မိုးမခကဗျာ - နီနီမာ၊ နေလင်း
တောသူ ၂
ရေခဲသေတ္တာနဲ့အဲကွန်း
စိန်နားကပ်နဲ့ ဒေါက်ဖိနပ်
ဇိမ်ခံကားနဲ့ တိုက်ကြီးဆိုတာ
ကျွန်မနဲ့ဆိုင်တဲ့အရာလို့လည်းသတ်မှတ်မထားဘူး
အဲဒီစည်းစိမ်တွေနဲ့ အစာတပ်မျှားလည်း
ပါသွားမဲ့မိန်းမတော့ မဟုတ်ဘူးမောင်
ယုံကြည်ချက် ရိုးသားမှုနဲ့ ကိုယ့်လမ်း ကိုယ့်လှေကိုယ် လက်ထိုးလှော်
လောကဓံကပ်ကြီးသုံးပါး လှိုင်းအပုတ်မှာ
အဓမ္မတွေနဲ့ ပုပ်လှောင်နေတဲ့နေရာကို ဘာကြောင့်မှ လွင့်မသွားစေရ
သမိုင်းပုပ်နံ့ထွက်နေတဲ့ မိန်းမတစ်ယောက်မဖြစ်စေရ
ကျွန်မတန်ဖိုးထားတဲ့ ရိုးသားခြင်းတွေ တရွေးသားမျှ မပွန်းပဲ့စေရ
ဒီဂါထာကို အမြတ်တနိုးရွတ်
ထန်းရွက်တဲကလေးလည်း အေးပါတယ်
မြေသောက်ရေအိုးစိုစိုလေးတွေကိုလည်း ကျွန်မချစ်ပါတယ်
တစ်ထောင်ဖိုး ငါးပိဿာနဲ့ ဟင်းဖြစ်တဲ့ ခရမ်းသီးခြောက်ချက်ဟင်းလေးနဲ့လည်း
ကျွန်မနေသားတကျ ရှိပါတယ်
အရေးရယ်ဟဲ့ဆိုပြီး ကုပ်ကပ်ထားရတဲ့ ငွေလေး ငါးထောင်လောက်နဲ့လည်း
ကျွန်မ ရောင့်ရဲစိတ်နဲ့ ကြံ့ကြံ့ခံပြီး နေတတ်ပါတယ်
ဒါပေမယ့် ရိုးအ တဲ့တောသူက
ကိုယ့်အပေါ် လူတွင်ကျယ်လုပ်လာရင်လည်း ပက်ခနဲပြန်ပက်လိုက်ရမှ
ဗရမ်းဗတာ ဗလောင်းဗလဲမလုပ်တတ်သလို
မကြိုက်တာကိုလည်း ကြိုက်ပါတယ်လို့
ရေလိုက်ငါးလိုက် ဟန်လုပ်ပြီးမနေတတ်ဘူး မောင်ရဲ့
အမှတ်အသားအငြိုးအတေးလည်း ကြီးတယ်မောင်ရဲ့
သစ္စာတရားနဲ့ချစ်ခြင်းမေတ္တာ
အနုပညာနဲ့ စာပေ စိန်ရွှေထက် ပိုမက်မောတယ်
ပြီးတော့
မောင့်ကို ကျွန်မ ရိုးမြေကျအထိ
အေးအတူ ပူအမျှလို့ ရည်ရွယ်ပြီး
လေးလေးနက်နက် ချစ်ပါတယ်။
နီနီမာ
၉ ၇ ၂၀၂၁
...
သက်တံစိုက်ခင်း
စာပုတီးငှက်လေးတွေကဆူညံခွန်းဖွဲ့
မနက်ခင်းတွေဟာသူတို့အတွက်
အရေးပါတယ်ထင်ရဲ့
ဘဝတွေမှာလေ
သူတို့အကြောင်းကိုမြင်တွေ့ရတော့
သူတို့လွှတ်တော်ရဲ့ရိုးသားပွင့်လင်းမှုကိုသိရ
သူတို့တာဝန်တွေကိုသူတို့အသိတရားနဲ့
သူတို့ခွဲဝေထမ်းဆောင်မှုကိုမြတ်နိုးရ
မတရားမှုကို
ငြင်းဆိုကြပုံက
တစ်ကိုင်းကနေ နောက်တစ်ကိုင်းပြောင်းနားကြ
ဆက်လက်ပျံသန်းတယ်
ကောင်းကင်ပြာကလမ်းကျယ်ပါ၏
အမုန်းတရားကိုမသယ်ဆောင်ပဲ
ခရီးကိုသာဦးတည်မှုသည်
မဂ်လာမည်သည်မဟုတ်ပါလား
ကျွန်တော်ကြည်နူးရသည်
လူသားတွေကိုသာငှက်ကလေးတွေလောက်
လူသားဆန်စေချင်ပါ၏
ကျွန်တော်သည်
ဒုတ်ဓားလက်နက်များကိုမတီထွင်ခဲ့သူဖြစ်ရဲ့
သူ့အသက်မသတ်မိအောင်နေနိုင်ခဲ့
ဟုတ်ကဲ့
ကမ္ဘာကြီးငြိမ်းချမ်းပါစေဆိုတဲ့ဆုကိုတောင်းဖို့
လူတွေမှာကိုယ်ချင်းစာတရားရှိလာအောင်
စိုက်ခင်းလေးကိုအသက်သွင်းရဦးမယ်
အားလုံးစိမ်းစို ပွင့်လန်းဖို့
ဖျက်ပိုးတွေကိုတော့ရှင်းကြရဦးမှာပေါ့အတူတူ။ ။ ။
နေလင်း
-
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar