Breaking News

စစ်တပ်က အောက်စီဂျင်လုယက်၊ ပြည်သူများ အတုံးအရုန်းသေဆုံး



စစ်တပ်က အောက်စီဂျင်လုယက်၊ ပြည်သူများ အတုံးအရုန်းသေဆုံး

မိုးမခအထောက်တော် (ရန်ကုန်) ဇူလိုင် ၂၃၊ ၂၀၂၁

ကိုဗစ်-၁၉ တတိယလှိုင်းတွင် ရောဂါကူးစက်ခံရသူများအတွက် အဓိက အသက်ရှင်ဆေးမှာ အောက်စီဂျင်ပင် ဖြစ်သည်။ ထို့ကြောင့် တတိယလှိုင်းတွင် ကိုဗစ်ရောဂါခံစားနေရသူများအတွက် အောက်စီဂျင်ကို အရေးတကြီး ရှာဖွေနေကြ ရသည်။ ရန်ကုန်မြို့တွင် အောက်စီဂျင်အဓိကပေးသည့် စက်ရုံကြီးများမှာ တောင်ဒဂုံစက်မှုဇုံအတွင်းရှိ နိုင်မိသားစု၊ ဧရာစံ အောင်စီဂျင်စက်ရုံများ၊ သာကေတ စက်မှုဇုံရှိ ဂျပန်ကုမ္ပဏီတခု၏အောက်စီဂျင်စက်ရုံ၊ မင်းဓမ္မလမ်း ကျောက်တော်ကြီး ဘုရားအနီး (ယခင် MEC) နိုင်ငံပိုင်အောက်စီဂျင်စက်ရုံ၊ အင်းစိန်မြို့နယ် အမှတ်(၃)သံမဏိစက်ရုံဝန်းအတွင်းရှိ နိုင်ငံပိုင် အောက်စီဂျင်စက်ရုံ၊ ရွှေပြည်သာမြို့နယ် ရွှေလင်ပန်းစက်မှုဇုံရှိ နိုင်ငံပိုင်အောက်စီဂျင်စက်ရုံ စသည့်စက်ရုံတို့သည် အောက်စီဂျင် ၅၀ လီတာ၊ ၄၀ လီတာ၊ ၂၀-၁၅-၁၀ လီတာ အိုးပေါင်းစုံကို တရက်လျှင် အိုးပေါင်း ထောင်ချီဖြည့် ပေးနိုင်သည့်စက်ရုံများဖြစ်သည်။

သို့သော် ထိုစက်ရုံများသို့ စစ်ကားများဖြင့်လည်းကောင်း၊ စစ်တပ်မှပင် ၁၀ ဘီး၊ ၁၂ ဘီး အရပ်သား ကားများဖြင့်လည်းကောင်း အောက်စီဂျင်အိုးများ နေ့စဉ်လာရောက် ဖြည့်နေကြသည်ကို ပြည်သူများ မျက်မြင် တွေ့ရှိ နေရသည်။

ထို့ကြောင့် တရက်လျှင် အိုးပေါင်း ထောင်ချီဖြည့်ပေးနိုင်သော စက်ရုံများမှ အစစ်အမှန် အောက်စီဂျင်လိုအပ် နေသောပြည်သူများအနေဖြင့် တရက်လျှင် ၁၀ ဂဏန်းသာ ရရှိပါသည်။ အထူးသဖြင့် အလုံးရေ ထောင်ချီ ဖြည့်ပေးနိုင်သော နိုင်ငံပိုင်စက်ရုံများမှ ပြည်သူများကို အောက်စီဂျင်ဖြည့်ပေးသော အရေအတွက်မှာ အလွန်နည်းပါးပြီး၊ ပုဂ္ဂလိက ပိုင်စက်ရုံများမှ တရက်လျှင် ရာဂဏန်း ဖြည့်ပေးနေသည်။ ထိုသို့ ရာဂဏန်းဖြည့်ပေးနေသော ပုဂ္ဂလိကပိုင်စက်ရုံများမှလည်း စစ်တပ်မှ ၁၀ ဘီး၊ ၁၂ ဘီးကားများဖြင့် အောက်စီဂျင်အိုး လာဖြည့်သောနေ့ဆိုလျှင် အများပြည်သူတို့ အောက်စီ ဂျင်အိုးဖြည့်ရသည့်အရေအတွက်မှာ အလွန်နည်းသွားပြန်သည်။

အောက်စီဂျင်အိုး တန်းစီနေရင်း အိမ်တွင်ကျန်ခဲ့သည့် အောက်စီဂျင်ရှုမည့်လူနာ သေဆုံးသွားသောကြောင့် တန်းစီနေသည့်အိုးများကို ပြန်ယူသွားခဲ့ကြသည်ကိုလည်း နေ့စဉ်နှင့်အမျှ တွေ့နေရသည်။ ကိုဗစ်လူနာများ မသေ ဆုံးသင့်ဘဲ ပိုမို သေဆုံးနေရသည့်အကြောင်းရင်းမှာ ပြည်သူများ ရှုရမည့် အောက်စီဂျင်များ အလုံအလောက် ရနိုင်သည့် အနေအထားရှိသော်လည်း မရရှိဘဲ၊ နေ့စဉ်နှင့်အမျှ စစ်တပ်မှ လာရောက်ယူငင်နေသောကြောင့်ဖြစ်ကြောင်း သိရှိရပါသည်။



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar