Breaking News

နိုင်စွမ်း - အသက်ရှူခြင်း အနုပညာ

Image -The Therapy Center
အသက်ရှူခြင်း အနုပညာ
နိုင်စွမ်း
(မိုးမခ)ဇူလိုင် ၂၄၊ ၂၀၂၁


“သင် အသက်ရှူတတ်ပါရဲ့လား?” ဒီလို မေးရင် ဘယ်လို ဖြေကြမလဲပဲနော်။ အသက်ရှူတာပဲ မွေးကတည်းက ရှူလာတာ၊ ရှူတတ်တာပေါ့..၊ ဘာ လာကြောင်နေတာလဲ ဆိုပြီး ပြန်ပြောကြလိမ့်မယ် ထင်ပါတယ်။ ဒါဆိုရင် တိတိကျကျ ထပ်ပြီးမေးပါဦးမယ်။

“သင် နည်းစနည်မှန်မှန် အသက်ရှူတတ်ပါရဲ့လား?” ဒီလို မေးရင်တော့ အနည်းငယ်စဉ်းစားသွားပါလိမ့်မယ်။ အသက်ရှူတာ နည်းစနစ်လိုသေးလို့လား။ ဒီလိုပဲ နှာခေါင်းက ရှူချင်ရှူမယ်၊ ပါးစပ်နဲ့ ရှူချင်ရှူမယ်၊ အဆန်းလုပ်ပြီး လျှောက်မေးနေတာလို့ ထင်ကြပါလိမ့်မယ်။ တကယ်တော့ အသက်အပြည့်အဝ ရှူပြီး ကိုယ်ခန္ဓာနွမ်း နယ်ပင်ပန်းမှုတွေကို ချက်ချင်းပြေပျောက်စေတဲ့နည်းစနစ် အမှန်တကယ် ရှိပါတယ်။ အထူးသဖြင့် လှုပ် ရှားမှုနည်းတဲ့သူတွေအနေနဲ့ ဒီလို နည်းစနစ်မှန်မှန်နဲ့ အသက်ရှူလေ့ကျင့်ခန်းမျိုးကို သိထားသင့်ပါတယ်။ Time Saving Idea စာစောင်ထဲမှာ ဖော်ပြထားတဲ့အချိန်မကုန်မပင်ပန်းဘဲ ကျန်းမာရေး အတွက် လေ့ကျင့်ခန်းလုပ်နိုင်ဖို့ တင်ပြထားချက်တွေကိုအခြေခံပြီး ရေးသားတင်ပြပေးပါ့မယ်။

ဒီ အသက်ရှူလေ့ကျင့်ခန်းကို လုပ်ခြင်းဖြင့် အဆုတ်ရောဂါ၊ သွေးတိုးရောဂါ၊ လေဖြတ်ခြင်း၊ အစာမကြေ ဖြစ်ခြင်းတွေကို ကာကွယ်ပေးနိုင်ပြီး၊ အလုပ်ခွင်မှာ ပင်ပန်းသမျှတွေကို ယူပစ်လိုက်သလို ချက်ချင်းသိသာပြေ ပျောက်စေနိုင်တယ်ဆိုတာ အသေအချာပြောနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်ဖို့ အချိန်မကုန်, ငွေမကုန်တဲ့အပြင် အင်မတန်ရိုးရှင်းလွယ်ကူတဲ့အတွက် မည်သူမဆို ဆောင်းပါးလေးကိုဖတ်ပြီး လုပ်ဆောင်လိုက်ပါ။

လူ့ခန္ဓာကိုယ်ဟာ အာဟာရနဲ့ အောက်စီဂျင်တို့ ပေါင်းစပ်ပြီး ဆဲလ်အသစ်တွေမွေးဖွားရင်း၊ ဆဲလ်အဟောင်းတွေသေဆုံးရင်းနဲ့ ဖွဲ့တည်ထားတာဖြစ်ပါတယ်။ လူအများစုဟာ ခန္ဓာကိုယ်အတွက် အစားအစာအာဟာရကို ဦးစား ပေး စားသုံးတတ်ကြပါတယ်။ အာဟာရ ဖြစ်စေမယ့်အစားအစာကို ရွေးချယ်စားသုံးကြတာ အများစုပါ။ သို့ပေမယ့် အာဟာရချည်း ပြည့်စုံနေလို့ မဖြစ်ပါ။ အောက်စီဂျင်လည်း အချိုးညီညီ ပါဝင်ဖို့ လိုပါတယ်။ သို့မှသာ အာ ဟာရနဲ့ အောက်စီဂျင် အပြန်အလှန်အကျိုးပြုထောက်ပံ့ပေးပြီး ညီညွတ်မျှတတဲ့ ကျန်းမာရွှင်လန်းတဲ့ ခန္ဓာ ကိုယ် ဖြစ်လာမှာပါ။

လူတွေဟာ သွားလာ, လှုပ်ရှားလုပ်ကိုင်နေကြပေမယ့်အသက်ရှူတဲ့အခါမှာတော့ အပြည့်အဝမရှူကြပါဘူး။ အသက်အပြည့်အဝမရှူတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အောက်စီဂျင်လည်း အပြည့်အဝမရပေဘူးပေါ့။ အချိန်ကြာမြင့်စွာ ထိုင်လျက်သော်လည်းကောင်း၊ ရပ်လျက်သော်လည်းကောင်း အလုပ်, လုပ်နေမယ်၊ အသက်လည်း အပြည့်အဝမရှူနိုင် ဖြစ်နေမယ်ဆိုရင် ကာဗွန်ဒိုင်အောက်ဆိုက်တွေသွေးထဲ ဝင်ရောက်လာပြီး လေးလံထိုင်းမှိုင်းသွားစေပါတယ်။ တနည်းအားဖြင့် အောက်စီဂျင်နည်းပါးသွားတာကြောင့် နွမ်းလျသွားတာပါ။ ခေါင်းကိုက်မယ်၊ ဇက်ကြောထိုးမယ်၊ မအီမသာ ဖြစ်မယ် စသဖြင့် ခံစားလာရတော့တာပဲ။ အဲဒီမှာ “ဘာဖြစ်မှန်းမသိဘူး ဆရာရယ်” ဆိုပြီး ဆရာဝန်ထံသွားပြရတော့တာပဲ။ ဒီလိုဖြစ်ရတာဟာ အောက်စီဂျင်မပြည့်ဝလို့၊ အောက်စီဂျင် လိုအပ်လို့ပါ။ လူဟာ အိပ်ပျော်နေတဲ့အချိန်မှာပဲ အသက်ကို ပြည့်ပြည့်ဝဝရှူကြပါတယ်။ နိုးထနေချိန် တွေမှ အပြည့်အဝအသက်ရှူတာ မရှိသလောက်ပါ။

အထူးသဖြင့် အားကစားမလုပ်ဘဲ တခြားအလုပ်တွေလုပ်ကိုင်နေချိန်မှ လူ့အဆုတ်ရဲ့ ၂၀ ရာခိုင်နှုန်းက ၃၀ ရာ ခိုင်နှုန်းလောက်ပဲ အသက်ကိုရှူသွင်း, ရှူထုတ်လုပ်ကြပါတယ်။ အားကစားလုပ်နေသူတွေကတော့ ၅၀ ရာ ခိုင်နှုန်းကနေ ၆၅ ရာခိုင်နှုန်းလောက်ပဲ ရှူထုတ်ရှူသွင်းပြုလုပ်ပါတယ်။ အိပ်နေတဲ့ အချိန်မှာတော့ ၉၀ ရာခိုင် နှုန်းကနေ ၉၅ ရာခိုင်နှုန်းလောက်အထိ အသက်ရှူပါတယ်။ လူသားနဲ့ သက်ရှိတွေအတွက် ကံကောင်းတာက သစ်ပင်တွေက နေ့ခင်းမှာ ကာဗွန်ကိုစားသုံးပြီး ညခင်းပိုင်းမှာ အောက်စီဂျင်တွေပြန်လည် ထုတ်လွှတ်ပေးနေတာပါ။

အခု ဆက်ပြီးအသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့အကြောင်း ဆက်လက်တင်ပြပါ့မယ်။ အဆုတ်ထဲကို လေအပြည့် အဝရောက်ရှိအောင် လေ့ကျင့်ခန်းလုပ်ဖို့ အချိန် ၅ မိနစ်ကနေ ၁၅ မိနစ်လောက်ရရင်ပဲ အဆင်ပြေပါတယ်။ လမ်းသွားရင်း၊ ကားစီးရင်း၊ ကုလားထိုင်ပေါ် ထိုင်ရင်း၊ အိပ်ရာပေါ် ပက်လက်လှန်လှဲအိပ်ရင်း ဘယ်လို အနေ အထားမှာပဲ ဖြစ်ဖြစ်ဒီအသက်ရှူလေ့ကျင့်ခန်းကို လုပ်လို့ရပါတယ်။ အကောင်းဆုံးကတော့ လက်တင်ပါတဲ့ကု လားထိုင် (Arm Chair) ပေါ်မှာ (သို့မဟုတ်) ပြင်ညီကြမ်းပြင် (ဆိုဖာပေါ်မှာ မဟုတ်) ပေါ်မှာ လေ့ကျင့်ခြင်းပါ။ ပထမဆုံးလက်တင်ပါတဲ့ ကုလားထိုင်ပေါ်မှာ လေ့ကျင့်ဖို့အတွက် အရင်ပြောပါမယ်။

လက်တင်ပါကုလားထိုင်ပေါ် သက်သောင့်သက်သာအရှိဆုံး အနေအထားအတိုင်း ထိုင်ပါ။ လက်နှစ်ဖက်ကိုတန်းပေါ်တင်၊ ခြေထောက်တွေကို ရှေ့ကို ဆန့်ထား၊ ခေါင်းကိုနောက်မှီတန်းပေါ် အနည်းငယ်မော့ပြီးတင်၊ နောက်စေ့နဲ့ ချိတ်ထား၊ မျက်နှာကိုရှေ့သို့ တည့်တည့်ထား၊ မျက်လွှာကို ပိတ်၊ ခါးကို ဆန့်၊ ပုံမှန် အသက်ရှူ၊ ခေါင်းကို ဟိုဘက်နည်းနည်း ဒီဘက်နည်းနည်းလှုပ်ပေးပြီး အသက်ရှူလေ့ကျင့်ခန်း စပါ့မယ်။ ထူးထူးဆန်းဆန်းကြီးမဟုတ်ပါ။

လေကို နှာခေါင်းနဲ့ တဖြည်းဖြည့်ချင်းရှူသွင်းပါ။ အဆုတ်ထဲပြည့်အောင် ရှူသွင်းပါ။ အဆုတ်ထဲ နောက်ထပ်လေတစက်မှထပ်ရှူသွင်းလို့ မရတော့တဲ့ အထိ ရှူသွင်းပါ။ အဆုတ်ထဲမှာ လုံးဝပြည့်နေတဲ့ပြီ ဆိုရင် ချက်ချင်းပြန်မထုတ်သေးဘဲ ခေတ္တအောင့်ထားပါ။ အောင့်နိုင်သလောက် အောင့်ထားပါ။ လုံးဝမအောင့်နိုင်တဲ့ အထိ အောင့်ထားပါ။ မအောင့်နိုင်တော့တဲ့ အခါကျမှ ပါးစပ်က တဖြည်းဖြည်းချင်းလေကို ပြန်ထုတ်ပါ။ အဲဒီလိုနဲ့ အသက်ရှူလေ့ကျင့်ခန်းကို အချိန်ရသလောက်၊ လုပ်နိုင်သလောက် အကြိမ်ရေအထိ လုပ်နိုင်ပါတယ်။

သတိပြုရမှာက ရှူသွင်းတဲ့ အချိန်၊ အောင့်ထားတဲ့အချိန်နဲ့ ရှူထုတ်တဲ့ အချိန်၊ ရှူထုတ်ပြီး အောင့်ထားတဲ့အချိန်တွေညီနေရင် အကောင်းဆုံးပါ။ ဆိုပါတော့ အသက်ရှူသွင်းတဲ့အခါမှာ စိတ်ထဲကနေ ၁.၂.၃….. စသဖြင့် ရေ တွက်ကြည့်ပါ..။ ၁၅ ရတယ် ဆိုပါစို့။ အသက်ရှူပြီး အောင့်ထားတဲ့အချိန်ဟာလည်း ၁၅ အထိရဖို့၊ အသက်ပြန်ရှူထုတ်တဲ့အခါမှာလည်း ၁၅ အထိ ရဖို့ပါ။ ရှူထုတ်ပြီး အောင့်ထားရင်လည်း ၁၅ ရဖို့ပါပဲ။ အဲဒီလိုနဲ့ ၁၅ ၊ ၂၀၊ ၃၀၊ ၄၀၊ ၅၀ ဆိုပြီး အရှိန်မြှင့် လုပ်နိုင်ပါတယ်။

ဒီလို အသက်ရှုနည်းကို လေးဘက်ညီ အသက်ရှူခြင်း အနုပညာလို့ ခေါ်ပါတယ်။ အများအားဖြင့်ရှူသွင်းခြင်းနဲ့ ရှူထုတ်ခြင်းကိုသာ အများစုက သိမြင်ကြပါတယ်။ ရှူသွင်းပြီးအချိန်နဲ့ ရှူထုတ်ပြီး အချိန်ကို သတိမမူမိ၊ မသိကြပါဘူး။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အောက်စီဂျင်တွေ အဆုတ်ထဲမှာ ပြည့်ဝများပြားနေရင် ကျန်းမာရေးကို အထောက်အကူပြုနိုင်မယ်မဟုတ်လား။ ရှူသွင်းချိန်၊ အောင့်ထားချိန်၊ ရှူထုတ်ချိန်၊ အောင့်ထားချိန်တွေညီနေရင် အကောင်းဆုံး အသက်ရှူလေ့ကျင့်ခန်းပါပဲ။

အဲဒီလို ရှူတော့ ဘာတွေ ရမလဲ၊ ဘာတွေ ဖြစ်မလဲဆိုတော့ .. ပထမဆုံး ခန္ဓာကိုယ်ရဲ့ သွေးကြောတွေ အားလုံးပွင့်သွားပြီး သွေးလှည့်ပတ် စီးဆင်းနေတာကို တဖျင်းဖျင်းခံစားရပြီး သိနိုင်ပါတယ်။ လေ့ကျင့်ခန်းလုပ်နေရင်း အလွန်ပေါ့ပါး, အလွန်လန်းဆန်းသွားလိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။ အချိန်ရရင် စမ်းသပ်ကြည့်ဖို့၊ အချိန်ရရင် ရသလို လေ့ကျင့်ကြည့်ဖို့ လေးလေးနက်နက် တိုက်တွန်းပါရစေ။

အလုပ်က ပြန်လာပြီး ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်နေတဲ့ အခါမှာ ဒုတိယဖော်ပြမယ့်အနေအထားကို အသုံးပြုနိုင်ပါတယ်။ ဆိုဖာ သို့မဟုတ် အောက်ခင်း ထူထူမပါတဲ့ ကြမ်းပြင်ပေါ် ပက်လက်လှန်ပြီး အိပ်လိုက်ပါ။ ခေါင်းအုံးနဲ့ အခြား အခုအခံ ဘာမျှမသုံးပါနဲ့။ ခန္ဓာကိုယ်ကို စန့်နိုင်ဆန့်ပါ။ ဖြောင့်နိုင်သမျှ ဖြောင့်ဖြောင့်ထားပြီး၊ အထက်ကပြောခဲ့သလို လေးဘက်ညီ အသက်ရှူခြင်းအနုပညာကို လေ့ကျင့်ပါ။ ညီညွှတ်မျှတခြင်းဟာ အနုပညာမှာ အရေးကြီးပါတယ်။ အဲဒီလိုပဲ ကျန်းမာ ကြံ့ခိုင်ရေးနဲ့ အသက်ပြည့်ပြည့်ဝဝရှူပြီး အားအင်ပြည့်လျှမ်းစိတ်ရွှင် လန်းဖို့ အသက်ရှူခြင်း အနုပညာကို လေ့ကျင့်နိုင်ဖို့ တင်ပြပေးလိုက်ပါတယ်။

ဒီလေ့ကျင့်ခန်းကိုလုပ်ကြည့်ပါ။ အမှန်တကယ် အကျိုးရှိမယ်ဆိုတာ အာမခံတင်ပြလိုက်ပါတယ်။ အလုပ်များပြားပြီး ကျန်းမာရေးလေ့ကျင့်ခန်းကို အချိန်ပေးပြီး မလုပ်နိုင်တဲ့သူတွေ ဒီလေ့ကျင့်ခန်းကိုလုပ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်။ သင့်ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုရင်တော့ လက်ဆင့်ကမ်းမျှဝေပေးလိုက်ပါဦး။ ကျန်းမာခြင်းလက်ဆောင်ထက် ကောင်းတဲ့ လက်ဆောင်မွန်ဆိုတာမရှိဘူးမဟုတ်လား။   ။

နိုင်စွမ်း
ဂျူလိုင် ၂၃၊ ၂၀၂၁
-

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar