Breaking News

ဗေဒါညို - ဆဲမှာပဲ

Photo- khitthitburma.blogspot.com
ဆဲမှာပဲ
ဗေဒါညို
(မိုးမခ) ဇွန် ၇၊ ၂၀၂၁

သူ့ကျွန်ဘဝရောက်ခဲ့စဥ်က အမေကမွေး ထောင်က​ကျွေး။ လာမယ့်ဘေးပြေးတွေ့ဆိုတဲ့ကြွေးကြော်သံတွေကလူငယ်တွေရဲ့ရင်ထဲမှာ တိုင်းပြည်လွတ်လပ်ရေးအတွက် နိုးကြားသွားစေခဲ့တယ်။ အဲဒါက မီးဖိုထဲကိုဓာတ်ဆီနဲ့လောင်းပက်လိုက်သလို ဟုန်းခနဲဖြစ်သွားပြီး လွတ်လပ်ရေးရဖို့အတွက် ဘယ်နည်းနဲ့မဆိုရတဲ့နည်းနဲ့ဆော်ကြစို့ရဲ့ဆိုတဲ့ အချက်ပေးလိုက်ခြင်းပါပဲ။ 

မြန်မာ့နိုင်ငံရေးသမိုင်းကိုပြန်ကြည့်လိုက်ရင် ဘယ်သူ့မှအားကိုးလို့မရ ကိုယ့်ကိုယ်သာပဲအားကိုးကြရမယ်။ ကိုယ့်နိုင်ငံရဲ့အနာဂတ်ကိုကိုယ်တိုင်ဖန်တီးပြီးရယူနိုင်ရမယ်ဆိုတဲ့ဖြစ်ရပ်တွေက သမိုင်းစာမျက်နှာတွေထဲမှာ အထင် အရှားရှိနေတယ်။ ကျွန်တော်တော့ ခေတ်တွေပြောင်းသွားပေမယ့် ယနေ့အထိကိုက်ညီနေတဲ့ "လာမယ့်ဘေး ပြေးတွေ့" ဆိုတဲ့ ကြွေးကြော်သံကို သဘောကျနေမိတယ်။ 

ဟုတ်တာပေါ့ဗျာ။ ဘယ်နေ့မှန်းမသိ ကိုယ့်အိမ်တခါးကိုခေါက်လာမယ့်အန္တရာယ်ကိုရင်တထိတ်ထိတ်နဲ့ဘာဖြစ်လို့စောင့်နေကြတော့မှာလဲ။

စာပေမိတ်ဆွေတစ်ယောက်က cbကတစ်ဆင့် ကျန်းမာရဲ့လားလို့မေးပါတယ်။ တကယ်တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဖေဖေါ်ဝါရီလကစပြီး အခုချိန်အထိစိတ်ချမ်းသာကိုယ်ချမ်းသာနေရတယ်လို့ကိုမရှိပါဘူး။ ညအခါ လသာသာ ဖြစ်ချင်မှဖြစ်ပေမယ့် ဖုန်းဖောင်း ဆိုတဲ့အသံတွေကိုတော့ မမျှော်လင့်ဘဲကြားရတတ်ပါတယ်။ CDM လုပ်ကြတဲ့သူတွေလည်း အဝေးကိုပြေးရ ရှောင်ရတိမ်းကြရရင်း သူတို့ခမျာများလည်း ရွှေဗဟိုစည်သံများမကြားရတာ လေးလရာသီရှိသွားရှာပါပြီ။ မနက်လင်းလို့ဖေ့စ်ဘွတ်ဖွင့်ကြည့်မိလိုက်တာနဲ့ စိတ်ဆင်းရဲစရာသတင်းတွေနဲ့ချည်း တည့်တည့်တိုးနေမိပြန်တယ်။ နို့ပြီး ရှိမဲ့စုမဲ့ပိုက်ဆံကလေးကလည်း ဘဏ်ထဲမှာရောက်နေလို့ ကိုယ့်ကျန်းမာရေးထက် ပိုက်ဆံတွေရဲ့ကျန်းမာရေးကိုပဲ စိတ်ပူနေမိတယ်။ သူ့ခမျာ ကျွန်တော့်ဆီကိုရက်တွေကြာ ညောင်းသည့်တိုင်ရောက်မလာနိုင်သေးရင် ခွကျကုန်တော့မယ်။ ကုန်စျေးနှုန်းတွေကလည်းတက်နေတယ်။ လောင်စာဆီအခြေအနေကလည်း သိပ်ဟန်ပုံမရ။ ဒီကြားထဲ ကိုဗစ်အန္တရာယ်ကလည်းတမှောင့်။​ အဲသလို ဦးနှောက်ခြောက်စရာတွေတစ်ပြုံတစ်ခေါင်းကြီးရှိနေတဲ့အချိန်မှာ ဆပ်ပြာ ဆပ်ပြာမှုန့်နဲ့သွားတိုက်ဆေးကိုတင်သွင်းခွင့်မပြုတော့ဘူးဆိုလို့ အံ့သြသွားတယ်ဗျ။ ဒီတော့ ဖေ့စ်ဘွတ်မှာ ရွှေဝါတို့ ဆင်ချေးတုံးတို့ ကာဘော်လစ်တို့ သပြေညိုတို့ခေတ်ကို ပြန်ရောက်တော့မှာလားတဲ့။

ဆပ်ပြာဆိုတာ လူ့ခန္ဓာကိုယ်နဲ့ အိုးခွက်ပန်းကန်တွေ စသဖြင့် ရုပ်ဝတ္ထုပစ္စည်းတွေပေါ်မှာကပ်ညိနေတဲ့အညစ် အကြေးတွေကို သန့်ရှင်းအောင်ပြုလုပ်ပေးတာမို့ ဒီလိုတင်သွင်းခွင့်တားမြစ်ခြင်းဟာ ဆပ်ပြာရှားပါးမှုကိုဖြစ်ပေါ်စေနိုင်တာကြောင့်မလုပ်သင့်ပါဘူး။ စိတ်ကောင်းလေးရှိကြပါဦးလို့ ပြောကြတယ်။ တကယ်တော့စားသောက် ကုန်တွေနဲ့ အခြေခံလူသုံးကုန်ပစ္စည်းတွေပေါပေါလောလောရှိမှ လူတိုင်းစိတ်ချမ်းသာကြမှာပါ။ ကျွန်တော်တော့ ဆပ်ပြာကိစ္စကိုတွေးရင်းနဲ့ ဆရာမြို့မငြိမ်းရဲ့ရေချိုးဆိပ်ထဲက သီချင်းစာသားအချို့ကို အမှတ်မထင်ပြန်သတိရလိုက်မိတယ်။

"စစ်သားကောင်းတို့မိခင် တော်ချင်သူရယ်။ ဟောဟိုလူရင်အုပ်ကားကား ကြွက်သားအဖုအဖု ထုထုပြီးခရာချင်စရာငယ်။ ထွားကြိုင်းတဲ့ဗမာလူငယ်။ တော်စမ်းဟယ် ကောင်မရယ်။ ညည်းလင်ကြီးကို ညည်းဘာသာယူပေါ့တဲ့။ မျက်စောင်းကလေးကချီ ရှုတော့ဖြင့်မတည်ရှာတယ်။ အနားကအဘွားအိုအဝတ်လျှော်နေရင်းက ဆပ်ပြာကိုဆဲတော့ ဖောင်စွန်းတိုင်ပင် ရေတွေစင်ပါတယ် ...။"

ရေချိုးဆိပ်သီချင်းမှာ အချို့ကဆပ်ပြာကိုဆဲတာလား ဆယ်တာလားဆိုပြီး ကွက်ရှင်ထုတ်ခဲ့ကြတယ်။ ဆယ်တာပဲနေမှာပါ ဆဲတာမဟုတ်ပါဘူးတဲ့။ ဆဲတာဖြစ်ဖြစ် ဆယ်တာပဲဖြစ်ဖြစ် ရေချိုးဆိပ်သီချင်းကိုဆိုမိတိုင်း ဖောင်ပေါ်မှာ အဝတ်လျှော်နေတဲ့အဘွားအိုနဲ့ စစ်ကိုင်းတောင်ရိုး သရက်ပင်ဆိပ်ရဲ့ရေချိုးကြတဲ့မြင်ကွင်းက မျက်လုံးထဲမှာထင်းခနဲ ပေါ်လာခဲ့တယ်ဗျ။ မြစ်ဆိပ်မှာ ရေချိုးကြအဝတ်လျှော်ကြ။ အဲလိုအချိန်မှာ ကုန်းပေါ်ကလူပျိုကလေးက တော့ ဘာကိုငေးပြီး တွေးနေမှန်းမသိဘူးပေါ့။ ရေချိုးနေကြတဲ့အမျိုးသမီးငယ်ကလေးတွေကလည်း ကုန်းပေါ်ကလူပျိုကလေးကိုကြည့်ပြီး သူတို့အချင်းချင်း ကွိစိကွိစိ လုပ်ကြဟန်တူပါတယ်။ အဲတော့ အနားမှာရှိနေတဲ့အဘွားအိုက နားကြားပြင်းကပ်လာဟန်တူရဲ့။

"ကောင်မတွေ ကုန်းပေါ်မှာသူ့ဘာသာနေတဲ့သူကို ရွပိုးထိုးပြီး လှမ်းကြူမနေကြနဲ့။ ညည်းတို့အကျင့်စရိုက်နဲ့များစစ်သားကောင်းတွေမွေးထုတ်ပေးနိုင်မယ့်မိခင်မျိုး ဖြစ်ဖို့ဝေးပါသေး။ တယ်လေ ငါပြောလိုက်ရင်မကောင်းဘူး" လို့ စိတ်ထဲမှာရေရွတ်ရင်း စိတ်ပေါက်ပေါက်နဲ့ သူ့လက်ထဲကဆပ်ပြာကို ဆဲမိဟန်တူသဗျ။ ဒါကတော့ ဆရာမြို့မငြိမ်းရဲ့ချစ်စရာကောင်းတဲ့ ရေချိုးဆိပ်သီချင်းကို ကျွန်တော်ကကိုယ်လိုရာဆွဲပြီး အနက်အဓိပ္ပာယ်ဖော်လိုက်ခြင်းပါပဲ။ ဘာပဲဖြစ်ဖြစ်ပေါ့ သေချာတာကတော့ ဆပ်ပြာခမျာကြားထဲက မဆီမဆိုင်အချောင်ခံလိုက်ရရှာတယ်။ အဘွားအိုအတွက် အပြစ်တင်ဆိုဆဲစရာဆပ်ပြာပဲရှိတာမဟုတ်လား။

ဆပ်ပြာခမျာကံမကောင်းရှာဘူး။ စိတ်ရှုပ်ထွေးနေတဲ့ကျွန်တော့်ရှေ့ကိုရောက်လာခဲ့ပြန်တယ်။ ဒါ့ပြင်သူနဲ့အတူသွားတိုက်ဆေးပါအဆစ်ပါလာသေးတယ်။ စိတ်တိုဒေါသဖြစ်စရာတွေကတစ်ခုပြီးတစ်ခုပါပဲဗျာ။ အဲတော့သဟာတွေအပေါ်မေတ္တာတွေဒလဟောပုံအောပြီးလွှတ်ထုတ်နေမိတယ်။ ဘလိုင်းကြီးကစ်တယ်ပြောပြောဆဲချင်စိတ် ပေါက်ရင်ဆဲမှာပါပဲ။​ ဆဲချင်စရာ​မြွေနိုးတွေကလည်း တော်တော်များတယ်။ ဆပ်ပြာတို့သွားတိုက်ဆေးတို့။ ပိုက် ဆံထုတ်မရတဲ့အေတီကတ်တို့ စသည်ဖြင့်ပေါ့။ ဒီထက်ပိုပြီးဆိုးလာရင်တော့ လာမယ့်ဘေး ပြေးတွေ့ရုံပဲရှိတော့တယ်ဗျ။ ဟွန်း ... ။

ဤတွင်ကားလိပ်ချ

ဗေဒါညို


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar