Breaking News

ကိုလှိုင်းသစ် - (စာအကြောင်း ပေအကြောင်း စာအုပ်အကြောင်း - ၄)

မြန်မာဝတ္ထုအညွှန်း(သို့မဟုတ်)မြန်မာစာပေ၏ရည်ညွှန်းစာအုပ်ကောင်းတအုပ်
(စာအကြောင်း ပေအကြောင်း စာအုပ်အကြောင်း - ၄)
ကိုလှိုင်းသစ်
(မိုးမခ)
ဇူလိုင် ၂၅၊ ၂၀၂၁


တချိန်တုန်းက မြန်မာရသစာပေအတွက် ရည်ညွှန်းစာအုပ်ကောင်းတအုပ် ပေါ်ထွက်ခဲ့ဖူးပါတယ်။ မလိခရဲ့ မြန်မာဝတ္ထုအညွှန်းပါ။ မလိခဆိုတာ ဆရာနတ်နွယ်နဲ့ဆရာမင်းကျော်တို့ရဲ့ နှစ်ယောက်ပေါင်းကလောင် နာမည်ပါ။ ဆရာနတ်နွယ်နဲ့ဆရာမင်းကျော်တို့နှစ်ယောက်ပေါင်းပြီး မလိခဆိုတဲ့ကလောင်အမည်နဲ့ မြန်မာဝတ္ထု အညွှန်းကို စတင်ဖန်တီးခဲ့ကြပါတယ်။ 

ရှင်မဟာသီလဝံသရဲ့ ပါယာယန မှသည် ဒီဘက်ခေတ် ဆရာနွမ်ဂျာသိုင်း၊ ဆရာချစ်ဦးညို၊ ဆရာမဂျူး တို့အထိ ထင်ရှား ကျော်ကြားခဲ့တဲ့ ဝတ္ထုတွေအကြောင်း ရေးထားတာပါ။ မြန်မာကာလပေါ်ဝတ္ထုခေတ်ဦးအစ မှသည် ဒီဘက်ခေတ်အထိ နာမည်ကြီး စာရေးဆရာတယောက်ချင်းစီရဲ့ Master piece လို့ခေါ်ရမယ့် နာမည်ကြီး စာအုပ်တအုပ်စီရဲ့ဝတ္ထုဇာတ်လမ်းအကျဉ်း၊ အဲဒီဝတ္ထုအပေါ် ဝေဖန်သုံးသပ်ချက်၊ စာအုပ် စတင်ထုတ်ဝေတဲ့ ခုနှစ်၊ အဲဒီစာရေးဆရာရဲ့ အတ္ထုပတ္တိအကျဉ်း၊ အဲဒီစာရေးဆရာရဲ့အခြားထင်ရှားတဲ့စာအုပ်တွေ အစရှိတာတွေ ပါဝင်ပါတယ်။ ဝတ္ထုအညွှန်းတပုဒ်ကို ဇာတ်ဆောင်နှင့်ဇာတ်လမ်း၊ ဝတ္ထုနှင့်ဝတ္ထုရေးသူဆိုပြီး နှစ်ပိုင်းခွဲပြီးရေး ခဲ့တယ်။ ဇာတ်ဆောင်နှင့်ဇာတ်လမ်းမှာ ဝတ္ထုဇာတ်လမ်းအကျဉ်း၊ ဝတ္ထုနှင့်ဝတ္ထုရေးသူမှာ အဲဒီဝတ္ထုအပေါ် ဝေဖန်သုံး သပ်ချက်၊ အဲဒီစာရေး ဆရာရဲ့အတ္ထုပတ္တိနဲ့ အခြားထင်ရှားတဲ့စာအုပ်စာရင်းနဲ့ ထုတ်ဝေခုနှစ်များ အစရှိတာ တွေပါဝင်ပါတယ်။ စလုပ်ဖြစ်သွားတာက Washington Square Press က ထုတ်တဲ့ အမေရိကန်ဝတ္ထု ၅၀ အညွှန်း၊ ဗြိတိသျှဝတ္ထု ၅၀ အညွှန်းနဲ့ ဥရောပဝတ္ထု ၅၀ အညွှန်းတို့ကို ၁၉၆၇ ခုနှစ်မှာ ဖတ်ရှုမိခဲ့ရာကနေ အဲဒီပုံစံ အတိုင်းရေးဘို့ ဆရာတို့နှစ်ယောက် စိတ်ကူးရခဲ့တယ်လို့သိရပါတယ်။

ဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင် မမယ်မ၊ ဦးလတ်ရဲ့ ရွှေပြည်စိုး၊ မင်းဆွေရဲ့ဓား၊ ခင်နှင်းယုရဲ့မွှေး၊ မြသန်းတင့်ရဲ့ အမှောင်ရိပ်ဝယ်၊ ဗန်းမော်တင်အောင်ရဲ့ ရိုးမတိုက်ပွဲ၊ မောင်သာရရဲ့ မတ်တပ်ရပ်လို့လမ်းမှာငို၊ ခင်ဆွေဦးရဲ့ တို့တိုင်းဌာနီ၊ ဌေးမောင်ရဲ့ တိုက်ပွဲခေါ်သံ၊ မောင်သိန်းဆိုင်ရဲ့ရေနံ့သာခင်ခင်ကြီး၊ ဝင်းဦးရဲ့ မိန်းမလှ အမုန်း အစရှိတဲ့ နာမည်ကြီးစာရေးဆရာများရဲ့ Master Piece တွေရဲ့ ဇာတ်လမ်း အကျဉ်းတွေပါပါတယ်။ အထက်မှာရေးခဲ့သလိုပဲ အညွှန်းတပုဒ်ကို နှစ်ပိုင်းပိုင်းပြီး ဇာတ်ဆောင်နှင့်ဇာတ်လမ်းမှာ ဝတ္ထုရဲ့ဇာတ်လမ်းအ ကျဉ်းကိုဖေါ်ပြပြီး ဝတ္ထုနှင့်ဝတ္ထုရေးသူမှာ အဲဒီဝတ္ထုအပေါ် ဝေဖန်သုံးသပ်ချက်၊ အဲဒီစာရေး ဆရာရဲ့အတ္ထုပတ္တိနဲ့ အခြားထင်ရှားတဲ့စာအုပ်စာရင်းနဲ့ ထုတ်ဝေခုနှစ်များ အစရှိတာတွေပါဝင်ပါတယ်။

ယေဘုယျအားဖြင့်ပြောရင် ရသစာပေ စာရေးဆရာတယောက်အကြောင်းကိုသိချင်ရင် မြန်မာဝတ္ထုအညွှန်းကို ကြည့်လိုက်တာနဲ့ သူ့ရဲ့ Master Piece စာအုပ်က ဘာစာအုပ်၊ သူ့ရဲ့တခြားနာမည်ကြီးစာအုပ်စာရင်း၊ သူ့ရဲ့အတ္ထုပတ္တိတွေကို အလွယ်တကူလေ့လာလို့ရတယ်။ ထပ်ပြီးစိတ်ဝင်စားရင် သူ့ရဲ့ Master piece စာအုပ်ရဲ့ ဝေဖန်သုံး သပ်ချက်ကိုပါ လေ့လာနိုင်တယ်။ တကယ့်ရည်ညွှန်းစာပေတခုပါပဲ။ ကျွန်တော်ငယ်ငယ်က မြန်မာဝတ္ထုအညွှန်းထဲမှာပါတဲ့ စာအုပ်တွေရှာဖတ်ပြီး ကိုယ့်ဟာကိုယ်ဝေဖန်ကြည့်၊ ပြီးရင် ကိုယ်မြင်တဲ့အမြင်နဲ့ စာအုပ်မှာ ဆရာတွေဝေဖန်ထားတဲ့အမြင်နဲ့ တူလားလို့တိုက်ကြည့်ရတာအမောပါပဲ။ တခြားစာရေးဆရာတွေကိုယ်တိုင်လည်း မြန်မာဝတ္ထုအညွှန်းကို သူတို့ဆောင်းပါးတွေ၊ စာပေတွေမှာ ရည်ညွှန်းသုံးစွဲကြပါတယ်။ တန်ဘိုးရှိတဲ့ မြန်မာစာပေရည်ညွှန်းကျမ်းတခုပါပဲ။ အခုအချိန်အထိ မြန်မာဝတ္ထုအညွှန်းထဲမှာပါတဲ့စာအုပ်တွေကို လိုက်စုနေတဲ့သူတွေ အများကြီးပါပဲ။ 

မြန်မာဝတ္ထုအညွှန်းကို ၁၉၆၇ နိုဝင်ဘာ ခုနှစ်မှာ စုံထောက်မဂ္ဂဇင်း (နောင် မိုးဝေမဂ္ဂဇင်း) မှာ မင်းကျော်နဲ့ နတ်နွယ်တို့က မလိခကလောင်အမည်နဲ့ နှစ်ဦးပေါင်းပြီး စတင်ရေးသားခဲ့ပါတယ်။ ပေါင်းရေးတယ်ဆိုတာ နှစ်ယောက်ပေါင်းရေးတာကို ဆိုလိုချင်တာမဟုတ်ဘဲ ဘယ်စာရေးဆရာတွေကို သူရေး၊ ဘယ်စာရေးဆရာတွေကို ကိုယ်ရေးဆိုပြီး တာဝန်ခွဲဝေယူပြီးရေးခဲ့ကြတာပါ။ မဂ္ဂဇင်းတစောင်မှာ နှစ်ပုဒ်စီထည့်ခဲ့တယ်လို့ သိရပါတယ်။ ဆရာနတ်နွယ်ကလည်း စုံထောက်မဂ္ဂဇင်းမှာ အယ်ဒီတာလုပ်ခဲ့တာပါ။ အဲဒီအချိန် အယ်ဒီတာချုပ်က ဆရာမိုးဝေပါ။ ဆရာမိုးဝေကွယ်လွန်တော့ မိုးဝေမဂ္ဂဇင်းအဖြစ် အမည်ပြောင်းလိုက်တာပါ။ နောက် နွယ်နီမဂ္ဂဇင်း၊ ချယ်ရီ မဂ္ဂဇင်း၊ အာကာဦးမဂ္ဂဇင်းတွေမှာ ဆက်ရေးခဲ့ကြတယ်။ ရေးတဲ့အချိန်မှာတော့ ဝတ္ထုစာအုပ်ထုတ်ဝေ ခုနှစ်အတိုင်းမဟုတ်ဘဲ အလျဉ်းသင့်သလို ရေးသွားပုံရပါတယ်။ 

မိုးဝေမဂ္ဂဇင်းမှာရေးနေတဲ့အချိန်မှာပဲ ပထမရေးထားတဲ့အညွှန်းတွေကို ပုဂံစာအုပ်တိုက်ကနေ မြန်မာဝတ္ထုအညွှန်း ပထမတွဲအဖြစ် ၁၉၆၈ ဒီဇင်ဘာမှာ စထွက်လာပါတယ်။ စထွက်ကတည်းက ထိုက်သင့်သလောက် အောင်မြင်ခဲ့တယ်လို့ပဲပြောရမယ်။ သက္ကရာဇ် ၁၄၀၀ ခုနှစ်ကနေ ၁၉၇၂ ခုနှစ်အထိ ထင်ရှားခဲ့တဲ့ စာရေးဆရာ အယောက် ၁၀၀ ရဲ့ နာမည်ကြီးဝတ္ထုအပုဒ် ၁၀၀ ရဲ့ ဇာတ်လမ်းအကျဉ်း၊ သုံးသပ်ချက် အစရှိသဖြင့် ကြော်ငြာပြီး ထွက်လာတယ်။ အဲဒီအချိန်မှာပဲ ဆရာတို့က စာအုပ်အညွှန်းတွေကို မဂ္ဂဇင်းမှာဆက်ရေးနေခဲ့ပါတယ်။ စထွက်တဲ့အချိန်မှာတော့ စာအုပ်မှာပါတဲ့ စာအုပ်အညွှန်းတွေက ဝတ္ထုစာအုပ်ထုတ်ဝေခုနှစ်စဉ်အတိုင်းမဟုတ်ဘဲ အလျဉ်းသင့်သလိုပဲဖြစ်ခဲ့တယ်။ ၁၉၇၂ ဒီဇင်ဘာမှာ မိုးဝေမဂ္ဂဇင်းမှာပဲ စာအုပ်အညွှန်း ၁၀၀ ပြည့်ခဲ့တယ်။ ၁၉၇၂ မှာထုတ် ဝေခဲ့တဲ့ ဝင်းဦးရဲ့ မိန်းမလှအမုန်းနဲ့ အဆုံးသတ်ခဲ့ပါတယ်။ 

ပုဂံစာအုပ်တိုက်ကပဲ မြန်မာဝတ္ထုအညွှန်းစာအုပ်တွဲတွေကို ၁၉၆၈ ဒီဇင်ဘာမှာ ပထမတွဲ (စာအုပ်အညွှန်း ၂၄ ပုဒ်)၊ ၁၉၇၀ မတ်လမှာ ဒုတိယတွဲ (စာအုပ်အညွှန်း ၂၄ ပုဒ်)၊ ၁၉၇၁ ဧပြီလမှာ တတိယတွဲ (စာအုပ်အညွှန်း ၂၄ ပုဒ်)၊ ၁၉၇၂ ဩဂုတ်လမှာ စတုတ္ထတွဲ (စာအုပ်အညွှန်း ၁၃ ပုဒ်) နဲ့ ၁၉၇၃ ဖေဖေါ်ဝါရီမှာ ပဥ္စမတွဲ (စာအုပ်အညွှန်း ၁၅ ပုဒ်) ထုတ်ဝေခဲ့တယ်။ 

စာရေးဆရာအယောက် ၁၀၀ ရဲ့ ဝတ္ထုတွေကိုလေ့လာ၊ အကောင်းဆုံးဝတ္ထုကိုရွေး၊ ဇာတ်လမ်းအကျဉ်းကိုရေး၊ ဝေဖန်သုံးသပ်ချက်ရေး၊ အဲဒီစာရေးဆရာရဲ့ အတ္ထုပတ္တိကိုရေး၊ (အဲဒါအခက်ဆုံးလို့ထင်ပါတယ်၊ တချို့ စာရေး ဆရာတွေဆို ဘယ်ရောက်နေမှန်းမသိတော့ တော်တော်ဆက်သွယ်ရ ခက်ခဲပါလိမ့်မယ်။) ဒါတောင်တချို့ စာရေးဆရာတွေရဲ့ အတ္ထုပတ္တိအချို့ အပြည့်အစုံမပါနိုင်တာကို တွေ့ရတယ်။ ဆရာနှစ်ယောက်ရဲ့ကြိုးပမ်းအား ထုတ်မှုကို အသိအမှတ်ပြုပါတယ်။ မြန်မာစာပေရဲ့ တကယ်တန်ဘိုးရှိတဲ့ ရည်ညွှန်းကျမ်းတခုပါပဲ။ မြန်မာကာလပေါ်ဝတ္ထုအစကို ၁၉၀၄ ခုနှစ်မှာ စထွက်ခဲ့တဲ့ ဂျိမ်းစ်လှကျော်ရဲ့ မောင်ရင်မောင်မမယ်မကစတယ်လို့ သတ်မှတ်ကြပေမယ့် ဆရာတို့က သက္ကရာဇ် ၁၄၀၀ ကျော်မှာပေါ်ထွက်ခဲ့တဲ့ ရှင်မဟာသီလဝံသရဲ့ ပါယာယန နဲ့စခဲ့တယ်။ ပါယာယန (ရှင်မဟာသီလဝံသ)၊ ရတနာကြေးမုံ (ရွှေတောင်သီဟသူ)၊ ဣန္ဒာဝုဓ (မြဝတီမင်းကြီးဦးစ)၊ ဣန္ဒာဝံသ (လှိုင်ထိပ်ခေါင်တင်) တို့ကို ဝတ္ထုအဖြစ်သတ်မှတ်ပြီး မြန်မာဝတ္ထုအညွှန်းမှာထည့် သွင်းရေးသားခဲ့တာတွေ့ရတယ်။ 

ဒါပေမယ့် တချို့စာရေးဆရာတွေရဲ့စာအုပ်တွေကတော့ မြန်မာဝတ္ထုအညွှန်းမှာရေးပြီးမှ ဒီထက်ကောင်းတဲ့စာအုပ်ကို ရေးဖြစ်သွားလို့ မြန်မာဝတ္ထုအညွှန်းမှာ မပါလိုက်ရတာမျိုးတွေရှိပါတယ်။ ဥပမာ ဆရာမြသန်းတင့်ရဲ့ အမှောင်ရိပ်ဝယ်ကို မြန်မာဝတ္ထုအညွှန်းမှာ ဖော်ပြခဲ့တယ်။ အမှောင်ရိပ်ဝယ်က ၁၉၆၀ လောက်မှာ ထွက်ခဲ့တာ၊ မြန်မာဝတ္ထုအညွှန်းမှာမှာ ဖော်ပြခဲ့တယ်။ အဲဒီအချိန်က ဓားတောင်မထွက်သေးဘူး။ ဓားတောင်က ၁၉၇၂ လောက်မှာ ထွက်လာတယ်။ ဓားတောင်ဟာ အမှောင်ရိပ်ဝယ်ထက်ပိုကောင်းပေမယ့် မြန်မာဝတ္ထုအညွှန်းမှာ ထည့်သွင်းမဖော်ပြနိုင်တော့ဘူး။ နောက်တခုက သိန်းဖေမြင့်ဆိုရင် သပိတ်မှောက်ကျောင်းသားကို မြန်မာဝတ္ထု အညွှန်းမှာ ထည့်သွင်းခဲ့တယ်။ အဲဒီအချိန်မှာ သပိတ်မှောက်ကျောင်းသား ကော၊ အရှေ့ကနေဝန်းပါ ထွက်ပြီးပြီ။ တကယ်က အရှေ့ကနေဝန်းက ပိုကောင်းပါတယ်။ ဆရာတို့က ဘာလို့အရှေ့ကနေဝန်းကိုမညွှန်းလဲ မသိပါ။ နောက်ပိုင်းမှာတော့ ပြန်လည်ဖော်ပြဖို့ စဉ်းစားခဲ့တယ်လို့တော့ ဆရာနတ်နွယ်ရေးခဲ့ဖူးတာလေးဖတ်ဖူးပါတယ်။

မြန်မာဝတ္ထုအညွှန်း ပထမတွဲနဲ့ ဒုတိယတွဲကို တက္ကသိုလ် မြန်မာစာအဓိကကျောင်းသားတွေအတွက် ပြဋ္ဌာန်းခဲ့တယ်။ တတိယတွဲကို ပညာရေးတက္ကသိုလ်မှာ ပြဌာန်းခဲ့တယ်။ အဲဒီအချိန်မှာ စာအုပ်တွေ ဝယ်မရအောင် ရှားပါးနေပြီဖြစ်တဲ့အတွက် စာပေလောကစာအုပ်တိုက်က ပထမတွဲနဲ့ ဒုတိယတွဲနှစ်တွဲပေါင်းပြီး ၁၉၇၄ ဇွန်လမှာ ပြန်လည် ထုတ်ဝေခဲ့တယ်။ ကျန်တဲ့ တတိယတွဲ၊ စတုတ္ထတွဲနဲ့ ပဥ္စမတွဲ ၃ အုပ်ပေါင်းကို ၁၉၇၄ ဒီဇင်ဘာမှာ စာပေ လောက စာအုပ်တိုက်ကပဲ ဆက်လက်ထုတ်ဝေခဲ့တယ်။ ပြန်ထုတ် တဲ့အချိန်မှာ ရန်ကုန်ဘဆွေရဲ့ သေသော်မှတည့် ဪကောင်း၏ ..က အကြောင်းကြောင်းကြောင့် ဖြုတ်ခဲ့ရတယ်။ စာပေလောကစာအုပ်တိုက်က ပြန်ထုတ်တဲ့ ၂ အုပ်တွဲမူမှာ ၉၉ အုပ်ပဲပါတော့တယ်။ 

ဒီဘက်ခေတ်ရောက်လာတဲ့အချိန်မှာ အားမာန်သစ်စာပေကနေ မြန်မာဝတ္ထုအညွှန်း (၆) ကို ၁၉၉၀ စက် တင်ဘာမှာ ဆက်လက်ထုတ်ဝေခဲ့တယ်။ အတွဲ(၆) မှာ ၁၉၇၀ ကျော်နောက်ပိုင်း နာမည်ကြီးစာရေးဆရာတွေဖြစ်တဲ့ ချစ်ဦးညို၊ မစန္ဒာ၊ စမ်းစမ်းနွဲ့(သာယာဝတီ)၊ မင်းလူ၊ ငြိမ်းကျော် အစရှိတဲ့ဆရာတွေရဲ့ ဝဝယဝတ္ထုတွေပါလာတယ်။ စုစုပေါင်း (၁၇) အုပ် ပါလာတယ်။ မြန်မာဝတ္ထုအညွှန်းကို စာအုပ်ငယ် တစ်အုပ်ချင်းစီထုတ်ဝေတာမှာ အတွဲ ၆ ဟာ နောက်ဆုံးပါပဲ။ ၇ ဇူလိုင် ၁၉၉၁ မှာ ဆရာ မင်းကျော်ကွယ်လွန်တယ်။ အဲဒီနောက်ပိုင်း ဆရာနတ်နွယ် နည်းနည်းပါးပါး ဆက်ရေးတယ်။

ပုဂံစာအုပ်တိုက် ဒုတိယအကြိမ့်ပြန်လည်တည်ထောင်ပြီးတဲ့အခါမှာတော့ မြန်မာဝတ္ထုအညွှန်းကို ပေါင်းချုပ်အနေနဲ့ ၂၀၀၇ ဇန်နဝါရီလမှာ ပထမအကြိမ်ပြန်လည်ထုတ်ဝေခဲ့တယ်။ စာပေစိစစ်ရေးရှိတဲ့ကာလမှာ ထုတ်ဝေတာဖြစ်တဲ့အတွက် ထုံးစံအတိုင်း ဘာမှန်းမသိတဲ့မူနဲ့မလွတ်တဲ့စာအုပ်အညွှန်းတွေ ဖြုတ်ပေးခဲ့ရတယ်။ သိန်း ဖေမြင့်ရဲ့သပိတ်မှောက်ကျောင်းသား၊ ဒဂုန်တာရာရဲ့ ကြာပန်းရေစင်၊ ဟန်ဝင်းအောင်ရဲ့ ၁၄၊ ၁၅၊ ၁၆၊ တက္ကသိုလ် နန္ဒမိတ်ရဲ့ နန္ဒပုလဲ၊ မိုးဝေ၏ နိုင်သူ့မျက်ရည်၊ မောင်သာရရဲ့မတ်တပ်ရပ်လို့လမ်းမှာငို အစရှိတဲ့စာအုပ်အညွှန်းတွေ ဖြုတ်ချခံခဲ့ရတယ်။ ဒါပေမယ့် အဲဒီမူမှာတော့ ဆရာတို့ဆက်ရေးထားပြီး မဂ္ဂဇင်းတွေမှာဖော်ပြပြီးတဲ့ အညွှန်း ၁၀ ပုဒ်ကို ထည့်သွင်းဖော်ပြနိုင်ခဲ့တယ်။ နုနုရည်(အင်းဝ) နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်သော မိန်းမတစ်ယောက်၊ မောင်စိန်ဝင်း(ပုတီးကုန်း) အရိန္ဒမာသိပါသည်၊ နွမ်ဂျာသိုင်း ဒေါင်းယာဉ်ပျံဘုံနဘေးမှာ စာရေးလို့ထားချင်တယ်၊ ဝင်းဝင်းလတ် အချစ်၏နောက်ဆက်တွဲစာမျက်နှာ၊ ဂျူး ပင်လယ်နှင့်တူသောမိန်းမများ အစရှိတာတွေ ထပ်မံဖော်ပြနိုင်ခဲ့တယ်။  စုစုပေါင်းပေါင်း (၁၂၁) ပုဒ်ပဲ ဖော်ပြနိုင်ခဲ့တယ်။

စာပေစိစစ်ရေးဖျက်သိမ်းပြီးတဲ့နောက်မှာတော့ ပုဂံစာအုပ်တိုက်က မြန်မာဝတ္ထုအညွှန်းကို ဒုတိယအကြိမ်အဖြစ် ၂၀၁၂ စက်တင်ဘာမှာ ပြန်လည်ထုတ်ဝေခဲ့ပါတယ်။ အဲဒီမူကျမှ ဆရာတို့ရေးခဲ့တဲ့အညွှန်းအားလုံးကို အပြည့်အစုံ ဖော်ပြနိုင်ခဲ့ပါတယ်။ ဆရာနတ်နွယ်က ၂၀၁၁ မေလ ၁၁ ရက် နေ့မှာကွယ်လွန်ခဲ့တဲ့အတွက် ဆရာကွယ်လွန်ပြီးမှပဲ အပြည့်စုံဆုံးမူ ထွက်ခဲ့တာလို့ပြောရပါမယ်။ စိတ်ကူးချိုချိုစာအုပ်တိုက်က တတိယအကြိမ်အဖြစ် ပုဂံတိုက်ရဲ့ဒုတိယအကြိမ်မူကိုယူပြီး ၂၀၁၇ ဖေဖော်ဝါရီလမှာ ပြန်ထုတ်ခဲ့ပါတယ်။ စိတ်ကူးချိုချိုမူမှာတော့ စာအုပ်အညွှန်းတွေမှာ ထွက်ခဲ့တဲ့စာအုပ်မျက်နှာဖုံးအဖုံးပုံတွေ ရသလောက်ဖေါ်ပြထားတာကိုတွေ့ရပါတယ်။ 

စာအုပ်အညွှန်းရေးလိုသူတွေ၊ ဇတ်လမ်းအကျဉ်း ရေးတတ်လိုသူတွေအနေနဲ့ မြန်မာဝတ္ထုအညွှန်းကို လေ့လာသင့်ပါတယ်။ ဆရာတို့နှစ်ယောက်က အမြဲတမ်းတွဲခဲ့ကြလို့လားမသိ၊ မြန်မာဝတ္ထုအညွှန်းမှာ ရေးဟန်တွေက အားလုံးတပုံစံတည်းပါပဲ။ ဘယ်ဝတ္ထုအညွှန်းကို ဘယ်သူရေးခဲ့တယ်ဆိုတဲ့စာရင်း ဆရာနတ်နွယ်ဆီမှာရှိတယ်၊ ဖော်ပြဖို့မလိုအပ်လို့ မဖော်ပြတော့ဘူးလို့တော့ ဆရာနတ်နွယ်ရေးတာလေး ဖတ်ဖူးပါတယ်။ မလိခကလောင် နာမည်နဲ့ပတ်သက်လို့ ပြောရရင် ဆရာမင်းကျော်တယောက်တည်း မလိခကလောင် နာမည်နဲ့ရေးခဲ့တာတွေရှိသလို ဆရာနတ်နွယ်လည်း ရေးခဲ့တာတွေရှိပါတယ်။ ပျို့အညွှန်းကို ဆရာမင်းကျော်တဦးတည်း ရေးသွားတာပါ။ မြန်မာစာပေအဘိဓာန်ကိုလည်း ဆရာနတ်နွယ်နည်းနည်းပဲရေးပြီး ဆရာမင်းကျော်ပဲ ပြီးတဲ့အထိ ဆက်ရေးသွား တာပါ။ 
ဆရာမင်းကျော်မရှိတော့တဲ့နောက်ပိုင်း ဆရာနတ်နွယ်ကို မြန်မာဝတ္ထုအညွှန်းကို ဆက်ရေးဖို့ပြောကြပေမယ့် ဆရာမင်းကျော်မရှိတော့တဲ့အတွက် မလိခကလောင်အမည်ကို ဆက်အသုံးမပြုသင့်တော့ဘူးလို့ ဆရာနတ်နွယ်ကယူဆထားတဲ့အတွက် ဆက်မသုံးဖြစ်တော့ပါဘူး။ ဆရာနတ်နွယ်အနေနဲ့ကလည်း ညွှန်းဘို့ကျန်နေတဲ့ စာအုပ်တွေနဲ့အသစ်ထွက်လာတဲ့ဝတ္ထုတွေကို တယောက် သို့မဟုတ် တယောက်ထက်ပိုတဲ့အဖွဲ့တွေက ဆက်လက်ညွှန်းဆိုသွားမယ်ဆိုလျှင် မြန်မာစာပေအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားဖူးပါတယ်။ 

မြန်မာဝတ္ထုအညွှန်းနဲ့ပတ်သက်လို့ ကျွန်တော်လေ့လာမိသလောက်တင်ပြထားတာပါ။ ဆရာတို့လိုမျိုး တယောက် သို့မဟုတ် တယောက်ထက်ပိုတဲ့အဖွဲ့တွေက ဒီနေ့မြန်မာစာပေအတွက် ဆက်လက်ညွှန်းဆိုသွားနိုင်မယ်ဆိုလျှင် မြန်မာစာပေအတွက် တန်ဘိုးရှိတဲ့ရည်ညွှန်းစာပေတွေ ထပ်ထွက်ပေါ်လာမှာဖြစ်ပါတယ်။ ထပ်ထွက်ပေါ်လာပါစေလို့လည်း ဆန္ဒပြုလိုက်ပါတယ်။ 

(ဆောင်းပါးအတွက် လိုအပ်တဲ့စာအုပ်စာတမ်းတွေကို ကူညီပေးခဲ့တဲ့ ညီငယ် ကိုဟန်သာကို အထူးပဲကျေးဇူး တင်ပါတယ်။ )

ကိုလှိုင်းသစ်
23-06-2021 
10:40 PM

 
 

 



Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar