မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း

ယနေ့ ရန်ကုန်ရေဝေးသုသာန်မြင်ကွင်း (BBC)

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၃ ရက် မြောက်နေ့ မြင်ကွင်း
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၁ခုလိုကာလမှာ အရေးပေါ်လူနာတင်ကား ဥသြသံက ကြားရသူ စိတ်ကို နာကျင်ပါတယ်။ လူနာဘယ်နှဦး ဆေးရုံ သို့မဟုတ် ဆေးခန်းကို သယ်ဆောင်သွားပြီလဲ ဆိုတဲ့ အတွေးကို ခေါင်းထဲပေါ်စေပါတယ်။ မိနစ်အနည်းငယ် ကြာတိုင်း အသံကိုကြားတိုင်း အတွေးထဲပေါ်လာတာကို တားဆီးလို့မရပါ။
ဖုန်းမြည်သံကြားရင်ဘယ်သူများ မကျန်းမမာဖြစ်ပြီလဲ ဖျားပြီလဲ စတဲ့အတွေးကို ဝင်စေပါတယ်။
ဖေ့စ်ဘွတ်ခ် ဖွင့်ကြည့်လိုက်တိုင်း အောက်စီဂျင် လိုအပ်နေလို့ ဘယ်မှာရနိုင်မလဲလို့မေးမြန်းတဲ့ ပို့စ်တွေ၊ မိသားစုဝင်တွေ ဒါမှမဟုတ် ကိုယ်တိုင် နေမကောင်းဖြစ်ပြီ ဖျားပြီ ဆိုတဲ့ ပို့စ်တွေ၊ မိသားစုဝင်ထဲက ချစ်ခင်ရတဲ့ မိဘ၊ ဇနီး၊ ခင်ပွန်း ၊ ညီအစ်ကို မောင်နှမ ကွယ်လွန်သွားတဲ့ သတင်းတွေ ဖတ်နေရတဲ့အခါ နှလုံးခုန်မြန်လာပြီး ငါတို့လည်း မဖြစ်သေးတာပဲရှိတာ မဖြစ်ဘူးလို့ မဆိုနိုင်တော့၊ ကိုဗစ်က အိမ်တိုင်း မိသားစုတိုင်းရဲ့ တံခါးကို လာခေါက်နေပြီ၊ လူ့ဘဝမှာ နေထိုင်ရမယ့် နေ့ရက်တွေက ရေတွက်လို့ရတဲ့ အနေအထားရောက်တော့မှာလားဆိုတဲ့ အတွေးက ပေါ်လာ။
တနေ့က ရန်ကုန်အခြေအနေက ဆိုးလွန်းလှတယ်လို့ ယူဆထားပေမယ့် ၊ မနေ့က အခြေအနေက တနေ့ကထက် ပိုဆိုးလာခဲ့သလို ဒီနေ့ အခြေအနေက မနေ့ကထက် ပိုပြီးဆိုးလာတာ မြင်တွေ့ကြားသိနေရပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက် ကိန်းဂဏန်းတွေက တရက်နဲ့တရက် သိသိသာသာ မြင့်တက်လာနေသည့်တိုင် အဲဒီကိန်းဂဏန်းတွေက တကယ့် အပြင်က ကိန်းဂဏန်းတွေရဲ့ အချိုးအစားတခုမျှသာရှိတယ်လို့ ယူဆမိလာပါတယ်။ ရန်ကုန်တမြို့ထဲတင် ကျန်းမာရေးဝန်ကြီးဌာနက ကြေညာတဲ့ တနိုင်ငံလုံး ကိန်းဂဏန်းကို ကျော်လွန်နေမှာ သေချာပါတယ်။ ရေဝေး သုဿန်လိုမျိုးမှာ တနေ့တနေ့ မီးသဂြိုဟ်နေရတာ ပုံမှန်ကာလတွေထက် ၆ဆ ၇ ဆရှိနေတာ ဖြစ်လို့ ကိုဗစ်က ချွေသွားတဲ့ အသက်တွေ ကိန်းဂဏန်းတွေ အတိအကျ မှတ်တမ်းမတင်နိုင်သေးဘူးလို့ပဲ ဆိုရမယ် ထင်ပါတယ်။
အဆိုးဆုံးရက်ကို ရောက်ပြီလား နောက်ထပ် ဘယ်နှရက် ထပ်ဆိုးလာဦးမှာလဲဆိုတဲ့ အတွေးက ခေါင်းထဲပေါ်လာပါတယ်။ မိမိတဦးထည်းအတွက် စိုးရိမ်ပူပန်တာမဟုတ်တော့ ဆွေမျိုးသားချင်း၊ မိမိနဲ့ခင်မင်ရင်းနှီးသူ ၊ မိတ်ဆွေ အသိုင်းအဝိုင်း ဒါ့အပြင် ဒီမြို့မှာ နေထိုင်နေကြသူတွေ၊ ဒီနိုင်ငံမှာနေထိုင်နေကြသူတွေ အတွက်ဆက်ပြီး ပူပန်စိုးရိမ်မိတာမျိုးပါ။
အရင်သီတင်းပတ်တွေက စစ်ကိုင်းနဲ့ ချင်းပြည်နယ်စပ် ကလေးမြို့ သူမြို့သားတွေ ကိုဗစ်ဒဏ်ကို ရင်ဆိုင်နေရတာကို အခုရက်တွေမှာ ရန်ကုန်က ကိုယ်တိုင် နားလည်ခံစားလာနေပါပြီ။
လူအချင်းချင်း ထပ်ပြီး မကူးစက်အောင် တတ်နိုင်သမျှ နေအိမ်ထဲနေကြဖို့ ပြင်ပနဲ့ မထိတွေ့ကြဖို့ ရောဂါကူးစက်မှု ကွင်းဆက်ကို ဖြတ်ကြဖို့ အချို့ကျန်းမာရေး နယ်ပယ်က ကျွမ်းကျင်သူတွေက လမ်းညွှန်နေကြပါတယ်။ လမ်းညွှန်မှုကို လိုက်နာနိုင်ရင် ကူးစက်ခံရမှုကနေ လွတ်ကင်းနိုင်မယ်ဆိုတာကိုလည်း စဥ်းစားကြည့်ရင် သဘောပေါက်နိုင်ပါတယ်။ အဲလိုအချိန်မှာပဲ မိမိတို့ မိသားစုက အပြင်မထွက် အလုပ်မလုပ်ပဲ နေနိုင်ပေမယ့် ခုလို အတွေးပေါ်နေချိန်မှာပဲ လမ်းမှာ ဟင်းရွက်ရောင်းသူ ရဲ့ အော်သံ၊ ပန်းသည် ၊ အစားအသောက်ဒီလစ်ဗာရီ စက်ဘီးသမား သူတို့က အိမ်မှာ နားနေနိင်တဲ့ အခြေအနေမျိုးမဟုတ်ကြတာကို တွေးမိတဲ့အခါ အပြစ်မကင်းသလို ခံစားမိပြန်ပါတယ်။
ကိုဗစ်ကူးစက်မှုရဲ့ ကြီးမားတဲ့ ထိုးနှက်မှုက မြန်မာနိုင်ငံအနှံ့အပြားက မြို့တွေကို သက်ရောက်နေပါပြီ။ ကိုဗစ်ရဲ့ ထိုးနှက်မှုဟာ လူတွေကို ရုပ်ပိုင်းဆိုင်ရာ အရသာမက စိတ်ပိုင်းဆိုင်ရာအရပါ ထိုးနှက်ခံရတာပါ။ မနက်မိုးလင်းတာနဲ့ အရေးပေါ်လူနာတင်ကားရဲ့ အချက်ပြဥသြသံက ကြားနေရပါပြီ၊ အရင်နေ့တွေက ၅ မိနစ် ၁၀ မိနစ်ခြားပြီးတစီးဖြတ်သွားခဲ့ပေမယ့် ဒီနေ့တော့ အရင်နေ့တွေထက် ပိုပြီး စိပ်လာတာ သတိထားမိပါတယ်။ ၃၊ ၄ မိနစ်တိုင်း အချက်ပြဥသြသံကြားရပြီး တခါတရံ လူနာတင်ကား နှစ်စီးရဲ့ အသံ မတူညီတဲ့ ဥသြသံ ကို တပြိုင်နက်ထည်း ကြားရတာမျိုးလည်း ရှိပါတယ်။ မနက် ၇နာရီ ၈နာရီ အိပ်ယာက နိုးကတည်းက ကြားနေရတဲ့ လူနာတင်ကား ဥသြသံက ည ၈နာရီထိုးတဲ့အထိ ကြားနေရဆဲပဲ ဖြစ်ပါတယ်။
အသိမိတ်ဆွေတွေရဲ့ မိသားစုဝင် သေဆုံးတဲ့ အသိပေးတဲ့ ဖုန်းလည်း နေ့ခင်းဘက်မှာ ဝင်လာပါတယ်။ မိသားစုဝင်တယောက် ကွယ်လွန်ရုံတင်မကပဲ ကျန်တဲ့မိသားစုဝင်လည်း ကိုဗစ်ကူးစက်ခံထားရလို့ အောက်စီဂျင် အရေးတကြီးလိုအပ်နေတဲ့ သတင်းစကားလည်း ကြားရပါတယ်။ စာအုပ်ထုတ်ဝေရေး လုပ်တဲ့ မိတ်ဆွေတဦးရဲ့ ဇနီး ကွယ်လွန်သွားတဲ့ သတင်း၊ ကိုယ့်လောကထဲက လုပ်ဖေါ်ကိုင်ဖက်တယောက်ရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားတဲ့ သတင်းကလည်း ဒီနေ့ တရက်ထည်းမှာ ကြားသိလိုက်ရတာပါ။
အချင်းချင်းဖုန်းဆက်သွယ်မေးမြန်းကြတဲ့ အရာက အောက်စီဂျင် ဘယ်မှာ ရနိုင်မလဲ ဆိုတဲ့ သတင်းအချက်အလက်ပဲ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ အောက်စီဂျင် စုံစမ်းမေးမြန်းနေတဲ့ ပို့စ်တွေ အကူအညီတောင်းခံထားတဲ့ ပို့စ်တွေ အများအပြားတွေ့နေရပြီ ဖြစ်ပါတယ်။
အောက်စီဂျင်ထုတ်လုပ်တဲ့စက်ရုံ နေရာတွေမှာ နံနက်မိုးမလင်းခင်ကတည်းက အောက်စီဂျင်ဗူးတွေ ယူလာပြီး တန်းစီနေကြရတာလည်း ဖြစ်ပါတယ်။ ညမထွက်ရ အမိန့်ထုတ်ထားတာကြောင့်လည်း အောက်စီတန်းစီသူတွေ အဖို့ တဖက်မှာ အောက်စီဂျင်ရဖို့ တခြားတဖက်မှာ ညမထွက်ရအမိန့် ချိုးဖောက်တယ်လို့ စွပ်စွဲပြီး ဖမ်းဆီးခံရမှာ သေနတ်နဲ့ ပစ်ခံရမှာလည်း ကြောက်ရွံ့နေကြရတာပါ။
ကိုဗစ်ကူးစက်ခံရတယ်လို့ သံသယဖြစ်ရင်ဖြစ်စေ၊ မကျန်းမမာဖြစ်ခဲ့ရင်ဖြစ်စေ ဆေးရုံတွေ သွားပြပေမယ့်လည်း နေရာမရှိတာ၊ အောက်စီဂျင် မကျသေးရင် အခြေအနေဆိုးဆိုးရွားရွားမဟုတ်သေးရင် လက်မခံပဲ အိမ်မှာပဲ ပြန်နေဖို့ ပြောပြီး ဆေးရုံတက်ခွင့်မရတာတွေ အရင်ရက်တွေကတည်းက ကြားသိနေရပြီး ခုနေ့တွေမှာ အဲလိုအဖြစ်အပျက်တွေက ပိုများလာပါတယ်။ အဲဒီအခြေအနေက ဒီနေ့မှမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၃/၄ ရက်မတိုင်ခင်ကတည်းက ဖြစ်နေတဲ့ အခြေအနေပါ။
ကိုဗစ်သံသယ၊ ဖျားနာလူနာတွေကို ကြည့်ပေးတဲ့ ပုဂ္ဂလိကဆေးပေးခန်းတွေလည်း တဖြည်းဖြည်း နည်းပါးလာပါပြီ။ ဖွင့်တဲ့ဆေးခန်းမှာ မနက်မိုးလင်းကတည်းက ပြမယ့်လူနာတွေ တန်းစီနေတာ ညမိုးချုပ်တဲ့အထိ ဖြစ်ပါတယ်။
ဆရာဝန်တွေအနေနဲ့လည်း ဖျားနာလူနာကို ကြည့်ရှုရတာ စွန့်စားရတာကြောင့် ပြင်ပဆေးခန်းတွေ ဖွင့်တာတဖြည်းဖြည်း နည်းပါးလာတဲ့သဘောဖြစ်ပါတယ်။ အချို့ဆရာဝန်တွေလည်း ကိုဗစ်လူနာကုသပေးရင်းနဲ့ အသက်ဆုံးရှုံးသွားရတာတွေ ကြားသိနေရပါတယ်။
စစ်ကောင်စီကတော့ အများပြည်သူကျန်းမာရေး စောင့်ရှောက်မှုထက် လုံခြုံရေး ၊ ဆန္ဒပြသူတွေကို ဖမ်းဆီးရေး၊ အကျဥ်းချရေး၊ လက်နက်ကိုင် ခုခံသူတွေကို ချေမှုန်းရေးကို ပိုအာရုံစိုက် လုပ်နေတာပါ။ ခုလို ကိုဗစ်ကူးစက်မှု တရှိန်ထိုးမြင့်တက်နေချိန်မှာတောင် ကနီမြို့နယ်၊ မင်းကင်း၊ မြင်းခြံတို့လိုမှာ ရပ်ရွာက ခုခံသူတွေလို့ သံသယရှိသူ အရပ်သားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တဲ့ ဖြစ်ရပ်တွေ ဖြစ်ပွားနေခဲ့တာပါ။
မြို့ပေါ်မှာ လူအများ ကုသကာကွယ်မှု အတွက် လိုအပ်တဲ့ အောက်စီဂျင် ကွာရင်တိုင်း၊ အရေးပေါ်ဆေးရုံ စတာတွေ ကို ထိရောက်စွာ လုပ်ဆောင်တာမတွေ့ရတဲ့အပြင် အောက်စီဂျင် မှောင်ခိုရောင်းဝယ်တယ် အမြတ်ကြီးစားရောင်းဝယ်တယ်လို့ အပြစ်တင်ပြီး အစိုးရစက်ရုံတွေမှာ ကန့်သတ်တာ၊ ပုဂ္ဂလိက စက်ရုံတွေမှာ ဆေးရုံကို ဦးစားပေးဖို့ လုပ်ဆောင်တာတွေကို သာဦးစားပေးလုပ်နေပါတယ်။
ဒီနေရာမှာ NUG အစိုးရအနေနဲ့လည်း လူထုကို ဘယ်လို ဦးဆောင်မှုပေးမယ့် နည်းလမ်းတခုခု ကို အမြန်ဆုံး ဆွေးနွေးပြီး အသိပေးကာ လူထု အချင်းချင်းအကြား ပူးပေါင်းဆောင်ရွက်မှု ကူညီမှု၊ ဆင်းရဲချမ်းသာကွာဟမှုကြောင့် ကုသနိုင်ခွင့်ကွာခြားတဲ့ အနေအထားမရှိအောင် အချင်းချင်း မျှဝေကူညီမှု တွေကို နှိုးဆော်သင့်ပြီလို့ တိုက်တွန်းလိုပါတယ်။ CDM support ဆောင်ရွက်ခဲ့စဉ်က အခက်အခဲများ အကန့်အသတ်များ စိန်ခေါ်မှုများကို CRPH NUG အဖွဲ့တွေ ရင်ဆိုင်ခဲ့ရ၊ သင်ခန်းစာတွေ ရရှိပြိး ဖြစ်ပါတယ်။ ပုဂ္ဂလိက တဥိးချင်း အစုအဖွဲ့ချင်း ဒေသခံကွန်ရက်တွေ၏ လုပ်နိုင်စွမ်းနဲ့ အင်အားတွေကို ချိတ်ဆက် ကူညီ ပံ့ပိုးပေးတာမျိုးတွေ လိုအပ်တဲ့အားတွေ ပို့ဆောင်ပေးတာမျိုးတွေနဲ့ လူထု၏ အငတ်ဘေး ရောဂါဘေး အမိုးအကာဘေးတွေကို ဦးစားပေး ဆောင်ရွက်နိုင်ပါတယ်။ နိုင်ငံတကာကိုတော့ စစ်ကောင်စီဟာ ကိုဗစ်ရောဂါပိုးကို အသုံးချပြီး မြန်မာပြည်သားတွေကို လူမျိုးတုံးသတ်ဖြတ်နေတယ်လို့ တင်ပြပြီး အရေးယူဖို့ တောင်းဆိုနိုင်ပါတယ်။ မြန်မာပြည်တွင်းမှာတော့ အောက်စီဂျင်အမြန်ရနိုင်ဖို့၊ ကိုယ်ခံအားမြင့်မားခံနိုင်ရည်ရှိစေဖို့ ဆေးဝါးများ၊ ကိုဗစ်ဝေဒနာတောင့်ခံနိုင်ဖို့ ဆေးဝါးများကို တင်သွင်းပေးနိုင်ဖို့ အမြန်စီးဆင်းနိုင်ဖို့ နည်းမျိုးစုံနဲ့ ဆောင်ရွက်ပေးနိုင်ပါတယ်။ ကိုဗစ်မကူးစက်အောင် ကွာရန်တိုင်းနေထိုင်ရေး ရက်သတ္တပတ်ကို ဘယ်လိုမျိုး ပြည်သူအချင်းချင်း ရိုင်းပင်းကူညီပြီး ဖြတ်ကျော်နိုင်ကြမည်လဲဆိုတာကို ညီညွတ်သော လမ်းညွှန်ချက်များ ပေးနိုင်မယ်လို့ မျော်လင့်ပါတယ်။ ကိုဗစ်ကပ်ဆိုးနဲ့ စစ်အာဏာရှင်ဘေးဆိုးကို စိတ်ဓာတ်ခွန်အားကို အမြင့်မားဆုံး လွှင့်ထူပြီး မြန်မာပြည်သူတွေ ဖြတ်သန်းကြရမှာ ဖြစ်ပါတယ်။
Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar