Breaking News

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း

မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီး ၅ လ ၁၀ ရက် မြောက်နေ့ မြင်ကွင်း

(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၂၁

အရေးပေါ်လူနာတင်ကားသံများ ၊ အောက်စီဂျင် ကျန်းမာရေးပြဿနာနဲ့ ချိတ်ဆက်နေတဲ့ နိုင်ငံရေး

ဇူလိုင်လ ၁၀ ရက်နေ့ ရန်ကုန်ရဲ့ ရာသီဥတုက ကောင်းကင်ပြာကိုမြင်တွေ့နေရသလို တိမ်တွေလွင့်မျောနေတာ ကို မြင်တွေ့နေရပေမယ့် လူတွေရဲ့ စိတ်ခံစားမှု လူမှုပတ်ဝန်းကျင်က သာယာဖွယ်ကောင်းမနေပါဘူး။ အသိမိတ်ဆွေတွေထဲက ဖျားနာသူတွေ ပေါ့ဇတစ်ဖြစ်လို့ စင်တာမှာ နေရာရမလား၊ ဆေးရုံတက်ဖို့လိုအပ်လို့ ဆေးရုံတကာ လှည့်လည်ပြီးနောက်ဆုံး အိမ်ပြန်ပြီးနေရတဲ့သူတွေ၊ ဆေးဆိုင်တွေမှာ လူတွေတန်းစီ၊ ဆေးခန်းတွေမှာ လူတွေတန်းစီ ၊ လုံလောက်မှုမရှိတဲ့စင်တာတွေမှာ လူတွေတန်းစီနဲ့ ကိုဗစ်နဲ့ နိုင်ငံရေးအကြပ်အတည်း တို့ နှိပ်စက်မှုဒဏ်ကို တပြိုင်နက်ထည်းခံနေရတဲ့ ပတ်ဝန်းကျင်မို့လို့ ပြင်ပက သာယာဖွယ် မြင်ကွင်းတွေက လူတွေကို သာယာတဲ့ခံစားမှု မပေးနိုင်ကြပါဘူး။

ဥသြသံဆွဲသွားတဲ့ ပရဟိတလူနာတင်ကားတွေရဲ့ အသံက နံနက်မိုးလင်းကတည်းက မိနစ်အနည်းငယ်အတွင်း တစီးဖြတ်သန်းသွားတာကို ကြားနေရတာမို့လို့ ကိုဗစ်ကူးစက်မှု အခြေအနေက သာမန်စိုးရိမ်ရတဲ့ အခြေအနေမျိုးမဟုတ်တော့ဘဲ အမြန်ကိုင်တွယ် လုပ်ဆောင်ကြရမယ့် အခြေအနေမျိုးဖြစ်ပါတယ်။ မနှစ်က စက်တင်ဘာ အောက်တိုဘာလတွေမှာ ကိုဗစ်ကူးစက်မှုနှုန်း အမြင့်ဆုံးကာလနဲ့ ခုနှစ် ကူးစက်မှုနှုန်းမြင့်တက်လာနေတဲ့ ကာလ ဘာတွေကွာခြားသလဲ လို့မေးရင် ကွာခြားတာတွေ အများကြီးတွေ့မြင်နေရတာကို ပြောပြချင်ပါတယ်။

မနှစ်က ပေါ့ဇတစ်လူနာ တယောက်တွေ့တယ်ဆိုရင်ပဲ မြို့နယ်ကျန်းမာရေးက အချက်အလက်ယူတာနဲ့ တပြိုင်နက် သွားလာခဲ့တဲ့နေရာ ထိတွေ့ခဲ့တဲ့သူ၊ အလုပ်အကိုင် ၊ နေအိမ် မိသားစုဝင်တွေ နေအိမ်ကွာရင်းတိုင်းနေဖို့ ညွန်ကြားသလို နေအိမ်မှာလည်း လော့ခ်ဒေါင်းလုပ်တဲ့ ကြိုးတားပြီး အများသိအောင် အသွားအလာ ကန့်သတ်ထားခဲ့ပါတယ်။ ပေါ့ဇတစ်ဖြစ်သူ ထိတွေ့လို့ ကွာရင်တိုင်းဝင်ရသူတွေအတွက်လည်း ကျောင်းတွေ၊ ခန်းမတွေ ပုဂ္ဂလိကပိုင်အဆောက်အဦးတွေက စေတနာ့ဝန်ထမ်းအသုံးပြုဖို့ပေးထားတဲ့ နေရာတွေမှာ ထားရှိပါတယ်။ ကူးစက်မှု နောက်ကြောင်းပြန်လိုက်တာကို အတိုင်းအတာတခုထိ ထိရောက်အောင် လုပ်နိုင်ခဲ့ပါတယ်။

ဒီနှစ် ကိုဗစ်ကူးစက်မှုမြင့်တက်လာချိန်မှာ ကူးစက်ခံရတယ်လို့ သံသယရှိတာ၊ အဖျားဝင်လို့သံသယရှိတဲ့သူတွေ သတင်းပို့ပေမယ့်လည်း မြို့နယ်ကျန်းမာရေးလိုမျိုးက ဘာမှ တုံ့ပြန်ဆောင်ရွက်နိုင်ခြင်းမရှိပါဘူး။ စီဒီအမ်ကြောင့် ဝန်ထမ်းတွေ ရှားပါးသွားတာလည်း တကြောင်း၊ စစ်ကောင်စီက စေတနာ့ဝန်ထမ်း ဆရာဝန်တွေ ဆေးခန်းတွေကို ပစ်မှတ်ထား စောင့်ကြည့် တားမြစ် ဖမ်းဆီးနေတာတွေကြောင့် ဆောင်ရွက်နိုင်ခြင်း မရှိတော့တဲ့သဘောပါ။

အလားတူပဲ မနှစ်က ဆေးရုံဆေးခန်းတွေမှာ ကျန်းမာရေးဝန်ထမ်းအင်အား မလုံလောက်ဘူးလို့ ဆိုသည့်တိုင် စေတနာ့ဝန်ထမ်းတွေ အများအပြားနဲ့ လူနာတွေကို အရေးပေါ်ဆေးဝါး၊ အရေးပေါ်ကုသမှု အတိုင်းအတာတခုထိ ပေးနိုင်ခဲ့ပါတယ်။ အဲဒီလို ဆောင်ရွက်နိုင်မှုတွေကြောင့် လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တယ်လို့လည်း ပြောနိုင်ပါတယ်။

ခုတကြိမ်မှာတော့ ကလေးမြို့ ကူးစက်ရောဂါ ကျရောက်နေစဥ် အဖက်ဖက်က မလုံလောက် နဲ့ အသက်ဆုံးရှုံးရတဲ့ ကံကြမ္မာမျိုး တခြားသောမြို့တွေ ကြုံတွေ့ရနိုင်ချေများနေပြီဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ အရင်နေ့တွေကတည်းက အောက်စီဂျင်ရရှိရေး အတွက် နေရာစုံ အပြေးအလွှား တန်းစီနေကြရသလို ခုရက် ကိုဗစ်ကူးစက်ခံရပြီး ဆေးရုံတက်ဖို့ လိုအပ်နေသည့်တိုင် ဆေးရုံမှာ နေရာမရှိလို့ နေရာအတော်များများသွားပြီးနောက် မိမိနေအိမ်ကို ပြန်လာပြီး သက်သာသလိုနေရတဲ့သူတွေ အများအပြားရှိလာနေပါပြီ။

အရင်နှစ်က ရန်ကုန်မြို့မှာ လူအများသွားလာ ရောင်းဝယ်ကြတဲ့ စျေးလိုမျိုးနေရာတွေမှာ စေတနာ့ဝန်ထမ်းတွေက ဖြစ်စေ ကျန်းမာရေးဌာနက ဖြစ်ေစ မက်စ်တပ်ဖို့ လက်ဆေးဖို့ ပညာပေး နှိုးဆော်တာ မက်စ်တွေ ဝေတာမျိုးတွေ အရင်နှစ်က ရှိ ခဲ့ပေမယ့် ခုအခါမှာတော့ ဘာမှ မတွေ့ရပါဘူး။ အရပ်ဖက်အဖွဲ့အစည်းတွေ ၊ နဲ့ ပရဟိတ အဖွဲ့တွေကို စစ်ကောင်စီက ပစ်မှတ်ထား ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာကြောင့် ခုလို လူအများကျန်းမာရေး အရေးပေါ်နေချိန်မှာ စုဖွဲ့မှုတွေ မလုပ်ဆောင်ရဲကြတော့တာ၊ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျန်းမာရေးဌာနနဲ့ တွဲဖက် မလုပ်လိုကြတာတွေကြောင့် လူအများကို နှိုးဆော်ဖို့ ပညာပေးဖို့ လှုပ်ရှားမှုတွေ လုံးဝမတွေ့ရသလောက် ဖြစ်ပါတယ်။

အရင်နှစ်က ကုမ္ပဏီတွေ လုပ်ငန်းရှင်တွေ နဲ့ သာမန်ပြည်သူတွေက ကိုဗစ်ကုသရေးစင်တာ၊ ကွာရင်တိုင်းစင်တာတွေ အတွက် ဆေးဝါး၊ အစားအသောက်အတွက် ငွေကြေး လှူဒါန်းတာတွေ အများအပြားရှိခဲ့ပေမယ့် ယခုအခါမှာ သိသာတဲ့ လှူဒါန်းမှု တခုတလေမျှ မတွေ့မိပါဘူး။

ခုနှစ်မှာ ရန်ကုန်လို မြို့မျိုးမှာတောင် ကွာရင်တိုင်းစင်တာတွေမှာ ကုတင် အခြားေသာ ပစ္စည်းပစ္စယ မစုံမလင်ဖြစ်တာတွေ မြင်နေကြားနေရသလို နယ်မြို့တွေမှာ စီမံခန့်ခွဲမှုအခြေအနေက ပိုအခြေအနေဆိုးရွားတာတွေ့မြင်နေရပါတယ်။ ငွေဆောင်လို တိုက်နယ်မြို့မှာ အမိုးတခုသာရှိတဲ့ ကားဝင်းထဲ မှာ ကွာရင်တိုင်း စင်တာအဖြစ် ထားတဲ့ သတင်းဓါတ်ပုံတွေ ဆိုရှယ်မီဒီယာမှာ မြင်တွေ့နေရတာလည်း ြဖစ်ပါတယ်။

အရင်နှစ်က ကူးစက်မှုနှုန်းထား အရေအတွက်ကလည်း ခုလောက် တရှိန်ထိုးမမြင့်တက်ခဲ့ပဲ ခုနှစ်မှာတော့ သီတင်းပတ် ၂ ပတ်လောက်အတွင်း ၂ ဆ၊ ၄ ဆစသဖြင့် ဆတိုးနဲ့ တိုးမြင့်လာနေပြီး အောက်စီဂျင်လိုအပ်မှုက အစပထမတော့ ကလေးမြို့မှာပဲ ဖြစ်ပွားတယ်လို့ ယူဆရပေမယ့် ခု ရက်ပိုင်းအတွင်း မြို့အတော်များများမှာ ဖြစ်ပွားနေပါပြီ။ ရန်ကုန်မြို့ မန္တလေးမြိုံ နဲ့ အခြားနယ်မြို့တွေမှာလည်း အောက်စီဂျင်ရရှိရေးက ကိုဗစ်လူနာအတွက် အသက်ကယ်ဆေးသဖွယ် ဖြစ်လာနေတာလည်း ဖြစ်ပါတယ်။

ကလေးမြို့မှာ အောက်စီဂျင်အတွက် နံနက်ကာဖျူးချိန်ပြီးပြီးချင်း စတင်တန်းစီနေကြရပြီး ရာနဲ့ချီတဲ့ အောက်စီဂျင်အိုးတွေ တန်းစီနေကြတဲ့ မြင်ကွင်းက မြင်တွေ့ရသူကို စိတ်ထဲ ခံစားရစေတဲ့ သတင်းဓါတ်ပုံဖြစ်နေပါတယ်။

ရန်ကုန်မြို့မှာလည်း အောက်စီဂျင်အတွက် ပရဟိတကူညီရေး အသင်းအဖွဲ့က စေတနာ့ဝန်ထမ်းတွေက ညသန်းခေါင်၊ ညအိပ် တန်းစီနေကြရတဲ့ သတင်းတွေ မြင်ကွင်းတွေ၊ ညကြီးသန်းခေါင် အောက်စီဂျင် ပြတ်လတ်လို့ ညမထွက်ရ အမိန့်နဲ့ မသွားမလာရဲ အကူအညီမရပဲ အသက်ဆုံးရှုံးသွားရသူတွေ တယောက်ပြီး တယောက် ကြားသိနေရပါတယ်။

ကျန်းမာရေး ကိစ္စကို နိုင်ငံရေး အဖြစ်မကြည့်ဖို့ NUG အစိုးရအဖွဲ့ရဲ့ ကျန်းမာရေးဝန်ကြီးဖြစ်သူက မီဒီယာအင်တာဗျူးတခုမှာ ပြောသွားခဲ့ပါတယ်။ ကျန်းမာရေးကို ကျန်းမာရေး ကိစ္စအဖြစ်သာ ရှုမြင်ဖို့ စစ်ကောင်စီက နိုင်ငံရေးနဲ့ ရောထွေးပြီး ဆရာဝန်တွေကို ဖမ်းဆီးတာတွေကို ဝေဖန်ရှုတ်ချပြောဆိုသွားတာ ဖြစ်ပါတယ်။

လက်ရှိ အနေအထားမှာ နိုင်ငံရဲ့ ဘဏ္ဍာအရင်းအမြစ်တွေကို စီမံခန့်ခွဲပိုင်ခွင့်ဟာ စစ်ကောင်စီလက်ထဲမှာ ချုပ်ကိုင်ထားပြီး သွက်ချာပါဒလိုက်နေတဲ့ စစ်ကောင်စီ၏ ကျန်းမာရေးဝန်ကြီးဌာန နဲ့ အထက်အောက် ညွှန်ကြား အကောင်အထည်မဖေါ်နိုင်သေးတဲ့ အုပ်ချုပ်ရေးယန္တရားကို ကိုင်တွယ်ပြီး ကူးစက်ကပ်ဘေးကို ကာကွယ်ဖို့ လုပ်နေတဲ့ သဘောဖြစ်ပါတယ်။

မနေ့က စစ်ကောင်စီ အစည်းအဝေးမှာ မင်းအောင်လှိုင်က ရုရှားက ကာကွယ်ဆေး ၂သန်း အရေးပေါ် မှာထားကြောင်း နဲ့ ကိုဗစ်ကူးစက်ရောဂါကို ဘယ်လို ကာကွယ်တိုက်ဖျက်မယ်ဆိုတာကို ပြောဆိုသွားပါတယ်။ လူထုကတော့ စစ်ကောင်စီရဲ့ လုပ်ဆောင်မှုကို အရေးလည်းမထားသလို မိမိတို့ဘာသာ မိမိတို့ တတ်နိုင်တဲ့ အနေအထားအောက်မှာ ကူးစက်မှုကပ်ဘေးကို ခုခံကာကွယ်နေကြတာပါ။

NUG အစိုးရအနေနဲ့ ပြည်တွင်းမှာရှိတဲ့ စေတနာ့ဝန်ထမ်းတွေ၊ အစိုးရဝန်ထမ်းမဟုတ်တော့တဲ့ ကျန်းမာရေး လုပ်သားတွေ ၊ အခြားသော သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေနဲ့ ဒီအခြေအနေကို ဘယ်လို ခုခံကျော်ဖြတ်ကြမလဲဆိုတာ မဟာဗျူဟာ တရပ်ရှိထားသင့်တယ်လို့ မြင်ပါတယ်။ NUG နဲ့ CRPH ကသာ တိကျပြတ်သားတဲ့ လမ်းညွှန်ချက် ထုတ်ပြန်မယ်သာဆိုရင် ပြည်သူတွေသာမက CDM တွေ၊ သပိတ်တပ်သားတွေ၊ PDF နဲ့ ပြောက်ကြားရဲဘော်တွေ အားလုံးက ဝိုင်းပြီး ကိုဗစ်ကို တွန်းလှန်ခုခံစစ် စနစ်တကျ အဆင့်ဆင့် ဆောင်ရွက်ကြမယ်လို့ ယုံကြည်ပါတယ်။

မဟာဗျုဟာ နည်းဗျုဟာတွေလည်း ရှိထားပြီးသား ဖြစ်ကောင်းလည်း ဖြစ်နုိင်ပါတယ်။ ဖြစ်ပွားတဲ့ ဒေသတွေက ကျန်းမာရေး နယ်ပယ်က ကျွမ်းကျင်သူတွေနဲ့ ဆက်သွယ်ပြောဆိုနေတယ်လို့လည်း မီဒီယာနဲ့ အင်တာဗျူးမှာ NUG ကျန်းမာရေးဝန်ကြီးက ဖြေသွားတာ ကြားသိရပါတယ်။ အခုလို စတင်ဖြစ်ပွားနေတဲ့ outbreak ကာလမှာ Data Collection and Analysis အမြန်ဆုံး လုပ်နိုင်ဖို့ အရေးအလွန်ကြီးပါတယ်။ အွန်လိုင်းကနေ ကိုဗစ်သံသယ၊ ကိုဗစ်လူနာ၊ ကိုဗစ်သေဆုံး စတဲ့ အချက်အလက် အရေအတွက်တွေ ကောက်ယူပြီး နိင်ငံတကာအဖွဲ့အစည်းများ၊ အစိုးရများ၊ UN, WHO စသည်တို့ကို ချိတ်ဆက်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

လူထုအနေနဲ့ အခုလို မိမိတို့မှာ ရှိတဲ့ ကျန်းမာရေးဗဟုသုတ၊ ရုပ်ဝတ္တုပစ္စည်း၊ အချင်းချင်းကူညီမှုနဲ့ ခုခံနေတဲ့ အဆင့်ကနေ စစ်ကောင်စီထိန်းချုပ်ထားတဲ့ ကျန်းမာရေး စနစ်ကို အားမကိုးပဲ နောက်အခြားသော ရွေးချယ်စရာတွေ မြန်မြန်ဆန်ဆန် ပေါ်ထွက်လာစေချင်ပါပြီ။ ဘယ်အဖွဲ့အစည်းတွေ ဘယ်သူတွေ နဲ့ စတင်လုပ်ဆောင်မလဲဆိုတာကို NUG အစိုးရ အနေနဲ့ အမြန်ဆုံး စီစဥ် ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့လည်း တိုက်တွန်းချင်ပါတယ်။ ဒါဟာ စစ်ကောင်စီ ထိန်းချုပ်ဧရိယာမှာနေထိုင်ကြတဲ့ လူထုအတွက် အားကိုးစရာ မျှော်လင့်ချက် ရောင်ခြည်လည်း ဖြစ်ပါလိမ့်မယ်။ ကိုဗစ်သည် နွေဦးတော်လှန်ရေးအတွက် နောက်တဆင့် ကျော်လွှားရမည့် စိန်ခေါ်ချက်ဖြစ်နေပါပြီ။

Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar