Breaking News

လွင်(ဘော်တွင်း) - လမ်းထဲက အသုဘများ

လမ်းထဲက အသုဘများ 
လွင်(ဘော်တွင်း) 
(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၂၁


တကယ်တော့ စာတတန်ပေတတန် ချရေးချင်လောက်အောင် စိတ်က ချမ်းသာမနေဘူး။ မပြုံးမရယ်နိုင်တဲ့နေ့တွေ ဘယ်လောက်များနေပြီလဲဆိုတာလဲမသိတော့ဘူး။ ရိုးနေပြီဖြစ်တဲ့ သာမန်ဟာသတွေကို ဟားတိုက်ရယ်မောပစ်နေရတာလဲ ကိုယ့်ကိုယ်ကိုယ်လှောင်ရယ်နေသလိုပဲ ခံစားရတယ်။ 
အာဏာသိမ်းပြီးကာစ တပတ်လောက်ကျော်ကျော်လောက်မှာ လမ်းထိပ်က ကိုယ်နဲ့အသက်ရွယ်တူလောက် ရှိတဲ့ အမျိုးသမီးတယောက်ဆုံးတယ်။ ကိုယ့်ကိုယ်ကိုယ်လုပ်ကြံသွားတာတဲ့။ စီးပွားရေးမပြေလည်တဲ့ကာလမှာ အာဏာသိမ်းမှုကြောင့် အရာအားလုံး ရုတ်တရက်ရပ်ဆိုင်းသွားလေတော့ ထွက်ပေါက်ရယ်လို့ ဒီလမ်းတခုကိုပဲတွေ့သွားရှာတယ် ထင်ပါရဲ့။ အဲဒီတုန်းကတော့ ကိုယ်တို့တွေသွားပြီး ဝိုင်းကြဝန်းကြတယ်။ ရပ်ကွက်ထဲမှာ လူချစ်လူခင်များသူမို့ လူစည်ကားတယ်။ ခုတော့ ငါးလတောင်ပြည့်သွားပြီ။ 

နောက်တဦးကတော့ ရင်နာစရာပါပဲ။ အပေါ်မှာပြောခဲ့တဲ့ အမျိုးသမီးက လမ်းရဲ့ အရှေ့ဘက်ထိပ်က။ အခု ပုဂ္ဂိုလ်ကတော့ လမ်းရဲ့ အနောက်ဘက် ထိပ်က။ သပိတ်ခေါင်းဆောင်၊ ကျူရှင်ဆရာ။ သပိတ်ဖြိုခွင်းရာမှာ ထွက်ပြေးဖို့ကြိုးစားရင်း ထိခိုက်ဒဏ်ရာရရှာတာ။ မှတ်မှတ်ရရ မတ်လ ၂၇ ရက်ပေါ့။ နောက်တပတ်လောက်နေတော့ ဆုံးပါတယ်။ ဆရာ့နာရေးဟာ မျက်ရည်တွေ၊ ကြွေးကြော်သံတွေနဲ့။ တရပ်ကွက်လုံးလိုလိုက လိုက်ပါပို့ဆောင်ကြတာဆိုတော့ စည်ကားသိုက်မြိုက်ပါပေရဲ့။ 

နောက်ပိုင်းမှာတော့ ကိုယ်တို့လမ်းဟာ သံပုံးကိုသာမြိုင်မြိုင်ဆိုင်ဆိုင်တီးရင်း အာဏာရှင်ကိုလက်မခံကြောင်းပြနေခဲ့ကြတာ။ လမ်းထိပ်ကဓမ္မာရုံမှာ တပ်စုတစုရောက်လာတော့ ကိုယ်တို့ သံပုံးတီးသံတွေလဲ တိတ်ဆိတ်ခဲ့ရတယ်။ 
အဲဒီနောက်တော့ ကိုယ်တို့လမ်းဟာ အဖမ်းအဆီးသတင်းတွေကို တီးတိုးဖြန့်ဝေကြရင်း၊ လမ်းထိပ်နားတပ်စွဲထားတဲ့သူတွေကို အကဲခပ်ရင်း၊ အဖမ်းအဆီးခံရသူတွေရှိလာတဲ့အခါ အတူတူ စိတ်မကောင်းဖြစ်လိုက်ကြရင်း၊ မီတာခတွေမဆောင်ဖို့ တဦးနဲ့တဦး လက်တို့အားတင်းရင်း ခပ်ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲ နေနေခဲ့ရာက အခုကိုဗစ်တတိယလှိုင်းမှာ ပြန်ပြီးလှုပ်ခတ်လာပြန်တယ်။ ကလေးမြို့ရဲ့ သတင်းတွေကြောင့် လူတွေမှာ ကြောက်စိတ်၊ စိုးရိမ်စိတ်တွေ ဖွဲမီးလိုလှိုက်ပြီးလောင်လာတယ်။ ကျောင်းသွားတဲ့ကလေးတွေက သွားနေတုန်း။ 

ကပ်ရက်တိုက်က အဒေါ်ကြီး ကိုဗစ်နဲ့ ဆုံးသွားတဲ့အခါ အခန်းချင်းကပ်ရက်က အိမ်နီးချင်းဟာ စိတ်မကောင်း၊ ဝမ်းနည်းတာရော၊ ကြောက်တာရောပေါင်းပြီး အော်ဟစ် ငိုရှာတယ်။ အချင်းချင်းဖုန်းဆက်အားပေးတာမျိုးနဲ့ပဲနေထိုင်ကြရင်း လမ်းထဲကလူတွေရဲ့ မျက်နှာတွေဟာ ညှိုးငယ်လာကြတယ်။ အောက်စီဂျင်ရှာပေး၊ လူနာသယ်ပို့ပေးနေတဲ့အကျိုးဆောင်သူတွေကို အားပေးကြပြန်တယ်။ အလှုငွေတွေ ထည့်ဝင်ကြပြန်တယ်။ ကွယ်လွန်သူကို ဆွေမျိုးတဦးတယောက်မှလိုက်ပါရခြင်းမရှိဘဲ သင်္ဂြိုလ်လိုက်ရတယ်။ မိသားစုတွေရဲ့ မျက်ရည်တွေဟာ ဆက်တိုက်ရွာနေတဲ့ မိုးလိုပဲ။ မစဲတော့ဘူး။ အဲဒီအဒေါ်ကြီးနဲ့ ဥပုသ်စောင့်ဘက် အဒေါ်ကြီးတွေလည်း ကြောက်ရွံ့ညှိုးငယ်ဝမ်းနည်းလို့။ သူ့ အသုဘဟာ ရက်တောင်မလည်သေးဘူးလေ။ 

မနေ့ကတော့ ကိုယ်တို့နဲ့အခန်းချင်းကပ်ရက်က အဒေါ်ကြီး နေမကောင်းဖြစ်တယ်။ ဆီးချို၊ သွေးတိုး ရောဂါစုံသူမို့ မကြာခဏ နေထိုင်မကောင်းဖြစ်တတ်တဲ့သူ။ ပညာရေးအားနည်းရှာတော့ အသက်ကိုဉာဏ်မစောင့် နိုင်ရှာဘူးထင်ပါရဲ့။ ခါတိုင်းကတော့ သူနေမကောင်းဘူးဆိုရင် ကိုယ်တွေလည်း သွားကြည့်၊ ဆီးချိုတိုင်းပေး၊ သွေးတိုးတိုင်းပေး။ လိုအပ်တာလေးတွေ လုပ်ကိုင်ပေးပေခဲ့ပေမဲ့  ခုတခေါက် နေမကောင်းတော့ ကိုယ်တိုင်လည်း သွားမကူဝံ့ဘူး။ သူနဲ့ အတူနေသူကလည်း ဆီးချိုတောင် တိုင်းမပေးတတ်လေတော့ အကြံဉာဏ်လည်း မပေးတတ်တော့ဘူး။ ကိုယ့်မှာကလည်း အတူနေသက်ကြီးရွယ်အိုမိဘတွေ ရှိလေတော့ စိတ်မကောင်းဖြစ်ပေမဲ့ ဖုန်းနဲ့ပဲ ဆက်ပြီး ဆရာဝန်နဲ့ ပြဖို့၊ ရပ်ကွက်က လူမှုကူညီရေးအသင်းကို အကူအညီတောင်းဖို့လောက်ပဲ အကြံပေးနိုင်တယ်။ အဒေါ်ကြီးဟာ ခုမနက်တော့ ဆုံးရှာပြီ။ 

အခုတော့ ကိုယ်တို့မှာ ပြုံးတောင်မပြုံးနိုင်တော့ဘူး။ ပြုံးစရာအကြောင်းရယ်လို့လဲ ရှာလို့တောင် မတွေ့တော့ဘူး။  အနယ်နယ်အရပ်ရပ်က အောက်ဆီဂျင်တောင်းဆိုနေတဲ့သတင်းတွေဟာ ကိုယ်တို့ကိုယ်လည်ပင်းညှစ်နေသလိုခံစားရတယ်။ စကားတွေလျှောက်ပြောနေလည်း စိတ်ကမပါတော့ နှုတ်ဆိတ်နေမိတဲ့ အချိန်တွေပိုများလာတယ်။ တင်းကြပ်နေတဲ့စိတ်ခံစားချက်တွေကို ဖောက်ထုတ်စရာ နေရာရှာမရဘူး။ သူ့ဘာသာပွင့်နေတဲ့ပန်းတွေကိုတောင် စိတ်ဆိုးချင်လာတယ်။ ဘုရားတွေဟာလည်း အားနည်းသူတွေကို မျက်ကွယ်ပြုလေတယ်လို့ ယူဆချင်လာပြီ။ 
ခုချိန်မှာများ သေနတ်ကိုင်ထားသူတွေကို လူအုပ်ကြီးက အတင်းအဓမ္မဝင်ပြီး နပန်းလုံးတယ်ဆိုတဲ့သတင်းမျိုးများကြားရရင်  အဆင်ခြင်မဲ့သူတွေရယ်လို့ မထင်လိုက်ပါနဲ့။ သေမထူးနေမထူးတော့တဲ့ ဘဝတွေမှာ စဉ်းစားဆင်ခြင်ဉာဏ် ပျောက်ဆုံးသွားလောက်အောင်ကို အရာအားလုံး ဆုံးရှုံးနေကြပါပြီ။ 

လွင်(ဘော်တွင်း) 
၁၃. ၇. ၂၀၂၁


Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar