Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

Mandalay, Facebook 


မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၂၃ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၂၁

စစ်ကောင်စီ၏ နောက်ဆုံးနေ့များ


စစ်အာဏာသိမ်းပြီး ၆ လ ရှိတော့မယ်။ ယခုအချိန်ထိ စစ်ကောင်စီဟာ တိုင်းပြည်နဲ့ ပြည်သူကို အနိုင်ယူ၊ ဖိနှိပ် စိုးမိုးနိုင်ခြင်း လုံး၀မရှိသေးပါဘူး။ ခု ကိုဗစ်ကပ်ဘေးကာလ ရန်ကုန်မှာ တနေ့ကို လူ ထောင်ချီသေဆုံးနေချိန်မှာလည်း စစ်အာဏာရှင်တွေဟာ ကိုဗစ်ကိုလည်း မထိန်းချုပ်နိုင်တဲ့အတွက် တိုင်းပြည်ဟာ အဘက်ဘက်က ကျရှုံးနေပြီး ကျဆင်းသည်ထက် ကျနေပါတယ်။ ဒါဟာ တိုင်းပြည်နဲ့ ပြည်သူအတွက် နောက်ဆုံးနေ့တွေ မဟုတ်ပါဘူး။ တိုင်းပြည်ကို မအုပ်ချုပ်နိုင်ဘဲ အပိုင်စီးဗိုလ်ကျ အာဏာလုဖို့ ကြိုးစားတာ မအောင်မြင်တဲ့ စစ်ကောင်စီ၏ နောက်ဆုံးနေ့တွေဆီကို သွားနေတဲ့ ရက်စွဲတွေ ဖြစ်နေပြီလို့ ဆိုနိုင်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူဟာ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့နေ့မှာ ချက်ခြင်းခေါင်းထောင်ပြီး နေ့သစ်တွေ ပြန်လည်မွေးဖွားလာမှာ ဖြစ်ပါတယ်။

စစ်အုပ်စု စစ်ကောင်စီခေါင်းဆောင်နဲ့ အနီးကပ်နောက်လိုက်က လူဦးရေ ၅ သိန်းကနေ ၁၀သိန်း ထိ ရှိတယ်ဆိုကြပါစို့၊ သူတို့ကို ကိုဗစ်ကူးစက်နှုန်းကလည်း စာရင်းအရ ၃၀-၄၀% ၊ အများပြည်သူ လူဦးရေ သန်း ၅၀ မှာက အလားတူဖြစ်တယ်ဆိုဦး - သေနှုန်းချင်း တူကြတယ်ဆိုဦး၊ သူတို့အင်အားတွေ ကျဆုံးနေမှု ပျက်စီးနေမှုက ပြည်သူတွေထက် အများအပြား ဖြစ်နေတဲ့အပြင် စိတ်ဓာတ်ပိုင်းဆိုင်ရာမှာ ပြည်သူက မလျော့တမ်း တောင့်ထားနိုင်ပြီး စစ်ကောင်စီနောက်လိုက်နဲ့ စစ်သားတွေကတော့ စိတ်ဓာတ်ကျဆင်းနေတာ အသေအချာဖြစ်ပါတယ်။ စစ်ကောင်စီဘက်မှာ အင်အားတိုးဖို့ အသစ်မွေးဖွားနိုင်ဖို့ထက် ပြည်သူအင်အားတိုးပွားနေဖို့က အဆများစွာ သာလွန်ပါတယ်။

ပြည်သူ၏ အင်အားနဲ့ စိတ်ဓာတ်၊ နွေဦးတော်လှန်ရေး၏ အင်အားနဲ့ စိတ်ဓာတ်ဟာ ကိုဗစ်ကပ်ဆိုးကာလမှာ ပိုပြိး ပြင်းထန် သန်မာလာတဲ့ သက်သေကတော့ အင်းစိန်ထောင်တွင်းက အရေးတော်ပုံ ကြွေးကြော်သံများ သွေးသစ္စာသီချင်းသံများ ဟိန်းထွက်လာတဲ့ သည်နေ့မနက်ခင်း ဖြစ်ရပ်က သက်သေပြပါတယ်။ စစ်ကောင်စီမတရားဖမ်းဆီးထားတဲ့ NLD ခေါင်းဆောင်တဦး ဦးဉာဏ်ဝင်း ထောင်တွင်းမှာ ကိုဗစ်ဖြစ်ပြီး လွန်ခဲ့တဲ့ တပတ်က ကွယ်လွန်ခဲ့ပြီး မြန်မာပြည်အနှံ့က အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရသူများ ကိုဗစ်ကူးစက်ခံပြီး ဆေးကုခွင့်မရ သေလုနီး ပြင်းထန်စွာ ခံစားနေရကြောင်း၊ စစ်ကောင်စီက ဘာမျှဆောင်ရွက်ပေးခြင်းမရှိကြောင်း သတင်းများဖြစ်ပေါ်နေဆဲ ဇူလိုင် ၂၃ မနက်ခင်းမှာ အင်းစိန်ထောင်က နိုင်ငံရေးအကျဉ်းသားတွေအဖြစ် ဖမ်းဆီးခံရသူတွေက ကြွေးကြော်သံတွေ ဟစ်ကြွေးပြီး ဆန္ဒပြထုတ်ဖော်ပြီး စစ်ကောင်စီကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့ကြပါတယ်။ မြန်မာတပြည်လုံးသာမ တကမ္ဘာလုံးက လူသားတွေအားလုံး စိတ်ထိခိုက်ရ အမျက်ဒေါသထွက်ရ စစ်ကောင်စီအပေါ် နာကျည်း ရှုတ်ချရတဲ့ အင်းစိန်ထောင်တွင်းသပိတ်တိုက်ပွဲရဲ့ ပြင်းထန်သော တိုက်ခတ်ချက်ဟာ ကမ္ဘာကြီး တုန်လှုပ်သွားတယ်လို့တောင် ပြောချင်ပါတယ်။ စစ်ကောင်စီက စစ်သားများနဲ့ အင်အားသုံး ရိုက်နှက်ချေမှုန်းတယ်၊ ထောင်တွင်းသပိတ်ခေါင်းဆောင်တွေကို တိုက်ပိတ်အရေးယူတယ်လို့ သတင်းထွက်လာပါတယ်။ အသေအပျောက်သတင်း၊ ဒဏ်ရာပြင်းထန်တဲ့သတင်းတွေ အတည်ပြုချက်မရသေးသော်လည်း ဗကသဗဟိုအလုပ်အမှုဆောင်ကိုဆင့်နိုင်(ခ)ကိုဇော်ထက်နိုင်အပါအဝင်ရဲဘော်အချို့မတရားတိုက်ပိတ်ခံထားရတယ်လို့ဗကသများအဖွဲ့ချုပ်က ထုတ်ပြန်ကြေငြာပါတယ်။

ထောင်တွင်းသပိတ်ကို ရက်စက်စွာနှိမ်နင်းပြီးနောက် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က ညနေ ၈နာရီသတင်းမှာ “ဆေးရုံကို ပြန်လာကြပါ” လို့ CDM ကျန်းမာရေးဝန်ထမ်းများကို မေတ္တာရပ်ခံတယ်လို့ စစ်သတင်းဌာနများက ထုတ်ပြန်ပါတယ်။ သတင်းမှာ ဖော်ပြထားတာကတော့ - “ကျွန်တော်လည်း အကြိမ်ကြိမ်အခါခါ ဖိတ်ခေါ်တယ်။ လာကြပါ။ ဒါက လူမှုရေးကိစ္စဖြစ်တယ်။ နိုင်ငံ့အရေးကိစ္စဖြစ်တယ်။ အမျိုးသားရေးကိစ္စဖြစ်တယ်။ တစ်ချို့လည်း လာကြတာရှိတယ်။ တစ်ချို့ကလည်း အကြောင်းအမျိုးမျိုးကြောင့် မလာနိုင်ကြတာရှိပါတယ်။ ကျွန်တော်ထပ်ပြီး မေတ္တာရပ်ခံပါတယ်။ ကျန်းမာရေးနဲ့ဆိုင်တဲ့ပုဂ္ဂိုလ်အားလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ကျွန်တော်ပြောလိုတယ်” လို့ ကိုးကားထားပါတယ်။

လက်ရှိမှာ နွေဦးတော်လှန်ရေး ခြောက်လတာကာလ ‌(မနေ့ကအထိ) အတွင်း စစ်ကောင်စီရဲ့ လူမဆန်တဲ့သတ်ဖြတ်မှူတွေကြောင့် လူပေါင်း၉၃၁ ယောက်သေဆုံးခဲ့ပြီး နိုင်ငံတဝန်း ပြည်သူ ၆၈၇၁ ယောက် ဖမ်းဆီးခံခဲ့ရပါတယ်။ အဲဒီအထဲက ၅၃၃၃ ယောက်ကတော့ လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး ၂၅၅ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။ ပြစ်ဒဏ်ကျခံရသူတွေထဲမှာတော့ အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၂၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းAAPP ကဆိုထားပါတယ်။ သည်တော့ စစ်ကောင်စီ၏ လုပ်ရပ်က ကိုဗစ်မတိုင်ခင်ကတည်း CDM ဝန်ထမ်းတွေ မိသားစုတွေ၏ ဘ၀အိုးအိမ် စည်းစိမ်တွေကို ဖျက်ဆီးထားပြီး ဖြစ်ပါတယ်။ အခု ကိုဗစ်ဖြစ်ချိန်မှာ သည် သပိတ်မှောက်ကျန်းမာရေးဝန်ထမ်းတွေ တာဝန် ြုပန်ထမ်းဆောင်ဖို့ အခြေအနေကိုလည်း တာဝန်ရှိသူ မင်းအောင်လှိုင်ကိုယ်တိုင်က တာဝန်ယူမည့် အချက်အလက်များ ဘာမှ ထုတ်ဖော်ခြင်း မရှိပါဘူး။

ကိုဗစ်မတိုင်ခင်ကတည်း ဝန်ထမ်းပေါင်း ၁သိန်းခွဲကနေ ၂ သိန်းကို စစ်ကောင်စိက အလုပ်ကနေ ထုတ်ပစ်ပြီး ဖြစ်ပါတယ်။ ပင်စင်များ ဖျက်သိမ်းခြင်း၊ နေအိမ်များမှ မောင်းချခြင်း၊ ပုဒ််မ ၅၀၅ ထုတ်ပြီး ဖမ်းဆီးခြင်း၊ ပုဒ်မမထုတ်ဘဲ လျို့ဝှက်ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အများအပြား ဖမ်းဆီးခံရခြင်း၊ တိမ်းရှောင်နေရခြင်းတွေ ရင်ဆိုင်နေရပါတယ်။ ကိုဗစ်ဖြစ်ပြီး သေကျေပျက်စိးတဲ့အထဲမှာ အဆိုပါ CDM ဝန်ထမ်းများစွာ ပါဝင်နေပါတယ်။ သည်တော့ ကိုဗစ်ကို ထိန်းချုပ်နိုင်ဖို့အတွက် စစ်ခေါင်းဆောင်တဦးက သူကိုယ်တိုင် ဖိနှိပ်နှိမ်နင်းအရေးယူထားတဲ့ သပိတ်မှောက်ဝန်ထမ်းတွေကို တာဝန်ယူမှု တာဝန်ခံမှု မပါဘဲ စကားသက်သက်နဲ့ ပြန်ခေါ်တယ်ဆိုတာကို ဘယ်လူသားတွေကမှ နိုင်ငံတကာခေါင်းဆောင်တွေအပါအဝင် ယုံကြည်သက်ဝင်ခြင်း ရှိကြမှာ မဟုတ်ပါဘူး။

စစ်ခေါင်းဆောင်တွေဟာ ၎င်းတို့ ရာဇဝတ်မှု လူသားမျိုးတုံးသတ်ဖြတ်မှုတွေအတွက် တာဝန်ယူမှု တာဝန်ခံမှု လုံး၀မရှိကြောင်း သက်သေကတော့ သည်ရက် ဇူလိုင် ၂၃ - ICJ တရားရုံးမှာ တရားရင်ဆိုင်ဖို့ ချိန်းဆိုထားတာနဲ့ ပတ်သက်ပြီး လုံး၀ရေငုံနှုတ်ပိတ် ဥပက္ခာပြုထားတာကို ကြည့်ခြင်းဖြင့် သိသာနိုင်ပါတယ်။ ဒီဇင်ဘာ ၁၀၊ ၂၀၁၉ တုန်းက နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို မျိုးတုံးသတ်ဖြတ်နေတယ်လို့ စွပ်စွဲချက်ကို နိုင်ငံတကာတရားရုံးမှာ သွားရောက်ရင်ဆိုင်ခဲ့ပေမယ့် အခု ဒေါ်စုကို ဖယ်ရှားဖမ်းဆီးပြီး အာဏာသိမ်းလိုက်တဲ့ ကာယကံရှင်စစ်တပ်ခေါင်းဆောင်တွေကတော့ ရင်ဆိုင်ဖြေရှင်းမယ့်ပုံ မရှိတော့ပါဘူး။ သည်လိုဆိုရင် စစ်ကောင်စီ၏ ကတိစကား ပြောစကားတွေ အလုပ်တွေဟာ ပြည်သူလူထု၏ အကျိုးစီးပွားအတွက် စေတနာ မပါနိုင်ဘူးဆိုတာ ထင်ရှားနေပြီ ဖြစ်ပါတယ်။

သည်နေ့မှာ စိတ်ဝင်စားစရာ အင်တာဗျုးအမေးအဖြေကတော့ SNLD ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဦးစိုင်းညွန့်လွင်နဲ့ Channel News Independent မေးမြန်းခန်းပဲ ဖြစ်ပါတယ်။ သတင်းဌာနက လက်ရှိ တိုင်းပြည်အကြပ်အတည်း၊ ကိုဗစ်အကြပ်အတည်းနဲ့ နိုင်ငံရေးအဖြေရှာမှု အခက်အခဲကို မေးမြန်းထားပါတယ်။ ဒါကို တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တဦးက ဖြေကြားထားတာကို တွေ့ရပါတယ်။ စိတ်ဝင်စားစရာတွေကို ကောက်နှုတ်ပြရရင် ေတာ့ -

ကိုဗစ်ထိန်းချုပ်နိုင်ရေးအတွက် အဖြေတစုံတရာနဲ့ ပတ်သက်လို့ -

စိုင်းညွန့်လွင် - ကျနော့်ဆန္ဒအရဆိုရင် ဆေးဝန်ထမ်းအားလုံးကို တရားစွဲထားတာကနေ ချွင်းချက်မရှိ ရုပ်သိမ်း ပေးလိုက်တာမျိုးကို လုပ်သင့်တယ်လို့ ထင်ပါတယ်။ ဆေးဝန်ထမ်းတွေ လူထုကြားထဲ ပြန်ထွက်လာရင် ကိုဗစ်-၁၉ ကာကွယ် ကုသ ရေးမှာ တစ်နည်းတစ်ဖုံ ၊ သူနည်းသူ့ဟန်နဲ့ အားဖြည့်ရာရောက်ပါမယ်။ လူထု ကိုတော့ သေချာပေါက် အထောက်အကူ ဖြစ်နိုင်ပါတယ်။ နစက- အတွက်လဲ လူထုရဲ့ ယုံကြည်မှု တစ်စုံတစ်ရာ ရနိုင်ပါတယ်။

စစ်ဘောင်နဲ့ နိုင်ငံရေးဘောင်နဲ့ ပတ်သက်လို့ -

စိုင်းညွန့်လွင် - အခုက နိုင်ငံရေးဘောင်က ကျဉ်းလွန်းနေတယ် ။ စစ်ဘောင်က ကျယ်နေပြီး နိုင်ငံရေးဘောင်က ကျဉ်းလွန်းနေတယ်။ ကျနော်တို့ နိုင်ငံရေးပါတီ တွေဖက်က လုပ်နိုင်တာ အရမ်းနည်းပါတယ်။ ပြည်သူတချို့ဆို ဘာမှမလုပ်ရ ကောင်းလားဆိုပြီး ဆူတာ ပူတာတွေလည်း အများကြီးရှိနေပါတယ်။ ဒါပေမဲ့ ကျနော်တို့မှ မဟုတ်ပါဘူး။ ဘယ်ပါတီကမှလည်း ဘာမှလုပ်နိုင်ကိုင်နိုင်တာ မရှိ ကြပါဘူး။ လေ့လာသူတိုင်း သိသိသာသာ မြင်နိုင်ပါတယ်။

လက်ရှိ ကိုဗစ်ကပ်ကျရောက်ချိန်နဲ့ ပတ်သက်လို့ -

စိုင်းညွန့်လွင် - လက်နက်မဲ့ ဆန္ဒပြသူတွေဟာ အခုဆိုရင် အကြမ်းဖက်မှုကို လက်နက်နဲ့ တုန့်ပြန်နေကြတဲ့ အနေအထားကို ပြောင်းသွားခဲ့ ကြပြီ ဖြစ်တယ်။ ကပ်ရောဂါ ကလည်း ကူးစက်မှု မြန်ဆန်သလောက် ကာကွယ်ကုသရေး အပိုင်းတွေမှာ မနိုင်မနင်းဖြစ်နေတယ်။ မထိန်း ချုပ် နိုင်တော့ဘူး။ နိုင်ငံရေး ပဋိပက္ခတွေက လည်း ပြင်းထန်လွန်းနေတယ်။ ပြေလည်နိုင်တဲ့ နည်းလမ်းကလည်း ခုထိ မတွေ့နိုင်သေးဘူး ဖြစ်နေတယ်။

မြန်မာနိုင်ငံသမိုင်းမှာ အကျပ်အတည်း အကြီးဆုံးအချိန်တစ်ခု ဖြစ်လာနေတယ်။ အခက်အခဲ ပေါင်းစုံ၊ ပြဿနာ ပေါင်းစုံ စုဆုံနေတဲ့ အချိန်လည်းဖြစ်တယ်။ ကိုယ့် အချင်းချင်း ယုံကြည်မှု လုံးဝ ပျက်သုန်းနေကြရုံ မဟုတ်ဘဲ အားလုံးက လက်ခံ ပြီး ယုံကြည်မှုရှိတဲ့ ကြားဝင်စေ့စပ်သူ ဆိုတာကလည်း ရှာမရဘဲ ဖြစ်နေတယ်။ ကံခေနေတဲ့ အချိန်ပေါ့ဗျာ။ ပထဝီနိုင်ငံရေးအရ နိုင်ငံ တကာကလည်း ကြားဝင် ဖို့ လက်တွန့်နေပြန်တယ်။ စိတ်မချမ်းသာ စရာပါဗျာ။


နောက် ၂ နှစ် ရွေးကောက်ပွဲ အလားအလာနဲ့ ပတ်သက်လို့ -

စိုင်းညွန့်လွင် - ၂ဝဝ၈ ခြေ / ဥ အရဆိုရင် နှစ်နှစ်အတွင်း နောက်ရွေးကောက်ပွဲ မကျင်းလို့ မရဘူးလို့ နားလည်တယ်။ ကျင်းပရမယ် ဆိုတဲ့ သဘောလို့ မြင် တယ်။ မကျင်းပနိုင်တဲ့ အဲ့လို အခြေအနေဆိုရင် အာဏာထိန်းတယ်လို့ ပြောလို့မရတော့ဘူး။

လတ်တလော အခြေအနေကို ကြည့်ရင် လူထုဆန့်ကျင်မှုက သိပ်ကိုပြင်းထန် နေတယ်။ ရွေးကောက်ပွဲ အစဉ်အလာအရဆိုရင် ကျောင်းဆရာ / ဆရာမတွေရဲ့ ပါဝင်လုပ်အားပေးမှုကလည်း အတော်ကိုအရေးပါ ပါတယ်။ အခု တစ်ကြိမ်မှာ ဆရာ / ဆရာမတွေရဲ့ အကူအညီ ရနိုင်ပါ့မလားဆိုတာ သံသယ ဖြစ်စရာ ကောင်းတယ်။ အချိန်ကာလ - ကလည်း တစ်နှစ်ခွဲလောက်ပဲ ကျန်တော့ ပြင်ဆင်မှုအတွက် အချိန်အရမ်းနည်းသွားပြီမို့ နှစ်နှစ်အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့က အခက်အခဲ အများကြီး ရှိပါတယ်။ ဘာဖြစ်လာနိုင်မလဲလို့ မေးရင် ကျနော်က မသိပါဘူးလို့ဘဲ ဖြေရမှာပါ။ ဘာကြောင့်လဲဆိုရင် ဆုံးဖြတ်ရမှာက ကျနော် မဟုတ်လို့ဘဲဗျ။


အဲသည်အင်တာဗျူးအပေါ်မှာ သဘောထားကွဲလွဲမှုတွေ ရှိကြတာကို တွေ့ရကြားရပါတယ်။ သို့သော်လည်း ဒီနိုင်ငံရေး စစ်ရေး ကပ်ဘေး အကြပ်အတည်းကာလတွင်းမှာ ပါတီနိုင်ငံရေးခေါင်းဆောင်တွေက တတိုင်းပြည်လုံးအတိုင်းအတာနဲ့ တွေးပြီး ဆွေးနွေးတာကို ကြိုဆိုရမှာ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ နယ်မြေစိုးမိုးမှု အသာရနေတဲ့ ရခိုင် AA နဲ့ အသိုင်းအဝိုင်းတွေ၊ ကချင် KIA နဲ့ အသိုင်းအဝိုင်းတွေက သူတို့ နယ်မြေဒေသအခြေအနေကို ဗဟိုပြုပြီး ထုတ်ပြန် သဘောထားမျှဝေကြတာ အများစု ဖြစ်ပါတယ်။ ကရင်၊ ကရင်နီနဲ့ မွန် နိုင်ငံရေး စစ်ရေးခေါင်းဆောင်တွေဘက်ကလည်း သူတို့လက်ရှိအနေအထားကို အခြေခံပြီး ဖြေကြားကြပါတယ်။ SNLD က စိုင်းညွန့်လွင်ကတော့ ရှမ်းပြည်တခုတည်း ရှမ်းအမျိုးသားများတစုတည်းအခြေအနေကို အခြေခံပြီး ပြောကြားတာ မဟုတ်ပါဘူး။ NCA ဆိုတဲ့အသိုင်းအဝိုင်းကိုလည်း ကျောထောက်နောက်ခံပြု ဖြေတာ မဟုတ်ပါဘူး။ တမျိုးသားလုံး ပြည်ထောင်စုတခုလုံး ရင်ဆိုင်နေရတာကို အခြေပြုပြီး ဖြေဆိုတာမို့ ကြိုဆိုရမယ့် ရှုထောင့်လို့ ဆိုချင်တာပါ။ ဒီအမျိုးသားနိုင်ငံရေးပြသနာ သည်နွေဦးတော်လှန်ရေးကို အောင်မြင်စွာ ဖြတ်ကျော် ဖြေရှင်းနိုင်ဖို့အတွက် ပြည်သူ၊ ပါတီ၊ သပိတ်၊ CDM, PDF၊ Gen- X Y Z၊ CRPH NUG, EAO, တိုင်းရင်းသားများနဲ့ စစ်အုပ်စုဘက်တော်သားများအားလုံး၏ အနေအထား အခန်းကဏ္ဍတွေကို လက်တွေ့ကျကျ ပကတိဆန်းစစ်ကြဖို့ တိုက်တွန်းတယ်လို့ ယူဆပါတယ်။

နောက်ဆုံးနိဂုံးချုပ်မှာ လက်ရှိ ကိုဗစ်ကပ်၏ ကူးစက်မှု၊ အသေအပျောက်နှုန်းနဲ့ ပတ်သက်ပြီး ဆွေးနွေးချက်တချို့ကို ကောက်နှုတ်ပြီး ရပ်ပါမယ်။ ဒေါက်တာဇော်ဝေစိုးကတော့ အင်တာဗျုးတခုမှာ လူ ၄ သိန်းလောက် သေဆုံးနိုင်တယ်လို့ ပြောပါတယ်။ သတင်းဆောင်းပါးရှင်တဦးကတော့ သူမပြောတဲ့ ၁၀-၁၅သန်းလောက် သေမယ်ဆိုတာ ဘာသာပြန်အမှားဖြစ်တယ်၊ အာဏာသိမ်းနဲ့ ကိုဗစ်ဘေးဖြစ်စဉ်တခုလုံး ခြုံပြီး ထိခိုက်ပျက်စီးမှု ပမာဏာကို ပြောတာလို့ တုန့်ပြန်ပါတယ်။ သတင်းသမားတွေအချင်းချင်း အလွတ်သဘောဆွေးနွေးချက်များအရ - (ရန်ကုန်တခုတည်း) လက်ရှိမှာ အမြင့်ဆုံးအချိန် ကိုဗစ်ကူးနှုန်းက ၅၀% နဲ့အထက် (ကလေးများ၊ လူငယ်သန်စွမ်းသူများမပါ) လို့ အနိမ့်ဆုံးမှန်းကြပြီး၊ သည်အချိန် ကူးစက်ခံရသူတွေ သေနှုန်းက ၁၀% လို့ တွက်ကြပါတယ်။ အရမ်းဆိုးဝါးတဲ့ နောက်ခံမှာ (ဆင်းရဲမှု၊ ကြပ်တည်းမှု၊ လူဦးရေသိပ်သည်းမှု၊ ပညာမတတ်မှု) ၂၅% သေနှုန်းရှိမယ်လို့ ဆိုပါတယ်။ လက်ရှိအချိန်ကိုပဲ ပြောတာပါ။ သည်တလအတွင်း ပျမ်းမျှ ခန့်မှန်းတာဖြစ်ပါတယ်။ ကိုဗစ်ကို ခုခံပြီး ပြန်လည်နေကောင်းနလန်ထူမှုက ကူးစက်ခံထဲက ၇၅%-၉၀% ဆိုတော့ သူတို့မှာ Herd Immunity အုပ်စုလိုက် ခံနိုင်ရည် မြင့်သွားပြီ၊ ရှိသွားပြီလို့ တွေးနိုင်ပါတယ်။ အလွန်အမင်း အသက်တွေ ခင်းပြီး တည်ဆောက်ရတဲ့ စစ်ဒဏ် ဆင်းရဲဒဏ်ခံရတဲ့ တိုင်းပြည်တခုအတွက် အသက်ရှင်ပေါက် Herd Immunity ဖြစ်ပါတယ်။ ရန်ကုန်တခုတည်း လူအများစု ကိုဗစ်ခံနိုင်ရည်မြင့်တက်မှုဟာ ဇူလိုင်လကုန်မှာ သိသာလာမယ် တိုးလာမယ်လို့ မရဲတရဲမျော်လင့်ပါတယ်။ ပြည်သူကနေ ပြည်သူသို့ လက်တွဲချိတ်ဆက် ခံနိုင်ရည်ဟာ CDM ကူညီယိုင်းပင်းမှုတွေရဲ့ အကျိုးဆက်အဖြစ် ကိုဗစ်တွန်းလှန်စစ်မှာ အကျိုးပေးနေတယ်လို့ မျော်လင့် ဆုတောင်းနေမိပါတော့တယ်။


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar