Breaking News

အောင်ဝေး - မြ မြ င့် မို ရ် (၁၉၅၄- ၂၀၂၁) အ မှ တ် တ ရ ( မြမြင့်မိုရ်ကဗျာအချို့)

Art- Than Htay Maung  
မြ မြ င့် မို ရ် (၁၉၅၄- ၂၀၂၁) အ မှ တ် တ ရ 
မြမြင့်မိုရ်ကဗျာအချို့
အောင်ဝေး
(မိုးမခ) ဇွန် ၄၊ ၂၀၂၁


မြမြင့်မိုရ်ကဗျာအချို့

          ၃ ၃ လ မ်း

ဘယ်မဂ္ဂဇင်းတွေ ထွက်ပြီလဲလို့
မေးဖို့ ငါသွားမယ်
လေထန်ကုန်းမှာ ထိုင်ရုံတင်ပါ
လက်ဖက်ရည်ကောင်းကောင်းလည်း သောက်ရမယ်
မကြာပါဘူးကွယ်၊ မင်းလည်း လိုက်ခဲ့လေ။

သူငယ်ချင်းကဗျာဆရာတွေနဲ့
တွေ့ဖို့ ငါသွားမယ်
လေထန်ကုန်းမှာ ထိုင်ရုံတင်ပါ
တချို့သူငယ်ချင်းတွေ မိသားစုများတယ်
၀င်ငွေ မကောင်းကြဘူး
ကုန်စျေးနှုန်းက ကျီစယ်တဲ့အခါ
သူတို့ ဟန်ချက်ပျက်ပျက်သွားတြတယ်
သူတို့ကျန်းမာရေးလည်း မေးကြည့်ချင်တ.ယ်
မကြာပါဘူးကွယ်၊ မင်းလည်း လိုက်ခဲ့လေ။     ။

(ရနံ့သစ်၊ ၁၉၉၉၊ စက်တင်ဘာ)

+++
တည်နေရာ 

သတိရမိတယ်
တောင်ခြေရွာကလေးတစ်ရွာက
အဘိုးနဲ့အဘွားရဲ့အိမ်။
အိမ်ပတ်ပတ်လည်မှာ
သစ်ပင် ဝါးပင်
ဟင်းသီးဟင်းရွက်ပင်တွေနဲ့
အိမ်ထောင့် ခပ်လှမ်းလှမ်းမှာ
စမ်းရေအိုက်ကလေးတစ်အိုင်။

အဲဒါတွေဟာ
အဘိုးအဘွားရဲ့အိမ်
နယ်နိမိတ်မျဉ်းတွေပဲ။
ခြံစည်းရိုးရယ်လို့
တမင် ခတ်ထားရိုး ထုံးစံမရှိ။

ကျနော်တို့ဘဝတွေကျတော့
အထူးပြုလုပ်ချက်တွေ များလှတယ်။    ။

(ရုပ်ရှင်တေးကဗျာ၊ ၁၉၉၉၊ ဒီဇင်ဘာ)
+++

အချစ်ဟောင်း ၂ 


ပန်းချီဆေးစပ်ပြားပေါ်မှာတောင် မရှိနိုင်
၀င်လုဆဲ နေလုံးကြီးရဲ့ ဆည်းဆာအလင်း
ငှက်ကလေးတွေ အိပ်တန်းပြန်လာတဲ့အချိန်
မရိုင်းတရိုင်း လေပြည်ထဲ
မြက်ရိုင်းရှည်တွေ ယိမ်းထိုး
တောင်ကုန်းကလေးပေါ်မှာ
ကောင်မလေးရဲ့ဆံပင်တွေ အလွင့်လွင့်
မြေပြင်ကို ငေးစိုက်လို့
ကောင်လေးကတော့
ကောင်းကင်ကို မော့ကြည့်ရင်း ကျောပေးထား
အဲဒါကို ဘယိသူ မှတ်တမ်းတင်ထားပါလိမ့်။
သူငယ်ချင်းဓာတ်ပုံဆရာဖြစ်မှာပဲ
စာအုပ်အဟောင်းတွေရှင်းရင်း ထွက်ကျလာ
တချို့နေရာမှာ ဆေးတွေတောင်ပျက်လို့။     ။

(သရဖူ၊ ၂၀၀၀၊ ဇန်နဝါရီ)
+++

ကျနော့်မိန်းမ


တစ်ရက်၊ သူ ကျနော့်အနား လာရပ်တယ်
ရေးလက်စကဗျာတစ်ပုဒ်ကို လှမ်းကြည့်ရင်း
ဘယ်မဂ္ဂဇင်းကို ပို့မှာလဲ တဲ့
မင်းဘာလုပ်မလို့လဲ မေးတော့
ရှင့်ကဗျာတွေ ကောင်းတယ်လို့
ပြောကြသားပဲ တဲ့
(သူကတော့ တစ်ခါမှ ယူဖတ်တာ မဟုတ်ဘူး ) 
ပြီးတော့၊ ရှင်လည်း နာမည်တော်တော်ရနေပြီပဲ တဲ့
(အမှန်က သူ ဘာမှသိတာ မဟုတ်ဘူး)
အနုပညာဆိုတာ တန်ဖိုးရှိတယ်လို့ ပြောကြတယ်
စာမူခ များများပေးတဲ့ မဂ္ဂဇင်းကို
ရှင့်ကဗျာတွေ ပို့ပေါ့ တဲ့
မိန်းမကို သေသေချာချာကြည့်လိုက်တယ်
သူက စျေးခြင်းတောင်းဆွဲပြီး
ဘာမှမဖြစ်သလို ထွက်သွားလေရဲ့
အရင်တုန်းက ကျနော်ကဗျာရေးရင်
ဒီမိန်းမ အနားကို လာလေ့လာထ မရှိပါဘူး။     ။

(သရဖူ၊ ၂၀၀၀၊ မေ)

+++

 မြွေတစ်ကောင်နှင့်အလင်းတန်းတစ်တန်း


ငါ လန့်နိုးလာ၊ မနက်ခင်း၊ ကြေမွနေတဲ့အိပ်ရာ
မြွေတစ်ကောင် ထသွားပြီ၊ ငါ့ဘေးနားက
မရှိတော့၊ ငါ့နှုတ်ခမ်းဟာ နှုတ်ဆက်အနမ်းကြောင့် ပူနွေး။

ငါ လန့်နိုးလာ၊ မနက်ခင်း၊ ကြေမွနေတဲ့အိပ်ရာ
အလင်းတန်းတစ်တန်း၊ ရွေ့သွားပြီ၊ ငါ့ကိုယ်ပေါ်က
မရှိတော့၊ ငါ့ခန္စာကိုယ်ဟာ နှုတ်ဆက်အလင်းကြောင့် ပူနွေး။

ငါ့ကိုနှိုးခဲ့၊ နေ့စဉ်နေ့တိုင်း၊ အနမ်းကိုယ်စီနဲ့
မြွေတစ်ကောင်နဲ့အလင်းတန်းတစ်တန်း၊ အတူတူ
ထာဝရပိုင်ဆိုင်ချင်ပါရဲ့၊ မျှော်လင့်ချက်
ရောက်လာတာ မသိရပေမဲ့၊ နှိုးနှိုးသွားတတ်ရဲ့
ပြန်ထွက်သွားကြ၊ ငါ့နှလုံးအိမ်ဟာ ရင်ခုန်သံကြောင့် ပူနွေး။

ငါ ငေးကြည့်နေရုံသာ၊ အိပ်ရာပေါ်က မထသေး
အတူတူ ထွက်သွားတတ်ကြ၊ ပျော်ရွှင်စွာ
ဖြောင့်တန်းနေတဲ့ မြွေတစ်ကောင်နဲ့
တွန့်လိမ်ကောက်ကွေးနေတဲ့ အလင်းတန်းတစ်တန်း။     ။

(မိုး၊ ၂၀၀၀၊ ဇွန်)
+++
          
ကျနော်ဟာ ကံကြ မ္မာဖြစ်ချင်တဲ့တယ်


လက်ညှိုးညွှန်ရာ
ကွေ့ကောက်စီးဆင်းရလွန်းလို့
ကျနော်ဟာ ကံကြမ္မာ ဖြစ်ချင်ခဲ့တယ်။
အိပ်မက်တွေ
တစ်ရာသီပြီး တစ်ရာသီ အရိတ်သိမ်းခံရလွန်းလို့
ကျနော်ဟာ ကံကြမ္မာ ဖြစ်ချင်ခဲ့တယ်။

ဆုတောင်းခြင်းရဲ့
ကျေးကျွန်ဖြစ်ရဖန် များလွန်းလို့
ကျနော်ဟာ ကံကြမ္မာ ဖြစ်ချင်ခဲ့တယ်။

ဖြည့်ဆည်းခြင်းရဲ့ အရှင်သခင်အဖြစ်
အရာအားလုံးကိုပြဋ္ဌာန်းဖို့
ကျနော်ဟာ ကံကြမ္မာ ဖြစ်ချင်ခဲ့တယ်။

ေလာကဓံကို
ပျစ်ပျစ်နှစ်နှစ် ဆဲရေးဖို့
ကျနော်ဟာ ကံကြမ္မာ ဖြစ်ချင်ခဲ့တယ်။

အတိအကျပြောရရင်တော့
ကိုယ့်ကိုယ်ကိုယ် ဓားထောက်ပြီး
လူ့ကျင့်ဝတ်တွေကို လုယက်ဖို့
ကျနော်ဟာ ကံကြမ္မာ ဖြစ်ချင်ခဲ့တာပါပဲ။     ။

(ဟန်သစ်၊ ၂၀၀၄၊ အောက်တိုဘာ)
+++
သူငယ်ချင်းမြမြင့်မိုရ် ဇွန် ၃၊ ၂၀၂၁ (သူ့မွေးနေ့) မနက် ၄း၃၀ မှာ ဆုံးပြီလို့ ကိုမြင့်ဦးဦးမြင့်က လှမ်းပြောပါတယ်။ မြမြင့်မိုရ်နဲ့ ကျနော် အသက်တူ။ ၅၄-ခု ဖွားတွေ။ လူအနေနဲ့ဆိုရင် သူက ရှေ့နေကြီး ဦးလှမြင့်။ ကဗျာမှာ သူနဲ့ကျနော်က ခေတ်ပြိုင်အစစ်တွေ။ (ကိုမြင့်ဦးဦးမြင့်က ကျနော်တို့ထက်နည်းနည်းစောတယ်)

မြမြင့်မိုရ်က အာဇာနည်ဗိုလ်အောင်ကျော်နဲ့ ရပ်ဆွေရပ်မျိုး။ အင်္ဂပူ-မယ်ဇလီကုန်းသား။ မယ်ဇလီကုန်းက ကဗျာ ဆရာထွက်တယ်။ မြမြင့်မိုရ်၊ စောဒေဝေါ(ကွယ် လွန်ခဲ့တာကြာပြီ)၊ လှမြင့်လွင်(နောင်မှာ ရဟန်းဝတ်သွား)။

ပြီးတော့၊ မယ်ဇလီကုန်းက နွေဦးတော်လှန်ရေး CDMသူရဲကောင်းလည်း ထွက်တယ်။ လက်ထိတ်ခတ်လျက်တန်းလန်းနဲ့ ကြွေးကြော်သံတွေ ရင်ကွဲအောင် အော်ရင်း၊ လာဖမ်းတဲ့ စစ်ခွေး ရဲတွေနောက်လိုက်သွားတဲ့သတ္တိခဲ CDM ကျောင်းဆရာမလေးဟာ မယ်ဇလီကုန်းကပေါ့။

ရှစ်လေးလုံးအရေးတော်ပုံကြီးတုန်းက ကျနော်က ဆရာမောင်သော်က၊ ဦးဝင်းတင်၊ ဆရာမောင်မိုးသူ၊ ဦးဝင်းခက်တို့နဲ့ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂမှာ ဗဟိုကော်မတီဝင်။ ပြည်သူချစ်လျှင်၊ ကမ္ပည်းတင်မည် ဆိုတဲ့၊ မြန်မာနိုင်ငံကဗျာဆရာများ(အဖွဲ့)မှာ မြမြင့်မိုရ်က အတွင်းရေးမှူး၊ ကျနော်က တွဲဖက်အတွင်းရေးမှူး။ ဥက္ကဋ္ဌက အစ်ကိုကြီးမောင်စိမ်းနီ ပေါ့။ လွမ်းပါရဲ့။

နောက်ပိုင်းတော့၊ ကျနော်က ချစ်လှစွာသောပြည်ပြေး၊ သူက ဇာတ်ညွှန်းရေး။
သူ ကဗျာနဲ့ဝေးသွားလေသလား။ ၂၀၀၉- စိတ်ကူးချိုချိုက ထုတ်တဲ့ ခေတ်ပြိုင်ကဗျာအချို့(ကဗျာဆရာ-၅၄ ယောက်)စာအုပ်မှာတောင် သူ့နာမည် မတွေ့ရတော့။

ဘာပဲဖြစ်ဖြစ်၊ သူ ကဗျာတွေရေးခဲ့တယ်။ မြမြင့်မိုရ် ကဗျာတွေ ရေးခဲ့တယ်။
မြမြင့်မိုရ်ဟာ ကဗျာဆရာပါ။ သူ့ကဗျာတွေဟာ ခေတ်ပြိုင်တွေအချင်းချင်းပေါ်မှာတောင် လွှမ်းမိုးမှုရှိပါတယ်။ သူရဲ့ ငါဟာ လရောင်ဖြစ်တယ် ဆိုတဲ့ကဗျာမျိုးကို ကျနော်(တို့)မရေးနိုင်ခဲ့ပါဘူး။
သမိုင်းဝင် ပိတောက်ပွင့်သစ် ယဉ်ကျေးမှုတော်လှန်ရေးမှာ သူဟာ ခိုင်ကျည်တဲ့ ပထမဆုံးတာဝန်ခံအယ်ဒီတာ။ မောင်စိမ်းနီနဲ့သူ မွေးထုတ်ခဲ့တဲ့ ကဗျာဆရာတွေလည်း မနည်းပါဘူး။
အခု သူ ကွယ်လွန်သွားပြီ။ ကိုမြင့်ဦးဦးမြင့်ကို ပြန်မေးတာ့၊ ဆီးချိုလို့ပြောတယ်တဲ့။ သူ့မိသားစုမှာ သူဟာ ကွင်းလယ်ကစားသမားပါ။ အနိုင်ဂိုးတွေကိုလည်း
သွင်းပေးခဲ့သူပါ။ သူ့ဇနီး ကျနော်တို့နှမ၊ သူ့သားသမီး ကျနော်တို့ တူလေး၊ တူမလေးတွေ ဝမ်းနည်းကြေကွဲနေရှာမယ်။

သူဆုံးတော့ ကိုမြင့်ဦးဦးမြင့်က ကိုမြတ်ခိုင်ကို လှမ်းသတိပေးတယ်။
မ-ရရစ် ဂိုဏ်းက တစ်ယောက်ပြုတ်သွားပြီတဲ့။ (မြ)တ်ခိုင်၊ (မြ)င့်ဦးဦးမြင့်၊ (မြ)မြင့်မိုရ်။ ကျန်တဲ့နှစ်ယောက်လည်း ကျန်းမာကြပါစေဗျာ။
သေတယ်ဆိုတာက မဆန်းပါဘူး။ ဆန်းတာက ကဗျာတွေက ဘယ်တော့မှ မေသတာပါ။
သြအောင်မြင့်မိုရ်တို့အဖေရေ။ ခင်ဗျားထွက်သွားတဲ့အချိန်က သိပ်စောလွန်းတယ်ဗျာ။ နွေဦးတော်လှန်ရေး အောင်ပွဲခံတဲ့အချိန်အထိတောင် မစောင့်နိုင်တော့ဘူးလားကွာ။
ဗိုလ်မြရေ .... ။

သူငယ်ချင်း
အောင်ဝေး
(ဇွန် ၃၊ ၂၀၂၁)
ခေတ္တ- မစ်ရှီဂန်။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar