Breaking News

မြန်မာနွေဦးတော်လှန်ရေးကဗျာများ - စေတ၊ နှင်းခါးမိုး

KT#
မြန်မာနွေဦးတော်လှန်ရေးကဗျာများ
မိုးမခ
ဇူလိုင် ၂၄၊ ၂၀၂၁

နံရံ
စေတ

သံတိုင်လို အခိုင်အခံ့
အချောင်းရှည်ရှည်တွေအစီအရီစိုက်ထား
သံအကူအာရ်စီလိုထူထဲတဲ့ကွန်ကရိနံရံတွေနဲ့ 
လူသားဟာ
မျှော်လင့်ချက်ကို မိုးပေါ်ထောင်
တံတားလိုခင်းလိုက်တယ်
နေရောင်ခြည်လင်းလက်တဲ့ 
နေ့တနေ့ 
သူ့ရှေ့ဆိုက်ရောက်လာလေမလား
သူအသက်ရှူသွင်းတဲ့အခါ
တတိုင်းပြည်လုံးရဲ့ဒဏ်ရာတွေပါလာပြီး
သူအသက်ရှူထုတ်တဲ့အခါ
ကြယ်တာရာတွေထွက်လာတယ်
ပြီးတော့ သူဟာ
သူ့အတွင်းအားထဲမှာ သူ့ခံတပ်ကို 
အပြည့်သိပ်ထည့်ထားတယ်
လူသားအပေါ်ရက်စက်ခြင်းရဲ့ဖိအားနှစ်များ။    ။


၂၃-၇-၂၀၂၁
...

မသေကြေး
နှင်းခါးမိုး
 
ဟောဒီမြန်မာပြည်မြေပုံပေါ်မှာ နောက်ဆုံးတယောက်ပဲ အသက်ရှင်ကျန်ခဲတယ်ဆိုရင်တောင် အဲဒါပြည်သူပဲ၊ အဲဒါငါတို့ဘက်ကပဲ။
အဆုံးအထိလျှောက်လိုက်၊ ခါးချင်းကြိုးချည်ပြီးခုန်ချလိုက်၊ ပြည်သူဆိုတာမသေဘူး သန်းငါးဆယ်။
လက်နက် အာဏာ ငွေကြေးနဲ့ ကပ်ကြီးသုံးပါးကို ဖန်တီးလို့ရချင်ရမယ်၊
ကျော်လွှားဖို့ကတော့ အမှန်တရား၊ ချစ်ခြင်းမေတ္တာနဲ့ တဦးအတွက်တဦးပေးဆပ်မှုရှိဖို့ပဲလိုတယ်၊ ပြည်သူက ‌ပြည်သူအတွက်သေပေးနေတုန်းမှာ မိစ္ဆာတွေက ကိုယ်ရှင်ဖို့ သူများကိုသတ်တယ်။
မင်းတို့ရှုနေတဲ့လေထဲမှာ ငါတို့ပြည်သူတွေမှုတ်ထုတ်လိုက်တဲ့ သောကအပူတွေပါတယ်၊
မင်းတိုမျိုနေတဲ့အဟာရတိုင်းဟာ ငါတို့မျက်ရည်တွေနဲ့ချက်ပြုတ်ထားတာ
လူထုအမုန်းနဲ့ဓာတ်ပြုလိုက်တဲ့အခါ မင်းတို့လုယက်ထားတဲ့အောက်ဆီဂျင်တွေဟာလည်း အဆိပ်ပဲ။
သေသွားတဲ့အလောင်းတွေကိုကြည့်ထား
အဲဒါ မင်းတို့အသက်ရှုကြပ်တိုင်း မြင်ရမယ့်မျက်နှာတွေ။

(ခေါင်းစဥ်က ကိုမိုးသက်ဟန်ဆီကယူလာတာ)
...

t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar