာရင်းအချက်အလက်မလိုခဲ့ဘူး
သေတတ်မှန်းသိထားတဲ့အမြန်ရထားတွေကိုပြေးတက်ပြေးဆင်း
အသက်ရှင်ဖို့ထက်
နေ့တိုင်းထမင်းနပ်မှန်ဖို့ကပဲ ပိုအရေးကြီးခဲ့တယ်
လူ့တန်ဖိုးဆိုတာဘာလဲ
ကားအက်ဆီးဒန့်တစ်ခုခုမှာကျန်ရစ်သူမိသားစုရသင့်တဲ့လျော်ကြေးလား
ငါတို့ခေါင်းအခြောက်မခံတတ်ကြဘူး
ကျောင်းဘယ်လောက်ပြေးပြေး
ငါတို့အမြင့်ဆုံးအထိရောက်အောင်ပျံစရာမရှိ
၈၈အလွန်နှစ်တွေတုန်းကလူပြောများခဲ့တဲ့စကားက
၁၀တန်းအောင်ဖို့မလိုဘူး
လူလိုသိဖို့ပဲလိုတယ်
အဲဒါ ရေပန်အစားဆုံးတော်ကီပဲ၊ကြွေသွားမယ်
ငါတို့သိတဲ့လူဆိုတာက
လက်ထဲမှာ
ဒါမှမဟုတ် ခါးမှာ
ဗြောက်ချိတ်ထားရင်အားလုံးကိုလူမထင်တဲ့လူလား
ဒါတော့မဟုတ်သေးဘူး
ခေတ်ပျက်လေလေသူဋ္ဌေးဖြစ်လေလေဆိုတော့
အခက်ကြီးထဲမှာ
ပျက်ကျလို့ကောင်းတဲ့လေယာဉ်ပျံတွေပေါ့
သံဆူးကြိုးတွေလမ်းပေါ်ဖြတ်တားထားတဲ့ရပ်ကွက်တွေဟာနတ်ဘုံနတ်နန်းအလားပဲ
ငါတို့နဲ့မဆိုင်ဘူး
မြေကြီးထဲကခြေမနဲ့ကော်ထုပ်လိုက်ရင်တောင်ထွက်လာတတ်တဲ့ကျောက်ရိုင်းတုံးတွေလို
ငါတိုလွင့်လို့အရမ်းကောင်းခဲ့တယ်
ရွာကျောင်းမှာခေါင်းခုအိပ်ခဲ့ဖူးတဲ့မင်္ဂလသုတ်လည်းပြန်မစဉ်းစားမိတော့ဘူး
သြကာသတောင်ဘာမှန်းမသိလို့သြချစရာအကောင်တွေလေ
ကျေးဇူးရှင်ကြီးတွေထုလိုက်ထောင်းလိုက်သမျှနဲ့ငါတို့သန်စွမ်းလာကြတာလားမသိ
ငါတို့သိနေတာတစ်ခုတော့ရှိတယ်
လက်ထဲကသေနတ်မချဘဲသေရဲတဲ့အကောင်ထွက်ခဲ့လို့လိုက်ရှာနေကြလို့
ငါတို့ထွက်လာကြတာပါ
ခင်များတို့တွေ့ပြီလား
မေးကြည့်ပါရစေဦး
ငါတို့ကျင်လည်ကြတာငရဲခန်းဆိုရင်လည်းဟုတ်တယ်
အဋ္ဌာရဿ၁၈ရပ်ကျောင်းတော်ကြီးလည်းဟုတ်တယ်
မြို့ပြလမ်းမကြီးတွေပေါ်မှာစစ်မြေပြင်အလားတွေ့ရမယ်
ဘဝဆိုတာတိုက်ပွဲလို့မိန့်လိုမိန့်
ဘဝဆိုတာတက္ကသိုလ်လို့ဖွင့်ချင်ဖွင့်
ရန်ကုန်မှာရှင်သန်နေသေးတဲ့ဘဝတွေအများကြီးရှိနေတယ်

မောင်သော်တာ

...

အသက်ဂီတ

အလေးချိန်တွေ အရောင်တွေ
အရသာတွေ ... မတူညီကြ။

နာရီတလုံးစီ ပါလာခဲ့တာချင်း
တူညီခဲ့ကြတယ်။

အာနက်စတိုလည်း နာရီတလုံးနဲ့
အဂ္ဂနက်စ်တို့ မာတင်တို့မှာလည်း 
နာရီတလုံးစီနဲ့။

ငါတို့ရဲ့ ကိုကေဇ ကိုခက်သီ
ကဗျာတွေမှာလည်း နာရီတလုံးစီနဲ့။

ဒီနေ့
ရေမွန် ဆိုတဲ့ ကောင်လေးမှာလည်း
နာရီတလုံးနဲ့ပဲ။

ဟိုကောင်မလေး ကြယ်စင်
သူလည်း နာရီတလုံးနဲ့ပဲ။

လှုပ်ရှားခဲ့ကြတယ် 
ရပ်တန့်ခဲ့ကြတယ်။

ပြီးသွားပြီလား ဆိုတော့ 
အသက်တွေ ... ခုထိ
ခေတ်ကို လေလာတိုး‌တုန်းပဲ။

ဒါပဲ အဓိပ္ပာယ်က အဲဒါပဲ
နာရီတလုံးစီဟာ ဟန်ချက်တခုစီပဲ။

တလောက ဆုံးသွားတဲ့
အရူးကိုလှဆန်းကြီးလည်း
နာရီတလုံးနဲ့ပဲ။

အရူးကိုလှဆန်းကြီး သေတော့
ဖဲဝိုင်း သိပ်ကောင်းတာပဲ
အဓိပ္ပာယ်မှ မရှိတာ။

နာရီတွေဟာ အသက်ပဲ
နာရီတလုံးစီ ငါတို့ ပါလာခဲ့ကြ။

ငဇ
၂၃၊ ဇွန်၊ ၂၀၂၁

-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar