Breaking News

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လပခဗိုက်ပွင့် ၊ ရှမ်းတောင်ဖင်ပွင့် ၊ ရှမ်းရှေ့ခေါင်းပွင့်

ကမ္ဘာတိုင်ဆုံး မောင်စစ်မုန်း - လပခဗိုက်ပွင့် ၊ ရှမ်းတောင်ဖင်ပွင့် ၊ ရှမ်းရှေ့ခေါင်းပွင့်

(မိုးမခ) ဩဂုတ် ၁၇ ၊ ၂၀၂၄


“ကျွန်တော်တို့ရဲ့ အထူးစစ်ဆင်ရေးက အခုမှ စတာဗျ။ မြင်းခြံခရိုင် အထူးစစ်ဆင်ရေး - Myingyan District Special Operation (MDSO) ရည်မှန်းချက်ကတော့ ရှင်းပါတယ်။ တော်လှန်ရေး ပြီးအောင်တိုက်မယ်။ မြင်းခြံမြို့ကို သိမ်းနိုင်အောင် တိုက်မယ်။ မြင်းခြံ တခရိုင်လုံးကို သိမ်းနိုင်အောင်ထိ တိုက်မှာပါ။ မြင်းခြံခရိုင်ကို သိမ်းပိုက်ပြီးရင်တော့ ကျန်တဲ့နေရာတွေကို ဆက်လက်တိုက်ခိုက်သွားမှာပါဗျ” လို့ မြင်းခြံခရိုင် တပ်ရင်းတစ်ခုမှ တာဝန်ရှိသူရဲ့စကားက အညာမှာ ရဲတံခွန်တွေ လေကစား ကြွားတလူလူ ဝေတော့မယ့်သဘော။ 

မတ္တရာမှာ ပတ်စာခွာနေပြီမို့ မန္တလေးကလဲ အလှမ်းမဝေးဘူးဆိုတော့ လူတွေက တက်ကြွပျော်ရွှင်နေတာကို ဂျေဝင်လန့်ကြောက် ဂယောက်ဂယက်ဖြစ်နေတဲ့ခွေးတွေက အကောင့်တွေ လိုက်ချက် တယ်လီဂရမ်ကနေ အကိုက်ထွက်ခိုင်းနေလို့ လူတယောက်ဖမ်းဖို့အရေး ဆီရှားရတဲ့အထဲ စစ်ကားခြောက်စီးလောက် ပေးနေကြရတဲ့အခြေ။ 

ဆီရှားပါတယ်ဆို ဂန့်ဂေါ ကျောတိုက်နယ်ထဲက MOGE ရေနံမှော်ကင်းစခန်း (Well-1 ထုတ်လုပ်ရေးစခန်း) နဲ့ ရေနံကျင်းကင်းစခန်းကို တော်လှန်ရေးတပ်‌တွေက ကပ်ချွေသွားပြန်တယ်။ ကပစ-၂၃ က ဗိုလ်ကြီးသော်ဇင်အောင်နဲ့ ဒု-ရဲအုပ်ကိုကိုအောင်အပါ ၁၂ ဦးဟာ ဂန့်ဂေါ ကျောနယ်ရယ်လို့မှမပြောရ ဂန့်ကြောဆွဲပြီး ကပစ-၂၃ က ဒု-အရာဗိုလ်ဝင်းမြင့်ထွန်းနဲ့ ၁၂ကောင် ဆက် မဟောင်နိုင်ရှာတော့။ 

လက်နက်မျိုးစုံ ၃၀၊ ကျည်မျိုးစုံ ၂၆၀၀ ကျော်၊ မိုင်း ၇  လုံး၊ ဗုံးသီး ၆ လုံးနဲ့ စစ်သုံးပစ္စည်းတချို့ပါ အသုဘရေစက်ချခဲ့ရသေးတယ်။ 

အညာက မညှာဘူးနော်။ အရာတော်မြို့နယ်၊ သလဲဘာပျူစောထီးစစ်စခန်းကို လေနီကြမ်းတိုက်လိုက်တာ စစ်ခွေး ၇ ကောင် လွှင့်ပါသွားပြန်တယ်။ ဟောင်ဝစ်ဇာပစ်တာတောင် ဟောင်ကောင်တွေ လစ်သွားရတာ၊ ကြမ်းချက်။ လစ်ဆို ပီဒက်တွေမှာလဲ လေနီတပ်နဲ့။ ပစ်မှတ်တိတိကျကျ ဗုံးချနိုင်ကြပြီလေ။ 

တိကျဆို ငါန်းဇွန်မြို့နယ်၊ ငါန်းမြာကြီးကျေးရွာက ထွက်လာတဲ့ အင်အား ၅၀ လောက် အကြမ်းဖက်စစ်ကြောင်းဟာ ကုန်းလည်ကျေးရွာကို ရောက်လာပြီး ဘုန်းကြီးကျောင်းဝင်းထဲ တပ်ဆွဲနေချိန် တော်လှန်ရေးအဖွဲ့များက ဒရုန်းနဲ့ ဗုံးကြဲ တိုက်ခိုက်လိုက်တာ ဗုံးသီး ၆ လုံးက အကြမ်းဖက်တွေနား ကျရောက် ပေါက်ကွဲခဲ့လို့ လေးကောင်ဂိန်၊ တကောင်အမြီး မနှန့်တော့ဘူး။

ငါန်းဇွန်မြို့နယ်က အဲဒီ ၇ ကောင်နဲ့ အားမရလို့ မြို့သာစက်မှုဇုန်က စစ်တပ် အထိုင်စခန်းကို ဝင်တိုက်လိုက်တာ ၁၀ ကောင် ထပ်ဂိန်မှပဲ ကျေနပ်သွားတော့တယ်။ 

အညာရဲ့ ထူးခြားချက်က အာဏာသိမ်းကတည်းကနေ ခုထိ ဆန္ဒပြမရပ်တာ။ ဆန္ဒပြပြည်သူများကို အလေးအနက် အလေးပြုပါတယ်ခင်ဗျာ။

ဆန္ဒပြမပြတ်သလို စစ်ရှောင်တွေကို ကျွေးမွေးစောင့်ရှောက်တာလဲ မရပ်ကြပါဘူးဗျ။

စစ်ကြောင်းထိုး မီးရှို့လူသတ်တဲ့ဒဏ်ကို နေ့စဉ်နဲ့အမျှခံနေကြရပေမယ့် ပြည်တွင်းပြည်ပအလှူရှင်များရဲ့စောင့်ရှောက်မှု၊ ကိုယ်တိုင်အားထုတ်လုပ်ကိုင်မှု၊ အချင်းချင်းမျှဝေမှု၊ စစ်အာဏာရှင်အမြစ်ပြတ်ချေမှုန်းရမယ်ဆိုတဲ့ ပိုင်းဖြတ်စိတ်သတ္တိခွန်အားနဲ့ ကြံ့ကြံ့ခံနေနိုင်ကြပါတယ်ခမျာ။ 

အကြေမှာတော့ စစ်ဥထမ်းဥပဒေနဲ့ စုဆောင်းခံရတဲ့ ဧရာဝတီတိုင်းက လူငယ်တွေ ရှေ့တန်းမှာ ကျဆုံးမှုများနေလို့ မိသားစုတွေ စိတ်သောကများနေရတယ်။

ဧရာဝတီက လူငယ်တွေဟာ မအလအတွက် တောကြိုတောင်ကြားမှာ ပြန်လမ်းမရှိ သေဆုံးနေကြရတယ်။ မိသားစုနဲ့ အဆက်သွယ် ပြတ်တောက်နေသူတွေ ရာနဲ့ချီရှိနေပြီး တိုက်ပွဲအတွင်း ကျဆုံးသူတွေကို အုပ်ကြီးကတဆင့် အကြောင်းကြားခိုင်းတယ်။ မိသားစုအတွက် ထောက်ပံ့ကြေးလဲမရှိဘူးတဲ့။ အသေသာခံပေးရတာနော်၊ မအလက အလကားနေရင်း ရိုက်ထုတ်နေတဲ့ ပိုက်ဆံတောင်ပေးဖို့ မသထာပါ။ 

လူဝင်စားပဲ ကြားဖူးတယ်၊ မအလ လက်ထက်ကျမှဘဲ စစ်တိုင်းဝင်စားပါ ကြားဖူးတော့တာရယ်။

လားရှိုးမှာ သေသွားတဲ့ ရမခဟာ မိုင်းရယ်ဗျူဟာမှာ ပြန်ဝင်စားသတဲ့။ MNDAA ကတော့ ကစထမှူးတကောင်၊ တိုင်းမှူးသုံးကောင်နဲ့ တတိုင်း နှစ်ခါရ ဖြစ်တော့မှာ။ SSPP က ဖြတ်သုတ်ရဲရင်တော့ မသိဘူးပေါ့လေ။ သူ့ရှေ့ရောက်လာတဲ့အစာ မဟုတ်လား။ ဒီတိုင်းဝင်စားကို ထပ်ရရင်တော့ ရှမ်းတောင် ဖင်ပွင့်သွားပြီပ။ ဓနုမြင်းကလဲ ဓနုမြေဆင်းဖို့ ခွာတပြင်ပြင်ဆိုတော့ကား။ 

ရှမ်းရှေ့မှာ ဂန်းပွေ့မယ် ကြားနေတာ သေချာပြီကော။ ကျိုင်းတုံမှာ စစ်အုပ်စုနဲ့ ဝ တွေ့ဆုံဆွေးနွေးနေပတဲ့။ ကျောင်းတွေလဲ ပိတ်ကြတော့မယ်။ အစမှာ မိုင်းပါတဲ့မြို့တွေ ဝလက်ထဲထိုးအပ်ပြီး စစ်ဌာနချုပ်လေးမသိမ်းဖို့တောင်းပန်မယ်ထင်တယ်။ ဘာ့လို့ဆို ဟိုတတိုင်းတောင် ခုမှ မနည်းပြန်ဝင်စားနေရတာမဟုတ်လား။ RCSS ကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ကျန်တာလိုက်ကောက်ရမယ့်ကိန်း။ 

အဲသလို ဒုက္ခသုက္ခတွေကြားမှာ ဝမ်ယိလေးလာလို့ ပျော်ရမယ် မရှိသေးဘူး၊ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan နဲ့ အမျိုးသား ညီညွတ်ရေးအစိုးရ ယာယီသမ္မတအစစ် ဒူဝါလရှီးလရယ် တော်လှန်ရေးအင်အားစုတွေရယ် တွေ့ဆုံ ဆွေးနွေးတဲ့သတင်းတက်လာလို့ မျက်နှာပျက်သွားရော။

အဲဒီဆွေးနွေးပွဲကို အမျိုးသား ညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတအစစ် ဒူဝါလရှီးလ၊ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုနဲ့ တော်လှန်ရေး အဖွဲ့အစည်းများရဲ့ ဦးဆောင်အဖွဲ့ဝင်များရယ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် Tom Sullivan နဲ့ USAID Asst. စီမံခန့်ခွဲသူ Schiffer တို့ရယ် တက်ရောက်ခဲ့တယ်။

ယာယီသမ္မတအစစ် ဒူဝါလရှီးလက ပြည်သူများကို ကူညီပေးတဲ့ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပိုမိုကောင်းမွန်လာစေဖို့နဲ့ တိုက်ရိုက်ပံ့ပိုးကူညီမှု အကူအညီတွေ တိုးမြှင့်ပေးဖို့ ကတိကဝတ်ပြုမှုအတွက် အမေရိကန်ပြည်ထောင်စုကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့တယ်။ သဘောပေါက်နော်။ 

စကားမစပ် ဝမ်ယိ ဝင်လာတော့ မျက်နှာငွေလ ရွှင်ပပနဲ့ မအလ ဝမ်းမြောက်နေပုံက မအလရှေ့တန်းက ပြန်လာတာမြင်ရတဲ့ ကြူကြူလှ မျက်နှာနဲ့ တထပ်တည်းပဲနော်။

သူတို့က ဘာဒေလား။ 





Join Us @ MoeMaKa Telegram
t.me@moemaka
#MoeMaKaMedia
#WhatsHappeningInMyanmar